← Chapters

အခန်း (၂၈၃)

Vol. 25 Ch. 283

အခန်း (၂၈၃)

Vol. 25 Ch. 283

“လီဟမ်ရှန်း...”

ထိုအချိန်တွင် မူဟိုင်မင်းမှာ အသေအလဲကိုဒေါသထွက်နေခဲ့ပါသည်။ လီဟမ်ရှန်းက သူ့အရှေ့မှာပင် ဂရုမစိုက်စွာဖြင့် သူ၏လူတစ်ယောက်အား သတ်ဖြတ်လိုက်ခြင်းဖြစ်၏။ ထိုအဓိပ္ပါယ်မှာ သူ့အားမျက်လုံးထဲတွင်မထည့်ဟူသော အဓိပ္ပါယ်ကိုသက်ဆောင်စေသည်။

ပြန်လည်မွေးဖွားခြင့်အဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကိုသာရောက်သေးသည့် သိုင်းသမားလေးကများ ထိုကဲ့သို့သိုင်းသမားကို သူက လက်ဖျောက်တစ်ချက်တီးရုံနှင့် သတ်ဖြတ်နိုင်မည်ဖြစ်၏။

မူဟိုင်မင်းက လီဟမ်ရှန်းအားပွင့်ပွင့်လင်းလင်း မသတ်ရဲသည့်တိုင် လီဟမ်ရှန်းကို ဒုက္ခိတဖြစ်အောင်တော့ လုပ်နိုင်ပေလေ၏။ထိုကဲ့သို့ ဒုက္ခိတဖြစ်အောင်လုပ်ခြင်းသည် လီဟမ်ရှန်း၏ မလုံလောက်သောအရည်အချင်းဖြစ်ခြင်းကြောင့် ခံရသည်ဟု မှတ်ယူနိုင်ပေ၏။

ထို့ကြောင့် မူဟိုင်မင်းကလည်း ထိန်းသိမ်းမထားတော့ဘဲ လီဟမ်ရှန်းကို တိုက်ခိုက်လိုက်ပါတော့သည်။ လှုပ်ရှားမှုတစ်ချက်နှင့် သူ၏လက်ဖဝါးနှစ်ဖက်မှာ လီဟမ်ရှန်း၏ပုခုံးသို့ လှမ်းဆွဲကုပ်လိုက်ပါသည်။

သူ၏ကုတ်နည်းမှာ ဝူစန်းထောင်၏ လက်သည်းသိုင်းနှင့် တူညီသယောင်ရှိသော်လည်းကွဲပြားပေသည်။ သို့သော် မူဟိုင်မင်း၏ ခွန်အားမှာမူ ဝူစန်းထောင်နှင့် မတူညီဘဲ လုံးဝကွဲပြားခြားနားသည့်အဆင့်တစ်ခုတွင်ရှိ၏။ အဝေးမှနေ၍ လီဟမ်ရှန်းက ထိုသူ၏ခွန်အားတုံ့ပြန်မှုကို ခံစားလိုက်ရပါ၏။

သို့သော် လီဟမ်ရှန်းကိုယ်တိုင်ကလည်း မူဟိုင်မင်းကို ပြိုင်ဘက်တစ်ယောက်ဟု မမြင်နေခဲ့ပါချေ။ ခုနစ်ရောင်ခြယ်ဆေးလုံးကို သူက သန့်စင်ပြီးသည့်နောက်ပိုင်းတွင် ပြန်လည်မွေးဖွားခြင်းအဆင့် သိုင်းပညာရှင်များသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါချေ။ ထို့အပြင် သူ၌ မိုးကြိုးအလျင်ကျင့်စဥ်လည်း ကျင့်ကြံထားခြင်းရှိပါသေးသည်။ ထိုကျင့်စဥ်ပါထည့်ပေါင်းလိုက်လျှင် သူ့အရှေ့တွင် ပြန်လည်မွေးဖွားခြင်းအဆင့် သိုင်းပညာရှင်များမှာ ကလေးတစ်ယောက်ထက်ပင် မပိုတော့ပါချေ။

မူဟိုင်မင်း၏ လှုပ်ရှားမှုများမှာ  ရက်စက်ကြမ်းတမ်းပြီး အထိန်းအကွပ်မဲ့လှပါ၏။ တိုက်ခိုက်မှုတစ်ချက်တိုင်းတွင် ကျင်းတစ်ထောင်အလေးချိန်ရှိသော အင်အားတစ်ရပ်ကပါရှိနေပါ၏။

သူ၏လက်သည်းကုပ်ချက်များမှာ သံမဏိကိုပင် ခြစ်ရာများထင်သွားစေနိုင်ပါသည်။ သူ့လှုပ်ရှားမှုများမှာ လေတိုက်ခတ်သကဲ့သို့ လျင်မြန်လှပြီး တိကျမှုရှိသည့်အပြင် ရက်စက်ကြမ်းတမ်းမှုကလည်း အပြည့်ဖြစ်နေပါ၏။

