မြွေနဂါးနှင့် လိပ်တို့ ရစ်ပတ်ယှက်လိမ်ခြင်း၊ မဟူရာကုန်းလိပ်၏ ဆင်းသက်လာမှု
Vol. 48 Ch. 708
မဟာအမြုတေနယ်မြေသုံးခုအကြား ထပ်တလဲလဲ ရိုက်ခတ်ခြင်းကနေ ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျများက ထွက်ပေါ်လာ၏။
ဘေးနားဝန်းကျင်ရှိ ကျင့်ကြံသူများက နောက်ဆုတ်သွားကြသည်မှာ ကြာလေပြီ။
လေဟာနယ်က ပြင်းထန်စွာ တုန်ခါလာနေ၏။
ရှုချန်က စိတ်ဖောက်ပြန်လာသော အမူအယာဖြင့် သူ့လည်ပင်းကနေ သွေးကြောစိမ်းများက တစ်ခုပြီးတစ်ခု ဖောင်းကြွလာ၏။ သူက သူ့ရွှေအမြုတေနယ်မြေ၏ စွမ်းအားများကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီးနေလေပြီ။
ထိုသို့ဆိုလျှင်တောင် နတ်ဘုရားမိုးကြိုးငါးစင်းက မိုးပျံမြွေနဂါးနှင့် နတ်လိပ် ကမ္ဘာဦးအမြုတေနယ်မြေနှစ်ခုကနေ ဖောက်ထွက်နိုင်ခြင်း မရှိပေ။
သူတို့နှစ်ဦးနှစ်ဖက်၏ ရွှေအမြုတေနယ်မြေများက လေထဲတွင် လွန်ဆွဲနေကြပြီး စွမ်းအင်များကို အဆက်မပြတ် သုံးစွဲပေးနေရ၏။
ရှုချန်နှင့်ယှဉ်လျှင် ဆူဇီမိုက အတော်လေး ဣန္ဒြေရနေသေး၏။ သူ၏ နှစ်ထပ်ကွမ်းအမြုတေနယ်မြေက အနည်းငယ် အသာရနေသော်လည်း သူကလည်း ကမ္ဘာဖျက်မိုးကြိုးငါးစင်းကို ဖျက်စီးပစ်နိုင်ခြင်း မရှိသေးပေ။
အဲ့ဒါက လင်းရွှမ်ကျီ ပြောခဲ့သလိုပင်.. သီယင်းပြီးလျှင် ရှုချန်က သူ့ကြုံတွေ့ဖူးသမျှ ပြိုင်စံရှားတွေထဲမှာ ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်လေသည်။
ဒီနေ့ဒီအချိန်ထိတော့ သူ၏ နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ခုခံတိုက်ခိုက်နိုင်သော ရွှေအမြုတေနယ်မြေမှာလည်း ကမ္ဘာဖျက်မိုးကြိုးငါးစင်းသာလျှင် ရှိလေသည်။
လေထဲတွင်..
