မင်းသမီးမင်မိန်(ဂ)
Vol. 58 Ch. 906
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုအလင်းတန်းသည် ပေတစ်သိန်းရှည်လျားသော သံချောင်းတစ်ချောင်းဖြစ်ကြောင်း မြင်နိုင်လိမ့်ပေမည်။
၎င်းသည် သတ်မှတ်ထားသော ပစ်မှတ်နှင့်အတူ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ၎င်း၏ ဦးတည်ရာသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အောက်ခြေဖြစ်သည်။
အုပ်ချုပ်သူ၏ သံချောင်းသည် ချော်ရည်အောက်ထဲသို့ မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး ဆင်းသက်သွားသည်။ ၎င်းက ကြေးနီခေါင်းတလားဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
မီးတောက်ပင်လယ်သည် ပေါက်ကွဲထွက်သွားပြီး ချော်ရည်သည် အဆုံးမဲ့စွာ အပေါ်သို့ မြှောက်တတ်သွားသည်။
မီးတောက်ပင်လယ်ထဲသို့ နစ်မြုပ်သွားသော သံချောင်းသည် ချော်ရည်အနက်ပိုင်းထဲရှိ ကြေးနီခေါင်းတလားပေါ်သို့ တိုက်ရိုက် ထိုးစိုက်သွားသည်။ အနီရောင်လ၏ အချုပ်အနှောင်စည်းများသည် မှေးမှိန်သွားပြီး ခေါင်းတလားသည် အကြမ်းပတမ်း တုန်လှုပ်လာသည်။
ချက်ချင်းပင် ကျယ်လောင်သော အသံတစ်သံသည် ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားပြီး ခေါင်းတလားသည် လုံးဝအက်ကွဲထွက်သွားသည်။
မရေမတွက်နိုင်သော အပိုင်းအစများသည် မီးတောက်ပင်လယ်ထဲဝယ် ပျံ့လွင့်သွားကြပြီး ကြီးမားသော ဝဲကတော့များကို တစ်ခုပြီးတစ်ခု ပေါ်လျှိုးလာစေသည်။
အဝေးမှကြည့်လျှင် ထိုဧရိယာသည် မီးရှူးမီးပန်းများ ဖောက်ခွဲနေသည့်ဟန် ရသည်။
မင်းသမီးမင်မိန်ကဲ့သို့ အံ့ဖွယ်ကောင်းသော ဧရာမခန္ဓာကိုယ်ကြီးသည် အက်ကွဲသွားသော ခေါင်းတလားထဲမှ ထွက်ပေါ်လာလေသည်။
သူ၏ ခန္ဓာကိုယ်သည် ပိန်ချုံးနေပြီး အပြာရောင်မရီဒျန်များသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပြည့်နှက်နေသည်။ ယင်းတို့က တောင်ကုန်းတောင်တန်းများသဖွယ် နိမ့်ချည်မြင့်ချည်ရှိနေပြီး ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဆုတ်ပြဲနေသော အညိုရောင် ဝတ်စုံတစ်ခုရှိသည်။ ဝတ်စုံသည် သွေးကွက်များဖြင့် ညစ်ထေးစွန်းထင်နေပြီး အချိန်ကာလ၏ တိုက်စားမှုကြောင့် မူလ လိမ္မော်ရောင်ကို ဆုံးရှုံးသွားသည်။
သူ၏ မျက်နှာသည် ခြောက်သွေ့နေသည်။ သို့သော်လည်း ယင်းက သူ၏ တော်ဝင်ဆန်သော ဘုန်းကျက်သရေကို မဖုံးကွယ်နိုင်ပေ။ သူ၏ အပြာရောင်မျက်လုံးသည် မိုးပြာရောင်ကျောက်စိမ်းတုံးပမာ တလက်လက် တောက်ပနေပြီး ညှို့ယူဖမ်းစားနိုင်သော စွမ်းအားကို ထုတ်လွှတ်နေသည်။ အုပ်ချုပ်သူ၏ သွေးမျိုးစက်သည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် အစဉ်မပြတ် လှည့်ပတ်စီးဆင်းနေသည်။
ထိုသူနှင့်ပတ်သက်ပြီး ပိုပြီးအံ့ဩစရာကောင်းသည်မှာ သူ၏ ဆံပင်ဖြစ်သည်။ သူ့မှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ လွင့်မျောနေသော မီးခိုးရောင်ဆံနွယ်ရှည်များ ရှိသည်။ ဆံနွယ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ရှည်ထွက်သွားပြီး အပေါ်သို့ အလိပ်လိပ် တွန့်ကွေးသွားသည်။