သူ့သိုင်းကွက်ကို နံဘေးကကြည့်ရှုရခြင်းမှာ အလွန်အမင်းကို မျက်စိပသာဒဖြစ်လှပါသည်။ ဒါပေမဲ့ လီဟမ်ရှန်းကလည်း မိုးကြိုးအလျင်ကျင့်စဥ်ကို အပြည့်အဝအသုံးပြုပြီး တည်နေရာရွေ့ပြောင်းခြင်းအစီအစဥ်ကိုအသုံးပြုသကဲ့သို့ ကောင်းကင်မှ တစ်နေရာမှ တစ်နေရာသို့ လျှပ်တစ်ပြက်ရွေ့လျားနေခဲ့ပါသည်။ မူဟိုင်မင်း၏ လက်သည်းကုပ်ချက်များမှာ လီဟမ်ရှန်း၏ ဆံချည်မျှင်တစ်မျှင်စာလောက်အကွာအဝေးနှင့် လွှဲချော်နေခဲ့ပါ၏။ လီဟမ်ရှန်း၏ပုံစံမှာ မူဟိုင်မင်း၏ တိုက်ခိုက်မှုများကို ကပ်သီးလေးရှောင်တိမ်းနေသည့်ပုံစံရှိပါသည်။

သို့သော်အကွက်၂၀ မျှတိုက်ခိုက်ပြီးသည့်အခါတွင် မူဟိုင်မင်းက လီဟမ်ရှန်း၏အဝတ်အစားများကိုပင် ထိခိုက်အောင်မလုပ်နိုင်ခဲ့ပါချေ။ ထိုအချိန်မှသာ လီဟမ်ရှန်း၏ လှုပ်ရှားမှုသိုင်းကွက်မှာ ထူးဆန်းကာ ပုံမှန်ဟုတ်မနေသည်ကို မူဟိုင်မင်းက သတိပြုမိလာပါတော့၏။

ထိုရွေ့လျားမှုသိုင်းကွက်မှာ ပရမ်းပတာဖြစ်နေသော်လည်း အလွန်အမင်းကို လျင်မြန်လှပါစ၏။ ထိုလျင်မြန်မှုကြောင့် သူ၏လက်သည်းကုပ်ချက်များမှာ လုံးဝကိုလိုက်မမီနိုင်ခဲ့သည် ဖြစ်ပါသည်။ ထိုအဖြစ်အပျက်ကြောင့် မူဟိုင်မင်းက စိတ်မရှည်တော့ပါချေ။

သာမန်ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်း သိုင်းသမားတစ်ယောက်က သူ့အားထိုကဲ့သို့

ကူကယ်ရာမဲ့အောင် လုပ်ဆောင်နိုင်ခြင်းက ပို၍ပို၍ပင် ဒေါသထွက်စေခဲ့ပါ၏။

မူဟိုင်မင်းစိတ်မရှည်တော့သည်ကို မြင်သောအခါတွင် လီဟမ်ရှန်းက အခွင့်အရေးကို အမိအရယူလိုက်ပါတော့သည်။ အင်မော်တယ် အရှင်သခင်လက်ညှိုးသိုင်းက ချက်ချင်းကိုထွက်ပေါ်လာခဲ့ပါတော့၏။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုအင်အားတစ်ရပ်မှာ လီဟမ်ရှန်း၏လက်ညှိုးမှတစ်ဆင့် မူဟိုင်မင်း၏ ရင်ဘတ်ထဲသို့ ထိုးသွင်းသွားခဲ့ပါတော့သည်။

လီဟမ်ရှန်းကသူ၏အတွင်းအားကိုထိန်းချုပ်နိုင်ခြင်းသည် ယခင်ကနှင့်မတူဘဲ ပိုမို၍တိုးတက်လာခဲ့ပါ၏။ မိုးကြိုးအလျင်ကျင့်စဥ်ကို ပိုမိုပိုင်နိုင်လာရုံသာမက အင်မော်တယ် အရှင်သခင်လှံသိုင်းကို ထိန်းချုပ်မှုများမှာလည်း ယခင်ကထက်မတူဘဲ ပိုမို၍တိုးတက်လာခဲ့ပါ၏။

အရင်တုန်းကဆိုရင် လီဟမ်ရှန်းက အင်မော်တယ် အရှင်သခင်လှံသိုင်းကို ထုတ်သုံးပါက ပထမဦးဆုံးလှံချက်ကို အရင်ဆုံးစ၍ ထုတ်သုံးခဲ့ရပါသည်။

ယခုတွင်တော့ သူက ငါးချက်မြောက်လှံသိုင်းကွက်ကို တစ်ခါတည်းထုတ်သုံးနိုင်နေပြီဖြစ်၏။ ထိုအဆင့်မှာ အင်မော်တယ် အရှင်သခင်လက်ညှိုးသိုင်းကိုအသုံးပြုရာတွင်လည်း တန်းတူသာဖြစ်ပါသည်။

သူ၏ပထမလက်ညှိုးချက်ကို အသုံးပြုမှုမှာ လက်ညှိုးချက်ငါးချက်ကိုအသုံးပြုမှုအင်အားနှင့် တစ်တန်းထဲရှိနေပါတော့သည်။ လီဟမ်ရှန်း၏လှုပ်ရှားမှုမှာ ငန်းတစ်ကောင်၏ လှုပ်ရှားမှုအလား တင့်တယ်နေခဲ့ပါတော့သည်။ မူဟိုင်မင်း၏ ရင်ဘတ်ကို သူ၏လက်ညှိုးချက်များမှာ ဆက်တိုက်ကို ကျဆင်းနေခဲ့ပါတော့၏။ လက်ညှိုးချက်သုံးချက်တိုက်ခိုက်မှုကိုခံပြီးနောက်တွင် မူဟိုင်မင်းက သူ၏ရင်ဘတ်ကို ပြင်းထန်စူးရှသောလှအင်အားများက ထိုးဖောက်လိုက်ခြင်းကိုခံစားလိုက်ရပါတော့သည်။