အမြုတေနယ်မြေသုံးခုက တစ်ခုကိုတစ်ခု ဝါးမျို၊ ရိုက်ခတ်နေကြပြီး ဘယ်သူက ဆက်လက်ရပ်တည်၍ ကျန်ခဲ့မလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲနေ၏။
ရှုချန်၏ မျက်လုံးက တောက်ပလာ၏။
ဤအချိန်အတောအတွင်း ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူအပါအဝင် ရုပ်သေးဂိုဏ်းနှင့် အုတ်ဂူဂိုဏ်းမှ အမွေခံတပည့်တို့က ဆေးလုံးအချို့ကို စားသုံး၍ အားပြန်မွေးနေကြ၏။
သူတို့သုံးယောက်သည် တိုက်ပွဲထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် သူက သေချာပေါက် ရှုံးနိမ့်ရပေတော့မည်။
“ဆူဇီမို.. ဒီနေ့ တိုက်ပွဲကို သရေလို့ပဲ ငါသတ်မှတ်လိုက်တော့မယ်”
ရှုချန်က မချင့်မရဲနှင့်ပင် သူ၏ စိတ်ဆန္ဒများကို မျိုချ၍ အံကိုကြိတ်လိုက်၏။
“အသင်္ချေနယ်မြေမြို့တော်ရောက်မှ ငါ မင်းနဲ့ သေချာပေါက် အသေအကြေ တိုက်ခိုက်ပေးမယ်.. မပူပါနဲ့.. ခရမ်းရောင်မိုးကြိုးကျမ်းကို မင်းကိုယ်တိုင် ထုတ်ပေးလာအောင် ငါလုပ်ပြမယ်”
ရှုချန်က ထိုသို့ပြောရင်း ဆုတ်ခွာဖို့ ပြင်လိုက်၏။
မမျှော်လင့်ထားစွာပဲ.. ဆူဇီမိုက အထင်အမြင်သေးစွာဖြင့်ကြည့်၍ ရှေ့သို့ဆက်လက်လိုက်တိုးကာ မထီမဲ့မြင်ပုံစံဖြင့် ပြောလိုက်၏။
“အသင်္ချေနယ်မြေမြို့တော်ထိရောက်အောင် ငါတို့က ဘာလို့ စောင့်နေရမှာလဲ.. ဒီကနေ့ပဲ မင်းနဲ့ငါ အသေအကြေ တိုက်ခိုက်ကြတာပေါ့”
“ဟမ့်”
ရှုချန်က လှောင်ရယ်လိုက်၏။
“ဆူဇီမို.. မင်းက သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမယ့်.. မင်းရဲ့ နှစ်ထပ်ကွမ်းအမြုတေနယ်မြေလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ တွေးနေတယ်ဆိုရင်တော့ မင်းက တော်တော်နုံအတာပဲ”
“နုံအတာက ငါမဟုတ်ဘူး.. မင်းပဲ”
ဆူဇီမိုက ပြန်လှန်လှောင်ရယ်လိုက်၏။
“ငါ့မှာ နှစ်ထပ်ကွမ်းအမြုတေနယ်မြေပဲ ရှိတယ်လို့ မင်းက တစ်ကယ်ကြီး ထင်နေတာလား”
“အမ်”
ထိုသည်ကို ကြားသောအခါ ရှုချန်သည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး သူ့အမူအယာက ပြောင်းလဲသွား၏။
ဒီလူ့မှာ နောက်ထပ် ပိုသန်မာတဲ့ ဝှက်ဖဲ ရှိနေသေးတာလား..
မဖြစ်နိုင်တာ!
ရှုချန်သည် ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်၏။
သို့သော်လည်း ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးများထဲမှာ အဆုံးမဲတုန်လှုပ်ခြင်းများက ဝင်ရောက်၍ ပြူးကျယ်လာ၏။
“ပေါင်းစပ်မယ်ဟေ့”
ဆူဇီမိုက လေထဲမှာရပ်၍ အော်ဟစ်ရင်း သူ့လက်နှစ်ဖက်ကို အတူတကွ ဖြည်းဖြည်းချင်း ယှက်ဖြာလှုပ်ရှားလိုက်၏။
