ပြိုင်စံရှားတစ်ယောက် ကျဆုံးခြင်း
Vol. 48 Ch. 706
“အား”
စစ်ထူရှစ်၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ရုပ်သေးဂိုဏ်း၏ ကျင့်ကြံသူများဖြစ်စေ၊ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ ကျင့်ကြံသူများဖြစ်စေ.. သူတို့၏ အချိန်အများစုကို သူတို့၏ ရုပ်သေးရုပ်များနှင့် တိုက်ပွဲဝင်အလောင်းများကို သန့်စင်ခြင်း၌သာ အသုံးချကြလေသည်။
အဆိပ်ဂိုဏ်းနှင့် အုတ်ဂူဂိုဏ်း၏ ကျင့်ကြံသူများမှာလည်း ဆင်တူသော စွဲလမ်းမှုအထုံ ရှိကြပြီး သူတို့၏ အားစိုက်ထုတ်မှု အများစုကို ပြင်ပပစ္စည်းများအပေါ်တွင်သာ အသုံးချကြလေသည်။
ထို့ကြောင့်ပင် သူတို့ကို မိစ္ဆာဒိဋ္ဌိဝါဒီများဟု ခေါ်ဆိုသမုတ်ကြခြင်း ဖြစ်လေသည်။
အဲ့ဒီမှာ လူတစ်ယောက်၏ ခွန်အားက အကန့်အသတ် ရှိလေသည်။
သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုအပေါ်မှာ အားစိုက်ခြင်း နည်းပါးသောကြောင့် အခြားသောထိပ်သီးဂိုဏ်းကြီးများမှ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် မိစ္ဆာဒိဋ္ဌိငါးဝါဒီမှ ကျင့်ကြံသူများသည် ကိုယ်ကာယကြံ့ခိုင်မှုမှာ အတော်လေး အားနည်းကြလေသည်။
သူတို့ထဲတွင် ရွှေအမြုတေနယ်မြေများကို ကျင့်ကြံနိုင်သောကျင့်ကြံသူက ပိုလို့်တောင် နည်းပါးသေးလေသည်။
ဥပမာအားဖြင့် အဆိပ်ဂိုဏ်းမှ တူရန်သည် ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သည့်အတွက် အတော်ကို ရှားရှားပါးပါး ပြိုင်စံရှားတစ်ယောက် ဖြစ်ခဲ့လေသည်။ ကံဆိုးစွာနှင့် သူက သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
စစ်ထူရှစ်၏ အစွမ်းအစက သူ၏ ပေသုံးဆယ်မြင့်သော တိုက်ပွဲဝင်အလောင်းကောင်ပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုထားလေသည်။
ယခုအခါ သူ၏ တိုက်ပွဲဝင်အလောင်းကောင်က ရှစ်ကျန့်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး ရုပ်သေးသုံးရုပ်က သူ့ထံသို့ ဦးတည်လာနေပြီဖြစ်၏။ အခြေအနေက မဟန်တော့ဘူးဆိုတာ စစ်ထူရှန် ချက်ချင်း နားလည်သွားလေပြီ။
“သွား”
သူ့သိုလှောင်အိတ်ကိုပုတ်၍ ဓါးပျံတစ်လက်ကို ဆင့်ခေါ်ထုတ်ကာ ဘယ်ဘက်ခြမ်းရှိ သတ္တုရုပ်သေးဆီသို့ ပစ်လွှတ်လိုက်၏။
ချွမ်း..
