ကောင်းကင်ကဒ်ဘေးဒုက္ခအတွင်း ဝိညာဉ်ကို ထုဆစ်ပုံသွင်းခြင်း(ဃ)
Vol. 58 Ch. 911
“ ငါတို့လည်း ဘာမှမတတ်နိုင်ဘူး… နတ်သမီးရှန်းဟန်က လက်ထပ်တော့မယ်… သူက တစ်လကြာ သန့်စင်ခြင်းအခမ်းအနားကို ပြုလုပ်ချင်တယ်… အဆုံးမဲ့ကောင်းကင်နွားတောင်တန်းမှာရှိတဲ့ အင်အားစုတွေက သူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး မျက်နှာသာပေးချင်ကြတယ်… ယင်ယန်ပန်းပွင့်ဂိုဏ်းတောင်မှ သဘောတူထားတယ် ”
“ အဲ့ဒါ နတ်သီးရှန်းဟန်ရဲ့ သတိုးသား ရွှမ်မင်ဇီကြောင့်မဟုတ်လား… သူက အဆုံးမဲ့ကောင်းကင်နွားတောင်တန်းမှာ နံပါတ်တစ် ပညာရှင်ကျင့်ကြံသူဖြစ်တာကြောင့် လူတိုင်းက သဘောတူကြရမှာပဲ ”
“ ဒါပေမဲ့ နတ်သမီးရှန်းဟန်က တကယ်လှပြီး ဆွဲဆောင်မှုရှိတယ်… ပြီးခဲ့တဲ့နှစ်တုန်းက ငါသူ့ကို တစ်ခါမြင်ဖူးတယ်… တကယ်ပြိုင်ဘက်ကင်းအောင် လှတယ် ”
“ နတ်သမီးရှန်းဟန်က အဆုံးမဲ့ကောင်းကင်နွားတောင်တန်းက ကျင့်ကြံသူမဟုတ်ဘူးလို့ ငါကြားတယ်… သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဒီကို ရုတ်တရက် ရောက်လာခဲ့တယ်… သူက ဒီကနေ ဖြတ်သွားရုံပဲဆိုပေမယ့် ရွှမ်မင်ဇီကို မြင်မြင်ချင်း စွဲလမ်းသဘောကျသွားတယ် ”
ရယ်မောသံနှင့် ရောထွေးနေသော ထိုစကားများသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။
ရွှီချင်းသည် သူတို့၏ စကားဝိုင်းကို အထူးအာရုံစိုက်နားထောင်ခဲ့သည်။ ဤသည်မှာ သူ၏ အလေ့အကျင့်ဖြစ်သည်။ မည်သည့်နေရာကို သူရောက်ပါစေ ပတ်ဝန်းကျင်ဒေသနှင့် သတင်းအချက်အလက်သည် အရေးကြီးဆုံး ဖြစ်သည်။
အထူးသဖြင့် သတင်းအချက်အလက်သည် ပိုပြီးအရေးကြီးသည်။ သတင်းအချက်အလက်မလုံလောက်မှု၏ ပြဿနာကို ကောင်းကင်ဘုံမီးတောက်ပင်လယ်တွင် သူကြုံတွေ့ရပြီးနောက် သတင်းအချက်အလက်စုဆောင်းရန် ပိုပြီးအလေးထားလာသည်။
ဝူကျန်းဝူနှင့် နင်ယန်သည် ထိုအကြောင်းများကို ဂရုမစိုက်ပေ။ သို့သော်လည်း ခေါင်းဆောင်သည်တော့ နားစွင့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အဲ့ဒါ ငါတို့နဲ့ဘာမှမဆိုင်ဘူး… ငါတို့မိသားစုထဲမှာတော့ အဲ့ဒါက ကိစ္စအသေးအမွှားလေးပါ ”
ခေါင်းဆောင်၏ ယုံကြည်မှုရှိပုံကို မြင်သောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ဆက်လက် ရေစိမ်လိုက်သည်။
တစ်နာရီကုန်ဆုံးပြီးနောက် သူတို့သည် ဝိညာဉ်ရေပူစမ်းထဲမှ ပြန်ထွက်လာကြသည်။
သူတို့အားလုံးသည် အားအင်သစ်ဖြင့် ပြည့်ဝနေကြပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းတတ်ကြွနေကြသည်။ သူတို့ကို တိုးဝှေ့တိုက်ခတ်သွားသော လေသည် လတ်ဆတ်သည်။ ယင်းက သူတို့၏ စိတ်ကို ပေါ့ပါးကြည်လင်စေသည်။
ရွှီချင်းသည် ရုပ်ဖျက်ထားသော်လည်း သူ၏ အရပ်ရှည်ပြီး ကြော့ရှင်းသော အသွင်ပုံစံကြောင့် အပြင်သို့ သူတို့ထွက်လျှောက်လာသည့်အခါ လူစိတ်ဝင်စားခြင်းခံရသည်။ အထူးသဖြင့် လင်းအာက လူအသွင်ပြောင်းလဲထားသည့်အခါ ဖြစ်သည်။ ရှက်သွေးဖြာသော သူ၏ မျက်နှာက လင်းအာကို ပိုပြီးလှပသွားစေသည်။ သူက ရွှီချင်း၏ ဘေးမှာ ကပ်လျှောက်နေစဉ် အကြည့်တော်တော်များများက သူ့ထံသို့ ကျရောက်လာကြသည်။
