ကောင်းကင်ကဒ်ဘေးဒုက္ခအတွင်း ဝိညာဉ်ကို ထုဆစ်ပုံသွင်းခြင်း(ခ)
Vol. 58 Ch. 909
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်း ထွက်ပေါ်လာသည်။
“ ဟုတ်တယ်… ဝိညာဉ်ကို ထုဆစ်ပုံသွင်းနိုင်လိမ့်မယ်… ကောင်းကင်ကဒ်ဘေးဒုက္ခက အဲ့ဒီအတွက် အရမ်းသင့်တော်တယ် ”
“ ငါစမ်းကြည့်ချင်တယ် ”
ရွှီချင်းသည် သေချာတွေးတောပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ တကယ်တော့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်… မင်းရဲ့ ကမ္ဘာငယ်ထဲမှာ ဝင်ပုန်းနိုင်တယ် ”
ခေါင်းဆာင်သည် နှုတ်ခမ်းသပ်လိုက်သည်။ ရွှီချင်း၏ အကြံကို အတော်လေး သူစိတ်ဝင်စားသည်။
ခေါင်းဆောင်၏ စကားကိုကြားသောအခါ ယင်းက အကျိုးအကြောင်းဆီလျော်သည်ဟု ရွှီချင်း ခံစားမိသွားသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တစ်ခဏကြာဆွေးနွေးပြီးနောက် ပြင်ဆင်မှုများပြုလုပ်ရန် အနီးနားမှာရှိသော ချိုင့်ဝှမ်းတစ်ခုကို ရှာဖွေလိုက်သည်။
နင်ယန်နှင့် ဝူကျန်းဝူသည် ဆွေးနွေးမှုများပြုလုပ်နေသော ထိုနှစ်ယောက်ကို ဘေးမှ ကြည့်ရှုနေသည်။ သူတို့သည် ယင်းက မယုံကြည်နိုင်စရာကောင်းကြောင်း ရှာတွေ့သွားသောအခါ အချင်းချင်း စကားပြောကြသည်။
“ သူတို့က ထပ်ပြီးသေလမ်းရှာနေတာလို့ ဘာလို့ ငါခံစားမိနေတာလဲ ”
“ သူတို့က ကိုယ့်ကိုယ်ကို အယုံအကြည်ပိုလွန်းနေတာ ”
နင်ယန်သည် သက်ပြင်းချလိုက်ပြီး ချိုင့်ဝှမ်းထဲမှ မြန်ဆန်စွာ ထွက်ခွာသွားသည်။ သူသည် ဆိုးဝါးသော အတိတ်နိမိတ်ကို ကြိုအာရုံရနေသည်။ သို့သော်လည်း အဝေးသို့ သူထွက်မပြေးနိုင်မီ သူ၏ ခန့်မှန်းမှုသည် အမှန်တကယ်ဖြစ်လာသည်။
ဆွဲငင်အားတစ်ခုသည် ချိုင့်ဝှမ်းထဲမှ ပေါက်ကွဲထွက်လာသည်။ ယင်းက နင်ယန်ကို လွှမ်းခြုံသွားပြီး သူ့ကို ချိုင့်ဝှမ်းထဲသို့ ပြန်လည်ဆွဲခေါ်သွားသည်။
“ ဂျူနီယာညီလေး… ငါတို့မှာ လက်နက်တစ်ခုရှိသေးတယ်လေ… ဒီလက်နက်နဲ့ဆိုရင် မင်းပိုပြီးယုံကြည်မှုရှိလိမ့်မယ် ”
ခေါင်းဆောင်၏ အသံသည် ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်ကို ဝူကျန်းဝူကြားသောအခါ အသားတဆတ်ဆတ်တုန်လာပြီး အမြန်ထွက်ခွာသွားသည်။ သူက ပေတစ်သောင်းအဝေးသို့ ရောက်ရှိသွားသောအခါ ချိုင့်ခွက်တစ်ခုထဲမှာ ဝင်ပုန်းအောင်းလိုက်ပြီး အဝေးမှ ချိုင့်ဝှမ်းကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အဝေးရှိ ကောင်းကင်ယံမှ ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။
မိုးခြိမ်းသံသည် အလွန်ကျယ်လောင်ပြီး ကောင်းကင်ထဲရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်ဟန် ရသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါးက ဒေါသတကြီး ဟိန်းဟောက်နေသည့်အလားပင်။
