ကောင်းကင်ကဒ်ဘေးဒုက္ခအတွင်း ဝိညာဉ်ကို ထုဆစ်ပုံသွင်းခြင်း(က)
Vol. 58 Ch. 908
လဝတ်ပြုဒေသကြီး၏ အလယ်ခေါင်တွင် နောင်တလွင်ပြင်ဟုခေါ်ဆိုသော အထွတ်အမြတ်နယ်မြေတစ်ခု ရှိသည်။
အထွတ်အမြတ်နယ်မြေဟု သတ်မှတ်ရခြင်းမှာ ထိုနယ်မြေသည် ယခင်အုပ်ချုပ်သူ၏ တော်ဝင်နန်းတော် တည်ရှိခဲ့သောနေရာ ဖြစ်သောကြောင့် ဖြစ်သည်။
ယခုအခါ ထိုနေရာသည် အနီရောင်လဗိမာန်ဌာနချုပ်၏ တည်နေရာဖြစ်သောကြောင့် ယခင်အတိုင်း အထွတ်အမြတ်နယ်မြေအဖြစ် ဆက်လက်ရှိနေဆဲပင်။
ထိုနေရာကို လွင်ပြင်ဟု ရည်ညွှန်းသော်လည်း အမှန်မှာတော့ ထိုနေရာသည် မရေမတွက်နိုင်သော သက်ရှိများထံမှ သွေးပင်လယ်ဖြင့် ဝန်းရံခံထားရသော ကျွန်းစုတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုကျွန်းစု၏ အရွယ်အစားသည် အလွန်ကြီးမားကျယ်ပြောလေရာ ဒေသငယ်တစ်ခု၏ အရွယ်အစားဖြင့် နှိုင်းယှဉ်နိုင်၏။
ထိုနောင်တလွင်ပြင်ပေါ်တွင် ဒူးထောက်နေသော ရုပ်တုတစ်ခု ရှိသည်။ ရုပ်တု၏ အမြင့်သည် လဝတ်ပြုဒေသကြီးထဲမှ တောင်အားလုံးထက် ကျော်လွန်ပြီး မိုးကောင်းကင်နှင့်ပင် ထိစပ်နေဟန် ရသည်။
ထိုရုပ်တုသည် လဝတ်ပြုဒေသကြီး၏ ယခင်အုပ်ချုပ်သူဖြစ်သည်။
အုပ်ချုပ်သူသည် သေဆုံးသွားသည့်တိုင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေဆဲပင်။ သူ၏ ဦးခေါင်းထက်တွင် သရဖူနှင့်ဆင်တူသော အလွန်ကြီးမားသည့် နန်းတော်တစ်ခု တည်ရှိသည်။
ထိုနန်းတော်သည် ရုပ်တုကို ဖိနှိပ်ထားသော အနီရောင်ချိပ်ပိတ်စည်းတစ်ခုဖြစ်ဟန် တူ၏။ ယင်းကြောင့် ဒူးထောက်နေသော အုပ်ချုပ်သူ၏ ရုပ်တုသည် နှစ်စဉ်နှစ်တိုင်း မြေကြီးထဲသို့ အနည်းငယ်စီ နစ်မြုပ်သွားရသည်။
ဤနေရာသည် အနီရောင်လဗိမာန်၏ ဌာနချုပ်ဖြစ်သည်။
ရုပ်တု၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဘုရားကျောင်းများကို တည်ဆောက်ထားသည်။ ဝတ်စုံနီကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူများသည် ဘုရားကျောင်းများထဲသို့ ဝင်ထွက်သွားလာနေကြသည်။ သူတို့အားလုံးသည် အလွန်တိတ်ဆိတ်ကြသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားသားတော်သည် ဆူညံခြင်းကို မနှစ်သက်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ယနေ့မှာတော့ သက်တံ့တိမ်တိုက်နှစ်ခုသည် မြောက်ဘက်နှင့် အရှေ့ဘက်ထံမှ ပျံသန်းလာနေကြသည်။ ယင်းတို့က ထက်ရှသော ဓားသွားနှစ်လက်ပမာ ကောင်းကင်ကို ဆုတ်ဖြဲသွားပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်သည်။
မြောက်ဘက်အရပ်မှ သက်တံ့တိမ်တိုက်သည် အဆုံးမဲ့သော သေခြင်းအရှိန်အဝါကို သယ်ဆောင်လျက် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မင်းသမီးမင်မိန်သို့ ပြောင်းလဲသွားသည်။
အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရှေ့ဘက်အရပ်မှ ပုဂ္ဂိုလ်သည် အဆုံးမဲ့သော မုန်တိုင်းများကို လှုံ့ဆော်လိုက်သည်။
တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုဖျက်ဆီးပစ်နိုင်သော အရှိန်အဟုန်သည် ထိုပုဂ္ဂိုလ်နှစ်ယောက်ထံမှ ပေါ်လျှိုးလာသည်။ ယင်းက မိုးကောင်းကင်ကို တအိအိ လှိုင်းထသွားစေသည်။ သူတို့နှစ်ယောက် ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပြိုလဲပျက်စီးသွားသည်။
သူတို့၏ ရောက်ရှိလာမှုသည် မြေပြင်ပေါ်မှ သွေးပင်လယ်ကို လှိုင်းထသွားစေပြီး ဘုရားကျောင်းများကို လှုပ်ခါသွားစေသည်။
ကမ္ဘာဖျက်ဆီးမည့် စိတ်ဆန္ဒကို သယ်ဆောင်ထားသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုက ပေါ်လျှိုးလာသည်။ ထိုအရှိန်အဝါက ဆင်းသက်လာသည်နှင့်ချက်ချင်း နူးညံ့သော အသံသည် အုပ်ချုပ်သူ၏ ဦးခေါင်းပေါ်မှ နန်းတော်ထဲမှ ပျံ့လွင့်လာသည်။
“ အိမ်ရှေ့စံအကိုတော်နဲ့ ငါ့ရဲ့ ချစ်လှစွာသော တတိယအမတော်… မင်းတို့ရဲ့ လွတ်မြောက်လာမှုက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ် ”
ထိုစကားသံ မြည်ဟိန်းထွက်လာသည်နှင့် အနီရောင်ပုံရိပ်တစ်ခုသည် နန်းတော်ထဲမှ ထွက်လျှောက်လာသည်။
ထိုသူ၏ ထွက်ပေါ်လာမှုသည် ကောင်းကင်၏ အရောင်အသွေးကို ပြောင်းလဲသွားစေသည်။ ကောင်းချီးမင်္ဂလာရှိသော အလင်းတန်းထောင်ပေါင်းများစွာသည် ထွန်းလင်းတောက်ပလာကြပြီး အဆုံးမဲ့သော အလင်းရောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ယင်းက တစ်လောကလုံးသို့ ဆက်လက်ဖြန့်ကြက်သွားသည်။
သူက ကောင်းကင်ပေါ်မှာ ခြေချလိုက်သည့်အခါ ကောင်းကင်နှင့် မြေပြင်သည် ဝေဝါးလာပြီး အရာအားလုံးသည် ပုံပျက်တွန့်လိမ်သွားသည်။ သူက အိမ်ရှေ့စံအကိုတော်နှင့် တတိယအမတော်ကို မျက်နှာချင်းဆိုင်လိုက်သည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည့်အခါ ဦးစွာပထမအနေဖြင့် သူတို့၏ သက်ဆိုင်ရာမဟာလောကများက တစ်ခုနှင့်တစ်ခု ပွတ်တိုက်သွားကြပြီး အရာအားလုံးက ဝေဝါးလာသည်။
သူတို့အဆင့်၏ တိုက်ပွဲသည် သက်ရှိအများစု အာရုံခံနိုင်သောအရာ မဟုတ်ပေ။ မြေပြင်ပေါ်မှ လူများသည် ကောင်းကင်ယံ၌ နေ၊ လနှင့် ကြယ်များက တစ်ချိန်တည်းမှာ ထွက်ပေါ်လာသည်ကိုသာ မြင်နိုင်ကြသည်။
ဘုရားကျောင်းများထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကြည်ညိုလေးစားသော အမူအရာဖြင့် ခေါင်းငုံ့လိုက်ကြသည်။ သူတို့အားလုံးသည် ဦးညွတ်လိုက်ကြပြီး ပါးစပ်မှ တီးတိုးရေရွတ်လိုက်ကြသည်။
“ အနီရောင်လအရှင် ကျေးဇူးပြုပြီး ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါအရှင်… သက်ရှိအားလုံးအတွက် ဝမ်းနည်းကြွေကွဲပြီး ကောင်းကင်ဘုံကို စံစားတော်မူပါအရှင် ”
တေးသီချင်းနှင့်တူညီသော ထိုအသံသည် လောကထဲမှာ ပျံ့လွင့်သွားသည်။
