ဟိုးကိုကြည့်စမ်း… သံချောင်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်(ဂ)
Vol. 58 Ch. 902
“ သူတို့ဘာတွေလုပ်နေတာလဲ… ဒါတော့ အရမ်းများသွားပြီ ”
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက မသိစိတ်မှ ခေါင်းမော့လိုက်ပြီး ကမ္ဘာငယ်ထဲသို့ ထိုးဖောက်ဝင်လာနေသော အပြာရောင်သံချောင်းကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုသည် ချောက်ချားမှုဖြင့် မြန်ဆန်စွာ အစားထိုးခံလိုက်ရသည်။ သူက အလန့်တကြား ကျိန်ဆဲလိုက်သည်။
“ ယီးပဲ… အဲ့ဒါက အုပ်ချုပ်သူရဲ့ လက်နက်ဟ ”
“ ဒီမြေအောက်မျိုးနွယ်ဝင်တွေက သောက်ရူးတွေလား… သူတို့က ငါတို့ကိုသတ်ဖို့ အုပ်ချုပ်သူရဲ့ လက်နက်ကို တကယ်ကြီး ယူဆောင်လာတယ်… အတိတ်တုန်းက သူတို့ အဲ့လောက်ထိ ရူးမိုက်တာကို ငါမမြင်ဖူးပါဘူး… ဒါနဲ့ သူတို့က အုပ်ချုပ်သူရဲ့ လက်နက်ကို ဘယ်ကနေ ဘယ်လိုရသွားတာလဲ… တစ်ခုခုတော့ မှားယွင်းနေပြီ… နေဦး အဲ့ဒါက အုပ်ချုပ်သူရဲ့ တတိယသားတော်ရဲ့ နဖူးပေါ်က သံချောင်းမဟုတ်လား ”
“ ယီးပဲ… အဲ့ဒါက ဆဌမမြောက်ငါလုပ်မယ့် ကိစ္စကြီးလေ… ဘယ်သူလဲ… ဘယ်သူက ငါ့ကို အနိုင်ပိုင်းပြီး အဲ့ဒါကို ယူသွားတာလဲ ”
ခေါင်းဆောင်၏ နှလုံးသည် ပြင်းထန်စွာ ပရမ်းပတာဖြစ်လာသည်။ သူက လုံးဝမယုံကြည်နိုင်ဖြစ်သွားသည်။ သို့သော်လည်း အုပ်ချုပ်သူ၏ လက်နက်ထံမှ အရှိန်အဝါသည် သူ့ကို တုန်ယင်သွားအောင် ပြုလုပ်နိုင်ဆဲပင်။ သူက အဆောင်ကျောက်စိမ်းပြားကို အမြန်ချေမွပစ်လိုက်သည်။ သို့သော်လည်း တည်နေရာပြောင်းရွှေ့အဆောင်သည် အသက်မဝင်လာချေ။
ထိုအခါ သူက အပေါ်သို့ ခုန်လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။
သူက ထွက်ပြေးနေစဉ် ပိုမိုများပြားသော တည်နေရာပြောင်းရွှေ့အဆောင် ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်ပြီး ချေမွလိုက်သည်။ တစ်ချိန်တည်းမှာ သူက နင်ယန်နှင့် ဝူကျန်းဝူကို အော်ပြောလိုက်သည်။
“ မင်းတို့နှစ်ကောင် သောက်စကားများမနေကြနဲ့တော့… မြန်မြန် ငါ့နောက်လိုက်ခဲ့ပြီး ထွက်ပြေးရအောင်… ဒီမှာ ကိစ္စကြီးတစ်ခုဖြစ်နေပြီ… အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး ”
“ အဲ့ဒါအားလုံး မင်းကြောင့်ပဲ ”
ဝူကျန်းဝူ၏ မျက်လုံးသည် နီရဲလာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ သို့သော်လည်း အခုချိန်မှာ ထွက်ပြေးလွတ်မြောက်ရန်သည် အဓိကအရေးကြီးကြောင်း သူသိသည်။ သို့ဖြစ်၍ သူက အံတင်းတင်းကြိတ်လိုက်သည်။ အကယ်၍ သူသာ ယနေ့ အသက်ရှင်လျက်လွတ်မြောက်သွားလျှင် ထိုအရူးကောင်နားမှ ချက်ချင်း ထွက်ခွာသွားမည်ဟု စိတ်ထဲမှာ တွေးတောလိုက်သည်။
“ အင်မော်တယ်အူခွေသစ်ပင်မှာတုန်းကလည်း ဒီအတိုင်းပဲ… ချန်းအားညို… မင်းက သေလမ်းမရှာရရင် စားမဝင် အိပ်မပျော်တော့ဘူးလား ”
