ဟိုးကိုကြည့်စမ်း သံချောင်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်(က)
Vol. 58 Ch. 900
လဝတ်ပြုဒေသကြီးထဲတွင် အစစ်အမှန်နေ မရှိပေ။ ဤဒေသသည် တစ်နှစ်ပတ်လုံး မှောင်မည်းနေသည်။
ကောင်းကင်မီးလျှံကဒ်ဘေး ကျဆင်းလာသည့် သုံးလအတောအတွင်းမှာသာ လဝတ်ပြုဒေသကြီးတစ်ခုလုံး အလင်းရောင်ကို မြင်ဖူးကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအလင်းရောင်သည် သေခြင်းတရားကို ကိုယ်စားပြုသည်။
မျိုးနွယ်စုအားလုံးသည် ထိုသို့ပတ်ဝန်းကျင်မျိုးတွင် နေသားမကျကြပေ။ သို့ဖြစ်၍ သက်ရှိအားလုံးက သေဆုံးသွားပြီးနောက် ပြန်လည်ရှင်သန်လာကြသည့်အခါ တချို့အစွမ်းထက်မျိုးနွယ်စုများသည် တမူထူးခြားသော ပါရမီရှင်များကို မွေးထုတ်နိုင်လာကြသည်။
သူတို့သည် အလင်းရောင်ပေးနိုင်မည့် အတုယောင်နေလုံးကို ကိုယ်တိုင်ဖန်တီးရန် စိတ်ကူးရလာကြသည်။ သူတို့မျိုးနွယ်စု၏ သက်ဆိုင်ရာစွမ်းအင်နှင့် မျိုးဆက်အစဉ်အဆက်၏ ပံ့ပိုးပေးမှုများကြောင့် နောက်ပိုင်းတွင် သူတို့မျိုးနွယ်စုဆီမှာ ကိုယ်ပိုင်နေလုံးကို မြှောက်တင်နိုင်ခဲ့ကြသည်။
နေလုံးထံမှ အလင်းရောင်နှင့် အပူသည် အဝေးသို့ ပျံ့လွင့်မသွားနိုင်ပေ။ ယင်းက မျိုးနွယ်စု၏ ပိုင်နက်အတွင်းမှာသာ လွှမ်းခြုံနိုင်သည်။ ၎င်း၏ အစွမ်းသည် အာရုဏ်ဦးနေမင်းကို မယှဉ်နိုင်လောက်ပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုမျှစွမ်းဆောင်နိုင်ခြင်းသည် မျိုးနွယ်စုကို ကြီးမားသော အထောက်အကူဖြစ်စေရန် လုံလောက်သည်။ ၎င်းက မျိုးနွယ်စုကိုလည်း အကာအကွယ်ပေးနိုင်သေးပေသည်။
ထိုသို့မျိုးနွယ်စုတစ်ခုတွင် ပုံမှန်အားဖြင့် နတ်တမန်တော်များစွာ ရှိပေသည်။ သို့ဖြစ်၍ နီလာနတ်သမီးဆင်းသက်လာတိုင်း မျိုးနွယ်သည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သော်လည်း နေလုံးသည် ကျန်ရှိနေလိမ့်မည် ဖြစ်သည်။ ၎င်းက မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာပြီး ဆက်လက် ဖွင့်ဖြိုးတိုးတတ်လာလိမ့်မည်။
ထိုသံသရာသည် ထပ်ခါထပ်ခါ ဆက်ဖြစ်နေလိမ့်မည် ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် လဝတ်ပြုဒေသကြီးထဲတွင် အတုယောင်နေလုံးကို ဖန်တီးနိုင်ခဲ့သည့် မျိုးနွယ်စုသည် စုစုပေါင်းကိုးခုရှိပေသည်။ မတော်တမှုတချို့ကြောင့် ၎င်းတို့ထဲမှ သုံးခုသည် ငြိမ်းသတ်သွားပြီဖြစ်သော်လည်း ခြောက်ခုကျန်ရှိသေးပေသည်။
