အခန်း (၂၇၉)
Vol. 25 Ch. 279
“သူရဲကောင်းဟုတ်လား”
ဝူစန်းထောင်ကမနေနိုင်ဘဲနှင့်မေးလိုက်ပါ၏။
“အဲ့ဒီစကားက ဓားပြကိုပဲ ယဥ်ကျေးတဲ့အသုံးအနှုန်းနဲ့ သုံးပြီးခေါ်ထားတာမဟုတ်ဘူးလား”
“ ဒီ လင်းချီကျိုးဆိုတဲ့လူက သာမန်နဲ့မတူဘူး။ သူက သတ္တိရှိတဲ့လူမျိုးပဲ။ ချမ်းသာတဲ့သူတွေဆီက ဓားပြတိုက်ပြီးတော့ ဆင်းရဲတဲ့သူတွေကို ပေးကမ်းတယ်။
သူက ဟွာမိသားစုနဲ့ မြို့ဝန်တို့ကိုအမြဲတမ်းဒုက္ခပေးနေခဲ့တာ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ လက်သေးသေးလေးတွေက ပေါင်အကြီးကြီးတွေကို ဘယ်လိုလုပ်ပြီးတော့ချုပ်ထားနိုင်ခဲ့မှာလဲ။
မြို့ဝန်ရဲ့လူတွေ အကုန်လုံးက သူတို့ကိုအတင်းအကြပ်လိုက်ပြီး ဖမ်းတာကြောင့် သူတို့ရဲ့အင်အားစုတွေအကုန်အဖမ်းခံခဲ့ရတယ်”
“အဲ့ဒီအဖြစ်အပျက်မှာ သူရဲ့ညီအစ်ကိုတွေအကုန်လုံးဟာ တစ်ခါတည်း သေဆုံးခဲ့ရတယ်။ လူအယောက် ၃၀ လောက်ပဲ အသက်ရှင်ခဲ့တာ။ တခြားသူတွေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် လင်းချီကျိုးက တစ်ယောက်တည်းကျန်ခဲ့ပြီးတော့ အချိန်ဆွဲထားပေးခဲ့တယ်”
“ နောက်ပိုင်းမှာတော့ မြို့ဝန်က သူ့ကိုဥပမာပြဖို့အတွက် စစ်ဆေးရေးမှူးရုံးကိုအပ်ခဲ့တယ်။ မြေအောက်အကျဥ်းထောင်ထဲမှာ သူ့ကို အကျဥ်းချထားပြီးတော့ လူအများရှေ့မှာ ကွပ်မျက်ဖို့အတွက်စီစဥ်ထားခဲ့တယ်။
ကျုပ်က လင်းချီကျိုးက တကယ့်ကို ယောကျာ်းစစ်စစ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒီညမှာပဲ ရုံးတော်ကို မီးရှို့ခဲ့တယ်။ မီးရှို့ပြီးတော့ အကုန်လုံးရုန်းရင်းဆန်ခတ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ လင်းချီကျိုးကို လွတ်မြောက်အောင်ကူညီပေးလိုက်ခဲ့တယ်။ အခုတော့သူက ရုပ်ဖျက်ပြီးတော့ တစ်နေရာရာမှာပုန်းကွယ်ပြီး နေခဲ့တယ်”
“ အရှင် အရှင်သာ မြွေဖြူလမ်းကသာမန်လူတွေအတွက်တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင် လင်းချီကျိုးနဲ့ ဆက်သွယ်ကြည့်တာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်မျိုးကတော့ထင်ပါတယ်”
ရန်ဝမ်ဟိုက လီဟမ်ရှန်းအားပြောလိုက်ပါ၏။ လီဟမ်ရှန်းက ခေါင်းငြိမ့်ပါ၏။
ထို့နောက်မှာဆက်ပြောလိုက်၏။
“ရက်နည်းနည်းကြာလို့ရှိရင် လူအိုကြီးရန် ကျုပ်ကို အဲဒီလင်းချီကျိုးနဲ့ တွေ့ဖို့အတွက်ခေါ်သွားပေးပါ”
“ ကောင်းပါပြီ”
လူအိုကြီးရန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပါ၏။