“ ခွက်”

သူ၏ရင်ညွှန့်ရိုးကျိုးပဲ့သွားခဲ့ပါ၏။ နောက်ထပ် အင်အားနှစ်ရပ်မှာ သူ၏အရေပြားကို ထိုးဖောက်သွားခဲ့ပါသည်။ သူ၏အတွင်းအင်္ဂါရပ်များ တစ်စစီ ကျိုးပဲ့ကုန်ခဲ့ပါ၏။ မူဟိုင်မင်းက သွေးပွက်ပွက်အန်နေရင်းဖြင့်အဝေးသို့ လွင့်ထွက်သွားခဲ့ပါ၏။

သူလွင့်သွားသည်မှာ စစ်ဆေးရေးမှူးရုံး၏ ဒေါက်တိုင်တစ်တိုင်ကို သွားရောက်ထိမှန်ခဲ့ပြီးနောက် ထိုဒေါက်တိုင်ကြီးမှာ တစ်စစီကျိုးပဲ့ကျသွားခဲ့ပါသည်။ မူဟိုင်မင်းက မြေပြင်ပေါ်သို့ပစ်လဲကျသွားပြီးနောက် သတိမေ့လျော့သွားခဲ့ပါ၏။ ထိုအချိန်မှသာ လီဟမ်ရှန်းက သူ၏ဆန့်ထားသောလက်ညှိုးကို ပြန်လည်ရုတ်သိမ်းလိုက်ပါ၏။ သူက ကျန်ရှိသောလူများအားလုံးကို ဝေ့ဝိုက်ကာကြည့်လိုက်ပါသည်။ လက်ရှိအချိန်တွင် စစ်ဆေးရေးမှူးရုံးခန်းတစ်ခုလုံးမှာ အပ်ကျသံမျှ မကြားရလောက်အောင်ကို တိတ်ဆိတ်နေခဲ့ပါသည်။ မူအိမ်တော်မှ လူများ စစ်ဆေးရေးမှူးရုံးမှလူအားလုံးမှာ တိတ်ဆိတ်ကာအံ့သြနေခဲ့ကြပါ၏။ လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းတွင်သာရှိသည်။

မူဟိုင်မင်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိသည်။ သူတို့နှစ်ယောက်အကြားရှိ ကျင့်ကြံမှုအဆင့်ကွာဟချက်မှာ လွန်စွာကြီးမားလှပေသည်။ တကယ့်တကယ်တမ်းတိုက်ခိုက်သည့်အချိန်တွင်တော့ သူတို့ထင်ထားသလို မဟုတ်နေပါတော့ချေ။

မူဟိုင်မင်းက လီဟမ်ရှန်းကိုစတင်၍တိုက်ခိုက်သည့်တိုင် လီဟမ်ရှန်း၏အဝတ်အစားများကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါချေ။ သို့သော် လီဟမ်ရှန်း၏ သာမန်ရွေ့လျားမှုတစ်ရပ်က မူဟိုင်မင်းအားသွေးပွက်ပွက်အန်စေပြီးနောက် မေ့လဲသွားစေခဲ့ပါသည်။

ထိုကဲ့သို့သောအခြေအနေကို သူတို့က ဘယ်လိုမျိုး ယုံကြည်ပေးရမှာလဲ။ ယခုအဖြစ်အပျက်ကို ကိုယ်တိုင်မမြင်ဘဲ တစ်ဆင့်စကားအဖြစ်သာပြန်ကြားရမည်ဆိုပါက မည်သူမျှယုံကြည်လိမ့်မည် မဟုတ်ပါချေ။

“ မင်းတို့တွေမှာ တစ်ခြားလုပ်စရာမရှိတော့ဘူးလား”

လီဟမ်ရှန်းက မူအိမ်တော်မှ လူများကိုကြည့်ကာ ခံစားချက်မဲ့နေသည့်အမူအရာဖြင့်မေးလိုက်ပါ၏။

“ကျုပ်တို့...... “

မူအိမ်တော်မှလူများသည် ပြောလိုသည့်စကားများကို လည်ချောင်းဝမှထွက်အောင် မပြောနိုင်ကြပါချေ။ “ပြသနာမရှိတော့ပါဘူးဗျာ”

“ မင်းတို့မှာ လုပ်စရာမရှိတော့ဘူးဆိုရင် ပြသနာရှာစရာမရှိတော့ဘူးဆိုရင် ထွက်သွားတော့”

လီဟမ်ရှန်းက ပြောလိုက်၏။

“ ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ”

ယခုအချိန်တွင် မည်သူမျှအသံတစ်သံမျှ မထွက်ရဲပါတော့ချေ။ မူဟိုင်မင်းလိုမျိုး သိုင်းပညာရှင်တစ်ယောက်က ရှုံးနိမ့်သွားပြီဆိုမှတော့ ကျန်တဲ့နောက်လိုက်ငယ်သားများက ဘာလုပ်ရဲကြတော့မှာလဲ။

