← Chapters

လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(က)

Vol. 58 Ch. 912

လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(က)

Vol. 58 Ch. 912

ဝူကျန်းဝူသည် ခေါင်းခါလျက် ခေါင်းဆောင်နှင့် ရွှီချင်း၏ နောက်သို့ လိုက်သွားသည်။ ဤလောကထဲတွင် သူ၏ ကဗျာကို တန်ဖိုးထားပြီး ကဗျာ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သူတစ်ယောက် ပေါ်ထွက်လာပြီဖြစ်ကြောင်း သူမသိလိုက်ပေ။

“ အထီးကျန်သစ်ရွက်က တစ်ဝက်ပျောက်ဆုံးနေတယ်… ငှက်ကလေးက အတောင်ပံမရှိဘဲ ဘယ်ကိုပျံသန်းနိုင်ပါ့မလဲ ”

ဝူကျန်းဝူသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

နင်ယန်သည် နှုတ်ခမ်းတွန့်ကွေးသွားသည်။ ဝူကျန်းဝူ၏ ဦးနှောက်သည် သာမန်လူများနှင့် ခြားနားသည်ဟု သူ့ဘာသာ တွေးတောလိုက်သည်။

အကယ်၍ သူသာ ဤလောက၏ ထိပ်ဆုံးကို ရောက်ရှိသွားမည်ဆိုလျှင် ဝူကျန်းဝူ၏ ဦးခေါင်းခွံကို ဖွင့်လှစ်ပြီး အထဲမှာ မည်သည့်မိစ္ဆာကောင်က ပြဿနာရှာနေသနည်းဟု သေချာပေါက် သူရှာဖွေလိမ့်မည်။

ဝူကျန်းဝူသည် တစ်စုံတစ်ခုလွဲမှားနေကြောင်း သတိပြုမိသွားသောအခါ နင်ယန်ကို ကြည့်လိုက်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ အရှက်မရှိတဲ့ကလေး… အရပ်က သုံးပေလောက်ကလေးနဲ့… အနီးကပ်ကြည့်လိုက်တော့ ခွေးပေါက်ကလေးပါလား ”

နင်ယန်သည် ဒေါသထွက်သွားပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူဆီမှာ ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များရှိသည်ဟု စဉ်းစားမိသွားသောအခါ သူက ဒေါသကို ချုပ်တည်းလိုက်သည်။

ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ အသံသည် အရှေ့မှ ပျံ့လွင့်လာသည်။

“ မင်းတို့နှစ်ယောက် ရပ်ကြတော့… အခု အချိန်ကျပြီ… မင်းတို့ကို ငါ့အိမ်ဆီ ခေါ်သွားမယ် ”

“ ခမ်းနားမြင့်မြတ်ခြင်းနဲ့ စည်းစိမ်ချမ်းသာဆိုတဲ့ အဓိပ္ပာယ်အမှန်ကို မင်းတို့မြင်အောင် ငါပြမယ်… အတိတ်တုန်းက ငါ့ဂူသင်္ချိုင်းကို ကြိုးစားပမ်းစား တည်ဆောက်ထားခဲ့တာ… အထဲမှာ မင်းတို့ပါးစပ်အဟောင်းသား ဖြစ်သွားလောက်မယ့် ရတနာတွေ အများကြီးရှိတယ် ”

“ ကျန်းကျန်းကြီး… ငါ့မှာ မင်းလိုချင်တဲ့ ရှေးဘုရင်ရဲ့ စာလိပ်ငါးလိပ်ရှိတယ် ”

“ နင်နင်လေး… ငါ့မှာ သွေးမျိုးစက်လှုံ့ဆော်ပေးတဲ့ ရတနာခုနစ်မျိုးတောင် ရှိတယ်… မင်းစိတ်ကြိုက်ဟာကို ရွေးယူနိုင်တယ် ”

“ ပြီးတော့ ဂျူနီယာညီလေး… ငါမင်းကို ပြောပြမယ်… ဂူသင်္ချိုင်းထဲမှာရှိတဲ့ ရတနာတွေက အနာဂတ်မှာ အနီရောင်လဗိမာန်ကို ဖျက်ဆီးပစ်ဖို့ အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ် ”

“ အထဲကိုရောက်ရင် မင်းရဲ့မေးရိုးကို သေချာကိုင်ထားဖို့ သတိရပါ… မဟုတ်ရင် မေးရိုးက အောက်ကို အလွယ်တကူ ပြုတ်ကျသွားလိမ့်မယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက မေးစေ့ကို မြင့်မြင့်မြှောက်လိုက်ပြီး အရှေ့သို့ အမြန်လျှောက်သွားသည်။