ဝူကျန်းဝူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်ထပ် ပေတစ်သောင်းအကွာသို့ ဆုတ်ခွာသွားသည်။ ထိုအခါမှ သူသည် အနည်းနှင့်အများ စိတ်သက်သာရာရသွားသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ယံမှ အပြောင်းအလဲများသည် ပိုပြီးကြောက်စရာကောင်းလာသည်။ ကြီးမားသော ဝဲကတော့တစ်ခုသည် ဝုန်းခနဲမြည်ဟိန်းသံဖြင့် ထွက်ပေါ်လာသည်။ ဝဲကတော့ထဲတွင် မရေမတွက်နိုင်သော မိုးကြိုးသွားများက ကူးခတ်ရွေ့လျားနေကြသည်။ ယင်းတို့က နောက်ဆုံးမှာ အတူတကွ စုဝေးသွားကြပြီး မိုးကြိုးနဂါးတစ်ကောင် ဖြစ်ပေါ်လာသည်။
ဝူကျန်းဝူ၏ ထိတ်လန့်သော အကြည့်အောက်မှာ မိုးကြိုးနဂါးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချိုင့်ဝှမ်းဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားသည်။
နောက်အခိုက်အတန့်မှာ မြေပြင်သည် တုန်လှုပ်သွားပြီး ချိုင့်ဝှမ်းသည် မိုးကြိုးနဂါး၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။ ကျောက်ဆောင်ကျောက်တုံးများသည် ပြိုကျပျက်စီးသွားကြပြီး မရေမတွက်နိုင်သော လျှပ်စီးမြွေများသည် မြေပြင်တစ်လျှောက် ပျံ့လွင့်သွားကြသည်။ ထိုနေရာသည် လျှပ်စီးရေကန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
နင်ယန်၏ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံများသည် မသဲမကွဲ ပျံ့လွင့်လာသည်။
ထိုအော်ဟစ်သံများက ဝူကျန်းဝူ၏ နားထဲသို့ ဝင်ရောက်လာသောအခါ သူ၏ ဦးရေပြားက ထုံကျင်သွားသည့်အလား ခံစားမိသွားသည်။ သူက ထပ်မံနောက်ဆုတ်သွားသည့်အခါ ကောင်းကင်ပေါ်မှ ဝဲကတော့သည် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာသည်။ မြေပြင်ပေါ်မှ လျှပ်စီးရေကန်သည်ပင် အပေါ်သို့ မြှောက်တတ်သွားပြီး ကောင်းကင်နှင့် ချိတ်ဆက်သွားသည်။
ထိုဧရိယာတစ်ဝိုက်ရှိ လျှပ်စီးများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြပြီး ချိုင့်ဝှမ်းကို ဖျက်ဆီးပစ်ရန် နောက်တစ်ကြိမ် ဆင်းသက်လာသည်။
မြေပြင်သည် အက်ကွဲသွားသည်။
ဝူကျန်းဝူသည်လည်း သက်ရောက်ခံလိုက်ရသည်။ သူ၏ ဆံပင်က မိုးပေါ်ထောင်သွားသောအခါ သူက ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလေသည်။
ထို့ပြင် လျှပ်စီးသည် အချိန်တိုင်း ကျဆင်းလာနေသည်။ လျှပ်စီး၏ လွှမ်းခြုံခံထားရသော ဧရိယာသည် တဖြည်းဖြည်း ကျယ်ပြောလာပြီး မိုးခြိမ်းသံသည် ပိုပြီးကျယ်လောင်လာသည်။ ထိုဖြစ်စဉ်သည် ခုနစ်ရက်ကြာအောင် ဆက်လက်ဖြစ်ပွားခဲ့သည်။
နောက်ဆုံးမှာတော့ ကီလိုမီတာငါးရာအတွင်းရှိ ဧရိယာသည် ခြောက်သွေ့သွားပြီး မြေဆီလွှာသည် မည်းတူးသွားသည်။ မကြာမီ နောက်ဆုံးမိုးကြိုးသွားက ကျဆင်းလာသည်။ ယင်းက ဧရာမမိုးကြိုးလှံတစ်ချောင်းသို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်သွားကာ မြေပြင်ဆီသို့ တန်းမတ်စွာ ကျဆင်းလာသည်။