လူအချို့ကအရှေ့သို့တိုးလာပြီးနောက် မူဟိုင်မင်းကို ဆွဲထူရန်ကြိုးပမ်းလိုက်ပါ၏။ ထိုအခိုက်တွင် လီဟမ်ရှန်းက ပြောလိုက်သည်။

“ ဒီလူက စစ်ဆေးရေးမှူးရုံးရဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးထားတယ်။ တံခါးတွေရော ဒေါက်တိုင်တွေရောဖျက်ဆီးထားတယ်။ အဲ့ဒီအပြင်ကိုမှ စုံစမ်းစစ်ဆေးရေးမှူးရုံးက စစ်ဆေးရေးမှူးကိုယ်တိုင်ကို သူက ရိုက်နှက်ဖို့အတွက်ကြံရွယ်ခဲ့တယ်။ နိုင်ငံတော်ကိုပုန်ကန်တာလို့တောင် သတ်မှတ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါကအရမ်းကို စိတ်သဘောထားကြီးမြင့်တဲ့အတွက်ကြောင့်မို့ သူ့ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်”

“ ဒါပေမဲ့ ပျက်ဆီးသွားတဲ့ အပျက်အဆီးတွေကိုတော့ မူအိမ်တော်က ပြန်လျော်ဖို့ လိုလိမ့်မယ်”

ထိုသို့ပြောပြီးနောက်တွင် လီဟမ်ရှန်းက နောက်သို့လှည့်ပြီးနောက် စားပွဲခုံသို့သွားလိုက်ပါသည်။ သူက စာတစ်စောင်ကိုကောက်ရေးလိုက်ပါသည်။ ထို့နောက်တွင် ထိုစာအား မူအိမ်တော်မှ လူတစ်ယောက်ကို ကမ်းပေးလိုက်၏။

“ဒီထဲမှာ ပြန်လျော်ရမယ့်ပစ္စည်းရဲ့ တန်ဖိုးတွေရယ် အဖိုးအခတွေပါတယ်။ မူအိမ်တော်ကလူက်ု ဒီစာရွက်ကိုပြပြီးတော့လျော်ကြေး ပေးဖို့ပြောလိုက်။ မဟုတ်လို့ကတော့...”

လီဟမ်ရှန်းမှာ ကျန်သောစကားကိုမပြောဘဲနှင့် တိတ်ဆိတ်စွာခြိမ်းခြောက်လိုက်ပါသည်။

မူအိမ်တော်မှလူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် သူတို့က ဓားစာခံများဖြစ်သွားသည်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သိရှိလိုက်ကြပါတော့၏။

“ဟုတ်ကဲ့ပါ”

မူအိမ်တော်မှလူများသည် ရောက်လာခါစလိုမျိုး လုံးဝကိုမောက်မာနေသည့်အမူအရာများမရှိတော့ပါချေ။ သူတို့အားလုံးကစစ်ဆေးရေးမှူးရုံးမှ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများဖြင့် ထွက်ခွာသွားကြပါတော့သည်။ သူတို့က ပြသနာရှာရန်လာခဲ့ကြသည့်တိုင် သူတို့ပဲပြန်ခံခဲ့ရသည် မဟုတ်ပါလား။ သူတို့က မုရှုံကိုလည်းမကယ်နိုင်ခဲ့ပါချေ။

သူတို့၏ ညီအစ်ကိုတစ်ယောက်လည်းအသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ထို့အပြင် ခေါင်းဆောင်ဖြစ်သူ မူဟိုင်မင်းကပင် ဓားစာခံအဖြစ် စစ်ဆေးရေးမှူးရုံး၌ ကျန်ရစ်ခဲ့ရသည် မဟုတ်ပါလား။

ထိုကဲ့သို့သောအဖြစ်အပျက်မှာ သူတို့၏အထင်အမြင်များနှင့် တက်တက်စင်အောင်လွဲမှားနေသည့်အပြင် တွေးတောင်မတွေးထားသောကိစ္စရပ်တွေဖြစ်ခဲ့ပါသည်။ မူအိမ်တော်က မြွေဖြူလမ်းကြောင်းကို နှစ်ပေါင်းများစွာကြာသည်အထိ လွှမ်းမိုးနိုင်ခဲ့ပြီး မည်သူ့ကိုမျှကြောက်ရွံ့ခြင်းမရှိခဲ့ရပါချေ။ နှစ်ပေါင်းများစွာကြာသည်အထိ ရောက်ရှိလာသော စစ်ဆေးရေးမှူးတိုင်းသည် ရုပ်သေးရုပ်များသာဖြစ်ပါသည်။

ထိုစစ်ဆေးရေးမှူးများသည် သူတို့ပေးသောငွေကြေးများကိုလက်ခံပြီးနောက် တိတ်ဆိတ်စွာဖြင့် ပြန်သွားကြသောသူများသာဖြစ်၏။ သို့သော်ယခုတစ်ယောက်မှာမူ ကွာခြားလှပါသည်။ ထိုသူက သူတို့အား အတိုက်အခံပင်လုပ်ရဲနေခဲ့ပါ၏။

“ မင်းတို့က ဘာကြည့်နေကြတာလဲ” လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးက လူတိုင်းက သူအားကြည့်နေသောကြောင့် မျက်မှောင်ကြုံ့ကာ ပြောလိုက်ပါ၏။

“ဒီကောင့်ကို အကျဥ်းထောင်ထဲချုပ်လိုက်တော့လေ”