လစာပေးထားသော အယောက်၂၀ခန့်ရှိသည့်အစောင့် များသည် လီဟမ်ရှန်းတို့နှင့်အတူတူနေထိုင်ကာ အမှုထမ်းရန်အတွက် ဆန္ဒရှိကြပါ၏။ မြွေဖြူလမ်းတွင်နေထိုင်သောဘဝမှာ ခက်ခဲသောကြောင့် အစိုးရကပေးသော အစားအသောက်များကိုစားကာ အလုပ်လုပ်ပေးရန်အတွက် သူတို့ကမတွန့်ဆုတ်ပါချေ။
ထိုသူများအတွက် ရိုးရှင်းသောတာဝန်များကို လီဟမ်ရှန်းက စီစဉ်ပေးခဲ့ပါ၏။ အနည်းဆုံးတော့ သူတို့ရှိနေခြင်းက စစ်ဆေးရေးမှူးရုံး၏အမြင်ကို တင့်တယ်စေမည်မဟုတ်ပါလား။ ထို့နောက်တွင် လီဟမ်ရှန်းက လူအိုကြီးရန် ၏ ဘေးချင်းကပ်တွင်ရှိသောသူ၏အခန်းအားခေါ်သွားပေးခဲ့ပါသည်။ ထိုနေရာမှာ စစ်ဆေးရေးမှူးရုံး၏ အနောက်ဘက်တွင်ရှိပါသည်။
“ စီနီယာအစ်ကို ကျုပ်တို့တွေဘာလို့ လင်းချီကျိုးဆိုတဲ့လူနဲ့ အခုချက်ချင်းမဆက်သွယ်ရမှာလဲ”
ဝူစန်းထောင်က မေးလိုက်ပါ၏။
“ ကျုပ်တို့ကသူ့ကို စစ်ဆေးရေးမှူးရုံးရဲ့လူအဖြစ်မြန်မြန်လေးလူစုနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့စစ်ဆေးရေးမှူးရုံးက အင်အားပိုများလာမယ်မဟုတ်ဘူးလား။
အပြင်ကလူတွေကို ကြည့်ပါအုန်းဗျာ။ သူတို့ဆီက ကျုပ်ကဘာများမျှော်လင့်နိုင်မှာမို့လို့လဲ။ သူတို့ရဲ့ခွန်အားက အရမ်းကို သေးနုပ်လွန်းအားကြီးတယ်”
လီဟမ်ရှန်းနှင့် ရှုခွေမှာ နေထိုင်ရာနေရာသစ်ကို ရှင်းလင်းနေစဉ်လီဟမ်ရှန်းမှာတစ်ချက်ပြုံးလိုက်ပါသည်။
“ဂျူနီယာညီလေး မင်းကပုံမှန်ဆိုလို့ရှိရင်ထိုးထွင်းသိမြင်နိုင်စွမ်းရှိပါတယ်ကွာ။ ဒါပေမဲ့ ဂိုဏ်းကနေထွက်လာပြီးနောက်ပိုင်းမှာ မင်းကဘာလို့အရာရာတိုင်းကိုရှင်းရှင်းလင်းလင်းမမြင်နိုင်တော့တာလဲကွ”
“ အဲတာဆိုရင်အစ်ကိုပြောချင်တာက လူအိုကြီးရန်က ကျုပ်တို့ကိုမယုံဘူးလို့ဆိုလိုချင်တာလား”
ဝူစန်းထောင်မှာလည်း အခုမှသာလက်ရှိအခြေအနေကိုအနည်းငယ်ဖမ်းဆုတ်မိဟန်တူသည်။
“ငါတို့တွေက တုစန်းမြို့ကိုရောက်တာဖြင့်မကြာသေးဘူးလေ။ လူအိုကြီးရန်က ငါတို့ကိုချက်ချင်းကြီး ဘယ်လိုလုပ် ယုံကြည်မှာလဲ”
“ပြီးတော့လူအိုကြီးရန်ကသံသယများတတ်တယ်ဆိုပေမဲ့လဲ သူကအရူးတစ်ယောက်တော့မဟုတ်ဘူး။ အရှေ့ကစစ်ဆေးရေးမှူးရုံးရဲ့ စစ်ဆေးရေးမှူးက လာဘ်စားသွားတဲ့အတွက်ကြောင့်မလို့ စစ်ဆေးရေးမှူးတွေကို သူကတော်ရုံ လွယ်လွယ်နဲ့ ယုံတော့မှာမဟုတ်ဘူးလေ”
“လူအိုကြီးရန် လင်းချီကျိုးရဲ့အကြောင်းကို ငါတို့ကိုပြောပြပေမဲ့ လင်းချီကျိုးက အခုအချိန်မှာဖုံးကွယ်ပြီးနေနေတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ သူရဲ့တည်နေရာတိတိကျကျကိုငါတို့ကို ပြောမှမပြောခဲ့တာ”