သတ္တုရုပ်သေးရုပ်နှင့် ထိတွေ့မိသည့်ခဏမှာပင် မီးပွားများလွင့်၍ ဓါးပျံက ချက်ချင်းပြန်ကန်ထွက်လာ၏။
သတ္တုရုပ်သေးရုပ်က အမောကြောဆုံးနှင့် အကြမ်းအခံဆုံးကိုယ်ထည်ရှိပြီး စစ်ထူရှစ်၏ တိုက်ပွဲဝင်အလောင်းကောင်တောင်မှ အဲ့ဒါကို ဖျက်ဆီးပစ်နိုင်ဖို့ ခက်ခဲလေသည်။ ထိုသို့ဆိုလျှင် စစ်ထူရှစ်၏ ဓါးပျံတစ်လက်က ၎င်းကို ဘယ်လိုလုပ် ဒဏ်ရာရစေနိုင်ပါမည်နည်း။
စစ်ထူရှစ်က အထိတ်တလန့်ဖြင့် စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
မြေရုပ်သေးရုပ်က သဲမှုန်များကို သုံး၍ ဒိုင်းကာတစ်လက်ကို ဖန်တီးကာ ထိုစိတ်ဝိညာဉ်တိုက်ကွက်ကို အလွယ်တကူ ခုခံလိုက်၏။
သူ မခုခံနိုင်တော့ဘူးဆိုတာ နားလည်သွားပြီး စစ်ထူရှစ်က လှည့်ထွက်ပြေးလိုက်၏။ မမျှော်လင့်စွာဘဲ.. သူ့ခြေထောက်အောက်မှ အစိမ်းရောင်နွယ်များက ထိုးတက်လာပြီး သူ့ခြေထောက်များကို ရစ်ပတ်လိုက်၏။
သူ မသိလိုက်ခင်မှာပင် သစ်ရုပ်သေးရုပ်က သူ့ရှေ့သို့ ရောက်နေလေပြီ။
နွယ်ပင်များ၏ အရွက်များက စက္ကုစလို ပါးလွှာပြီး အလွန်တရာ ထက်ရှကာ စစ်ထူရှစ်၏ ပေါင်တံကို လှီးဖြတ်လိုက်၍ သွေးများက စီးကျလာ၏။
“အား”
စစ်ထူရှစ်က ဝမ်းနည်းဖွယ်ရာ အော်ဟစ်လိုက်၏။
သတ္တုရုပ်သေးရုပ်ကလည်း ရောက်ရှိလာပြီဖြစ်ကာ သူ့လက်ဝါးကို ဓါးတစ်လက်ကဲ့သို့သုံး၍ စစ်ထူရှစ်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။
၎င်းက ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စွာ တောက်ပလာ၏။
ထိုလက်ဓါးက ရောက်မလာခင်မှာပင် စစ်ထူရှစ်သည် ခေါင်းမွေးများ ထောင်ထလာပြီဖြစ်၏။
သူသည် တွေဝေနေဖို့ အချိန်မရှိဘဲ သူ့လက်ထဲရှိ တုတ်ရှည်ကို ဝေ့ရမ်းလိုက်၏။
ချွမ်း..
သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
စစ်ထူရှစ်၏ နားက စူးစူးရှရှ နာကျင်၍ ပင်းသွားသည်ဟု ထင်လိုက်ရလေသည်။
သူက ထိုတိုက်ခိုက်မှုကို ခုခံလိုက်နိုင်သော်လည်း မြေရုပ်သေးရုပ်က ချဉ်းကပ်လာပြီးဖြစ်လေသည်။ ၎င်းက စစ်ထူရှစ်ကို ရွှံနွံများဖြင့် တစ်လွှာပြီးတစ်လွှာ ရစ်ပတ်လိုက်၏။
နောက်ခဏ၌ စစ်ထူရှစ်ကို မမြင်ရတော့ဘဲ လူပုံသဏ္ဌာန် ရွှံ့တုံးကြီးကိုသာ တွေ့ရလေတော့သည်။
ဘုန်း..
နောက်ခဏ၌ ထိုရွှံ့တုံးကြီးက မြေကြီးပေါ် လဲကျ၍ ကြေမွသွားပြီး စစ်ထူရှစ်၏ ခန္ဓာကိုယ်က တစ်ဖန် ပြန်ပေါ်လာလေသည်။
ထိုအချိန်တွင် စစ်ထူရှစ်၏ ခန္ဓာကိုယ်တွင်းတွင် မည်သည့်အသက်ဓါတ်မှ မရှိတော့ဘဲ.. သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် ထိုမျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းနှင့် မကျေမချမ်းခြင်းက ရောစွက်နေလေသည်။
“အံ့ဩစရာပဲဟေ့.. စစ်ထူရှစ်က ဒီလောက် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့တာ.. အခုတော့ ထုံထုံထိုင်းထိုင်းပုံစံနဲ့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ လူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်ဆိုတော့...”