“ အားးးး အမိန့်အတိုင်းပါ။ အမိန့်အတိုင်းပါ”

အစောင့်များက မူဟိုင်မင်းအား ခပ်မြန်မြန်ပင်ထူကာ အချုပ်ထဲသို့ခေါ်သွားခဲ့ကြပါ၏။ အကျဥ်းထောင်ထဲ၌ အခန်းလွတ်များစွာရှိသည့်အနက် အခန်းတစ်ခန်းသာလျှင်အချုပ်သားများရှိပါ၏။

ထို့အခန်း၌ မုရှုံနှင့်သူ၏လက်အောက်ငယ်သားများသာ ရှိနေခဲ့ကြပါ၏။ ထိုနေရာ၌ အချုပ်ခံထားရသော မုရှုံမှာလုံးဝကိုကြောက်ရွံ့တုန်လုပ်နေသည့်အမူအရာမျိုးရှိမနေခဲ့ပါချေ။

သူက အကျဥ်းထောင်စောင့်သော အစောင့်နှစ်ယောက်အား လှောင်ပြောင်နေခဲ့ပါ၏။

“မင်းတို့ခွေးနှစ်ကောင် ငါ့ကိုအခုအချိန်မှာလွှတ်ပေးဖို့အတွက် နောက်မကျသေးဘူးနော်။ မူအိမ်ကလူတွေလာလို့ရှိရင်တော့ အဲ့အချိန်ကျမှ ငါ့ကိုလွှတ်ပေးလို့ရှိရင်လည်း မင်းတို့မရတော့ဘူး။ အဲ့အချိန်ကျရင် ငါက မင်းတို့နှစ်ကောင်ရဲ့ခြေထောက်ကို ချိုးပစ်မှာကွ”

ထောင်စောင့်နှစ်ယောက်မှာ ကြောက်ရွံ့မှုကြောင့် တစ်ဆက်ဆက်တုန်၍နေခဲ့၏။ သူတို့က မူအိမ်တော်ကို တကယ်ကိုပင်ထိတ်လန့်ကြောက်ရွံ့ကြပါသည်။

“ မုရှုံ မင်း ငါတို့ကိုခက်ခဲအောင်မလုပ်ပါနဲ့ကွာ။ ငါတို့က လစာရလို့သာဒီမှာလာပြီးလုပ်နေတာပါ။ မင်းကို ငါတို့လွှတ်လိုက်လို့ရှိရင် ငါတို့မိသားစုကို ဘယ်လိုများထောက်ပံ့လို့ရမှာလဲ”

အစောင့်တစ်ယောက်မှာ ငိုသံကြီးနှင့် ပြောလိုက်ပါသည်။

“ဟင့်  ငါတို့အပြင်ရောက်လို့ကတော့ မင်းတို့မိသားစုတွေအကုန်လုံး ငရဲမှာပြန်ဆုံဖို့သာပြင်ထားကြကွာ” မူအိမ်တော်၏ လက်အောက်ငယ်သားတစ်ဦးကအေးစက်သောလေသံဖြင့်ပြောလိုက်ပါသည်။

“ အချိန်ကျရောက်နေပြီကွ။ မုရှုံက အပြင်ဘက်မှ ဖြာကျနေသောနေရောင်ခြည်ကိုကြည့်ရင်းပပြုံးကာပြောလိုက်ပါသည်။ အခုလောက်ဆိုရင် မူအိမ်တော်က လူတွေက စစ်ဆေးရေးမှူးရုံးကို ရောက်လောက်နေပြီ။ သိပ်မကြာခင်မှာ အကျဥ်းထောင်တံခါးပွင့်လာလိမ့်မယ်။ အဲ့ဒီကျလို့ရှိရင် မင်းတို့နှစ်ကောင်လုံးသေပြီ”

“တ တကယ်ကြီးလား”

အစောင့်တစ်ယောက်က ကြောက်ရွံ့စွာဖြင့် အခြားအစောင့်တစ်ယောက်အားမေးလိုက်ပါသည်။

ထိုအချိန်တွင် အကျဥ်းထောင်တံခါးမှာ ပွင့်သွားခဲ့ပါသည်။ ထိုတံခါးပွင့်သံကြောင့် အစောင့်နှစ်ယောက်စလုံးကို သေးထွက်ကျမတတ် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့ပါသည်။

“ဟား ဟား ဟား” လူတိုင်းက အော်ဟစ်ရယ်မောကာ လှောင်လိုက်ပါသည်။

“ သူတို့ ငါတို့ကိုလာကယ်ပြီဟေး”

မုရှုံက အပြုံးတစ်ခုဖြင့် ပြောလိုက်ပါသည်။ သို့သော် သူတို့အထင်နှင့် တက်တက်စင်အောင်လွဲမှားစွာ အစောင့်နှစ်ယောက်သာဆင်းလာခဲ့ပါ၏။

ထိုအစောင့်နှစ်ယောက်က လူတစ်ဦးကိုတွဲလျက် ဆင်းလာခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ထောင်စောင့်နှစ်ယောက်အားပြောလိုက်ပါသည်။

“လာကြကွာ ဒီလူကိုဝိုင်းပြီးတော့ တွဲကြပါအုန်း။ ပြီးလို့ရှိရင် အဲ့ဒီလူကိုအကျဥ်းခန်းထဲထည့်ပြီးတော့ ပိတ်ထားလိုက်ကွာ။ ပြီးတော့သူ့ကိုသေချာလေး စောင့်ကြပ်ဖို့ပြင်ထား”