“အဲ့ဒါဆိုလို့ရှိရင် သူကကျုပ်တို့ရဲ့အတွေးအခေါ်နဲ့ အပြုအမူတွေကို စောင့်ကြည့်ချင်နေတဲ့ သဘောပဲပေါ့။ တကယ်လို့သာ ကျုပ်တို့က အရှေ့ကစစ်ဆေးရေးမှူးတွေလိုမျိုး လာဘ်စားတာတွေ ဘာတွေလုပ်ခဲ့တယ်ဆိုရင်တော့ လူအိုကြီးရန်က လင်းချီကျိုးဘယ်မှာရှိလဲဆိုတာ ငါတို့ကိုပြောမှာ မဟုတ်ဘူးလေ” လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။
“ အိုး ကျွန်တော်သဘောပေါက်ပြီ။ အဲ့ဒါဆိုလို့ရှိရင် နောက်ထပ်ရက်နည်းနည်းအတွင်းမှာတော့ ကျွန်တော်တို့တွေက ကိုယ့်ဘာကိုပဲ အဆင်ပြေအောင်ဖန်တီးရတော့မှာပေါ့”
ဝူစန်းထောင်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်ပါ၏။
“စိတ်မပူပါနဲ့ကွာ တဖြည်းဖြည်းနဲ့ အခြေအနေတွေက ကောင်းလာမှာပါ။ လီဟမ်ရှန်းမှာမူ ယခုထက်ထိပင်ယုံကြည်မှုရှိနေပါသေးသည်”
ကျီဝူမြို့…
ကုန်လွန်ခဲ့သောရက်များအတွင်း၌ ချန်ချင်းသေရည်ဆိုင်သို့ ထူးဆန်းသောဧည့်သည်တစ်ယောက်က ရောက်ရှိနေခဲ့ပါသည်။ ထိူသူမှာ ရှုပ်ပွနေသောဆံပင်နှင့် သူဖုန်းစားသာသာအဝတ်အစားများကို ဝတ်ဆင်ထားပါ၏။ သို့ပေမဲ့ သူဖုန်းစားနဲ့တော့ တူမနေခဲ့ပါချေ။ သူ၏စကားပြောဆိုသည့်ပုံစံမှာ သာမန်နဲ့မတူဘဲ လွန်စွာတင့်တယ်လှသည့် သဘောရှိပါ၏။
ထိူလူအားပထမဦးဆုံးအကြိမ်အဖြစ် လီချန်ချင်းက မြင်လိုက်သည့်အခါတွင် သူက ရှမူဟိုင်ကိုချက်ချင်း သတိရသွားခဲ့ပါ၏။ ရှမူဟိုင်မှာလည်း ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တောင်ထိပ်သခင်ဟူသောဂုဏ်ပုဒ်နှင့် မလျော်ညီစွာ သူတောင်းစားကဲ့သို့ ဝတ်စားဆင်ယင်သည် မဟုတ်ပါလား။
ထိုလူအား လီချန်ချင်းတွေ့သည့်အခါတွင် သူ၏ပထမဦးဆုံးအတွေးမှာ ဝိုင်ခရားတစ်အိုးပေးကာမောင်းထုတ်ရန် ဖြစ်ပါသည်။
သို့ပေမဲ့ ထိုသူက လီချန်ချင်းပေးသောဝိုင်ကို သောက်သုံးပြီးသည့်အခါတွင် လွန်စွာကြိုက်နှစ်သက်ပြီး နောက်တစ်ရက်တွင်လည်းအရှက်မရှိစွာ ပြန်လည်ရောက်ရှိလာ၏။
လီချန်ချင်းက တစ်ချက်ရယ်လိုက်ပြီးနောက် ကုသိုလ်ပြုရန်အတွက်တွေးလိုက်ပြီး သူ့အားနောက်ထပ်ဝိုင်အိုး တစ်အိုးကို ထပ်ပေးလိုက်ပါ၏။
တတိယနေ့၏ ညနေခင်း…
ထိုသူမှာ ထပ်၍ရောက်ရှိလာခဲ့ပြန်၏။
“ ဟီးဟီး ဆိုင်ရှင် ကျုပ်ထပ်သောက်ချင်တယ်ဗျာ။ ထိုသူက ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်ပါသည်”
ဆိုင်ထဲတွင် အရက်သောက်နေသူများရှိကြပါ၏။ ထိုအထဲတွင်တပ်မှူးလေးရှောင်လျှိုနဲ့ သူ့အဖွဲ့လည်း ရှိပါသည်။ လက်ရှိအခြေအနေကိုမြင်သည့်အခါ ရှောင်လျှိုကလီချန်ချင်းနားသို့ကပ်ကာ ပြောလိုက်ပါ၏။
