ဟိုးကိုကြည့်စမ်း သံချောင်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်(ခ)
Vol. 58 Ch. 901
နင်ယန်သည် တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ ထို့နောက် သူက ဝူကျန်းဝူကို ကြည့်လိုက်သည်။
ဝူကျန်းဝူသည် နှုတ်ဆိတ်နေသည်။
နောက်အခိုက်အတန့်မှာ ခေါင်းဆောင်သည် သူ၏ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများစွာကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ပေါက်စီလေး… အဲဒါကို ငါမိတ္တူကူးလို့ရအောင် အကြိမ်ရေအနည်းငယ်လောက် မှိတ်တုတ်မှိတ်တုတ် လင်းပေးစမ်းပါ ”
ကောင်းကင်ပေါ်မှ နေလုံးသည် ချက်ချင်း လှုပ်ခါလာသည်။
နောက်အခိုက်အတန့်မှာ ၎င်းက ဆက်တိုက် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။ နေအလင်းရောင်သည် တဖန်မငြိမ်းသွားခင်အထိ ပြောမပြနိုင်အောင် ထွန်းလင်းတောက်ပလာသည်။
ထိုဖြစ်စဉ်သည် ဆက်ကြိမ်ထက်မနည်း ထပ်ခါထပ်ခါ ဖြစ်ပျက်ခဲ့သည်။ မငြိမ်းသွားခင်နှင့် ပြန်ထွန်းလင်းလာသည့်ကြားမှ အချိန်ကွာဟမှုသည် လွန်စွာမှ တိုတောင်းသည်။ ထိုသို့မှိတ်တုတ်မှိတ်တုတ် လင်းလက်ခြင်းသည် ဘေးပတ်ဝန်းကျင်ကို လွန်စွာတောက်ပစေသည်။
နင်ယန်နှင့် ဝူကျန်းဝူဖွင့်လှစ်ထားသော အရေပြားသည်တော့ နေလုံး၏ မှိတ်တုတ်မှိတ်တုတ် လင်းလက်မှုအောက်မှာ လက်ဗွေရာသည် ယင်းအပေါ်မှာ တဖြည်းဖြည်း ထင်ပေါ်လာသည်။
၎င်း၏ ပုံသဏ္ဍာန်သည် တွင်းပေါက်အောက်မှ လက်ဗွေရာနှင့် တစ်ပုံစံတည်းတူညီသည်။ သို့သော်လည်း အရွယ်အစားသည် အများကြီး ကျုံ့သွား၏။
ဤအခိုက်အတန့်မှာ အရေပြားပေါ်မှ လက်ဗွေရာသည် မြန်ဆန်စွာ ကြည်လင်ပြတ်သားလာပြီး အံ့ဖွယ်ဖိအားတစ်ခုက ၎င်းထံမှ ထွက်ပေါ်လာသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် ထိုအတွက် ကြိုတင်အသင့်ပြင်ထားသော်လည်း ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်နေဆဲပင်။ ဤသည်မှာ သူတို့ကိုင်ထားသော အရေပြားက ကမ္ဘာတုန်လှုပ်စေနိုင်မည့် အံ့ဖွယ်အပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့နေသည့်အလားပင်။
အရေပြားသည် အလွန်အမင်း လေးလံလာသည်။ သို့ဖြစ်၍ သူတို့သည် လေပေါ်မှာ မတ်တတ်မရပ်နိုင်ကြတော့ဘဲ အောက်သို့ စတင်ပြုတ်ကျသွားကြသည်။