ဆံချည်မျှင်တစ်ပင်စီသည် ဝိညာဉ်အမျှင်တန်းသို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ကြသည်။
ဤသည်မှာ အိမ်ရှေ့စံမင်းသား၏ မူလခန္ဓာကိုယ်ဖြစ်သည်။
သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
ခြေတစ်လှမ်းဖြင့် သူက မီးတောက်ပင်လယ်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
သူက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ၏ ဆံနွယ်ရှည်သည် လေတိုးဝှေ့မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ၏ ဆံပင်သည် အကန့်အသတ်မဲ့သော တိမ်တိုက်မည်းများပမာ လောကကို ဖုံးလွှမ်းနေသည်။
“ ငါက ရှေးဘုရင်ရွှမ်ယုံရဲ့ ရွှေခေတ်မှာ မွေးဖွားခဲ့တယ်… ဆိုးသွမ်းတဲ့ နတ်ဘုရားတစ်ပါးရောက်ရှိလာပြီးနောက် ငါက ကောင်းကင်ဘုံမီးတောက်ပင်လယ်အောက်မှာ ချိပ်ပိတ်ခံခဲ့ရတယ်… အခု ငါက ဒီဝမ်းနည်းစရာကောင်းတဲ့ ရှေးဟောင်းကမ္ဘာထဲမှာ တဖန်ပြန်ပေါ်လာပြီ… ဒီဘဝမှာ စည်းစိမ်ချမ်းသာတွေအားလုံးကို ငါခံစားခဲ့ဖူးပြီ… လုံလောက်ပြီ… ငါ့ဘဝအတွက် လုံလောက်သွားပြီ ”
ထိုရေရွတ်သံသည် မိုးခြိမ်းသံပမာ ကျယ်လောင်လှသည်။ လောက၏ အရောင်အသွေးသည် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များသည် ရုတ်တရက် မြှောက်တတ်လာသည်။ မီးတောက်ပင်လယ်သည် ပရမ်းပတာ လှုပ်ခတ်သွားပြီး ဘေးပတ်ဝန်းကျင်သည် တုန်လှုပ်လာသည်။
“ အခု ငါ့မှာ မဖြစ်မနေလုပ်ဆောင်ရမယ့် ဆန္ဒနှစ်ခုပဲ ကျန်ရှိတော့တယ်… တစ်ခုက ငါ့တိုင်းသူပြည်သားတွေရဲ့ ကျိန်စာကို ဖယ်ရှားဖို့ အနီရောင်လကို ဖျက်ဆီးပစ်ရမယ်… နောက်တစ်ခုက ငါ့နှလုံးသားထဲက အမုန်းတရားကို အဆုံးသတ်ဖို့ သစ္စာဖောက်စတုတ္ထညီတော်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ရမယ်… တကယ်လို့ လီဖန်ကို ငါမသတ်ရင် ခမည်းတော်အပေါ် ငါစိတ်ပျက်စေလိမ့်မယ်… ဒါ့အပြင် ငါ့တိုင်းသူပြည်သားတွေရဲ့ မျှော်လင့်ချက်ကို ပြီးတော့ ငါ့ကိုယ်ငါလည်း စိတ်ပျက်စေလိမ့်မယ် ”
အိမ်ရှေ့စံမင်းသားသည် အဝေးမှ နောင်တလွင်ပြင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အသူရာချောက်နက်ရှိနေသည့်အလား အေးစက်ပြီး ထက်ရှသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ ဟင်းလင်းပြင်ကို တိုက်ရိုက် ချိုးဖောက်သွားသည်။
လေဟာနယ်သည် ပရမ်းပတာဖြစ်လာပြီး အလွှာတစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်သွားသည်။
ကောင်းကင်ဘုံမီးတောက်သည် တည်ငြိမ်ရန် အလွန်ပင် ခက်ခဲသည်။ ကောင်းကင်သည်လည်း ပုံပျက်တွန့်လိမ်နေသည်။
လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် ရုတ်တရက် အပြောင်းအလဲကြောင့် ကြောက်လန့်သွားကြပြီး နှလုံးတုန်လာကြသည်။