“ အားး အမိန့်အတိုင်းပါ။ အမိန့်အတိုင်းပါ”

အစောင့်နှစ်ယောက်မှာလဲ ခပ်မြန်မြန်ပင်သွားထူလိုက်ပါသည်။

“ နေစမ်းပါအုန်း။ ဒီလူက ဘာလို့ရင်းနှီးနေတာလဲ။ ဟာ ဒါက မူအိမ်တော်က မူဟိုင်မင်းမဟုတ်ဘူးလား”

အစောင့်နှစ်ယောက်စလုံးမှာ တော်တော်လေးကို ထိတ်လန့်သွားခဲ့ပါ၏။

“ ဒီလူဘာဖြစ်သွားတာလဲ”

မုရှုံနှင့် ကျန်သူများကလည်း ယခုရောက်ရှိလာသောသူမှာ ရင်းနှီးနေသည်ဟု ခံစားနေခဲ့ကြရပါသည်။ မူဟိုင်မင်းမှန်း သိသွားသည့်အခါ၌ သူတို့က အတော်ကြီးကို ထိတ်လန့်သွားခဲ့၏။

ဘယ်လိုဖြစ်လို့ မူဟိုင်မင်းကလည်း အကျဥ်းထောင်ကိုရောက်လာရတာလဲ။ မူဟိုင်မင်းက ပြန်လည်မွေးဖွားခြင်းရဲ့ အထွတ်အထိပ်မှာရှိတဲ့ သိုင်းသမားတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီးတော့ သူက ဒီအခြေအနေထိရောက်အောင် အရိုက်ခံလိုက်ရတာလဲ။ ထိုအဖြစ်အပျက်ကိုမြင်သောအခါ အစောင့်နှစ်ဦးက ရယ်မောလျက်ပြောလိုက်ပါ၏။

“ ဒီလူက စစ်ဆေးရေးမှူးရုံးမှာ လာပြီးတော့သောင်းကျန်းနေတယ်လေ။ အဲ့ဒါကြောင့်မလို့ ငါတို့ရဲ့စစ်ဆေးရေးမှူးကြီးက သိုင်းကွက်တစ်ကွက်ပဲထုတ်ပြီးတော့သူ့ကိုဒီအခြေအနေရောက်အောင်ဆော်ထည့်လိုက်တာပဲ မင်းတို့နှစ်ယောက်မမြင်လိုက်ရတာ သိပ်နာတယ်ကွာ”

“ နေအုံး သိုင်းကွက်တစ်ကွက်တည်းဟုတ်လား”

ထောင်စောင့်နှစ်ယောက်မှာလည်း လုံးဝကိုမယုံကြည်နိုင်ခဲ့ပါချေ။

“ မင်းတို့တွေ သောက်ပိုတွေပြောနေတာပဲ”

မုရှုံက ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပါသည်။

“ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းက ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်ကို သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်တိုက်လိုက်တာတဲ့လား။ ဘယ်သူကယုံနိုင်မှာလဲ”

လီဟမ်ရှန်းက သူ့ထက်အများကြီး ခွန်အားကြီးမားပြီးတော့ အတွင်းအားကောင်းသည်ကိုသူက ဝန်ခံပါ၏။ သို့သော် လီဟမ်ရှန်းက မူဟိုင်မင်းအား အကွက်တစ်ကွက်တည်းအသုံးပြုကာ အနိုင်ယူလိုက်သည်ကို လုံးဝမယုံကြည်နိုင်ပါချေ။ ဒါပေမဲ့လည်း သူ့မျက်စိရှေ့တွင်မြင်နေရသည့် မြင်ကွင်းကို ဘယ်လိုမှပင် မဖြေရှင်းနိုင်ခဲ့ပါ၏။ ယခုမှသာ ထောင်စောင့်နှစ်ယောက်ကလည်း သက်ပြင်းများချနိုင်ပါတော့သည်။

မူဟိုင်မင်းလိုလူတောင်မှ အကျဥ်းထောင်ထဲရောက်လာပြီဆိုမှတော့ မုရှုံကို ဘာကြောက်စရာလိုတော့မှာလဲ။

ဝူစန်းထောင်နှင့် သူ့လူများသည် အခွန်အခကောက်ခံခြင်းနှင့်ပတ်သက်သောအကြောင်းအရာများကို လူထုပြန်ကြားရေးဆိုင်းဘုတ်နေရာ၌ တပ်ဆင်နေကြပါသည်။

စစ်ဆေးရေးမှူးရုံးမှ နောက်ထပ်အမိန်ပြန်တမ်းတွေကိုကပ်နေသည်ကိုမြင်သည့် သာမန်ပြည်သူများမှာ စိတ်ဝင်စားနေကြသော်လည်း အနီးသို့ကပ်ကာ တိုးဝေ့ပြီးမကြည့်ရဲကြပါချေ။ ဝူစန်းထောင်နှင့် သူ၏လူများထွက်သွားသည့်အခါမှသာ သာမန်ပြည်သူများမှာ စုရုံးပြီးတော့ကြည့်ကြပါ၏။