နင်ယန်၏ နှလုံးသည် တဒုန်းဒုန်း ခုန်မြည်လာသည်။ သေခြင်းရှင်ခြင်းကဒ်ဘေးနှင့် ရင်ဆိုင်ရသောအခါ ခေါင်းဆောင်အပေါ် သူ၏ ကြောက်ရွံ့စိတ်သည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသည်။ သို့ဖြစ်၍ သူက ခေါင်းဆောင်ကို မအော်ဟစ်ဘဲ မနေနိုင်ပေ။
သို့သော်လည်း သူက ခေါင်းဆောင်နောက်သို့ အမြန်ပြေးလိုက်သွားဆဲပင်။
သူတို့သုံးယောက်သည် ပြိုကျအက်ကွဲနေသော မြေပြင်ပေါ်မှာ ယုန်သူငယ်များသဖွယ် အစွမ်းကုန်သုံး၍ ထွက်ပြေးနေကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ပေါက်ကွဲသံသည် ပိုပြီးကျယ်လောင်လာပြီး အက်ကွဲသွားသော ဧရိယာသည် ပိုပြီးကြီးမားလာသည်။
မရေမတွက်နိုင်သော ရေခဲတုံးများသည် ကောင်းကင်ပေါ်မှ ပြိုကျလာကြသည်။ အဆုံးမဲ့အရှိန်အဟုန်ကို သယ်ဆောင်ထားသော သံချောင်းသည် အရာအားလုံးကို ချိုးဖောက်သွားပြီး ဤကမ္ဘာငယ်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်လာလေသည်။
၎င်းက တုနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများဖြင့်အတူ ပေါ်လျှိုးလာသည်။ မရေမတွက်နိုင်သော ဝိညာဉ်များသည် အော်ဟစ်ညည်းညူလိုက်ကြပြီး တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။
ထို့နောက် ကမ္ဘာသည် ရူးသွပ်မှုနှင့် ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်သွားသည်။ ခေါင်းဆောင်နှင့် တခြားနှစ်ယောက်သည် ပြန်လည်ပေါင်းစုံသွားပြီး တုန်တုန်ယင်ယင်ဖြင့် အရှေ့သို့ ဆက်လက် ပြေးသွားကြသည်။
ခေါင်းဆောင်သည် ထိုသို့ဖြစ်ပျက်လာသည်ကို မယုံကြည်နိုင်သဖြင့် ခေါင်းလှည့်လိုက်ပြီး မြေပြင်ဆီသို့ ထိုးဆင်းလာနေသော သံချောင်းကို ကြည့်လိုက်လေသည်။ သံချောင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ကြက်သေ သေသွားသည်။
“ ယီး… ဟိုးကိုကြည့်စမ်း… သံချောင်းပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ် ”
နင်ယန်နှင့် ဝူကျန်းဝူသည် ခေါင်းဆောင်၏ စကားကိုကြားသောအခါ ချက်ချင်း ခေါင်းလှည့်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဧရာမသံချောင်းပေါ်တွင် ပုံရိပ်တစ်ခုက အမှန်တကယ်ရှိနေကြောင်း သူတို့ မြင်လိုက်ရသည်။
အပြာရောင်ဖျော့ဖျော့အလင်းအောက်တွင် ထိုပုဂ္ဂိုလ်သည် တစ်ကိုယ်တည်း မတ်တတ်ရပ်နေသည်။ သူ၏ ရှည်လျားသော ဆံနွယ်သည် အနောက်သို့ လွင့်မျောနေပြီး အဝတ်အစားသည် ပြင်းထန်သော လေတိုးဝှေ့မှုအောက်မှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။
သူ၏ တည်ရှိမှုသည် တမူထူးခြားလေရာ အပြာရောင်အလင်းအောက်တွင် သူက သူတော်စင်တစ်ပါးအလားပင်။ သူ၏ ချောမောခန့်ညားသော မျက်နှာနှင့် ကျက်သရေရှိသော အသွင်အပြင်ကြောင့် သူ့ထံမှ ပြိုင်ဘက်ကင်း ပြီးပြည့်စုံသော အရှိန်အဝါကို ပေးသည်။