မျိုးနွယ်စုအသီးသီးမှ ပညာရှင်ကျင့်ကြံသူများသည် ဤအဖြစ်အပျက်ကို အာရုံခံမိသွားကြပြီး တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့က ခေါင်းမော့လိုက်ကြပြီး အဝေးမှ နောင်တလွင်ပြင်ဆီသို့ ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ မြောက်ပိုင်းဒေသ၏ ရေခဲလွင်ပြင်အများစုသည် အထဲသို့ ကျွံဝင်သွားကြသည်။ ကြီးမားသော ရေခဲတုံးများသည် အက်ကွဲသွားကြပြီး မြေပြင်မှ နစ်မြုပ်သွားကြသည်။ ရေခဲပြင်အောက်ခြေမှ မဟာလောကအစိတ်အပိုင်းက ပျောက်ကွယ်သွားသဖြင့် ကုန်းမြေတစ်ခုလုံးသည် ပြင်းထန်စွာ ပြိုလဲပျက်စီးသွားသည်။
သည်းထန်စွာ စီးဆင်းနေသော ရေခဲမြစ်ရေသည်လည်း ထွက်ပေါ်လာသည်။ ယင်းက အရပ်မျက်နှာအသီးသီးသို့ စီးဆင်းသွားနေစဉ် ပုံရိပ်လေးခုသည် ပြိုလဲပျက်စီးနေသော ရေခဲလှိုင်ဂူတစ်လျှောက် လျှပ်စီးပမာ အမြန်နှုန်းဖြင့် ဖြတ်သန်းသွားနေကြသည်။
သူတို့သည် ရွှီချင်းနှင့် ခေါင်းဆောင်တို့အုပ်စု ဖြစ်သည်။
သူတို့သည် မြန်ဆန်စွာ ပြေးလွှားနေကြပြီး မြေအောက်လောကထဲမှ အပေါ်သို့ ခုန်ထွက်လိုက်ကြသည်။
သူတို့၏ အနောက်တွင် ပြိုကျပျက်စီးသံများသည် ဆက်လက် ပဲ့တင်ထပ်နေသည်။ ရေခဲတုံးများသည် အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး မြေပြင်သည် တွင်းနက်သို့ ပြောင်းလဲသွားကာ အပြင်လောကရှိ အရာအားလုံးကို ဝါးမျိုပစ်ချင်နေသည်။ သူတို့၏ အရှေ့တွင် ရေခဲအလွှာများသည် အလွန်ကြီးမားသော ဓားသွားများအလား ထင်မှတ်ရသည်။ ယင်းတို့က အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို သယ်ဆောင်လျက် နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။
ကံကောင်းစွာဖြင့် သူတို့လေးယောက်သည် သာမန်မဟုတ်ကြချေ။ ဤအခိုက်အတန့်မှာ သူတို့သည် သူတို့တတ်ကျွမ်းသော အတတ်ပညာအသီးသီးကို ထုတ်ဖော်လိုက်ကြသည်။
ဝူကျန်းဝူသည် သားရိုင်းကောင်အများအပြားကို ဆင့်ခေါ်လိုက်ပြီး သူ့အား ဝိုင်းရံစေကာ လမ်းရှင်းခိုင်းသည်။ ခေါင်းဆောင်သည်တော့ နင်ယန်အနားသို့ ချဉ်းကပ်သွားသည်။ သူက ထိုလက်နက်ကို ဧရာမတူတစ်ချောင်းသို့ ပြောင်းလဲပစ်လိုက်ပြီး သူ၏ အရှေ့မှာရှိသော ရေခဲတုံးများကို ထုချေဖျက်ဆီးပစ်လိုက်သည်။
ရတနာအရေပြားမှ ထုတ်လွှတ်နိုင်သော ဖိအားကြောင့် သူတို့၏ ခရီးသည် အများကြီး အဆင်ပြေချောမွေ့သွားသည်။
ရွှီချင်းသည် အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုလိုက်သည်။ သူက အောက်လမ်းတာအိုပုံစံသို့ ပြောင်းလဲလိုက်ပြီး အရာအားလုံးကို လျစ်လျူရှုထားသည်။
ထိုသို့ဖြင့် သူတို့လေးယောက်သည် အပြင်လောကဆီသို့ ဆက်လက် ချဉ်းကပ်သွားနေကြသည်။ လမ်းတစ်လျှောက်တွင် ခေါင်းဆောင်သည် ရွှီချင်းကို မကြာခဏ မကြည့်မိဘဲ မနေနိုင်ပေ။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ သူ၏ အမူအရာတွင် စိတ်ဓာတ်ကျမှုဖြင့် ပြည့်နှက်နေသည်။
အမှန်မှာတော့ သူက ယခုအချိန်မှာပင် အနည်းငယ် အံ့ဩမိနေဆဲပင်။ ရွှီချင်း၏ ထွက်ပေါ်လာမှုနှင့် သူလုပ်ဆောင်ရမည့်အရာများကို ရွှီချင်းက ပြီးမြောက်အောင် လုပ်ဆောင်သွားခြင်းသည် တစ်စုံတစ်ယောက်က သူ့အား အနိုင်ပိုင်းသွားသည်ဟု ခံစားမိစေသည်။