ဝူကျန်းဝူသည်လည်း လန်းဆန်းတတ်ကြွနေသည်။ ယခင်က သူ၏ နှလုံးသားထဲမှာ စုပြုံနေသော မကျေနပ်မှုများသည် သိသိသာသာ လျော့နည်းသွားသည်။ သူက ရွှီချင်းတို့အုပ်စုနှင့် လမ်းလျှောက်နေစဉ် ယပ်တောင်ကိုထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဝူကျန်းဝူသည် သူ့ကိုယ်သူ အကြိမ်ရေအနည်းငယ် ယပ်ခတ်ပြီးနောက် စတင်ပြောသည်။
“ ကောင်းကင်ပေါ်က တိမ်တိုက်တွေက တောင်တွေလိုပါပဲ… ငါ့နှလုံးသားထဲက ကျောက်တုံးက ကမ္ဘာထက် မြင့်တယ် ”
“ ဝိညာဉ်ငှက်မွှေးက သေမျိုးဆံနွယ်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင် အရင်ကအတိုင်း ဆက်ရှိနေမယ်လို့ ဘယ်သူက ပြောနိုင်မှာလဲ ”
ဝူကျန်းဝူသည် ပုံမှန်အားဖြင့် တစ်ကြောင်းစပ်ကဗျာများကိုသာ ရွတ်လေ့ရှိသည်။ ယခုကဲ့သို့ လေးကြောင်းစပ်ကဗျာများကို ရွတ်ခြင်းသည် ရှားပါးသည်။ ထိုသို့ပြောပြီးနောက် သူ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။
ဝူကျန်းဝူ၏ ဘေးမှာ ရှိနေသော နင်ယန်သည် ချက်ချင်း အဝေးသို့ လျှောက်သွားသည်။ ခေါင်းဆောင်သည်လည်း ဝူကျန်းဝူ၏ ကဗျာကို နားမလည်ပေ။
ရွှီချင်းသည်တော့ သူ့ကို တိုက်ရိုက် လျစ်လျူရှုထားသည်။
ဘေးမှဖြတ်သွားဖြတ်လာများတွင် အများစုသည် သူ့ကို အံ့အားသင့်စွာ ဝိုင်းကြည့်လိုက်ကြသည်။
ဝူကျန်းဝူသည် စိတ်ထဲမှာ တီးတီုးပြောလိုက်သည်။
‘ မင်းတို့က တိရစ္ဆာန်တစ်အုပ်ပဲ… ငါ့ရဲ့ကဗျာနောက်ကွယ်က လေးနက်မှုကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ’
ထိုသို့တွေးမိသောအခါ သာလွန်မြင့်မြတ်ခြင်းနှင့် အထီးကျန်ခြင်းဟူသော ခံစားမှုသည် ဝူကျန်းဝူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး ရွှီချင်းနှင့် တခြားလူများနောက်သို့ အမြန်လိုက်သွားသည်။
ထိုစဉ် ဘေးဘက်ရှိ တည်းခိုခန်းတစ်ခု၏ ဒုတိယအထပ်တွင် အမျိုးသမီးနှစ်ယောက် ထိုင်နေကြသည်ကို သူသတိမပြုမိခဲ့ပေ။
အမျိုးသမီးတစ်ယောက်သည် ဦးညွတ်ထားလျက် စကားပြောနေသည်။ တခြားအမျိုးသမီးတစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ရှိပြီး ဆွဲဆောင်မှုရှိစွာ လှပသည်။ ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် ထိုအခိုက်အတန့်မှာ အမူအရာပြောင်းလဲသွားသည်။
သူက သူ့အရှေ့မှ လက်အောက်ငယ်သားကို အလေးမထားတော့ပေ။ သူက မတ်တတ်ထရပ်လိုက်ပြီး လိုက်ကာကို မတင်လိုက်သည်။ အဝေးမှ လမ်းမပေါ်သို့ ကြည့်လိုက်သည့်အခါ သူ၏ အကြည့်သည် ဝူကျန်းဝူ၏ နောက်ကျောပေါ်သို့ ကျရောက်သွားသည်။
သူ၏ မျက်နှာပေါ်မှာ ချီးမွမ်းသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ဒီလူငယ်က တကယ့်ပညာရှိပဲ… သူက တောင်တွေနဲ့ ကျောက်တုံးတွေကို ဥပမာထားပြီး သူ့ရဲ့စိတ်ဓာတ်ကို ဖော်ပြခဲ့တယ်… ဝိညာဉ်နဲ့ သေမျိုးကြားက ခြားနားမှုကို ဥပမာပေးပြီး သူ့ရဲ့ အတွင်းစိတ်သဘောကို ဖော်ပြခဲ့တယ်… သူ့မှာ ရှေးဘုရင်ရဲ့ အသွင်ဟန်ပန် ရှိတယ် ”