သူက သံချောင်းပေါ်မှာ မတ်တတ်ရပ်နေလေရာ ထိုရတနာသည် သူ့အပိုင်ဖြစ်သည့်အလား သို့မဟုတ် သူ၏ ထိန်းချုပ်ခံနေရသည့်အလားပင်။
ထိုသို့အသွင်သဏ္ဍာန်နှင့် အရှိန်အဝါသည် သူ့အား မြင်လိုက်ရသည့်လူတိုင်းကို နှလုံးတုန်သွားစေရန် လုံလောက်သည်။
“ ဟေ့ရောင်တွေ… အဲ့ဒီလူက ရင်းနှီးတယ်လို့ မင်းတို့ရော မခံစားမိကြဘူးလား ”
ခေါင်းဆောင်သည် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ကို သေချာစူးစိုက်ကြည့်လိုက်ကာ ပြောသည်။
နင်ယန်သည် ဆွံ့အသွားသည်။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားပြီး အသိစိတ်သည် ဟာလာဟင်းလင်း ဖြစ်သွားသည်။
ဝူကျန်းဝူသည်လည်း ထိတ်လန့်သွားသည်။ သူတို့က စိတ်ရှုပ်ထွေးနေကြစဉ် ခေါင်းဆောင်သည် နင်ယန်၏ လက်ကို ရုတ်တရက် ဆွဲဆိတ်လိုက်လေသည်။
နင်ယန်သည် ဒေါသထွက်သွားပြီး ခေါင်းဆောင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ နင်ယန်က နာကျင်သွားသည်ကို ခေါင်းဆောင် နားလည်သွားသောအခါ ယင်းက အိမ်မက်မဟုတ်ကြောင်း သူသိလိုက်သည်။ သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းတန်း ထွက်ပေါ်လာသည်။
“ အဲ့ဒါက တကယ်ချင်းလေးပဲ ”
“ ဂျူနီယာညီလေး… ငါဒီမှာ ”
ခေါင်းဆောင်သည် ရုတ်တရက် လှမ်းခုန်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။
တစ်ချိန်တည်းမှာ ကောင်းကင်သည် အက်ကွဲသွားပြီး ဧရာမသံချောင်းသည် အောက်သို့ ဆက်လက် ကျဆင်းလာနေသည်။ ၎င်း၏ ဖိအားသည် မြေပြင်ပေါ်သို့ ပထမဆုံး သက်ရောက်လာသည်။
ထိုအခါ မြေပြင်ပေါ်မှ ကြီးမားသော ဧရိယာသည် ပြိုကျပျက်စီးသွားပြီး ရေခဲပြင်သည် အတွင်းဘက်ထဲသို့ ချိုင့်ဝင်သွားကာ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်သွားသည်။
ပို၍များပြားသော ရေခဲတုံးများသည် ကောင်းကင်ယံမှ ပြုတ်ကျလာကြပြီး မြေပြင်ပေါ်မှာ နေရာအနှံ့ ပြန့်ကျဲသွားကြသည်။
သံချောင်းပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်းသည် အပြင်ပန်းအရ တည်ငြိမ်နေဟန်ရသော်လည်း အမှန်တွင် သူ၏ နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်နေပြီး မုန်တိုင်းတစ်ခုသည် သူ၏ စိတ်ထဲမှာ အစပျိုးလာနေသည်။
ဤသံချောင်း၏ ခွန်အားသည် အလွန်ကြောက်စရာကောင်း၏။ သံချောင်းက အပြင်လောကရှိ ရေခဲပြင်ဒေသအား ထိတွေ့သွားသည့်အခိုက်အတန့်ကို သူပြန်အမှတ်ရသွားသည်။ ၎င်းဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ရေခဲအလွှာများသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။
သံချောင်းသည် ထက်ရှပြီး မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော ရေခဲအလွှာအားလုံးကို ဖြိုခွဲပစ်လိုက်ပြီး ဤမဟာလောကအပိုင်းအစဆီသို့ ဆင်းသက်လာရန် ဧရာမတွင်းပေါက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