‘ လဝတ်ပြုဒေသကြီးကို ရောက်လာပြီးတဲ့နောက် ငါလုပ်ရမယ့် ဆဌမမြောက်ကိစ္စကြီးက အုပ်ချုပ်သူရဲ့ တတိယသားတော်ရဲ့ နဖူးပေါ်က သံချောင်းကို ရယူဖို့ပဲ… ပြီးသွားရင် အဌမမြောက်ကိစ္စကြီးက ကောင်းကင်ဘုံမီးတောက်ပင်လယ်အောက်က အုပ်ချုပ်သူရဲ့ အမွေဆက်ခံသူ အိမ်ရှေ့စံမင်းသားကို လွှတ်ပေးဖို့ပဲ ’
‘ ဒါပေမဲ့ ချင်းလေးက ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီသွားပြီး… အားလုံးကို ပြီးမြောက်အောင် တကယ်ကြီး လုပ်ဆောင်နိုင်ခဲ့တယ်လား… ပြီးတော့ အစီအစဉ်က ပြီးမြောက်သွားရုံတင်မကဘူး… သူက ငါ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်ပြီး တတိယသမီးတော်ကိုပါ ကယ်တင်နိုင်ခဲ့တယ် ”
‘ အဲ့ဒီစည်းချက်က မမှန်ဘူးနော်… သူ့ကို ဒီခေါ်လာတဲ့သူက ငါပါ… ကိစ္စကြီးတွေကို လုပ်ဆောင်တဲ့သူက ငါပဲဖြစ်သင့်တာပေါ့… ’
ခေါင်းဆောင်သည် ရွှီချင်းကို ခါးသီးစွာ ကြည့်လိုက်သည်။
သူ၏ နှလုံးကို ပိုပြီးတုန်လှုပ်စေသည်မှာ နောက်ဆုံးတွင် ရွှီချင်းသည် မဟာလောကအပိုင်းအစကို အမှန်တကယ် ရရှိသွားခြင်း ဖြစ်သည်။ သူက လက်ဝါးရာကို မိတ္တူကူးရန်အတွက် အခက်အခဲများစွာကို ကျော်လွှားခဲ့ရသော်လည်း ချင်းလေးသည်တော့ ထိုနေရာတစ်ခုလုံးကို အမြစ်ပါမကျန် ဆွဲနုတ်သွားသည်ကို သူက စဉ်းစားမိသွားသည်။
“ မဖြစ်ဘူး… ငါပိုပြီးတော့ အလုပ်ကြိုးစားရမယ်… သူ့ထက် ငါက ဒီနေရာနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်တယ်… စီနီယာအကိုကြီးဆိုတဲ့ ငါ့ရဲ့ဂုဏ်အဆင့်အတန်းကို ပြန်ပြီးတည်ဆောက်ရမယ်… ကိစ္စကြီးတွေကို ဦးဆောင်လုပ်တဲ့သူက ငါပဲဖြစ်ရမယ် ”
ခေါင်းဆောင်၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ထပ်မံ အရှိန်တိုးမြှင့်လိုက်သည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်ကြာပြီးသောအခါ သူတို့လေးယောက်သည် နောက်ဆုံးမှာတော့ မြေအောက်လောကထဲမှ ထွက်ခွာသွားနိုင်ကြသည်။ သူတို့က ရေခဲပြင်ပေါ်သို့ ခြေချလိုက်သည့်အခိုက် ခေါင်းဆောင်သည် သူ၏ နဖူးကို ရိုက်ချလိုက်ပြီး အော်ပြောလိုက်သည်။
“ ပေါက်စီလေး ”
ချက်ချင်းဆိုသလို မှေးမှိန်သော အလင်းဘောလုံးတစ်လုံးသည် ခေါင်းဆောင်၏ နဖူးထဲမှ ပျံသန်းထွက်လာပြီး ကောင်းကင်ဆီသို့ ဦးတည်သွားသည်။ ခေါင်းဆောင်သည် နေလုံးထဲသို့ ခြေချလိုက်သည်။
“ မင်းတို့ကောင်တွေ ဘာကိုစောင့်နေတာလဲ ”
ဝူကျန်းဝူနှင့် နင်ယန်သည် ခေါင်းဆောင်ဆီသို့ အမြန်ရွေ့လျားသွားကြသည်။ သို့သော်လည်း သူတို့၏ အလျင်သည် ရွှီချင်းထက် နှေးကွေးနေဆဲပင်။
ခေါင်းဆောင်က နေလုံးကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရွှီချင်းသည် ရွေ့လျားသွားပြီးပြီ ဖြစ်သည်။ သူက ခေါင်းဆောင်အကြောင်းကို ကောင်းမွန်စွာ နားလည်သည်။ သို့ဖြစ်၍ ခေါင်းဆောင်၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူနားလည်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သူက ခေါင်းဆောင်၏ ဘေးမှာ ထွက်ပေါ်လာသည်။