သို့သော်လည်း မကြာမီ နင်ယန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးစက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အရေအတွက်များပြားသော သားရဲအကောင်ငယ်များသည် ဝူကျန်းဝူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ နင်ယန်ကဲ့သို့ပင် သွေးမျိုးစက်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သို့မှသာ သူတို့က အရေပြားကို ထိန်းထားနိုင်သွားကြသည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် နေလုံးက မှေးမှိန်သွားသောအခါ အရေပြားပေါ်မှ လက်ဗွေရာသည် ရှင်းလင်းထင်ရှားလာသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် တုန်ရီနေခြင်းကို ဖိနှိပ်လိုက်ပြီး အရေပြားကို မြန်ဆန်စွာ ခေါက်လိပ်လိုက်သည်။
ယင်းကို သိမ်းဆည်းပြီးနောက် သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့က အဝေးရှိ လေထဲမှာ ရပ်နေသော ခေါင်းဆောင်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
ကောင်းကင်ပေါ်မှ နေလုံးသည် မှေးမှိန်သွားပြီး ပြန့်ကျဲသွားသည်။ ၎င်းထံမှ နောက်ဆုံးအလင်းရောင်သည်တော့ ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားလေရာ သူ၏ ပုံရိပ်ကို ခမ်းနားထည်ဝါလာစေသည်။ တစ်ချိန်တည်းမှာ စိတ်ခံစားချက်များသည် သူ၏ မျက်နှာပေါ်မှာ ထင်ဟပ်လာသည်။
“ ဒီလိုခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းကို ငါတို့သုံးယောက်ပဲ ကြည့်ရှုနိုင်တာ စိတ်မကောင်းစရာပဲ… ငါ့ရဲ့ချင်းလေးက အဲ့ဒါကို မမြင်နိုင်ဘူး ”
ခေါင်းဆောင်သည် လက်နောက်ပို့လိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။
“ နောင်တစ်ချိန် ဒီအကြောင်းကို ငါ သူ့ကို ပြန်ပြောပြတဲ့အခါ သူသေချာပေါက် အားကျနေလိမ့်မယ်… စိတ်မကောင်းစရာပဲ စိတ်မကောင်းစရာပဲ ”
ခေါင်းဆောင်သည် ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြောရန် ဟန်ပြင်လိုက်စဉ် ထင်သာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
မဟာလောကအပိုင်းအစ၏ ကောင်းကင်သည် ရုတ်တရက် လင်းထိန်လာပြီး ကမ္ဘာ၏ အရောင်အသွေးသည် ပြောင်းလဲသွားသည်။
အပြာရောင်အလင်းသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက အစက်အပြောက်တစ်ခုမျှသာမဟုတ်ပေ။ ကောင်းကင်တစ်ခုလုံးကို အပြာရောင်အလင်းက ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ ဤနေရာမှ မှောင်ရီသော ကောင်းကင်သည် ရုတ်တရက် အပြာရောင်သို့ ပြောင်းလဲသွားသည်။
ထို့ပြင် အပြာရောင်အလင်းသည် အစဉ်မပြတ် ထွန်းလင်းတောက်ပလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် ကောင်းကင်၏ အပြင်ဘက်မှ ဆင်းသက်လာသည်။
နင်ယန်နှင့် ဝူကျန်းဝူ၏ အမူအရာသည် ပြောင်းလဲသွားသော်လည်း ခေါင်းဆောင်သည် တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဆဲပင်။