သူတို့အားလုံးက စိုးရိမ်ကြောက်လန့်နေခဲ့ကြပါသည်။ စစ်ဆေးရေးမှူးရုံးမှ နောက်ထပ် အခွန်အခများတိုးမြှင့်ကာကောက်မည်ကို သူတို့ကစိတ်ပူနေကြပါ၏။ လတ်တလောတွင် ပေးနေရသောအခွန်အခများမှာ သူတို့၏ဘဝကို အတော်လေးကို ဒုက္ခရောက်ခဲ့သည်ဖြစ်ပါ၏။

“ ဘာရေးထားလဲ။ ဘာရေးထားလဲ။ သူတို့နောက်ထပ် ထပ်ပြီးတော့ ဘာအခွန်တိုးကောက်နေတာလဲ”

“ စစ်ဆေးရေးမှူးအသစ်က ထပ်ရောက်လာပြီးတော့ အခုအခွန်တွေ ထပ်တိုးကောက်ပြန်ပြီလား။ ငါတို့ ဘယ်လိုမျိုး အသက်ရှင်ရတော့မှာလဲ” စာမတတ်သည့်အဘိုးကြီးတစ်ယောက်က သက်ပြင်းများချကာ စိုးရိမ်ပူပန်သည့်လေသံဖြင့် ပြောလိုက်ပါသည်။ ဒါပေမဲ့ စာတတ်သောလူများမှာ အရှေ့သို့တိုးလာပြီးနောက် ဆိုင်းဘုတ်ရှိစာများကို ဖတ်နေကြပါသည်။ သူတို့ကြာကြာဖတ်လေလေ သူတို့မျက်နှာပေါ်ရှိအံ့သြသောအမူအရာများမှာ ပိုမို၍ထင်ရှားလာလေလေဖြစ်ပါသည်။

“ ဘာဖြစ်တာလဲ။ နောက်ထပ်အခွန်တွေ ထပ်ပြီးတိုးကောက်တာလား”

စာမတတ်သည့်လူတစ်ယောက်က မေးလိုက်ပါ၏။ ကျောင်းတော်သားနှင့်တူသော လူငယ်တစ်ယောက်က ထိတ်လန့်နေသောအမူအရာဖြင့်ပြောလိုက်ပါသည်

“ ဒါက အခွန်ကောက်တဲ့အမိန့်မဟုတ်ဘူး။ အခွန်နုတ်တဲ့အမိန့်။ ဟင် အခွန်တွေကအခွန်နုတ်တဲ့အမိန့်ဆိုပြီးတော့ ထပ်ထွက်လာပြန်တာလား” လူအိုကြီးက အံ့သြစွာဖြင့်အော်ဟစ်လိုက်ပါသည်။

“အရင်တစ်ခေါက်တုန်းက ကျောင်းတက်တဲ့အတွက်အခွန်ကောက်ပြီးသွားပြီမဟုတ်ဘူးလား။ အခွန်ပေးရတာအတွက်တောင်မှ နောက်ထပ် ထပ်ပြီးအခွန်ပေးရအုန်းမှာလား”

“ မဟုတ်ဘူး။  မဟုတ်ဘူး။ မဟုတ်ဘူး။ အခွန်နုတ်ပြီးတော့ ပေးရတဲ့အခါမျိုးမဟုတ်ဘူး။ ကောက်နေတဲ့အခွန်တွေကို နုတ်တယ်ဆိုတဲ့အဓိပ္ပါယ်ဗျ”

ကျောင်းတော်သားက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးကာပြောလိုက်ပါသည်။

“ဒီအမိန့်ပြန်တမ်းထဲမှာရေးထားတာက ဒီနေ့ကစပြီးတော့ အဓိပ္ပါယ်မရှိတဲ့အခွန်တွေအကုန်လုံးကို ဖျက်သိမ်းလိုက်ပြီတဲ့။ သာမန်အခွန်အခတွေကလွဲပြီးတော့ တခြားအဓိပ္ပါယ်မရှိတဲ့အခွန်တွေအကုန်လုံးကို ဖျက်သိမ်းတယ်”

ထိုစကားပြောပြီးသည့်နောက်တွင် စုရုံးနေသောလူအုပ်ကြီးထံမှ ပျော်ရွှင်ဝမ်းမြောက်စွာဟစ်ကြွေးမှုများ ပေါ်ထွက်လာခဲ့ပါ၏။

“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ” လူအုပ်ထဲ၌ လူတစ်ဦးက ထိုအမိန့်ပြန်တမ်းကိုဖတ်ပြီးနောက်တွင် မျက်မှောက်ကျုံ့ကာ လျင်မြန်စွာဖြင့်ထွက်သွားခဲ့ပါ၏။

ယနေ့တွင် တုရှန်မြို့တစ်မြို့လုံးသည် စည်ကားနေခဲ့ပါသည်။ သာမန်လူပြည်သူများအားလုံးက စစ်ဆေးရေးမှူးရုံးကထုတ်ပြန်လိုက်သည့် အမိန့်ပြန်တမ်းနှင့်ပတ်သက်ကာ ဆွေးနွေးနေကြပါသည်။

သို့သော် မူအိမ်တော်နှင့် ဟွာမိသားစုတို့မှာမူ ဒေါသပုန်ထနေခဲ့ကြပါ၏။ လီဟမ်ရှန်းက သူတို့တောင်းဆိုသလိုမျိုး မြေခွန်ကိုမတိုးမြှင့်ရုံသာမက