“သူက အလုပ်တွေ အများကြီးကို တစ်ပြိုင်နက်ထဲ ခွဲပြီး လုပ်နိုင်တယ်ဟ.. သူက ဒြပ်စင်ငါးမျိုးရုပ်သေးရုပ်တွေကို ထိန်းချုပ်ပြီး အလောင်းသန့်စင်ဂိုဏ်းက ပြိုင်စံရှားကို သတ်ဖြတ်ခဲ့တာပဲ.. ရုပ်သေးဂိုဏ်းက အဲ့လူကတော့ နာမည်ကြီးလာဦးတော့မယ်”
“ဘာပဲပြောပြော.. အလောင်းသန့်စင်တာအိုကတော့ ဆိုးယုတ်ပြီးတော့ အောက်လမ်းဆန်လွန်းပါတယ်ကွာ”
အနီးအနားရှိ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ဝမ်းနည်းဖွယ်ရာ အမူအယာတို့ဖြင့် ဆွေးနွေးလိုက်ကြ၏။
“ဟောဟဲ.. ဟောဟဲ”
ရှစ်ကျန့်သည် မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်၍ အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရ၏။ သူ့အဝတ်အစားများက ချွေးများဖြင့် စိုရွှဲနေပြီဖြစ်ပြီး သူက တစ်ကယ့်ကို မောဟိုက်နေလေပြီ။
သူသည် စစ်ထူရှစ်ကို သူ့ခြေသူ့လက်နှင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်သော်လည်း ရုပ်သေးငါးရုပ်ကို ဆက်တိုက်ထိန်းချုပ်ရခြင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် စိတ္တခွန်အားတို့ကို အမြောက်အများ သုံးစွဲခဲ့ရလေသည်။
ဤတိုက်ပွဲကသာ နောက်ထပ်တစ်နာရီလောက် ဆက်သွားလျှင် ဘယ်သူအနိုင်ရမလဲ ပြောဖို့ ခက်ပေမည်။
နီဟောက်က ရှုံးနိမ့်နေပြီး စစ်ထူရှစ်က ဆိုးဆိုးရွားရွား သေဆုံးသွား၏။
သူက ဖက်တီးလေးကို တတ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် လှဲချပြီး အဝါရောင်ငရဲမြစ်ကားချပ်ကို ယူဖို့ မတတ်နိုင်ဘူးဆိုလျှင် ဒီနေ့ မထိမခိုက်ဖြင့် ကိုယ်လွတ်ရုန်းပြေးဖို့ပင် မလွယ်လောက်တော့ဘူးဆိုတာ လမ့်မင်တစ်ယောက် နားလည်သဘောပေါက်လာ၏။
“သတ်”
သူက ပြတ်သားစွာ ဟိန်းဟောက်၍ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။
“ဂျူနီယာညီလေး.. မင်းရှုံးတာ ဝန်ခံလိုက်တော့”
လမ့်မင်၏ နောက်တွင် မှုန်ရီဝေဝါးသော အဝါရောင်ငရဲမြစ်တစ်စင်းက ပေါ်လာ၏။ အဲ့ဒါက အရမ်းကြီးမားပြီး အပလောကအော်ရာက ဖြာထွက်နေကာ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အလောင်းများက ပေါလောမျောနေပြီး အထဲတွင် တစ္ဆေသရဲများက လူးလွန့်နေကြ၏။
ဝေါ..
ဖက်တီးလေးကလည်း ကြောက်လန့်ခြင်း မရှိဘဲ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။
အုတ်ဂူဂိုဏ်း၏ အမွေခံတပည့်နှစ်ယောက်က သူတို့၏ အဝါရောင်ငရဲမြစ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြလေသည်။
“ဟဲဟဲ.. ဂျူနီယာညီလေး.. မင်းရဲ့ အဝါရောင်ငရဲမြစ်ကို ထုတ်ဖော်တော့ရော ဘာလုပ်လို့ ရမှာမို့လဲ”
လမ့်မင်၏ မျက်လုံးများက လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေပြီး သူ့ခေါင်းကို ခါရမ်းလိုက်၏။
“ဒီနှစ်တွေတောက်လျှောက်.. မင်းရဲ့ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေက ငါ့ဟာကို ဘယ်တုန်းကများ နိုင်ဖူးလို့လဲ.. မင်းက ငါ့ကိုမီဖို့ အဝေးကြီး....”