သူ၏ အမိန့်၊ သူ၏ လှုပ်ရှားမှုနှင့်အတူ.. ကမ္ဘာဦးအမြုတေနယ်မြေနှစ်ခုက တစ်ခုပေါ်တစ်ခု စောင်းချိတ်၍ တဖြည်းဖြည်းချင်း ရောနှောပေါင်းစပ်လာကြ၏။
ကမ္ဘာဦးနတ်လိပ်နှင့် ကမ္ဘာဦးမိုးပျံမိုးပျံမြွေနဂါးတို့က ဝင်ရိုးစွန်း၏ တစ်ဖက်စီမှာ ရှိကြလေသည်။
တစ်ခုမီးဖြစ်ပြီး တစ်ခုက ရေဖြစ်၏။
တစ်ခုက လှုပ်ရှားတက်ကြွပြီး တစ်ခုက တည်ငြိမ်၏။
သို့သော် ယခုအခါ မိုးပျံမြွေနဂါးက နတ်လိပ်ကို ရစ်ပတ်၍ ထိုသူ၏ ကျောခွံပေါ်မှာ ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ခွေလိမ်ကာ သူတို့၏ ဦးခေါင်းများကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်လိုက်ကြ၏။
ကမ္ဘာဦးနတ်ဘုရားသက်ရှိနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ပေါင်းစပ်သွားကြပုံရ၏။
အဲ့ဒါသည် ကမ္ဘာဦးနတ်ဘုရားသက်ရှိနှစ်ကောင် တစ်ကောင်တည်းအဖြစ် ပေါင်းစပ်ခြင်းမျှသာ မဟုတ်ပေ။
အဲ့ဒီမှာ စကြာဝဠာ၏ လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားတစ်ခုလည်း ပါဝင်နေ၏။
လိပ်နှင့်မြွေ၏ ရစ်ပတ်ယှက်နွှယ်ခြင်း၊ မီးနှင့်ရေ၏ ရောနှောပေါင်းစပ်မှု၊ အတည်စွမ်းအင်နှင့် ရွေ့လျားစွမ်းတို့၏ ပေါင်းစည်းခြင်း။
များစွာပို၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ထွက်ပေါ်လာပြီး ဝန်းကျင်တစ်ခွင် ဖြန့်ကျက်ကာ လောကကို လွှမ်းခြုံလိုက်၏။
တိုက်ပွဲကွင်းရှိ ကျင့်ကြံသူများဖြစ်စေ၊ ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသူများဖြစ်စေ၊ သူတို့အားလုံးသည် ကြောက်ရွံ့မှုဖြင့် တသိမ့်သိမ့် တုန်ယင်လာပြီး မြေပြင်ပေါ်မှာ ဝပ်တွား၍ ဦးချချင်စိတ်များ ပေါက်လာကြ၏။
မယဉ်ပါးနိုင်သော သဘာဝဖြင့် မျောက်တောင်မှ ကတုန်ကယင်ဖြစ်သလို ခံစားလာရ၏။
အဲ့ဒါက မျိုးဆက်သွေးအနက်ပိုင်းထဲကနေ ထွက်ပေါ်လာသော ဖိနှိမ်မှုတစ်ခု ဖြစ်လေသည်။
အဲ့ဒါသည် သူတို့ဝိညာဉ်၏ မှတ်ဉာဏ်များထဲမှ အခြေခံလာသော အကြောက်တရား ဖြစ်လေသည်။
လိပ်နှင့် မြွေတို့က ပျောက်ကွယ်သွားလေပြီ။
အဲ့ဒီမှာ ရွှေအမြုတေနယ်မြေတစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။
ရှုချန်၏ ကမ္ဘာဖျက်မိုးကြိုးငါးစင်းက ကြောက်စရာကောင်းသော်လည်း ဤရွှေအမြုတေနယ်မြေနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းက အချိန်မရွေး ပျက်ပြယ်တော့မည့်အလား ယိမ်းထိုးလာ၏။
လက်ရှိ မည်သည့်ကျင့်ကြံသူမှ ထိုအမြုတေနယ်မြေ၏ ဇာစ်မြစ်ကို မပြောနိုင်ကြပေ။
သို့သော်လည်း လင်းရွှမ်ကျီ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်၍ ညင်သာစွာ ရေရွတ်လိုက်၏။
“အဲ့ဒါက....”
