← Chapters

မင်းသမီးမင်မိန်(က)

Vol. 58 Ch. 904

မင်းသမီးမင်မိန်(က)

Vol. 58 Ch. 904

ဤကမ္ဘာငယ်ထဲတွင် ကောင်းကင်ဟူ၍ မရှိတော့ပေ။

ကောင်းကင်ပေါ်မှ ရေခဲအလွှာအများစုသည် ပြိုကျပျက်စီးသွားကြသည်။ ကြီးမားသော အက်ကွဲရာများသည် ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေကြပြီး ကောင်းကင်ကို ဆုတ်ဖြဲရန် ကြိုးစားနေကြသည်။

ဧရာမအပေါက်တစ်ခုသည် ကောင်းကင်၏ အလယ်ဗဟိုတွင်ရှိပြီး အပြင်လောကနှင့် ဆက်သွယ်ထားသည်။

မြေပြင်ပေါ်မှ ရေခဲအလွှာသည်လည်း ထို့အတူပင်။ အဆုံးမရှိသော ကုန်းမြေသည် ရေခဲပြင်၏ အက်ကွဲမှုအောက်မှာ ညီညာပြန့်ပြူးခြင်းမရှိတော့ပေ။ ရေခဲအလွှာတစ်ခုလုံးသည် မြေအောက်ထဲမှ ပေါ်လျှိုးလာသော ကြေးနီခေါင်းတလားကြောင့် အပေါ်သို့ မြောက်ကြွသွားသည်။

ထိုကြေးနီခေါင်းတလားသည် အလွန်ကြီးမားသည်။ အမှန်မှာ ၎င်းက မီးတောက်ပင်လယ်အောက်တွင် ရွှီချင်းမြင်ခဲ့သော ခေါင်းတလားထက်ပင် ပိုပြီးကြီးမားသေး၏။

ယခု ခေါင်းတလားအဖုံး၏ ထက်ဝက်ကျော်က အက်နေသဖြင့် ကြီးမားကျယ်ပြောသော ခွန်အားသည် အဟရာများထဲမှ ပေါ်လျှိုးထွက်လာနေသည်။

အချိန်စီးဆင်းမှုဖြင့် တွေ့ကြုံခဲ့သော ရှေးဟောင်းအရှိန်အဝါတစ်ခုသည် ဤကမ္ဘာငယ်ထဲသို့ ပျံ့နှံ့လာပြီး အရာအားလုံးထံသို့ ကျူးကျော်ဝင်ရောက်သွားသည်။ ၎င်းက ဤအခိုက်အတန့်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရသော အချိန်အားလုံးကို တစ်ပြိုင်နက် ထုတ်လွှတ်ချင်နေသည့်အလားပင်။

ခေါင်းတလားသည် ဤနေရာတွင် မြှုပ်နှံခံထားရသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းခဲ့ချေပြီ ဖြစ်သည်။ ခေါင်းတလား၏ အပေါ်တွင် သံချေးများရှိနေကြောင်း မြင်နိုင်လေရာ ယင်းက ၎င်း၏ သက်တမ်းနှင့် ဖြတ်ကျော်ခဲ့သော အချိန်ကာလကို ဖော်ပြနေလေသည်။

ခေါင်းတလားကို ထိုးဖောက်သွားသော အုပ်ချုပ်သူ၏ သံချောင်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ပျံ့လွင့်လာသည်။ ဤအခိုက်အတန့်မှာ သံချောင်းက ခေါင်းတလားအဖုံး၏ အတွင်းထဲသို့ ထက်ဝက်ကျော်မျှသာ ထိုးဖောက်ထားသော်လည်း အက်ကွဲရာများသည် သံချောင်းထိုးစိုက်ခံထားရသော နေရာကို ဗဟိုပြု၍ တခြားအစွန်းများဆီသို့ ပျံ့နှံ့သွားသည်။

အက်ကွဲရာများသည် ခေါင်းတလားအဖုံး၏ မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားပြီး ညီညာပြန့်ပြူးခြင်းမရှိသော ဧရိယာများလည်း ထွက်ပေါ်လာသည်။ ခေါင်းတလားအဖုံးတစ်ခုလုံးသည် လုံးဝကွဲထွက်သွားရန် ဆံချည်တစ်မျှင်စာမျှသာ ကွာဝေးတော့၏။ ထိုမြင်ကွင်းသည် အဝေးမှာ ရှိနေကြသော ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားနှစ်ယောက်ကို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားစေသည်။ သူတို့သည် ပို၍မြင့်သော နေရာဆီသို့ အလိုအလျောက် ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာ အပြာရောင်မြူခိုးဖြင့် ဖွဲ့စည်းထားသော အိမ်ရှေ့စံမင်းသား၏ ပုံရိပ်ထံမှ စကားသံ ပျံ့လွင့်လာသည်။