“ဆိုင်ရှင် ပြသနာရှိလို့လား”
“ အား မရှိပါဘူးဗျာ။ ဒီလူကပုံမှန်လာနေကျ ဖောက်သည်ပါပဲ” လီချန်ချင်းက ပြုံးရင်းနဲ့ပြောလိုက်ပါ၏။
“ ဆိုင်ရှင် ခင်ဗျားအကူအညီလိုတယ်ဆိုရင် ကျုပ်တို့ကိုလှမ်းခေါ်လိုက်ဗျာ”
ရှောင်လျှိုက ပြောလိုက်ပါ၏။ ထိူလူ၏သံသယဖြစ်ဖွယ်မျက်နှာကို စိုက်ကြည့်ရင်းနှင့် ရှောင်လျှိုကသူ၏စားပွဲသို့ ပြန်လျှောက်သွားပြီးနောက် သေရည်ကို အားပါးတရနဲ့ ပြန်လည်သောက်သုံးနေခဲ့ပါသည်။
“ဒီမှာ ညီအစ်ကို”
လီချန်ချင်းက ထိုလူအားပြောလိုက်ပါ၏။
“ ကျုပ်က သေရည်ဆိုင်ဖွင့်ထားတာဗျာ။ ခင်ဗျားကိုကျုပ်သေရည်နှစ်အိုးပေးပြီးသွားပြီ။ အဲ့လောက်ကဘာမှမဖြစ်ဘူး အဆင်ပြေတယ်။ ဒါပေမဲ့ အခြေအနေတွေက ဒီလိုဟုတ်တော့မဟုတ်ဘူး။ နှစ်ကြိမ်သာပေးရင်ပေးမယ် သုံးကြိမ်မြောက်တော့ရှိလာမှာမဟုတ်ဘူး။ ခင်ဗျားက ဒီကိုနေ့တိုင်းလာပြီးတော့ နေတိုင်း အရက်အိုးတစ်အိုးလာတောင်းနေမယ်ဆိုရင်တော့ တခြားပိုက်ဆံပေးပြီးသောက်တဲ့သူတွေအတွက်မမျှတဘူးလေ။ ဟုတ်တယ်မလား”
“ ဟီးဟီး”
ထိုသူက ပြုံးကာပြောလိုက်ပါ၏။
“ တကယ်တော့ ကျုပ်ကလဲ ဒီနေ့ အလကားသောက်ဖို့မတွေးထားပါဘူးဗျ”
“ အို ခင်ဗျားမှာသာ ငွေရှိတယ်ဆိုရင်ကြွပါဗျာ”
လီချန်ချင်းက ကြိုဆိုသည့်လက်ဟန်အမူအရာလုပ်လိုက်ပါသည်။
“ကျုပ်မှာပိုက်ဆံမရှိပါဘူးဗျာ။ ဒီလူက ခေါင်းကိုခါယမ်းလိုက်ပါ၏။ မရှိဘူးဆိုလို့ရှိရင် ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ”
လီချန်ချင်းက ထိုသူအား ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်ပါ၏။
“ မဟုတ်သေးဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ခင်ဗျားပေးမလို့လား။ မရဘူးနာ် မရဘူး။ ကျုပ်ကယောကျာ်းချင်း စိတ်မဝင်စားဘူးဗျ။ အရင်တုန်းက ပန်းနင် လို့ခေါ်တဲ့ယောကျာ်းချင်းစိတ်ဝင်စားပြီး ယောကျာ်းချင်းမုဒိန်းကျင့်တဲ့မုဒိန်းကောင်တကောင်ရှိတယ်။ ဒါပေမဲ့ ခင်ဗျားလာတာအရမ်းနောက်ကျသွားပြီ။ သူကသေသွားပြီ။ မဟုတ်လို့ရှိရင် ခင်ဗျားတို့နှစ်ယောက်အတူတူပျော်မြူးလို့ရအုန်းမှာ”
“ခင်ဗျားက နားလည်မှုလွဲနေပြီ ဆိုင်ရှင်ရဲ့ ။ ကျုပ်က ခန္ဓာကိုယ်ကိုပေးမှာမဟုတ်ဘူး။ ခင်ဗျားကိုကျုပ် ဇာတ်လမ်းတစ်ပုဒ်ပြောပြနိုင်တယ်”
ထိုသူက လျင်မြန်စွာပြောလိုက်ပါ၏။
“ ဟ”
လီချန်ချင်း၏ မျက်လုံးများကပြူးကျယ်သွားပြီးနောက် သူကထိုသူ၏စကားမှာ လွန်စွာရယ်ရသောဟာသတစ်ပုဒ်ကဲ့သို့ ခံစားလိုက်ရပါ၏။ .