ခဏနေပြီးနောက် သူက တစ်စုံတစ်ရာကို မှတ်မိသွားသည့်အလား ပင့်သက်ကိုရှိုက်၍ အံ့အားတသင့် ရေရွတ်လိုက်၏။
“လိပ်နှင့်မြွေ ရစ်ပတ်ယှက်လိမ်ခြင်း.. မဟာအထွတ်အမြတ် သတ္တဝါလေးမျိုးထဲက တစ်မျိုး.. မဟူရာကုန်းလိပ်”
ဒဏ္ဍာရီအရဆို.. ကစင်ကလျားစွမ်းအားများ၏ မူလအစ.. ကမ္ဘာလောက မဖြစ်တည်သေးခင်ကပင်.. အဲ့ဒီမှာ အဇူရာနဂါး၊ ဟင်္သပဒါးငှက်၊ ကျားဖြူနှင့် မဟူရာကုန်းလိပ်ဟူသော အထွတ်အမြတ်သတ္တဝါလေးမျိုးက ရှိခဲ့ကြ၏။
တစ်ကယ်ဆို.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ နဂါးမျိုးနွယ်သည် အဇူရာနဂါး၏ မျိုးဆက်သွေးကနေ ဆင်းသက်လာကြခြင်း ဖြစ်လေသည်။
ဖီးနစ်များဆိုလျှင်လည်း ဟင်္သပဒါးငှက်၏ မျိုးဆက်သွေးကနေ ဆင်းသက်လာကြခြင်းဖြစ်၏။
ထိုအထွတ်အမြတ်သတ္တဝါလေးမျိုးကို ရှေးအကျဆုံးနှင့် အမြင့်မြတ်ဆုံး တည်ရှိမှုများအဖြစ် သတ်မှတ်နိုင်ပြီး များစွာသော သားရဲတောကောင်များ၏ ဘိုးဘေးများဟု သတ်မှတ်လို့ ရလေသည်။
ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားထဲမှာ နှစ် ၂၀ ကြာ ငြိမ်သက်၍ ဇင်နှင့် ဗုဒ္ဓဝါဒတို့ကို လေ့လာလိုက်စားနေခဲ့၏။ ဗုဒ္ဓဝါဒ၏ ဉာဏ်ပညာအမြော်အမြင်မှတစ်ဆင့် သူ၏ အင်မော်တယ်နှင့် သားရဲကျင့်ကြံခြင်းအကြားမှ ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့၏။ အဲ့ဒီမှာ အင်မော်တယ်နှင့် သားရဲအကြား သို့မဟုတ် မြွေနှင့် လိပ်အကြားတို့မှာ ခြားနားမှုဆိုတာ မရှိတော့ဘဲ ရောနှောပေါင်းစပ်နိုင်စွမ်း ရှိလေသည်။
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း.. ဆူဇီမိုသည် စင်္ကြံလျှောက်ခြင်း တရားထိုင်ခြင်းတို့အပြင် ကျမ်းစာများကိုလည်း လေ့လာလိုက်စားခဲ့၏။ သူက အေးချမ်းသည့်ဘဝမှာ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ အဲ့ဒီကနေ အကျိုးအမြတ် အတော်များခဲ့လေသည်။
မြွေနှင့် လိပ်က ရစ်ပတ်ယှက်လိမ်သွားပြီး မဟူရာကုန်းလိပ်က ဆင်းသက်လာလေသည်။
“သွား”
ဆူဇီမိုက တည်ငြိမ်သော အမူအယာဖြင့်ပင် ရှေ့သို့ လက်ညိုးထိုးလိုက်၏။
မဟူရာကုန်းလိပ်က ဦးခေါင်းကိုမော့၍ ခြေလေးဖက်ကိုယက်ပြီး ရှေ့သို့ ထိုးတက်လိုက်၏။
ဖြောက်.. ဖြောက်.. ဖြောက်..