“ ဒီနေ့ခေတ်မှာ အခုလို အရည်အချင်းရှိတဲ့သူတွေက အတော်လေး ရှားသွားပြီ ”
သက်လတ်ပိုင်းအမျိုးသမီး၏ စကားကို ကြားသောအခါ သူ၏ အနောက်မှ လက်အောက်ငယ်သားသည် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူသည်လည်း လမ်းမပေါ်သို့ လှမ်းကြည့်လိုက်သည်။ ဂိုဏ်းခေါင်းဆောင်သည် ရှေးဘုရင်ရွှမ်ယုံကို အမြဲတမ်း ချီးကျူးလေ့ရှိကြောင်း သူသိသည်။
သို့ဖြစ်၍ ဂိုဏ်းခေါင်းဆောင်၏ ချီးမွမ်းခံရသော လမ်းမပေါ်မှ ထိုလူငယ်သည် လုံးဝသာမန်မဖြစ်နိုင်ပေ။ သို့ဖြစ်၍ သူက နူညံ့စွာ ပြောသည်။
“ ဂိုဏ်းခေါင်းဆောင်… အဲ့ဒီသခင်လေးရဲ့ သရုပ်ကို ငါသွားစုံစမ်းပေးရမလား ”
“ မလိုဘူး… ငါ့ယင်ယန်ပန်းပွင့်ဂိုဏ်းထဲက အရာအားလုံးက ကံတရားနဲ့ သက်ဆိုင်တယ်… ပြီးတော့ သူ့ရဲ့အရည်အချင်းနဲ့ဆိုရင် ထင်ပေါ်ကျော်ကြားတာကို သဘောကျမှာမဟုတ်ဘူး ”
သက်လတ်ပိုင်းအမျိုးသမီးသည် နူးညံ့စွာ ပြောသည်။ ထို့နောက် လက်အောက်ငယ်သားကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်သည် နူးညံ့မနေတော့ဘဲ ထက်ရှလာသည်။
“ တာအိုပညာရှင်ရှန်းဟန်ရဲ့ နောက်ကြောင်းကို စုံစမ်းလို့ရပြီလား ”
လက်အောက်ငယ်သားသည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ သတင်းအချက်အလက်တချို့ကိုတော့ ရှာတွေ့ခဲ့ပါတယ်… သူက အစက ဗလာနတ္ထိအဆင့်ကျင့်ကြံသူပါ… ဒါပေမဲ့ သူက ဒဏ်ရာအပြင်းအထန်ရပြီးနောက် ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားပါတယ် ”
“ ရှန်းဟန်ဆိုတာ သူ့ရဲ့ နာမည်အစစ်မဟုတ်ပါဘူး… သူ့ရဲ့ နောက်ကြောင်းအားလုံးက အမှားတွေပါ… သူ့ကိုယ်ပေါ်မှာ ကျိန်စာတွေရှိပေမယ့် ပြင်းထန်ခြင်းမရှိပါဘူး… အဲ့ဒါကိုကြည့်ရင် သူက တခြားဒေသကြီးက ကျင့်ကြံသူဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်… ပြီးတော့ သူ့ရဲ့ဝိညာဉ်က မပြည့်စုံပါဘူး ”
“ သူပထမဆုံး ပေါ်လာတဲ့နေရာက မီးလျှံလရွှမ်ကောင်းကင်ဒေသကြီး မဟုတ်သလို ကောင်းကင်နက်ဒေသကြီးလည်း မဟုတ်ပါဘူး… ဒါကြောင့် သူက သန့်စင်ရေလှိုင်းဒေသကြီးကနေ ဝင်ရောက်လာတာ ဖြစ်နိုင်ပါတယ် ”
“ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကိုတော့ မသိရပါဘူး… ဒါပေမဲ့ သူက ရွှမ်မင်ဇီနဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဆုံတွေ့ခဲ့ပါတယ် ”
ထိုသို့ပြောပြီးနောက် လက်အောက်ငယ်သားသည် နှုတ်ဆိတ်သွားသည်။ သက်လတ်ပိုင်းအမျိုးသမီးက လက်ဝှေ့ယမ်းလိုက်သည့်အခါ လက်အောက်ငယ်သားသည် အခန်းထဲမှ ချက်ချင်း ထွက်သွားသည်။
ဘေးပတ်ဝန်းကျင်က ဟာလာဟင်းလင်းဖြစ်သွားသောအခါ သက်လတ်ပိုင်းအမျိုးသမီးသည် အဝေးသို့ ငေးကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ ဘာလို့ ရှန်းဟန်မှာ ဝိညာဉ်စုစည်းခြင်းအရှိန်အဝါ ရှိနေတာလဲ… ”