၎င်းက သူ့ကိုလည်း ဤနေရာသို့ ခေါ်ဆောင်လာသည်။
သူရောက်ရှိလာသည့်အခိုက် ပြိုကျပျက်စီးသွားသော အနက်ရောင်ရေခဲပြင်ကို ရွှီချင်း မြင်လိုက်သည်။ လေထဲမှာ နေလုံးကဲ့သို့ အလင်းရောင်အရင်းအမြစ်တစ်ခုကိုလည်း သူမြင်လိုက်သည်။
သို့သော်လည်း ၎င်းက အလွန်မှေးမှိန်နေပြီး အလင်းနှင့် အပူကို ဆက်လက်ထုတ်လွှတ်ရန် စွမ်းအားအများကြီး မကျန်ရှိတော့ဟန် ရသည်။
ဤနေရာတွင် နေလုံးရှိသည်မှာ ထူးဆန်းသည်ဟု သူခံစားမိသည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ယုန်သူငယ်များသဖွယ် ပြေးလွှားနေကြသော ပုံရိပ်သုံးခုကို မြင်သွားသည်။
တစ်ခဏအကြာမှာ ရွှီချင်း၏ အမူအရာသည် အနည်းငယ် မိန်းမောတွေဝေသွားပြီး ထူးဆန်းလာသည်။
သူက ဤနေရာမှာ ခေါင်းဆောင်နှင့် တခြားနှစ်ယောက်ကို မယုံကြည်နိုင်ဖွယ်ကောင်းစွာ မြင်လိုက်ရသည်။ သူတို့သည် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းတွင် ပြန်လည်ဆုံစည်းရန် သဘောတူထားကြသည်။ ထို့ပြင် သူက ထိုနေရာသို့ မည်သည့်နည်းဖြင့် အမြန်ဆုံး ရောက်နိုင်မည်ကို စဉ်းစားခဲ့ဖူးသည်။
သို့သော်လည်း သူတို့နှင့် ဤနေရာမှာ ပြန်တွေ့ဆုံလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။
ယင်းက မယုံကြည်နိုင်စရာကောင်းလွန်းလှ၏။
သို့သော်လည်း ထိုမယုံကြည်နိုင်မှုသည် တစ်ဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။ ခေါင်းဆောင်က ဤနေရာမှာ ထွက်ပေါ်လာခြင်းသည် ယုတ္တိမရှိသောကိစ္စ မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ တစ်ဖက်လူ၏ ရူးမိုက်သော အကျင့်စရိုက်ကြောင့် စိတ်ကူးကြည့်ရန်မဖြစ်နိုင်သော နေရာများတွင် သူက များသောအားဖြင့် ထွက်ပေါ်လာလေ့ ရှိသည်။
ခေါင်းဆောင်သည် အမြဲတမ်းလိုလို သေလမ်းရှာသော လမ်းကို ရွေးချယ်လျှောက်လှမ်းတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းဟူသော စကားလုံးကို သူမသိဟန် ရသည်။ တစ်နေ့ သူ၏ သေလမ်းရှာသော လုပ်ရပ်က အမှန်တကယ်ဖြစ်လာသည့်အခါ သူ၏ ရူးမိုက်သော ဘဝနေထိုင်မှုသည် အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။
ထိုစိတ်ခံစားချက်များသည် ရွှီချင်း၏ နှလုံးသားထဲမှာ ချက်ချင်း ပေါ်ထွက်လာသည်။ ဤအခိုက်အတန့်မှာ သူက လုံးဝတုံ့ဆိုင်းမနေပေ။
အပြာရောင်သံချောင်းက မြေပြင်ပေါ်သို့ ထိုးခွဲသွားသည့်အခိုက် သူက လေထဲသို့ ပျံတတ်သွားပြီး သံချောင်းထံမှ ထွက်ခွာသွားသည်။
သံချောင်း၏ အောက်သို့ကျဆင်းနေသော အလျင်ကြောင့် ရွှီချင်းသည် ချက်ချင်း အဝေးသို့ ရောက်ရှိသွားသည်။ သို့သော်လည်း အပြာရောင်အလင်းသည် သူ့အား အကာအကွယ်ပေးနေဆဲပင်။ သူက သံချောင်းထံမှ ထွက်ခွာသွားပြီးနောက် အဝေးရှိ ခေါင်းဆောင်နှင့် တခြားနှစ်ယောက်ထံသို့ ချက်ချင်း ပျံသန်းသွားသည်။