အထီးကျန်နေမင်းမျိုးနွယ်၏ အတုယောင်နေလုံးသည် ထိုခြောက်ခုထဲမှ တစ်ခုဖြစ်ပြီး နောက်ဆုံးဖန်တီးခဲ့သော နေလုံးလည်း ဖြစ်သည်။ ၎င်းကို ဖန်တီးနေစဉ်အတောအတွင်း ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးက သူတို့ကို အကူအညီပေးခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က သူတို့ပိုင်နက်၏ ကောင်းကင်ယံတွင်ရှိသော ထိုနေလုံးသည် လျှို့ဝှက်ဆန်းကြယ်စွာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ရုတ်တရက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ တင်းကျပ်သော လုံခြုံရေးနှင့် အဆင့်မြင့်သော အကာအကွယ်စည်းများသည် ထိုအဖြစ်ကို မတားဆီးနိုင်ခဲ့ပေ။
ဤသည်မှာ နေလုံးကိုယ်တိုင်က သူ့ဘာသာ ပုန်းကွယ်သွားသည့်အလားပင်။
ယခု ထိုနေလုံးသည် မဟာလောကအပိုင်းအစ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာလေသည်။
“ အထီးကျန်နေမင်းဂိုဏ်းက သောက်ရူးအဖိုးကြီးတွေ… အတိတ်တုန်းက ငါ့ပစ္စည်းကို ငှားသွားပြီးတော့ ပြန်မပေးခဲ့ကြဘူး… ဟွန့် ငါက တမင်အဲ့လိုလုပ်ခဲ့တာကို ဒင်းတို့က ဘယ်သိပါ့မလဲ ”
ခေါင်းဆောင်သည် အဝေးမှ နေလုံးကိုကြည့်လိုက်ပြီး အလွန်စိတ်ကျေနပ်သွားသည်။
“ သူတို့က ငါ့ကိုကူညီပြီး အဲ့ဒါကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးထားတာပဲ ”
ခေါင်းဆောင်က မြှောက်တင်လိုက်သော နေလုံးသည် တောက်ပသော အလင်းနှင့် ပြင်းထန်သော အပူကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဤကမ္ဘာငယ်ကို ပူပြင်းသော နွေရာသီဆီသို့ ဝင်ရောက်သွားစေဟန် ရသည်။
အပူချိန်သည် ချက်ချင်း တိုးမြှင့်လာပြီး အပူဒဏ်သည် ဆက်လက် အားကောင်းလာသည်။
အသက်ဆယ်ခါရှူချိန်အတွင်း နေလုံးမှ ထုတ်လွှတ်လာသော အပူသည် ဖော်မပြနိုင်အောင် ပြင်းထန်လာသည်။
မြူခိုးသည် ရေခဲအလွှာမှ ထွက်ပေါ်လာပြီး အရည်မပျော်သော ရေခဲပြင်သည် အရည်ပျော်နေသည့် လက္ခဏာများ စတင်ပြလာသည်။
သို့သော်လည်း မဟာလောကအပိုင်းအစထဲမှ ရေခဲပြင်ဧရိယာသည် လွန်စွာကြီးမားကျယ်ပြောလေရာ အတုယောင်နေလုံးတစ်ခုတည်းဖြင့် ယင်းကို အရည်ပျော်စေရန် မဖြစ်နိုင်ပေ။ ထိုအကြောင်းအရင်းကြောင့်ပင် ခေါင်းဆောင်က ဤရေခဲတောင်ထိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ ဒီဧရိယာတစ်ဝိုက်ပဲ အရည်ပျော်သွားရင် လုံလောက်ပြီ ”
ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်လာသည်။ သူက ကောင်းကင်သို့ လက်ဝှေ့ယမ်းပြလိုက်ပြီး အော်ပြောလိုက်သည်။
“ ပေါက်စီလေး… ဒီနား ဒီနား… ဒီနားကို အလင်းရောင်ပေးပါ ”
ကောင်းကင်ပေါ်မှ နေလုံးသည် ရုတ်တရက် တုန်ယင်လာသည်။ ထို့နောက် နေရာအနှံ့ပြန့်ကျဲနေသော ၎င်း၏ အလင်းရောင်နှင့် အပူသည် တစ်နေရာတည်းမှာ စုစည်းသွားသည်။ အလင်းတန်း ဖြတ်သန်းသွားသည့်တစ်လျှောက် ရေခဲပြင်ပေါ်မှာ ကြီးမားသော အရည်ပျော်မှု ဖြစ်ပေါ်လာသည်။