လမ့်မင်သည် စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ သူ့အမူအယာက ပြောင်းလဲ၍ တောင့်ခဲသွား၏။
ဖက်တီးလေး၏ နောက်တွင်လည်း မှုန်ရီဝေဝါးသော အဝါရောင်ငရဲမြစ်တစ်စင်းက ပေါ်လာခဲ့လေပြီ။ အဲ့ဒါကလည်း ကြီးမားပြီး အပေါ်က အလောင်းများ၊ အထဲမှာက တစ္ဆေသရဲများနှင့်ပင်။ သို့သော်လည်း ၎င်းကနေ ထုတ်ပေးသော အော်ရာက လမ့်မင်၏ အဝါရောင်ငရဲမြစ်ထက် များစွာပို၍ ကြောက်ဖို့ ကောင်းနေ၏။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
လမ့်မင်သည် ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာ ငေးကြည့်နေ၏။
ဖက်တီးလေးသည် ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခင်က သူ၏ အဝါရောင်ငရဲမြစ်က ဤမျှ အတိုင်းအတာထိ ကြောက်ဖို့ မကောင်းခဲ့ပေ။
“ဂါး”
အဝါရောင်ငရဲမြစ်စီးကြောင်းထဲတွင် မြောက်များလှစွာသော လှိုင်းလုံးများကနေ ဖန်တီးထားသော ခပ်ဖျော့ဖျော့ မြွေနဂါးတစ်ကောင်၏ ပုံရိပ်ပင် ပေါ်လာပြီး ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
အဝါရောင်ငရဲမြစ်ကားချပ်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိပြီးနောက် ဖက်တီးလေး၏ ကိုယ်ကာယကသာ အသွင်ပြောင်းလဲသွားခြင်း မဟုတ်ဘဲ သူ၏ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေကပါ ဆင့်ကဲ ပြောင်းလဲလာခဲ့လေသည်။
ဒါ့အပြင် သူသည် အဝါရောင်ငရဲမြစ်ကားချပ်မှတစ်ဆင့် နဂါးကြော၏ ၅၀% ကို စုပ်ယူနိုင်ခဲ့၏။
ဖက်တီးလေး၏ အဝါရောင်ငရဲမြစ်၏ လွှမ်းမိုးမှုအောက်တွင် လမ့်မင်၏ အဝါရောင်ငရဲမြစ်က ချည့်နဲ့သော စမ်းချောင်းတစ်ခုကဲ့သို့ ဖြစ်လာလေသည်။
အဲ့ဒါကမှ တစ်ကယ့် အစစ်အမှန် အဝါရောင်ငရဲမြစ် အမြုတေနယ်မြေပင်။
မြောက်များလှစွာသော ဒီရေလှိုင်းများ၏ အလယ်ကနေ ဖက်တီးလေးက အဝါရောင်ငရဲမြစ်အမြုတေနယ်မြေကို ထိန်းချုပ်ပြီး ထိုအထဲသို့ လမ့်မင်ကို ဆွဲသွင်းလိုက်၏။
“မဖြစ်နိုင်တာကွာ..”
အဝါရောင်ငရဲမြစ်အတွင်း၌ လမ့်မင်သည် ဝမ်းခေါင်းသံဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ကြောက်မက်ဖွယ်ရာ အမူအယာဖြင့် အသည်းအသန် ရုန်းကန်နေ၏။
သို့သော်လည်း သူ၏ အဝါရောင်ငရဲမြစ်က အစစ်အမှန်အဝါရောင်ငရဲမြစ်ရှေ့တွင် အလွန်တရာ အားနည်းသွားပြီး ရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည် မရှိတော့ပေ။
“ဘယ်လို ဖြစ်ရတာလဲကွာ.. မဖြစ်နိုင်တာကို...”