နောင်တလွင်ပြင်မှာ ဖြစ်ပျက်နေသည့် နတ်ဘုရားအဆင့်တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကိုတော့ မည်သူမှ မသိကြပေ။ သို့သော်လည်း ထိုတိုက်ပွဲမှ ပျံ့လွင့်လာသော အားလှိုင်းအတတ်အကျများသည် လဝတ်ပြုဒေသကြီး၏ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းနေသည်။
ဤသည်မှာ ကောင်းကင်မီးလျှံကဒ်ဘေးဖြတ်သန်းခြင်းက နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာသည့်အလားပင်။ ဤဒေသကြီးထဲမှ နိယာမများနှင့် ဥပဒေသများသည် တိုက်ပွဲကြောင့် သက်ရောက်ခံလိုက်ရသည်။
ထိုအတောအတွင်း သက်ရှိအားလုံးသည် ကောင်းကင်ပေါ်၌ မပျံသန်းနိုင်ကြပေ။ ရွှီချင်းတို့အုပ်စုကို သယ်ဆောင်လျက် ပျံသန်းနေသော နေလုံးသည်ပင် တောင်ပိုင်းဒေသနှင့် နီးကပ်လာသည့်အခါ အောက်ဘက်သို့ မြန်ဆန်စွာ ကျဆင်းသွားသည်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်သည် နေလုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ သူတို့လေးယောက်သည် ရွေးချယ်စရာမရှိတော့သည့်အဆုံး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး တောင်ထိပ်တစ်ခုပေါ်မှာ ရပ်လိုက်ကြသည်။
တောင်ထိပ်ပေါ်မှာ ခြေချပြီးသောအခါ ခေါင်းဆောင်နှင့် ရွှီချင်းသည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ ဝူကျန်းဝူသည်တော့ ကြောက်လန့်မှုကြောင့် နှလုံးတုန်နေပြီး သူ၏ အမူအရာသည် တည်ကြည်လေးနက်သည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်နှင့် ရွှီချင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ သူတို့ရဲ့တိုက်ပွဲက စတင်နေပြီ ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
“ အရမ်းစောလွန်းနေတယ်… အောင်မြင်ဖို့ အရမ်းခက်ခဲတယ် ”
ခေါင်းဆောင်သည် ခေါင်းခါလိုက်သည်။ သူက မှတ်ချက်ပေးပြီးနောက် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။
“ ဒါပေမဲ့ အဲ့ဒါက ငါတို့အတွက် ဆိုးဝါးတဲ့အရာတော့ မဟုတ်ဘူး… အခုချိန်မှာ အဲ့ဒါက ငါတို့ဝင်ပါနိုင်တဲ့အရာ မဟုတ်ရုံလေးပါ… ငါတို့အစီအစဉ်အတိုင်း ဆက်သွားကြတာပေါ့ ”
“ ချင်းလေး… နောက်သွားမယ့်နေရာက မင်းရဲ့ စီနီယာအကိုကြီးရဲ့ နယ်မြေပဲ… မင်းအဆင်သင့်ဖြစ်ပြီလား ”
ယခု ခေါင်းဆောင်အတွက် အရေးကြီးဆုံးအရာသည် နောင်တလွင်ပြင်ပေါ်မှ တိုက်ပွဲမဟုတ်ပေ။ သူတို့နောက်ဆက်သွားမည့် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဖြစ်သည်။
အတိတ်၌ သူက မည်မျှဂုဏ်သတင်းကြီးမားခဲ့ကြောင်း ရွှီချင်းအား သိစေချင်သည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ လမ်းတစ်လျှောက်တွင် ခေါင်းဆောင်သည် ဤအကြောင်းကို ခုနစ်ကြိမ်မှ ရှစ်ကြိမ်ခန့်အထိ သူ့အား ပြောခဲ့သည်။