ယခင်ကကောက်ခံခဲ့သော အခွန်အခများအားလုံးကိုဖျက်သိမ်းလိုက်သောကြောင့် အတော်လေးကိုဒေါသထွက်နေခဲ့ပါသည်။

ထိုအဖြစ်အပျက်မှာ ဟွာမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သော ဟွာရှန်းကောကို လူသတ်ချင်လောက်သည်အထိ ဒေါသထွက်စေခဲ့ပါ၏။  ပြန်လည်သတင်းပို့သောသူ့လက်အောက်ခံလူ၏ သတင်းပို့မှုအပြီးတွင်မူ ဟွာရှန်းကောက လီရန်ရှန်းမှာ သူတို့အားအမှန်တကယ်ဆန့်ကျင်နေသည်ဟု ခံစားလိုက်ရပါတော့သည်။

စစချင်းတုန်းက ဟွာကျီယူးက စစ်ဆေးရေးမှူးရုံးထံသို့ ငွေစ တစ်သောင်းသုံးထောင်ပေးခဲ့ရသည်ကို ဟွာရှန်းကောက ထူးဆန်းသည်ဟုထင်မိပါသည်။ မူအိမ်တော်နှင့် အကျိုးအကြောင်းဆွေးနွေးကာပြောဆိုပြီးနောက်တွင် သူတို့အား လီဟမ်ရှန်းက ကစားသွားသည်ကိုသိလိုက်ရပါတော့၏။

ဒါပေမဲ့ ဟွာရှန်းကောက ဂရုမစိုက်ခဲ့ပါချေ။ လီဟမ်ရှန်းက လောဘကြီးသောသူဖြစ်လျှင် ပို၍ကောင်းပါ၏။ သို့သော် မမျှော်လင့်ထားသည်က သူတို့ထံမှငွေယူပြီးသည့်တိုင် လီဟမ်ရှန်းက ဟွာမိသားစုအားဆန့်ကျင်နေခြင်းပင်ဖြစ်၏။

“ဒီကောင်က ဘာလုပ်ဖို့ကြံနေတာလဲ”

“မိသားစုခေါင်းဆောင်” ထိုအခိုက်တွင် ဟွာရှန်းကောအရှေ့တွင် ဒူးထောက်နေသောသူက ခပ်မြန်မြန်ပင်ပြောလိုက်ပါသည်။

“မနေ့ညတုန်းက မူအိမ်တော်ကလေ စစ်ဆေးရေးမှူးရဲ့လက်အောက်မှာ တော်တော်ကြီးကို အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်သွားတယ်ဗျ။ သူတို့တင်ပို့တဲ့ ကုန်တွေအကုန်လုံးကလည်း ဖမ်းဆီးပြီးတော့အသိမ်းဆည်းခံလိုက်ရတယ်။ အဲ့ဒီအပြင်ကိုမှ မုရှုံပါအဖမ်းခံလိုက်ရတယ်။၏”

“ ဒီနေ့ အဲ့ဒီအဖြစ်အပျက်တွေကြောင် မူဟိုင်မင်းကိုယ်တိုင် သွားပြီးတော့ စစ်ဆေးရေးမှူးရုံးကို ဖြေရှင်းချက်သွားတောင်းခဲ့တယ်။ ဒါပေမဲ့ မူဟိုင်မင်းက သေလုမျောပါးဒဏ်ရာရပြီးတော့ အခုစစ်ဆေးရေးမှူးရုံးမှာအကျဥ်းချခံထားရတယ်”

“မူဟိုင်မင်းက စစ်ဆေးရေးမှူးရဲ့တိုက်ကွက်ကြောင့်ရှုံးနိမ့်သွားတယ်?ဟုတ်လား။ နေစမ်းပါအုံး။ စစ်ဆေးရေးမှူးရုံးက အခုမှ ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာမဟုတ်လား”

ဟွာရှန်းကောက အံ့သြနေခဲ့ပါသည်။

“ဟုတ်တယ်။ သူဘယ်လိုလုပ်လိုက်လဲ ကျုပ်မသိဘူး။ ထိုသူကလည်း ပဟေဠိဖြစ်နေသောအမူအရာဖြင့်ပြောလိုက်ပါသည်”

သို့သော်ထိုသတင်းက အမှန်အကန်ကို မှန်ကန်သည့်သတင်းဖြစ်ပါသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဟွာမိသားစုကို ဆန့်ကျင်တဲ့ လီဟမ်ရှန်းဆိုတဲ့ကောင်ကို အသက်ရှင်လျက်ထားလို့မဖြစ်တော့ဘူး”

ဟွာရှန်းကော၏မျက်လုံးထဲ၌ အေးစက်သောအရှိန်အဝါများကို မြင်ရမည်ဖြစ်၏။

“ ဒါဆိုရင် မိသားစုခေါင်းဆောင်ဘာလုပ်ဖို့ စဥ်းစားထားလဲ”

ထိုသူက သတိကြီးကြီးထားလျက်မေးလိုက်ပါ၏။

“မလောနဲ့အုန်း။ အရင်ဆုံး မူအိမ်တော်က ဘာလုပ်မလဲဆိုတာကြည်ကြတာပေါ့” ဟွာရှန်းကောက ခံစားချက်မဲ့စွာဖြင့်ပြောလိုက်ပါသည်။

All Chapters