လမ့်မင်၏ ခန္ဓာကိုယ်ကို အဝါရောင်ငရဲမြစ်၏ စွမ်းအားက လွှမ်းခြုံသွားပြီးနောက် သူ့အဝတ်အစားများက ကြေမှုန့်သွားကာ သူ့အသားနှင့် အရေပြားတို့ကလည်း စတင်၍ ဆွေးမြည့်လာ၏။
“ငါ သိပြီ.. အဲ့ဒါက အဝါရောင်ငရဲမြစ်ကားချပ်ကြောင့်ပဲ ဖြစ်ရမယ်”
“မင်းရဲ့ အမြုတေနယ်မြေက အဝါရောင်ငရဲမြစ်ကားချပ်နဲ့ ပေါင်းစပ်သွားတာမလား”
“မင်း-မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. မင်းက ငါ့ကို တစ်ကယ် သတ်ရဲလို့လား”
လမ့်မင်က ဖက်တီးလေးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်၏။
အစကတော့ ဖက်တီးလေး၏ မျက်လုံးများက တွေဝေမှုကို ဖော်ပြနေသေး၏။
သို့သော်လည်း လမ့်မင်၏ စကားကို ကြားသောအခါ ဖက်တီးလေးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ရွှေအမြုတေနယ်မြေကို ခွန်အားအပြည့်ဖြင့် လှည့်ပတ်လိုက်၏။ အဝါရောင်ငရဲမြစ်က တဝုန်းဝုန်းထလာပြီး လမ့်မင်ကို ဆွဲယူနစ်မြှုပ်လိုက်၏။
“ဂျူနီယာ.. ညီလေး.. ငါတို့က.. တစ်ဂိုဏ်သား... အ အား.. ကျေးဇူးပ... ငါ့ကို .. မသတ်ပါနဲ့ကွာ”
လမ့်မင်က လက်မလျှော့ဘဲ အစွမ်းကုန်သုံး၍ ခုခံနေသေး၏။ သူ့အသံက ပြတ်တောင်းပြတ်တောင်းနှင့် အားပျော့လာလေသည်။
“စီနီယာအစ်ကို.. ကျုပ်သိထားတာကတော့.. ခင်ဗျားသာ ကျုပ်နေရာမှာဆိုလဲ.. ကျုပ်ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာပဲ”
ဖက်တီးလေး၏ အသံက တည်ငြိမ်နေပြီး အဝါရောင်ငရဲမြစ်က မြည်ဟည်း၍ လမ့်မင်ကို အပြီးသတ် ဆွဲယူနစ်မြှုပ်လိုက်၏။
စောင့်ကြည့်နေကြသော ကျင့်ကြံသူတိုင်းသည် ပါးစပ်အဟောင်းသားနှင့် သူတို့၏ မျက်လုံးများထဲမှာ တုန်လှုပ်မှုကို မြင်နိုင်လေသည်။
အစစ်အမှန်အဝါရောင်ငရဲမြစ်အမြုတေနယ်မြေက မွေးဖွားလာခဲ့လေပြီ။
နီဟောက်က ရှုံးနိမ့်ပြီး စစ်ထူရှစ်နှင့် လမ့်မင်က သေဆုံးသွားကြသောကြောင့် တိုက်ပွဲ၏ ရလဒ်က ပေါ်ထွက်သလောက် ဖြစ်လာလေပြီ။
သို့သော်လည်း အနီးနားရှိ ကျင့်ကြံသူများသည် တစ်ခုခုကို မမြင်လိုက်ရမှာ စိုးရိမ်နေသည့်အလား စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တိုက်ပွဲကွင်းဆီသို့ မမှိတ်မသုန် စောင့်ကြည့်နေကြဆဲဖြစ်၏။
တစ်ဖက်တွင်.. အနှိုင်းမဲ့ပြိုင်စံရှားနှစ်ယောက်၏ အကြားက တိုက်ပွဲအခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
လောကသည် ပြောင်းလဲလာလေပြီ။