ရွှီချင်းသည် ခေါင်းဆောင်၏ ယုံကြည်မှုပြည့်ဝပုံနှင့် သူ၏ မျက်နှာပေါ်မှ လိုချင်တက်မက်သော အကြည့်ကို မြင်လိုက်ရသောအခါ အနည်းငယ် စူးစမ်းချင်စိတ်ဖြစ်လာသည်။

သူသည် ခေါင်းဆောင်၏ ယခင်ဘဝကို မှန်းဆခဲ့ဖူးသော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

သို့သော်လည်း လမ်းတစ်လျှောက်၌ ခေါင်းဆောင်၏ အပြုအမူကိုကြည့်ခြင်းအားဖြင့် သူသည် ယခင်ဘဝမှာ အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်မှာ ဖြစ်နိုင်၏။

သို့ဖြစ်၍ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အကြည့် ထွက်ပေါ်လာသည်။

ဝူကျန်းဝူသည်ပင် ကဗျာရွတ်ခြင်းကို ရပ်တန့်လိုက်ပြီး အမြန်လျှောက်လိုက်သည်။ နင်ယန်သည်လည်း အလွန်စိတ်လှုပ်ရှားလာသည်။ လင်းအာသည်တော့ စူးစမ်းလိုသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ထိုသို့ဖြင့် သူတို့ငါးယောက်သည် နွားသိုးမြို့ထဲမှ ထွက်ခွာသွားကြပြီး ညအမှောင်အောက်မှာ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းထဲသို့ ဝင်ရောက်သွားကြသည်။

ခေါင်းဆောင်သည် အရှေ့ဆုံးမှ ဦးဆောင်သွားသည်။ သူသည် ဤနေရာသို့ ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သော်လည်း မည်သို့ဖြစ်ပါစေ ယခင်ဘဝတွင် သူသည် ဤနေရာမှာ နေထိုင်ခဲ့ဖူးသည်မဟုတ်ပါလော။ အစပိုင်းတွင် သူသည် ဘေးပတ်ဝန်းကျင်ကို ဦးစွာမှတ်မိရန် ဂရုတစိုက် ကြိုးစားရသည်။ သို့သော်လည်း မကြာမီ သူက ဤဧရိယာနှင့် ရင်းနှီးကျွမ်းဝင်လာသည်။

လေးနာရီကြာပြီးသောအခါ သူတို့ငါးယောက်သည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်း၏ အနက်ပိုင်းထဲသို့ ရောက်ရှိသွားကြသည်။

သူတို့သည် တစ်တောင်ပြီးတစ်တောင် ကျော်လွှားသွားကြသည်။ သူတို့က တစ်နေရာကို ဖြတ်ကျော်ပြီးသွားတိုင်း ခေါင်းဆောင်သည် အတိတ်ကို လွမ်းဆွေးသတိရစွာ ပြောသည်။

“ ဒီနေရာကို နတ်သမီးပျိုတောင်ထွတ်လို့ခေါ်တယ်… အတိတ်တုန်းကဆိုရင် တောင်ထွတ်ပေါ်က မိန်းမလှလေးတစ်ယောက်က ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားဖူးတယ်… စိတ်မကောင်းစရာပဲ… အခုတော့ သူက အရိုးစုဖြစ်သွားပြီ… ငါ့ကို ဆွဲဆောင်ဖို့ အခွင့်အရေးမရှိတော့ဘူး ”

“ ဒီနေရာက ခြေသုံးချောင်းဆေးမီးဖိုဂိုဏ်းရဲ့ တည်နေရာပဲ… ငါ့မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ဇာတိမြေလည်း ဟုတ်တယ်… အခု ငါသူ့ကို အရမ်းသတိရတာပဲ… သူက လက်နက်မျိုးနွယ်ဝင်တစ်ဦးလေ… သူက နင်နင်လေးထက် အများကြီး ပိုအစွမ်းထက်တယ်… သူက လက်နက်မျိုးစုံကို သူ့စိတ်ကြိုက် အသွင်ပြောင်းလဲနိုင်တယ် ”

“ အချိန်တွေက ပြောင်းလဲသွားပြီ… အရာဝတ္ထုတွေနဲ့ လူတွေက အရင်ကအတိုင်း မဟုတ်ကြတော့ဘူး ”

ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ ဝမ်းနည်းပူဆွေးသော အသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

နောက်ဆုံးမှာတော့ ညအမှောင်အောက်၌ ခေါင်းဆောင်သည် ရွှီချင်းနှင့် တခြားလူများကို အဆုံးမဲ့ကောင်းကင်နွားတောင်တန်းထဲသို့ ဆက်လက် ဦးဆောင်ခေါ်သွားသည်။

လမ်းတစ်လျှောက်တွင် သူတို့သည် ခုနစ်နေရာထိ ရပ်တန့်ခဲ့ကြသည်။ သူတို့တစ်ခါရပ်တန့်သည့်အခါတိုင်း ခေါင်းဆောင်သည် ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဤသည်မှာ သူက ချိပ်ပိတ်စည်းတစ်ခုကို ဖွင့်လှစ်နေသည့်အလားပင်။

“ ငါ့အရင်ဘဝက ဂူသင်္ချိုင်းကို ဖွင့်လှစ်မယ်ဆိုရင် အဆင့်ရှစ်ဆင့် လိုအပ်တယ်… ဒါ့အပြင် အဲ့ဒါက ငါ့အမှတ်အသားဖြစ်ရမယ်… ခြောက်နာရီအတွင်းမှာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ်… အစီအစဉ်တကျလည်းဖြစ်ရမယ်… တကယ်လို့ အဆင့်တစ်ဆင့်မှာ မှားယွင်းသွားမယ်ဆိုရင် ဖွင့်လို့ရမှာမဟုတ်ဘူး… အဆင့်တစ်ဆင့်နဲ့တစ်ဆင့်ကြားမှာ အချိန်တစ်ခု ခြားထားတယ်… စောသွားလို့လည်းမရသလို နောက်ကျသွားလို့လည်း မဖြစ်ဘူး ”

“ ဒီနေရာက နောက်ဆုံးနေရာပဲ ”

ခေါင်းဆောင်သည် သူ၏ အရှေ့မှ တောင်ကုန်းတစ်ခုကို ကြည့်လိုက်သည်။ ဤနေရာမှ အရာအားလုံးသည် သာမန်မျှသာ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်ထူးခြားမှု တစ်စုံတစ်ရာမှ မရှိပေ။

ခေါင်းဆောင်သည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာလိုက်ပြီး အချိန်ကို တွက်ဆလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက လက်ကို အရှေ့သို့ ဖိချလိုက်သည်။

မြေပြင်သည် မသိမသာ တုန်ယင်လာပြီး တောင်ကုန်းပေါ်မှ ကျောက်တုံးများသည် မူလနေရာမှ ပျောက်ကွယ်သွားကြသည်။

ထိုအဖြစ်ကို အာရုံခံမိလိုက်သောအခါ အပြုံးသည် ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက သွေးတစ်လုပ်ကို မြေပြင်ပေါ်သို့ ထွီခနဲ ထွေးချလိုက်သည်။

သွေးသည် မြေပြင်နှင့် လျှင်မြန်စွာ ပေါင်းစပ်သွားပြီး သူတို့၏ မျက်စိအောက်မှာတင် ပျောက်ကွယ်သွားသည်။

ထိုမျှဖြင့် မပြီးသေးပေ။ သူက တောင်ကုန်းငယ်ကို ဝိုင်းကြီးပတ်ပတ် လှည့်ပတ်လိုက်သည်။ သူက အရှိန်တင်၍ လှည့်ပတ်ပြီးနောက် တောင်ကုန်းဖြင့် သူ့ဘာသာ ဝင်ဆောင့်လိုက်သည်။ နင်ယန်နှင့် ဝူကျန်းဝူ၏ ထိတ်လန့်သော အကြည့်အောက်မှာ ခေါင်းဆောင်သည် ပါးစပ်အပြည့်သွေးကို ကြိမ်ဖန်များစွာ အန်ထုတ်လိုက်သည်။

သွေးအားလုံးသည် မြေပြင်နှင့် ပေါင်းစပ်သွားပြီး မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ယင်းက မြေကြီးအောက်ထဲသို့ ဝင်ရောက်သွားသည့်အလားပင်။