နောက်ဆုံးမှာတော့ အလင်းရောင်အားလုံးနှင့် အပူသည် ခေါင်းဆောင်ရှိနေသော ရေခဲတောင်ပေါ်မှာ စုစည်းသွားသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် နေလုံး၏ အစွမ်းပကားကို သိသည်။ သို့ဖြစ်၍ သူတို့သည် အဝေးသို့ အနောက်ဆုတ်သွားကြသည်။ ခေါင်းဆောင်သည်တော့ သူ၏ ဆံပင်နှင့် မျက်ခုံးမွှေးများသည် ချက်ချင်း လောင်ကျွမ်းသွားပြီး လူထူးဆန်းတစ်ယောက်သဖွယ် ဖြစ်လာသည်။
သို့သော်လည်း ယင်းကို သူက ဂရုမစိုက်ပေ။ သူ၏ အဝတ်အစားများသည် ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။ သူ၏ အမူအရာသည် လွန်စွာမှ သက်တောင့်သက်သာရှိနေပုံပေါ်သည်။
“ စောစောတုန်းက ချမ်းအေးပေမယ့် အခုနွေးသွားတော့ ခံစားလို့ကောင်းတယ် ”
သူ၏ ခြေဖဝါးအောက်မှ ရေခဲတောင်သည် အလင်းနှင့် အပူ၏ ပေါင်းစည်းမှုကြောင့် စတင်အရည်ပျော်လာသည်။ ထိုထဲမှ အနက်ရောင်ရေစီးဆင်းမလာမီ ယင်းက မြူခိုးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
မည်သူမဆို ရှည်လျားသော ရေခဲတောင်က သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် ကျုံ့သွားနေသည်ကို မြင်နိုင်လိမ့်မည်။ မကြာမီ ပေတစ်ထောင်ရှည်လျားသော တွင်းပေါက်တစ်ခုက တောင်အောက်မှာ ထွက်ပေါ်လာသည်။
မြူခိုးက ယင်းထံမှ ဆက်လက်ထွက်ပေါ်နေပြီး ရေခဲက အရည်ပျော်လာသည်နှင့်အမျှ တွင်းပေါက်သည် တဖြည်းဖြည်း ပိုနက်လာသည်။ မကြာမီ ရှေးဟောင်းအရှိန်အဝါသည် အရည်ပျော်သွားသော ရေခဲအလွှာထဲမှ ပျံ့လွင့်ထွက်လာသည်။
ထိုစဉ် နင်ယန်နှင့် ဝူကျန်းဝူသည် နှလုံးခုန်မြန်လာသည်။ အသံတစ်သံသည် ရေခဲတောင်ထဲရှိ တွင်းပေါက်ထဲမှ ပဲ့တင်ထပ်လာသည်။ ဤအခိုက်အတန့်မှာ အနက်ရောင်ရေခဲသည် အောက်ခြေထိ တိုက်ရိုက် အရည်ပျော်သွားသည်။
ထိုအခါ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည်အထိ ဤကမ္ဘာငယ်ထဲမှာ တစ်ခါမှ မထွက်ပေါ်လာဖူးသော အစစ်အမှန်ကုန်းမြေက ပေါ်လျှိုးလာလေသည်။
သို့သော်လည်း ကမ္ဘာငယ်တစ်ခုလုံးကို လွှမ်းမိုးထားသော အနက်ရောင်ရေခဲမြစ်များနှင့် နှိုင်းယှဉ်လျှင် ပေတစ်ထောင်ရှည်လျားသော တွင်းပေါက်သည် အပ်တစ်ချောင်းမှ အပေါက်မျှသာ ရှိ၏။
ဘေးပတ်ဝန်းကျင်မှ အေးစက်စက်လေသည် တွင်းပေါက်ကို တဖန်အေးခဲသွားစေရန် ကြိုးစားနေသည်။ ခေါင်းဆောင်သည် ယင်းကို ဂရုမစိုက်ချေ။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက မြန်ဆန်စွာ ခေါင်းငုံ့လိုက်ပြီး အောက်သို့ ကြည့်လိုက်လေသည်။