ရှုချန်၏ နတ်ဘုရားမိုးကြိုးငါးစင်းပေါ်တွင် အက်ကွဲကြောင်းများက ချက်ချင်း ဆက်တိုက်ပေါ်လာလေသည်။ သူတို့၏ အရောင်အဝါက သိသိသာသာ မှိန်ကျသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခွင်သို့ အလင်းအစက်အပြောက်များအဖြစ် ပြန့်ကျဲပျက်ပြယ်သွားလေတော့သည်။
“ဖွီး”
ရှုချန်သည် သွေးများကို ထွေးထုတ်လိုက်ရပြီး သူ့မျက်နှာက သွေးဆုတ်သွား၏။
မဟူရာကုန်းလိပ်က အထွတ်အမြတ်သတ္တဝါဖြစ်၏။
အထွတ်အမြတ်သတ္တဝါလေးမျိုးသည် ကစင်ကလျားစွမ်းအားများ စတင်မဖြစ်ပေါ်ခင်ကပင် တည်ရှိခဲ့ကြတာဖြစ်ပြီး အထက်ကမ္ဘာမှ ဒဏ္ဍာရီလာအင်မော်တယ်များနှင့် အင်မော်တယ်တောကောင်များထက်ပင် ပို၍ ကြောက်စရာကောင်းလေသည်။ အဲ့ဒါက အမြုတေနယ်မြေတစ်ခုသာ ဖြစ်သော်လည်း ရှုချန်၏ နတ်ဘုရားမိုးကြိုးများ ယှဉ်ပြိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
မဟူရာနတ်လိပ်နှင့် ရင်ဆိုင်ရချိန်တွင် ရှုချန်သည် သူ့အသက်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါ အရာမရောက်တော့ကြောင်း ခံစားလိုက်ရ၏။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲကွာ.. သီယင်းကတော့ ပြိုင်ဘက်ကောင်းတွေ့ပြီဟေ့”
“အဲ့ဒါက တစ်ကယ့် အံ့မခန်း အမြုတေနယ်မြေတစ်ခုပဲ.. သမိုင်းတစ်လျှောက်က အမြုတေနယ်မြေတွေနဲ့ ယှဉ်ရင်တောင် ဒီအမြုတေနယ်မြေက အနဲဆုံး အဆင့်တစ်ဆယ်အတွင်းဝင်တယ်.. မဟုတ်ဘူး.. အဆင့်ငါးအတွင်း.. တစ်ကယ်ဆို အဆင့်သုံးအတွင်းတောင် ဝင်ရင်ဝင်နေမှာ”
“ငါ့အထင်တော့ လူသားဧကရာဇ်ရဲ့ ကစင်ကလျားသမုဒ္ဒရာကပဲ အဲ့ဒါနဲ့ ယှဉ်နိုင်လောက်တော့မယ်ထင်တယ်”
“ဆူဇီမိုက ဒီလောက်ကြောက်စရာကောင်းတဲ့ အမြုတေနယ်မြေကို ဖန်တီးလိုက်တဲ့အတွက် ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ သူ့နာမည်ကို ရှေးဟောင်းခေတ်က ပညာရှင်တွေနဲ့ တစ်တန်းထဲထား ရေးထိုးနိုင်တော့မှာပဲ.. ငါတော့ အားကျလိုက်တာကွာ”
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ တစ်စုံတစ်ယောက်က သူတို့၏ ကိုယ်ပိုင်ထိုးထွင်းသိမြင်နားလည်ခြင်းမှတစ်ဆင့် အံ့မခန်းအမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်နိုင်မည်ဆိုလျှင် သူတို့က ထိုအမြုတေနယ်မြေ၏ အမည်ကို သူတို့ကိုယ်တိုင်နာမည်ပေးနိုင်မည် ဖြစ်လေသည်။
အဲ့ဒါက အလွန့်အလွန်ကို ဂုဏ်ယူဖွယ်ရာဖြစ်ပြီး သမိုင်းမှာ သူတို့၏ အမှတ်သင်္ကေတကို မှတ်ကျောက်တင် ချန်ရစ်ခဲ့နိုင်မည်လည်း ဖြစ်လေသည်။