ဆယ်ငါးမိနစ်ကြာပြီးနောက် ခေါင်းဆောင်သည် မျက်နှာဖြူဖပ်ဖြူရော်နှင့် ပြန်ရောက်လာသည်။ သူက အမောတကော အသက်ရှူနေရသည်။ သို့သော်လည်း သူ၏ ပုံစံသည်တော့ စစ်ပွဲအောင်ပြီး ပြန်ရောက်လာသည့်အလား စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက ပြောသည်။

“ ဂူသင်္ချိုင်းဖွင့်ဖို့အတွက် အဆင့်အားလုံးကို မှန်မှန်ကန်ကန် လုပ်ဖို့လိုအပ်တယ်… ဘာအမှားမှ လုပ်လို့မဖြစ်ဘူး… ငါကလွဲလို့ ဘယ်သူမှ အခုလို မလုပ်နိုင်ဘူး ”

ရွှီချင်းသည် ခေါင်းဆောင်သွေးအန်ခဲ့သော အကြိမ်အရေအတွက်ကို ရေတွက်လိုက်သည်။ ယင်းက အကြိမ်ရေ(၂၀၀)ထက် ပိုပေသည်။ သို့ဖြစ်၍ သူ၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာထွက်ပေါ်လာသည်။ ခေါင်းဆောင်မှလွဲ၍ လူနည်းစုသာလျှင် ထိုသို့လုပ်ဆောင်နိုင်ပေသည်။

“ အခု မင်းတို့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားကြတော့ ”

ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မြေပြင်ကို ဖနောင့်တစ်ချက်ပေါက်လိုက်သည်။ ချက်ချင်းပင် သူ၏ ခြေထောက်အောက်မှ မြေပြင်သည် အထဲသို့ ကျွံဝင်သွားပြီး ဝဲကတော့တစ်ခု ထွက်ပေါ်လာကာ သူ၏ ပုံရိပ်ကို ဝါးမျိုသွားသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေဘဲ လင်းအာကို ခေါ်ဆောင်ပြီး ဝဲကတော့ထဲသို့ ခုန်ဆင်းလိုက်သည်။

နင်ယန်နှင့် ဝူကျန်းဝူသည် သူတို့အနောက်မှ နီးကပ်စွာ လိုက်သွားကြသည်။ သူတို့ငါးယောက်သည် ဝဲကတော့ထဲသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

နောက်အခိုက်အတန့်မှာ ဝဲကတော့သည် ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

ဤနေရာတွင် ခင်းကျင်းထားသော အချုပ်အနှောင်စည်းများကြောင့် ဝဲကတော့မှ ထွက်ပေါ်လာသော အားလှိုင်းအတတ်အကျများသည် ဖုံးကွယ်ခံလိုက်ရပြီး အပြင်သို့ မပျံ့လွင့်သွားခဲ့ပေ။ သို့ဖြစ်၍ အစမှအဆုံးအထိ ဤနေရာမှာ ဖြစ်ပျက်သွားခဲ့သော ကိစ္စအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ် ပြီးဆုံးသွားခဲ့သည်။

ဝဲကတော့က ဦးတည်သွားနေသော နေရာကိုတော့ ရွှီချင်းသည် အာရုံမခံနိုင်ပေ။ သူ၏ အမြင်က ကြည်လင်လာသည့်အခါ သူတို့ငါးယောက်သည် လှိုင်ဂူတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။

လှိုင်ဂူသည် အတော်လေး ကျယ်ပြောပြီး ဘဲဥပုံသဏ္ဍာန် ရှိသည်။ လှိုင်ဂူ၏ အမြင့်သည် ပေထောင်ပေါင်းများစွာ မြင့်သည်။ ဧရာမရုပ်တုကြီးဆယ့်နှစ်ခုသည် သူတို့၏ ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည်။

ထိုရုပ်တုကြီးများထဲတွင် လူသားပုံသဏ္ဍာန်ရုပ်တုများနှင့် မျိုးနွယ်ခြားရုပ်တုများ ပါဝင်ကြသည်။ တချို့ရုပ်တုသည် လက်နက်ကိုင်ဆောင်ထားကြပြီး တချို့ရုပ်တုသည် သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ ရုပ်တုအားလုံးထံမှ ရှေးဟောင်းအရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ ဧရာမရုပ်တုကြီးများနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းနှင့် တခြားသုံးယောက်သည် အလွန်အမင်း သေးငယ်လှသည်။ ဤသည်မှာ သူတို့က လူ့ဘီလူးတိုင်းပြည်ထဲသို့ ရောက်ရှိသွားကြသည့်အလားပင်။

All Chapters