နေအလင်းရောင်၏ အကူအညီကြောင့် ပေတစ်ထောင်ရှည်လျားသော ရေခဲလှိုင်ဂူ၏ အနက်ပိုင်းသည် ရှင်းလင်းလာသည်။ သို့ဖြစ်၍ သွေးနီရောင်လျှိုမြောင်များသည် အနက်ရောင်ကုန်းမြေပေါ်မှာ အစီအစဉ်တကျ တည်ရှိနေသည်ကို မည်သူမဆို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ထိုလျှိုမြောင်များသည် တစ်ခုနှင့်တစ်ခု အတူတကွ ယှက်ထွေနေလေရာ အလွန်ကြီးမားသော လက်ဗွေရာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ဟန် တူသည်။
ဤသည်မှာ အထွတ်အထိပ်တည်ရှိမှုတစ်ခု၏ လက်ဝါးက ဤမဟာလောက၏ မြေပြင်ပေါ်သို့ တစ်ခါကျဆင်းလာဖူးသည့်အလားပင်။ ယင်းက ဤလောကထဲမှ သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး သွေးနီရောင်လက်ဝါးအမှတ်အသားကို ချန်ရစ်ထားခဲ့ဟန် ရသည်။ ထို့ပြင် ဤနေရာမှ အမှတ်သင်္ကေတသည် အထွတ်အထိပ်တည်ရှိမှု၏ လက်ချောင်းပုံရိပ်များထဲမှ တစ်ချောင်း၏ အစွန်အဖျားမျှသာ ရှိသေး၏။
“ ကျန်းကျန်းကြီး… နင်နင်လေး… ငါ့ရဲ့ ရတနာအရေပြားကို မြန်မြန်ထုတ်လိုက်ပါ ”
ခေါင်းဆောင်သည် ဤနေရာ၌ မည်သည့်အမှားအယွင်းမှမရှိကြောင်း အတည်ပြုပြီးနောက် သူက အော်ပြောလိုက်ပြီး နေလုံး၏ အစွမ်းအားလုံးကို ထိန်းချုပ်လိုက်ကာ တွင်းပေါက်ပြန်မပိတ်စေရန် ပို၍ပြင်းထန်သော အပူဓာတ်ကို ထုတ်လွှတ်လိုက်သည်။
နင်ယန်နှင့် ဝူကျန်းဝူသည် နည်းနည်းလေးမှ သတိမလစ်ဟင်းကြချေ။ သူတို့သည် တစ်ချိန်လုံး အာရုံအပြည့်စိုက်ထားကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်၏ စကားကိုကြားသောအခါ သူတို့သည် လုံးဝတုံ့ဆိုင်းမနေပေ။ နင်ယန်သည် လက်ဝှေ့ယမ်းလိုက်ပြီး ဝါကြင့်ကြင့် အရေပြားအပိုင်းအစတစ်ခုကို ထုတ်လိုက်သည်။
ထိုအရေပြားသည် မသေးငယ်ပေ။ ယင်းက ဖြန့်ကားထွက်လာသည့်အခါ လူပေါင်းဒါဇင်ခန့်၏ အရွယ်အစား ရှိသည်။ အရေပြားသည် လေးထောင့်ပုံသဏ္ဍာန်ရှိပြီး ထိုအပေါ်တွင် များစွာသော ချုပ်ရိုးကြောင်းများ ရှိသည်။
အရေပြား၏ ဇစ်မြစ်သည်တော့ ယင်းကို ပြီးပြည့်စုံစွာ ပြန်လည်ပြုပြင်ထားသောကြောင့် မှန်းဆကြည့်ရန် ခက်ခဲလှပေသည်။
ဝူကျန်းဝူသည်လည်း အရေပြားကို နင်ယန်နှင့်အတူတူ မြန်ဆန်စွာ ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်သည် အရေပြားကို ဆွဲဖြန့်လိုက်ပြီး ရေခဲပြင်အောက်မှ တွင်းပေါက်ဆီသို့ မျက်နှာမူလိုက်သည်။
“ ဟား ဟား… ဒီရတနာအရေပြားကို ပိုပြီးငါကြည့်မိလေ ပိုပြီးကောင်းမွန်လာလေပါလား ”
ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သောကြောင့် မျက်လုံးက အရောင်ဝင်းလက်လာသည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေသည်။