“ အပြင်ဘက်ကလူတွေ ငါတို့ကို ရှာတွေ့သွားတာဖြစ်မယ်… သူတို့က တကယ်မြန်မြန် ရောက်ချလာတာပဲ… ဒါပေမဲ့ ကိစ္စမရှိပါဘူး… အဲ့ဒါက ငါမျှော်လင့်ထားတဲ့ အခြေအနေအတွင်းမှာပဲ ရှိပါသေးတယ် ”
“ မင်းတို့နှစ်ယောက် စောစောက ငါမင်းတို့ကို ပြောထားတဲ့နည်းအတိုင်း ဒီကနေ ထွက်သွားကြပါ… အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ ငါတို့ပြန်ဆုံကြမယ်… အဲ့ဒီကိုရောက်တဲ့အခါ နောက်ထပ်ကံကြမ္မာကောင်းတစ်ခုက မင်းတို့ကို စောင့်ကြိုနေလိမ့်မယ်လို့ ငါကတိပေးတယ် ”
ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
“ ကဲ ဒါဆို ငါတို့အခုပဲ ထွက်… ”
သူက စကားဆုံးအောင် မပြောနိုင်မီ ကမ္ဘာတုန်ဟီးသွားစေမည့် ပေါက်ကွဲသံကြီးသည် အပြာရောင်အလင်း၏ လွှမ်းခြုံခံထားရသော ကောင်းကင်ယံမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ရေခဲအလွှာကောင်းကင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ထိုအက်ကွဲကြောင်းသည် ကီလိုမီတာငါးထောင်နီးပါး ပျံ့ပွားသွားပြီး ရေခဲပြင်အက်ကွဲသံသည် အစဉ်မပြတ် ပဲ့တင်ထပ်လာသည်။ မြေပြင်သည်လည်း စတင်တုန်လှုပ်လာသည်။
အက်ကွဲကြောင်းသည် ထိုတစ်ခုတည်းမဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ဒုတိယအက်ကွဲကြောင်း၊ တတိယအက်ကွဲကြောင်း၊ စတုတ္ထအက်ကွဲကြောင်း အစရှိသဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
အက်ကွဲကြောင်းဒါဇင်ခန့်သည် ကောင်းကင်ပေါ်မှာ တစ်ပြိုင်နက်ဖြစ်လုနီးပါး ထွက်ပေါ်လာကြသည်။ ရေခဲအလွှာဖြင့် ဖွဲ့စည်းထားသော မဟာလောကအပိုင်းအစ၏ ကောင်းကင်သည် အက်ကွဲနေသော ကြေးမုံတစ်ချပ်ပမာ ဖြစ်ပေါ်လာသည်။ အက်ကွဲသံများသည် မိုးခြိမ်းသံများအလား ဆက်လက် ပေါက်ကွဲထွက်လာသည်။
ကောင်းကင်ကို ထွန်းလင်းပေးနေသော အပြာရောင်အလင်းသည် ယခင်ထက် အများကြီး ပိုတောက်ပလာသည်။ သို့ဖြစ်၍ အပြာဖျော့ရောင်ကောင်းကင်သည် ယခု မိုးပြာရောင်သို့ ပြောင်းလဲသွားသည်။
ထိုထက် ပိုမိုတောက်ပသော အလင်းရောင်သည် အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာနေသေးသည်။ မကြာမီ ရောင်ခြည်တန်းများသည် ရေခဲပြင်ပေါ်သို့ ကျဆင်းလာကြသည်။
အနက်ရောင်ရေခဲပြင်သည် အပြာရောင်အလင်း၏ ကျူးကျော်ဝင်ရောက်ခြင်းကို မတားဆီးနိုင်ပေ။
သို့ဖြစ်၍ အလင်း၏ အစဉ်မပြတ် ဖြန့်ကြက်မှုအောက်မှာ မြေပြင်သည်လည်း အပြာရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။ မကြာမီ ဤကမ္ဘာငယ်တစ်ခုလုံး အပြာရောင်၏ လွှမ်းမိုးခြင်းခံလိုက်ရလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ထိုအလင်းထဲမှ ပေါက်ကွဲထွက်လာသည်။