ရွှီချင်းက သူနှင့်အတူ ဆက်လက် မပူးပေါင်းဆောင်ရွက်တော့သည်ကို မြင်သောအခါ ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို ပစ်ပေးလိုက်သည်။ ရွှီချင်းသည် ပန်းသီးကို ဖမ်းလိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုအခါ ခေါင်းဆောင်သည် ချက်ချင်း စိတ်ကျေနပ်သွားသည်။
သူတို့၏ ဘေးတွင်ရှိနေကြသော ဝူကျန်းဝူနှင့် နင်ယန်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ ယခင်တုန်းက ရွှီချင်းမရှိခင်က ခေါင်းဆောင်သည် သူတို့ကို တစ်ခါမှ သစ်သီးမကျွေးခဲ့ပေ။ ယခု ရွှီချင်းရှိနေသော်လည်း သူတို့သည် သစ်သီးကို မရရှိကြသေးပေ။
“ သွားကြစို့ ”
ခေါင်းဆောင်သည် ဘဝင်မြင့်သော ပုံစံဖြင့် အရှေ့သို့ ဆက်လျှောက်သွားရန် ဟန်ပြင်လိုက်သည်။
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အဝေးမှ ကောင်းကင်ကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… တကယ်လို့ အခုချိန် ကောင်းကင်ကဒ်ဘေးဒုက္ခကို ငါတို့ဆွဲဆောင်မယ်ဆိုရင် ဘယ်လိုဖြစ်မယ်လို့ မင်းထင်လဲ ”
ခေါင်းဆောင်သည် ရွှီချင်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ သူက ဝူကျန်းဝူနှင့် နင်ယန်ကို တစ်ချက်ကြည့်ပြီးနောက် အသံပို့လွှတ်လိုက်သည်။
‘ မင်းရဲ့ ခရမ်းလဝိညာဉ်နတ်သူငယ်လား ’
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ မြောက်ပိုင်းရေခဲလွင်ပြင်မှ အဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် သူ၏ ဝိညာဉ်နတ်သူငယ်အားလုံးသည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခ၏ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားကြသည်။
ခေါင်းဆောင်သည် နှုတ်ဆိတ်သွားသည်။ ကောင်းကင်ကို ကြည့်ပြီးနောက် သူက ရယ်မောလိုက်သည်။
“ ဂျူနီယာညီလေး… မင်းရဲ့ အကြံက စိတ်ဝင်စားစရာပဲ… ဒီဒေသကြီးမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲဖြစ်ပျက်နေတာကြောင့် ကောင်းကင်မြေပြင်ရဲ့ နိယာမတွေက အခု ပရမ်းပတာဖြစ်နေကြတယ်… ဒါက ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့အရာ မဟုတ်ဘူး… အခုလိုအချိန်မှာ ကောင်းကင်ကဒ်ဘေးဒုက္ခကို ဆွဲဆောင်တာက ရလဒ်နှစ်ခုကို ဖြစ်ပေါ်စေနိုင်တယ် ”
“ ပထမရလဒ်က ကောင်းကင်ကဒ်ဘေးဒုက္ခက ဆင်းသက်မလာနိုင်ဘဲ အပြင်မှာ ရပ်တန့်သွားလိမ့်မယ်… အဲ့ဒီအခါ မင်းက ကဒ်ဘေးဒုက္ခကို ရှောင်လွှဲနိုင်သွားပြီး ကောင်းကင်အာဏာစက်တွေကို အန္တရာယ်မရှိဘဲ ရရှိနိုင်လိမ့်မယ် ”
“ ဒုတိယရလဒ်ကတော့ ကောင်းကင်ကဒ်ဘေးဒုက္ခက ပိုပြီးအားကောင်းလာလိမ့်မယ်… အဲ့ဒါက ဝိညာဉ်အပေါ်ကိုတောင် သက်ရောက်နိုင်ခြေရှိတယ် ”
“ ဒီတော့ မင်းဘယ်လိုတွေးထားလဲ ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ဖြည်းညင်းစွာ ပြောသည်။
“ တကယ်လို့ ဒုတိယဟာသာ ဖြစ်လာမယ်ဆိုရင် ကောင်းကင်အာဏာစက်တွေကို ငါပိုရနိုင်ပြီး ငါ့ရဲ့ဝိညာဉ်ကို ထုဆစ်ပုံသွင်းနိုင်လိမ့်မယ် ”