မင်းကများ ငါ့ကို ဟာသပြောပြချင်တယ်။ ငါ့ကိုဇာတ်လမ်းပြောပြချင်တယ် ဟုတ်လား။ ချန်ထင်းမြို့မှာ လီပု၏ချစ်ခြင်းတရားဆိုတဲ့ နာမည်ကြီးတဲ့ဇာတ်လမ်းကို ဘယ်သူရေးခဲ့တာလဲဆိုတာ မင်းသွားမေးကြည့်လိုက်သင့်တယ်ကွာ။
လီချန်ချင်း၏မျက်နှာမှ ရယ်ချင်ပက်ကျိဖြစ်နေသည့်အမူအရာကိုမြင်သည့်အခါ၌ ထိုလူက စိတ်မဆိုးသွားဘဲ တချက်ရယ်ကာပြောလိုက်ပါသည်။ ဒီလိုလုပ်ပါ့လား။
“ ကျုပ်က ခင်ဗျားကိုဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်။ အဲ့ဒီဇာတ်လမ်းကို ကြိုက်တယ်ဆိုရင်ကျုပ်ကိုအရက်တိုက်ပေါ့။ တကယ်လို့ ခင်ဗျားမကြိုက်ဘူးဆိုရင် ကျုပ်ကိုတိုက်စရာမလိုဘူး။ ကျုပ်ကလည်း ကိုယ်သွားစရာရှိတဲ့နေရာကို ဆက်သွားမယ်။ ခင်ဗျားကိုကျုပ် အနှောင့်အယှက် မပေးတော့ဘူး”
“ ကောင်းပြီလေ။ အဲ့တာဆို ခင်ဗျားပြော ကျုပ်နားထောင်ကြည့်မယ်”
ဒီလူကဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေပြောမလဲဆိုတာ လီချန်ချင်းက အနည်းငယ်တော့သိချင်သွားခဲ့ပါသည်။
“ ကောင်းပြီလေ” ထိုသူက တစ်ခဏလောက် တွေးပြီးနောက်တွင် ခွေးခြေခုံတစ်လုံး၌ ကောက်ထိုင်လိုက်ပါ၏။ ထို့နောက်တွင်မှ သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပြောပြခဲ့ပါ၏ ဇာတ်လမ်းမှာ သိပ်၍မရှည်ပါချေ။
သို့သော်ဇာတ်လမ်းအချိုးအကွေ့များနှင့် အဖြစ်အပျက်များမှာလွန်စွာဆန်းကြယ်လွန်းလှပါ၏။ သူက စကားအပြောအဟောကောင်းသောလူတစ်ယောက် ဖြစ်ပြီးဇာတ်လမ်းကိုစိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိအောင်ပြောပြတတ်ပါသည်။
သူက နာရီဝက်ကြာအောင် ထိုဇာတ်လမ်းကိုဖြည်းဖြည်းချင်းပြောပြခဲ့သည်။ သူဇာတ်လမ်းပြောပြီးသည့်အခါတွင် သူက လီချန်ချင်း၏မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်၏။
သူမျှော်လင့်ထားသည်က လီချန်ချင်း၏ အံ့အားသင့်နေသောမျက်နှာအမူအရာကို မျှော်လင့်ထားခြင်းဖြစ်ပါ၏။ သို့ပေမဲ့ သူကစိတ်ပျက်သွားရခဲ့ပါ၏။
လီချန်ချင်း၏မျက်နှာမှာ ပုံမှန်အတိုင်းပင် ခံစားချက်ကင်းမဲ့နေသည့်မျက်နှာထားပင်ဖြစ်နေခဲ့ပါသည်။ ထို့အပြင် အနည်းငယ်ပင် အိပ်ငိုက်နေပါသေး၏။