“ တတိယအမတော်… အချုပ်အနှောင်ကနေ ငါလွတ်မြောက်လာပြီးတော့ ဒီမြေမှာ ငါတို့မိသားစုဝင်တွေရဲ့ အသိစိတ်တွေကို ငါအာရုံခံကြည့်ခဲ့တယ်… နင်နဲ့ ငါပဲ ကျန်တော့တယ်… ကျန်တဲ့ ညီတော်ညီမတော်တွေက သူတို့ရဲ့ အသိစိတ်ကို ဆုံးရှုံးထားကြတယ် ”

“ သူတို့ရဲ့ ဝိညာဉ်တွေက အပြည့်အစုံမရှိတော့ဘူး… စတုတ္ထညီတော် လီဖန်ရဲ့ စုပ်ယူတာခံခဲ့ရတယ်… ”

“ ဒါကြောင့် ငါဒီကိုလာပြီး နင့်ကို လာလွှတ်ပေးတာ… တတိယအမတော် နိုးထလာတော့ ”

အပြာရောင်မြူခိုးမှ ဖွဲ့စည်းထားသော ပုံရိပ်ထံမှ အသံသည် နက်ရှိုင်းသော ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ ယင်းက ဤကမ္ဘာငယ်ထဲသို့ ပျံ့လွင့်သွားသောအခါ ထိုနေရာတွင် ထီးထီးရပ်နေသော ကြေးနီခေါင်းတလားသည် ရုတ်တရက် တုန်လှုပ်လာသည်။

၎င်းက တုန်ခါလာသည့်အခါ ခေါင်းတလားအဖုံးသည် ပိုပြီးကြမ်းတမ်းစွာ အက်ကွဲလာသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် အက်ရာများထဲမှ ပျံ့လွင့်လာပြီး ဤကမ္ဘာငယ်ကို တုန်ယင်သွားစေသည်။ ခြောက်ကပ်နေသော လက်တစ်ဖက်သည် ခေါင်းတလားအဖုံးကို အထဲမှ ရုတ်တရက် ရိုက်ချိုးဖွင့်လိုက်ပြီး အပြင်ဘက်သို့ ဆန်းတန်းထွက်လာလေသည်။

ခေါင်းတလားအဖုံးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်နှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံ ပေါ်ထွက်လာသည်။ ထို့နောက် လက်သည် အပြည့်အစုံ ထွက်ပေါ်လာသည်။

လက်သည် အရိုးစုအသွင်ဖြင့် ရှိနေသောကြောင့် ယင်းက အမျိုးသမီးတစ်ယောက်၏ လက်ဟုပြောရန် မဖြစ်နိုင်ပေ။ လက်ပေါ်မှ အရေပြားသည် မရှိတော့ပေ။ ခြောက်ကပ်နေသော သွေးနှင့် အသားများသာ ကျန်ရှိတော့သည်။ ယင်းက အလွန်ကြည့်ရဆိုးပေသည်။

လက်သည်းများသည် မရှိတော့ပေ။ သေခြင်းအရှိန်အဝါသည် ထိုလက်ထံမှ ဆက်လက် ပေါ်လျှိုးလာသည်။

အပြာရောင်မြူခိုးပုံရိပ်သည် ထိုလက်ကို မြင်လိုက်သောအခါ သူ၏ ဝမ်းနည်းပူဆွေးမှုသည် ပိုပြီးကြီးမားလာသည်။

ဤသည်မှာ သူ၏ တတိယအမတော်ဖြစ်ပြီး ခမည်းတော်၏ အလိုလိုက်ခြင်း ချစ်မြတ်နိုးခြင်းခံရသော သမီးတော်ဖြစ်သည်။ တတိယအမတော်သည် ပင်ကိုယ်ပါရမီတွင် သူတို့၏ မွေးချင်းမောင်နှမများအနက် နဝမညီတော်နှင့် နှိုင်းယှဉ်နိုင်သည့် တစ်ယောက်တည်းသောသူလည်း ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူက ခမည်းတော်ကိုယ်စား မည်သည့်နေရာကိုမဆို စစ်ထွက်သွားလေ့ရှိပြီး အံ့ဖွယ်ကောင်းသော တိုက်ပွဲကုသိုလ်အများအပြားကို ရရှိခဲ့သည်။