ပိုမိုများပြားသော အက်ကွဲကြောင်းများသည် မြေပြင်ပေါ်မှာ ပျံ့နှံ့သွားကြသည်။
ကီလိုမီတာငါးရာအဝေးမှာ ရှိနေသော ဝူကျန်းဝူသည် ဤအဖြစ်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။
ဤအခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို သေချာနားလည်သွားသည်။ ရွှီချင်း၏ ရူးမိုက်မှုသည် ချန်းအားညိုထက် လုံးဝမလျော့ပေ။ အမှန်မှာတော့ တချို့နေရာများတွင် သူက ပိုပြီးဆိုးဝါးသေး၏။
“ မဖြစ်ဘူး… ဒီကနေ ငါထွက်သွားရမယ်… ချန်းအားညိုနောက်ကို ငါလိုက်ရင် သေခြင်းရှင်ခြင်းကြားက ဓားသွားအစွန်းမှာ လျှောက်နေရတယ်လို့ အမြဲခံစားရတယ်… အခု ရွှီချင်းပါ ထပ်ရောက်လာပြီဆိုတော့ ငါက သေခြင်းရှင်ခြင်းကြားမှာ လျှောက်နေရတာ မဟုတ်တော့ဘူး… အဲ့ဒါက သေလမ်းဆီ တည်တည့်လျှောက်သွားနေတာပဲ ”
ဝူကျန်းဝူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အဝေးသို့ အမြန်ပြေးသွားသည်။
သူက အလွယ်တကူ ရှာတွေ့မခံရရန် ဦးတည်ရာကို ကြိမ်ဖန်များစွာ ပြောင်းလဲပစ်ခဲ့သေးသည်။ သို့သော်လည်း ရက်အနည်းငယ်ကြာ ပြေးလွှားပြီးနောက် ရင်းနှီးသော ပုံရိပ်တစ်ခုသည် သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး အော်ပြောသည်။
“ ကျန်းကျန်းကြီးရေ… ပြေးနေတာရပ်ပါတော့… မကြောက်ပါနဲ့… ဟဲ ဟဲ… အခု အားလုံးပြီးသွားပါပြီ ”
ဝူကျန်းဝူသည် စိတ်ထဲမှ အော်ငိုလိုက်ပြီး ထိုစကားသံကို မကြားချင်ယောင်ဆောင်ကာ ဆက်လက် အရှိန်တိုးမြှင့်လိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ သူက ခေါင်းဆောင်ကဲ့သို့ မမြန်ဆန်ပေ။ အသက်ငါးခါရှူချိန်ကြာပြီးနောက် ခေါင်းဆောင်၏ ပုံရိပ်သည် ဝူကျန်းဝူ၏ အနောက်မှာ ထွက်ပေါ်လာပြီး သူ၏ ပခုံးကို ဖိချလိုက်သည်။
ဝူကျန်းဝူသည် မျက်နှာငယ်လေးဖြင့် ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်၏ မုန်းစရာကောင်းသော မျက်နှာကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ဝူကျန်းဝူ၏ အမူအရာကို လုံးဝစိတ်ထဲမထားပေ။ သူက ဝူကျန်းဝူဆီသို့ လျှောက်သွားပြီး လည်ပင်းကို စိတ်အားထက်သန်စွာ သိုင်းဖက်လိုက်သည်။
“ ကျန်းကျန်းကြီး… မင်းဘာလို့ ပြေးနေတာလဲ… မင်းက ငါ့ရဲ့မိတ်ဆွေကောင်းမဟုတ်ဘူးလား… ဒီနေရာက အရမ်းအန္တရာယ်များတယ်… ငါတို့က ဇာတိတစ်ခုတည်းက လူတွေလေ… ငါတို့နောက်ကိုလိုက်တာ မင်းအတွက် ပိုလုံခြုံလိမ့်မယ်… နင်နင်လေးသာ မင်းကို ခြေရာမခံပေးခဲ့ရင် မင်းတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတော့မှာပဲ ”
ဤသည်ကို ဝူကျန်းဝူကြားသောအခါ သူက နင်ယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ခေါင်းဆောင်၏ လက်ထဲမှာ ဖမ်းဆုပ်ခံထားရသော နင်ယန်သည် ဝူကျန်းဝူကို ပြုံးပြလိုက်သည်။ သူ၏ အကြည့်က ‘ ငါ့ကိုထားခဲ့ပြီး မင်းတစ်ယောက်တည်း ကိုယ်လွတ်ရုန်းဖို့ မကြိုးစားနဲ့ ’ဟု ပြောနေသယောင်ယောင်။