ထိုအမူအရာက ပုံပြောသူအားအံ့သြသွားစေခဲ့ပါ၏။ သူ၏ဇာတ်လမ်းများနဲ့ပတ်သက်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိခဲ့ပါသည်။ သူဇာတ်လမ်းတစ်ခုပြောပြီးတိုင်း နားထောင်သူများမှာ အလွန်အမင်းကိုအံ့သြသွားလေ့ရှိပါ၏။
သို့သော် ယခုအချိန်တွင်တော့ ထိုနားထောင်သူမှာလုံးဝကိုစိတ်ဝင်စားသည့်ပုံမပေါ်ပေ။ သူယခုလေးတွင်ပြောခဲ့သောဇာတ်လမ်းမှာ
သူဤလောကကြီးတစ်ခုလုံးတွင် လျှောက်သွားခဲ့စဉ်ကာလများ၌ ကြုံတွေ့ခဲ့သော ကြားသိခဲ့သော အဖြစ်အပျက်များစွာထဲမှ စိတ်ဝင်စားဖို့အကောင်းဆုံးသောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။
တခြားသူများကထိုဇာတ်လမ်းကိုကြားလျှင် နောက်ပြီးကျရင် ဘာဆက်ဖြစ်မလဲဟု သိလိုစိတ်အပြည့်နဲ့ ကမန်းကတန်းမေးလေ့ရှိသည် မဟုတ်ပါ့လား။
“ ပြီးသွားပြီလား” လီချန်ချင်းက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်ပါ၏။
“ စိတ်ဝင်စားဖို့ မကောင်းဘူးလား။ မအံသြသွားဘူးလား”
ထိုသူကမေးလိုက်ပါ၏။ ယခုလက်ရှိအခြေအနေကို သူ့ပုံစံမှာ လက်မခံလိုဖွယ်ရှိပါ၏။
“ အမ်း ဘယ်လိုပြောရမလဲ” လီချန်ချင်းမှာ အနည်းငယ်တော့ကူကယ်ရာမဲ့နေခဲ့ပါ၏။
ဇာတ်လမ်းကတော့ တကယ်တော့ကောင်းပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ဒါပေမဲ့ လီချန်ချင်းက ကမ္ဘာပေါ်ကနေပြီးတော့ ဝိဉာဉ်ကူးပြောင်းလာတဲ့လူ မဟုတ်ပါလား။ သူရဲ့အရင်ဘဝတုန်းကဆိုလို့ရှိရင် အင်တာနက်ကလည်းရှိပြီးတော့ ဇာတ်လမ်းတွေအများကြီးကိုသူက ဖတ်ဖူးပြီးတဲ့အတွက်ကြောင့် အခုဇာတ်လမ်းကသူ့အတွက်သိပ်ပြီးတော့ မထူးခြားတော့ပါ။
“နည်းနည်းတော့ပျင်းဖို့ကောင်းတယ်” လီချန်ချင်းက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။
“ ကျုပ်လုံးဝမယုံဘူး။ ဒီတခါ ကျုပ်ခင်ဗျားကို အရမ်းကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်းပြောပြမယ်” ထိုသူကမကျေမနပ်နှင့် ဆိုလိုက်၏။
“ ဟာ မဖြစ်ဘူး မဖြစ်ဘူး ကျုပ်မှာလုပ်စရာတွေရှိသေးတယ်။ ခင်ဗျားလာတဲ့နေရာပဲ ခင်ဗျားပြန်သွားလိုက်ပါတော့ဗျာ”
လီချန်ချင်းက နောက်ထပ် ထပ်ပြီးတော့နားထောင်ချင်စိတ်မရှိတော့ပါချေ။