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်တွင် များစွာသော ရှေးဟောင်းအမြုတေနယ်မြေများကို အတိတ်ကာလမှ ထိပ်သီးပညာရှင်များက သူတို့ကိုယ်တိုင် လက်ရေးဖြင့် ရေးထိုးထားခဲ့ကြလေသည်။
ရှုချန်သည် ပြင်းထန်သော သူ၏ ကိုယ်တွင်းဒဏ်ရာများကို အရေးမလုပ်အားဘဲ သိုလှောင်အိတ်ထဲကနေ ဆေးလုံး လက်တစ်ဆုပ်ကို ထုတ်ကာ ဝါးမျိုချလိုက်၏။
“ဆူဇီမို.. ငါ ရှုံးသွားပြီဆိုပေမယ့် မင်း ငါ့ကို သတ်ဖို့ကတော့ စိတ်ကူးယဉ်လို့ပဲ ရမယ်”
သူက သူ့ဒဏ်ရာများကို လျစ်လျူရှုပြီး ဆုံးဖြတ်ချက်တစ်ခုချကာ လှည့်ထွက်၍ အော်ဟစ်လိုက်၏။
“အသင်္ချေနယ်မြေမြို့တော်မှာ မင်း ပေါ်မလာရင် ကောင်းလိမ့်မယ်နော်.. မဟုတ်ရင်တော့.. မင်း ဆိုးဆိုးရွားရွားပုံစံနဲ့ သေရလိမ့်မယ်”
ရှုချန်၏နောက်တွင် လေနှင့်လျှပ်စီးတို့ဖြင့် ပြုလုပ်ထားသော တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။
ထိုသို့ အော်ဟစ်ပြီးနောက် သူက နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်ပြီး ကြောက်စရာကောင်းသည့် အမြန်နှုန်းဖြင့် အဝေးသို့ ပြေးထွက်သွား၏။
ရှုချန်သည် သူ့ခန္ဓာကိုယ်မှ နာကျင်မှုများကို တောင့်ခံကာ အော်ဟစ်လိုက်၏။
“ဒါက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်.. မိုးကြိုးလေပြေထွက်ပြေးခြင်းပဲ.. သာမန်နိုးထဝိညာဉ်တစ်ယောက်ဆိုရင်တောင် ငါ့ကို မီအောင် လိုက်နိုင်မှာ မဟုတ်ဘူး”
ခရမ်းရောင်မိုးကြိုးကျမ်းတွင်လည်း.. ဆူဇီမိုသည် လျှပ်စီးထွက်ပြေးခြင်းဟုခေါ်သော လျှို့ဝှက်ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို မိတ်ဆက်ထားသည့် အပိုင်းတစ်ပိုင်းကို မြင်ခဲ့ရသေး၏။ အဲ့ဒါက မိုးကြိုးလေပြေထွက်ပြေးခြင်းနှင့် ဆင်တူသော်လည်း စိတ်မကောင်းစရာမှာ ဆူဇီမိုက အဲ့ဒါကို အခုထိ မကျင့်ကြံရသေးပေ။
သို့သော်လည်း သူ့အနေနှင့် ရှုချန်ကို အမီလိုက်ဖမ်းဖို့က သိပ်တော့ မခက်ပေ။
ပထမတစ်ခုအနေဖြင့် သူ၏ အမြုတေနှစ်ခုစလုံးကို လှည့်ပတ်၍ သူ့ကျင့်ကြံမှုကို ထုတ်ဖော်ဖို့ပင်။ ဆန်းကြယ်တောင်ပံနှင့်ပါ ထပ်ပေါင်းလိုက်ပါက သူက ရှုချန်ကို အမီလိုက်နိုင်ဖို့ အခွင့်များလေသည်။
ဒုတိယတစ်ခုအနေဖြင့် သူက သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်နိုင်လေသည်။
ဆူဇီမိုက ဘာကိုရွေးရမလဲ စဉ်းစားတွေးတောနေစဉ်မှာပင် သူက အန္တရာယ်ကို အာရုံခံမိလိုက်လေသည်။