ဝူကျန်းဝူသည် ဒေါသထွက်သွားသည်။ ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ အနောက်မှ အားနည်းနေပြီး မျက်နှာဖြူဖျော့နေသော ရွှီချင်းကို သူသတိပြုမိသွားသည်။
ရွှီချင်း၏ အဝတ်အစားသည် ဆုတ်ပြဲနေပြီး သူ၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေသည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်သည် အလွန်သန်မာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ယခင်ကထက် အများကြီး ပိုအားကောင်းလာသည်။
သို့သော်လည်း ယခုအချိန်မှာ သူက တုန်တုန်ယင်ယင်ဖြင့် လမ်းလျှောက်နေရသည်။ ရံဖန်ရံခါ လျှပ်စီးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာလေ့ ရှိသည်။
ရွှီချင်းသည် စောစောတုန်းက သူတွေ့ကြုံခဲ့သော ကောင်းကင်ကဒ်ဘေးဒုက္ခ၏ အစွမ်းပကားကို ပြန်သတိရသွားသောအခါ နှလုံးတုန်လာသည်။
ကံကောင်းစွာဖြင့် သူက ဆက်လက်မတောင့်ခံနိုင်သည့်အခါ ကမ္ဘာငယ်ထဲသို့ အနောက်ဆုတ်သွားနိုင်ပေသည်။ ဒဏ်ရာများကို ကုသပြီးနောက် သူက အပြင်သို့ ပြန်ထွက်လာပြီး ကောင်းကင်ကဒ်ဘေးဒုက္ခကို ထပ်မံတောင့်ခံပြန်သည်။ ခေါင်းဆောင်သည်လည်း အပြင်ဘက်မှနေ၍ သူ့အား အကူအညီပေးခဲ့သည်။
သို့တိုင် ရွှီချင်းသည် သူ၏ အကန့်အသတ်သို့ ကြိမ်ဖန်များစွာ ရောက်ရှိသွားခဲ့သည်။ သူသည် ထိုညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို နောက်ဆုံးမှာတော့ ကျော်လွှားနိုင်သွားပြီး အစွမ်းတိုးမြှင့်ခံထားရသော ကောင်းကင်ကဒ်ဘေးဒုက္ခအောက်မှာ ရှင်သန်လွတ်မြောက်သွားခဲ့သည်။
သူသည် ကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးနောက် ပိုမိုများပြားသော ကောင်းကင်အာဏာစက်များကို ရရှိခဲ့သည်။
အရေးကြီးဆုံးသည် ကဒ်ဘေးမိုးကြိုး၏ အစဉ်မပြတ် တိုက်ခိုက်မှုအောက်မှာ သူ၏ ဝိညာဉ်သည် ယခင်ကထက် အများကြီး ပိုသန်မာလာသည်။
“ ဒီအတိုင်းဆို ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခကို ငါရင်ဆိုင်ပြီးသွားရင် ငါ့ရဲ့ဝိညာဉ်က ဆက်ပြီးအားနည်းတော့မှာ မဟုတ်ဘူး ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။
ဝူကျန်းဝူ၏ ပြန်လည်ရောက်ရှိလာမှုနှင့်အတူ သူတို့အုပ်စုသည် အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဆီသို့ မြန်ဆန်စွာ ဦးတည်သွားကြသည်။
လမ်းတစ်လျှောက်တွင် ခေါင်းဆောင်က ဝူကျန်းဝူကို မည်သို့မည်ပုံ ချော့မြူခဲ့မှန်းမသိရသော်လည်း နောက်ဆုံးတွင် ဝူကျန်းဝူသည် စိတ်ပါလက်ပါ သဘောတူလာသည်။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုပင် ထွက်ပေါ်လာပြီး ယခင်ကဲ့သို့ ကဗျာများကို ရွတ်ဆိုလာသည်။
သို့သော်လည်း သူသည် နင်ယန်ပေါ်မှာ ဒေါသထွက်နေဆဲဖြစ်ပြီး သူ့ကို စကားတစ်ခွန်းပင် မပြောပေ။