“ ဒီတခါကျုပ် ခင်ဗျားကိုကြောက်ဖို့ကောင်းတဲ့ဇာတ်လမ်းပြောပြမယ်။ ခင်ဗျားသာလုံးဝ ကြောက်ပြီးတော့ကြက်သီးမထဘူးဆိုလို့ရှိရင် ခင်ဗျားကိုကျုပ်အချက်အလက်တစ်ခုပြောပြပေးမယ်။ အချက်အလက်ဆိုတာထက် သတင်းတစ်ခုလို့ပြောရင်ပိုမှန်တာပေါ့”
ထိုသူက ဆုံးဖြတ်ချက်ပြတ်သားသည့်ပုံစံဖြင့် ပြောလိုက်ပါ၏။
“အို ခင်ဗျားက သတင်းတွေဘာတွေသိတယ်ပေါ့”
လီချန်ချင်းက ထိုလူအားသေချာစိုက်ကြည့်လိုက်ပါ၏။
“ဟ အထင်သေးလိုက်တာကွာ”
ထိုသူကအေးစက်စွာဖြင့်နှာမှုတ်လိုက်၏။
“သတင်းအချက်အလက်နဲ့ပတ်သက်လို့ရှိရင် ကျုပ် ကျန်းဝမ်လျှိုက မသိတာဘာမှမရှိဘူး”
“ ကျန်းဝမ်လျှို ဟမ့် ခင်ဗျားရဲ့နာမည်ကလဲကွာ ခင်ဗျားကိုယ့်ခင်ဗျား ဘာလို့မကောင်းဆိုးဝါးသားရဲလို့ မခေါ်တော့တာလဲ”
လီချန်ချင်းက ထိုသူ၏နာမည်မှာ ဆိုးရွားလွန်းသောကြောင့် မစနောက်ဘဲနှင့် မနေနိုင်ခဲ့ပါချေ။
“ စကားများတာတော်ပြီ။ ကျုပ်စပြောတော့မယ်” ကျန်းဝမ်လျှို၏အသံမှာ လေးနက်လာခဲ့ပါသည်။
“ကျုပ်တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ကို ခရီးထွက်ခဲ့ဖူးတယ်ဗျ။ မြို့နာမည်ကိုတော့ကျုပ်မေ့သွားပြီ။ ဒါပေမဲ့ အဲ့ဒီမြို့မှာ တစ္ဆေမျိုးနွယ်တွေက ခြောက်လှန့်နေတယ်ဗျ”
ကျန်းဝမ်လျှိုက ထိုဇာတ်လမ်းကို ဝေဝေဝါးဝါးသာပြောပြီးနောက် ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းဖြင့် ခြောက်ခြားစရာများကို တိုးတိုးကာပြောပြခဲ့ပါသည်။
တစ္ဆေမျိုးနွယ်များမှာ ရေကန်ထဲမှ ဝုန်းခနဲ ထွက်လာသည့်အခိုက်တွင် ပုံပြောသူကျန်းဝမ်လျှိုကိုယ်တိုင်လည်း ကြက်သီးမွှေးညင်းများထသွားခဲ့ပါသည်။ ဇာတ်လမ်းအဆုံးသတ်သောအခါတွင် သူသည် လီချန်ချင်းအား စူးစိုက်စွာဖြင့်ကြည့်လိုက်၏။ လီချန်ချင်း၏မျက်နှာပေါ်မှ ဖြူဖပ်ဖြူလျော်နှင့် ကြောက်ရွံနေသောအမူအရာကို သူကမျှော်လင့်ထားပါသည်။
သို့သော် သူ့အထင်နဲ့ တက်တက်ဆင်အောင်လွဲစွာဖြင့် လီချန်ချင်းမှာ စားပွဲပေါ်တွင်မှောက်လျက်ကြီး အိပ်ပျော်နေခဲ့ပါသည်။ ဟောက်သံများကိုပါ ကြားရပါတော့၏။ ကျန်းဖုကွမ်းမှာမူ ဆိုင်ထဲတွင် ဧည့်သည်များအားသေရည်များငှဲ့ပေးခြင်းဖြင့် အလုပ်ရှုပ်နေခဲ့ပါသည်။