ထိုမျှတင်မကသေးပေ။ အတိတ်၌ သူ၏ အလှဂုဏ်သတင်းသည် မျိုးနွယ်စုအားလုံးကို ထိတ်လန့်စေခဲ့ပြီး မြင့်မြတ်အနွယ်ဝင် လူငယ်အများအပြား၏ ချီးမွမ်းခြင်းခံခဲ့ရသည်။ ရှေးဟောင်းအင်ပါယာကိုယ်တိုင်က သူ့ကို မင်းသမီးမင်မိန်ဟူသော ဂုဏ်ဘွဲ့ကို ချီးမြှောက်ခဲ့သည်။

ထိုအချိန်တုန်းက သူ၏ အလှသည် တုနှိုင်းမဲ့ပြီး တိမ်တိုက်ပေါ်တွင် အထီးကျန်စွာ တစ်ကိုယ်တည်းတောက်ပနေသော ဇီးပန်းပွင့်နှင့် တူညီသည်ဟု ခိုင်းနှိုင်းကြသည်။ သူ့မှာ မည်သည့်ပြစ်ချက်မှ မရှိပေ။

သို့သော်လည်း လဝတ်ပြုဒေသကြီးဆီသို့ နီလာနတ်သမီးဆင်းသက်လာသည့်အခါ အရာအားလုံး ပြောင်းလဲသွားသည်။ သူတို့၏ ခမည်းတော်ကျဆုံးသွားပြီးနောက် ထိုပြိုင်ဘက်ကင်းသော မင်းသမီးမင်မိန်သည် ခေါင်းတလားထဲမှာ ချိပ်ပိတ်ခံခဲ့ရသည်။

စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သူတို့၏ စတုတ္ထညီတော်သည် တတိယအမတော်ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ရန် တတိယညီတော်၏ သွေးကို ခေါင်းတလားထဲသို့ ပို့လွှတ်စေသည်။ သူက ဆာလောင်လာသည့်အခါ လက်စားခြေရန်ဟူသော အသိတစ်ခုတည်းအတွက် သူ၏ မြင့်မြတ်သော ဂုဏ်သိက္ခာနှင့် လူသားအသိစိတ်ကို စွန့်လွှတ်ခဲ့ရသည်။

ခေါင်းတလားထဲမှာ သူ၏ ဘဝသည် လူသားမဟုတ်၊ တစ္ဆေမဟုတ်သလို သေလူလည်းမဟုတ် ရှင်လူလည်းမဟုတ်ချေ။

အိမ်ရှေ့စံမင်းသားသည် ခေါင်းတလားကို ကြည့်လိုက်သည့်အခါ သူ၏ ဝမ်းနည်းပူဆွေးမှုသည် ပိုပြီးပြင်းထန်လာသည်။

ခေါင်းတလားထဲတွင် အမှောင်ထုသာရှိသောကြောင့် အထဲသို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဖြည်းညင်းစွာ မြှောက်တတ်လာနေသော လက်ကိုသာ သူမြင်နိုင်ပေသည်။

ခေါင်းတလားတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ရီလာသည်။ အချိန်အတော်ကြာပြီးနောက် ၎င်းက ပြန်တည်ငြိမ်သွားပြီး အက်ရှရှမိန်းမအသံသည် ခေါင်းတလားထဲမှ မြည်ဟိန်းထွက်လာသည်။

“ မင်းသား… ”

ရင်းနှီးသော အသံသည် အိမ်ရှေ့စံမင်းသား၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။

အသံထွက်ပေါ်လာပြီးနောက် ခေါင်းတလားထဲမှ ပုံရိပ်သည် အပြင်သို့ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။ သူက အပြင်လောကသို့ ခြေချလိုက်သည့်အခါ ခေါင်းတလားထဲမှ ပုံရိပ်၏ အသွင်အပြင်သည် ရွှီချင်း၏ မျက်လုံးရှေ့မှာ ထွက်ပေါ်လာသည်။

ဤသည်မှာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးသည် အသွေးအသား လုံးဝမရှိသည့်အလား ပိန်ခြောက်ကပ်နေသည်။ သူ၏ ခန္ဓကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် လျော့တိလျော့ရဲဖြစ်နေလေရာ လစ်ဟနေသော နေရာအများအပြားက မြင်သာနေသည်။