ရေခဲအလွှာကောင်းကင်၏ အပြင်ဘက်မှ တစ်ဟုန်ထိုး တိုးဝင်လာနေသော အံ့ဖွယ်စွမ်းအင်လှိုင်းများသည် ဤအခိုက်အတန့်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။
ပေါက်ကွဲသံများကြားတွင် ကောင်းကင်သည် ပြိုလဲပျက်စီးသွားသည်။ မရေမတွက်နိုင်သော ရေခဲတုံးများသည် အပြာရောင်ဥက္ကာခဲများသဖွယ် ကျဆင်းလာကြသည်။ မြေပြင်သည် လှုပ်ခါလာပြီး ပြိုလဲအက်ကွဲသွားသည်။
ဤသည်မှာ ကမ္ဘာပျက်စီးနေသည့် မြင်ကွင်းအလားပင်။
နားကွဲလုမတတ် ကျယ်လောင်သော အသံသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ ကောင်းကင်က ပြိုကျပျက်စီးသွားသည့်အခါ ပေတစ်သိန်းရှည်လျားသော ဧရာမသံချောင်း၏ ထိပ်ဖျားသည် ရေခဲအလွှာကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
သံချောင်း၏ ထိပ်ဖျားဖြင့်ပင် ကောင်းကင်ပေါ်မှ ရေခဲအလွှာသည် သံချောင်းကို ဗဟိုထား၍ စက်ဝိုင်းသဖွယ် အရပ်မျက်နှာအဘက်ဘက်သို့ အက်ကွဲထွက်သွားသည်။ တဖြည်းဖြည်း စက်ဝိုင်း၏ အကျယ်အဝန်းသည် ပိုပိုကြီးမားလာသည်။
တစ်ချိန်တည်းမှာ အပြာရောင်သံချောင်း၏ အရှိန်အဝါသည် ဤကမ္ဘာငယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာနေသည်။
ချက်ချင်းဆိုသလို မဟာလောကအပိုင်းအစသည် တစ်ခါမှမဖြစ်စဖူး တုန်ယင်လာသည်။ ခေါင်းဆောင်သည်ပင် ထိုမျှကြီးမားသော အပြောင်းအလဲကို မပြုလုပ်နိုင်ပေ။
ဤကမ္ဘာငယ်ထဲမှ မရေမတွက်နိုင်သော ဝိညာဉ်များအတွက်တော့ အပြင်ဘက်၌ လွင့်မြောနေသည်ဖြစ်စေ ရေခဲပြင်အောက်၌ နက်ရှိုင်းစွာ အိပ်မောကျနေသည်ဖြစ်စေ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးသည် စူးစူးဝါးဝါး အော်မြည်လိုက်ကြသည်။
၎င်းတို့အတွက်တော့ ယင်းက ကမ္ဘာပျက်ကဒ်ဘေးတစ်ခု ကျဆင်းလာသည့်အလားပင်။
နင်ယန်သည် လုံးဝထိတ်လန့်သွားသည်။ ဝူကျန်းဝူသည် မျက်ရည်မကျဘဲ ငိုချင်လာသည်။
“ သွားပြီ… မင်းကို အပြင်မှာတုန်းက ငါမပြောခဲ့ဘူးလား… ဒီတစ်ကြိမ် ငါ့ခံစားချက်တွေ မကောင်းပါဘူးဆိုနေ… ဒါပေမဲ့ မင်းက ငါ့ကို အတင်းဆွဲခေါ်ခဲ့တယ် ”
“ ချန်းအားညို… မင်း တကယ်ပဲ ဘာလုပ်ခဲ့တာလဲ… အခု ဘာတွေဖြစ်ကုန်တာလဲ ”
ခေါင်းဆောင်သည်လည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူက မျက်လုံးပြူးကျယ်လျက် စိတ်ရှုပ်ထွေးသွားသည်။
“ ငါလည်းပဲ မသိဘူး… ဒါနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားယွင်းနေပြီ… ပြီးတော့ အရမ်းထူးဆန်းတယ်… ငါက ပုံရိပ်တစ်ခုကို မိတ္တူကူးရုံလေးပါ… တခြားဘာမှမလုပ်ခဲ့ပါဘူး… အဲ့ဒါလောက်နဲ့ အခုလို ဖြစ်မလာသင့်ဘူးနော်… ဘာလို့ မြေအောက်မျိုးနွယ်က ယုတ္တိဆန်ဆန်မလုပ်ဆောင်တာလဲ… ငါ့ရဲ့ပထမလှုပ်ရှားမှုမှာတင် သူတို့က အားလုံးကို ဖျက်ဆီးပစ်ချင်တာလား ”