ကျန်းဝမ်လျှို၏ မျက်နှာမှာလုံးဝကို ဖြူဖပ်ဖြူလျော်ကြီး ဖြစ်သွားခဲ့ပါသည်။ သူ၏ခြောက်ခြားဖွယ်ရာဇာတ်လမ်းမှာ လီချန်ချင်းအားလုံးဝကို အိပ်ပျော်သွားစေသည်ကို လုံးဝ လုံးဝကိုမမျှော်လင့်ထားခဲ့မိပါချေ။ ထိုအဖြစ်အပျက်ကြောင့် ကျန်းဝမ်လျှိုအား လုံးဝကိုရှုံးနိမ့်သွားသည့်ခံစားချက်ကို ရသွားစေခဲ့ပါသည်။
“ ဟိတ်လူ ထ ထ ထ”
ကျန်းဝမ်လျှိုက လီချန်ချင်းအားလှုပ်ခါ၍နှိုးလိုက်ပါသည်။
“ဟင် ပြီးသွားပြီလား” လီချန်ချင်းက တစ်ချက် သမ်းဝေလိုက်ပြီးမေး၏။
“ အဲ့လောက်တောင် ပျင်းဖို့ကောင်းတာလားဗျာ” ကျန်းဝမ်လျှိုက လုံးဝကို စိတ်ဓာတ်ကျနေသည့်လေသံဖြင့် မေးလိုက်ပါသည်။
“ ဟင် ကြောက်ဖို့မှ မကောင်းတာ” လီချန်ချင်းအတွက်မူ ကမ္ဘာမြေပေါ်၌ နေထိုင်ခဲ့သည့်အချိန်တုန်းက သရဲကားများစွာကိုကြည့်ခဲ့ဖူးသည် မဟုတ်ပါလား
ကျန်းဝမ်လျှို၏သရဲဇာတ်လမ်းမှာ မူကြိုအဆင့်လောက်ပဲရှိပါသည်။
“ အဲ့တာဆိုလို့ရှိရင်လဲ ခင်ဗျားသိချင်တဲ့သတင်းတစ်ခု ကျုပ်ပြောမယ်ဗျာ။ ခင်ဗျား ဘာသိချင်လဲ” ကျန်းဝမ်လျှိုက လုံးဝကိုရှုံးနိမ့်သွားသည့်ဟန်နှင့် ပြောလိုက်ပါသည်။
“ဘယ်လိုသတင်းအချက်အလက်မဆို ပြောပြမှာလား” လီချန်ချင်းက မေးလိုက်ပါသည်။
“အင်း ဒါပေါ့” ကျန်းဝမ်လျှိုကလည်း ယုံကြည်ချက်ရှိစွာပြောလိုက်ပါ၏။
လီချန်ချင်းက အချိန်တစ်ခဏလောက်တွေးပြီးနောက် ကျန်းဝမ်လျှို၏ မျက်လုံးများအား ထွင်းဖောက်လုမတတ် စိုက်ကြည့်ကာ မေးလိုက်ပါ၏။
“ ကျုပ်မိန်းမက ဘယ်သူလဲ”
ကျန်းဝမ်လျှိုမှာ လုံးဝကိုဆွံ့အသွားပြီးနောက်
“ခင်ဗျားရူးနေတာလား”
“ ဟင် ခင်ဗျားမိန်းမက ဘယ်သူလဲ ခင်ဗျားကကျုပ်ကို ပြန်မေးနေသေးတယ်”
“ခင်ဗျားပဲပြောတော့အကုန်လုံးသိတယ်ဆို”
လီချန်ချင်းကလည်း မနေနိုင်ပဲ မေးလိုက်ပါ၏။
“ဟ မဟုတ်ဘူးလေ ကျုပ်ကအကုန်လုံးသိရအောင် မြတ်စွာဘုရားမှ မဟုတ်တာဗျ”
ကျန်းဝမ်လျှိုကဒေါသထွက်ကာ စိတ်ရှုပ်ထွေးနေသည့် လေသံဖြင့်ဆိုလိုက်ပါ၏။
“ ပြီးတော့ ခင်ဗျားကိုယ်တိုင်တောင် ခင်ဗျားရဲ့မိန်းမက ဘယ်သူလဲဆိုတာ မသိရင် ကျုပ်ကဘယ်လိုလုပ်သိမှာလဲဗျ။ တခြားဟာမေးစမ်းပါ”
“အဲ့တာဆိုလို့ရှိရင် လီဟမ်ရှန်းဆိုတဲ့လူကိုရော ခင်ဗျားသိလား”လီချန်ချင်းက သူ၏သားအကြောင်းကိုမေးလိုက်ပါသည်။