ဤအခိုက်အတန့်မှာ လေသည် စစ်ချပ်ဝတ်၏ အဟရာများထဲသို့ တိုးဝှေ့တိုက်ခတ်သွားလေရာ တဝီဝီဟူသော လေချွန်သံများ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ပိုးကောင်များနှင့် လောက်ကောင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှာ လူးလွန့်သွားလာနေကြပြီး ကိုက်စားနေကြသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာ အရေပြားသည် ဆွဲခွာခံထားရသည့်အလား အရေပြားလုံးဝမရှိပေ။

ထိုအချက်အားလုံးကို ပေါင်းစည်းလိုက်သည့်အခါ သူက အလွန်အမင်း အရုပ်ဆိုးအကျည်းတန်လှသည်။ ရုပ်အသွင်အရ သူ့ကို ယောင်္ကျားမိန်းမ ခွဲခြားရန်ပင် အတော်လေး ခက်ခဲလှပေသည်။

သူ၏ မျက်နှာသည်တော့ မီးလောင်ခံထားရသည့်အတိုင်းပင်။ သူ၏ မျက်လုံးထဲတွင် ဟောင်းလောင်းပေါက်နှစ်ခုသာရှိပြီး ချောက်ချားဖွယ်ကောင်းသော တစ္ဆေမီးတောက်က ထွက်ပေါ်နေသည်။ ဤသည်မှာ သူက ငရဲပြည်မှ ပြန်ရောက်လာသည့်အလားပင်။

ဤအဖြစ်ကိုကြည့်ခြင်းအားဖြင့် ယခင်က သူသည် မည်သို့ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို တွေ့ကြုံခဲ့ရကြောင်း မှန်းဆကြည့်နိုင်ပေသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာအားလှိုင်းများသည် အပြင်သို့ သူထွက်လျှောက်လာသည်နှင့် ဆက်လက် အားကောင်းလာသည်။ ယင်းက ဤကမ္ဘာငယ်ကို တုန်လှုပ်သွားစေရုံသာမက အပြင်လောကကိုပါ သက်ရောက်သွားသည်။

မြောက်ပိုင်းရေခဲဒေသတစ်ခုလုံးတွင် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းသည် အစပျိုးလာသည်။ ဧရာမဝဲကတော့တစ်ခုသည် ဝုန်းခနဲမြည်ဟိန်းသွားပြီး အပြင်ဘက် ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။

ထိုဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်သွားလေရာ မြောက်ပိုင်းရေခဲဒေသတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေပြီး ဝေဝါးသွားစေသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးက ဆင်းသက်လာသည့်အလားပင်။

သက်ရှိအားလုံးက တုန်လှုပ်သွားကြသည့်အခါ အနီရောင်အလင်းသည် အဝေးမှ ကောင်းကင်ယံတွင် လင်းလက်လာသည်။

ဤသည်မှာ အနီရောင်လဗိမာန်၏ အားလှိုင်းအတတ်အကျ ဖြစ်သည်။ ဤနေရာမှ အပြောင်းအလဲများသည် လွန်စွာမှ ကြီးမားလေရာ အနီရောင်လဗီမာန်က သတိမထားမိရန်သည် မည်သို့မှ မဖြစ်နိုင်ပေ။

ယခု ရောက်ရှိလာသည်မှာ နတ်တမန်တော်မဟုတ်ပေ။ ယင်းအစား ဧရာမလက်ဝါးကြီး ဖြစ်သည်။

ထိုလက်ဝါးပေါ်မှ မျဉ်းကြောင်းများကို လျှိုမြောင်များသဖွယ် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ရွှန်းလဲ့တောက်ပသော အနီရောင်အလင်းသည် သွေးနီအလင်းပမာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

၎င်းသည် မိုးကုပ်စက်ဝိုင်းထံမှ ချဉ်းကပ်လာနေခြင်းဖြစ်ပြီး တဖြည်းဖြည်း ပိုပိုကြီးသထက် ကြီးမားလာကာ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးက အဆုံးမဲ့ကောင်းကင်ကို ဖုံးလွှမ်းရန် လက်ဝါးကို ဖြန့်ထုတ်လိုက်သည့်အလားပင်။ ယင်းက မြောက်ပိုင်းဒေသ၏ ရေခဲလွင်ပြင်များကို ဖုံးလွှမ်းသွားပြီး မဟာလောကအပိုင်းအစရှိသော တည်နေရာဆီသို့ ဖိချလာသည်။

(မင်မိန်ဟူသည် တောက်ပသော ဇီးပန်းပွင့်ဟု အဓိပ္ပာယ်ရသည်)

All Chapters