← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 48 Ch. 709

တန်ပြန်တိုက်ခိုက်မှု

Vol. 48 Ch. 709

ရှုချန်က ထွက်ပြေးသွားပြီ ဖြစ်သောကြောင့် ဆူဇီမိုက သူ၏ မဟူရာကုန်းလိပ်အမြုတေနယ်မြေကို ပြန်ရုတ်သိမ်းလိုက်၏။

ရွှေအမြုတေနယ်မြေတစ်ခုကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် စိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ ထောက်ပံ့ပေးထားဖို့ လိုအပ်လေသည်။ ယခု တိုက်ပွဲရလဒ်က ပေါ်ထွက်ပြီး ဖြစ်သည့်အတွက် ဆူဇီမိုအနေဖြင့် သူသွားလေရာသို့ ရွှေအမြုတေနယ်မြေကို သယ်သွားစရာ မလိုပေ။

သို့သော်လည်း မဟူရာကုန်းလိပ်အမြုတေနယ်မြေကို ရုပ်သိမ်းလိုက်သည့်ခဏမှာပင် သူသည် ချဉ်းကပ်လာသော ကြီးမားသည့် အန္တရာယ်တစ်ခုကို ခံစားမိလိုက်၏။

ဆူဇီမိုသည် အဲ့ဒါကို စစ်ဆေးကြည့်ဖို့ အချိန်မရှိပေ။

ထိုလူသည် သူခံစစ်က အားအနည်းဆုံး ဖြစ်နေသော အချိန်ကို ပြီးပြည့်စုံစွာ တွက်ဆ၍ တိုက်ခိုက်လာ၏။ အဲ့ဒါက သူ့စိတ်ကို လျှော့ချအထားဆုံး အချိန်လည်း ဖြစ်နေလေသည်။

သူနှင့် ရှုချန်၏ တိုက်ပွဲမှ ပေတစ်ရာပတ်လည်အတွင်းတွင် မည်သူမှ ရှိမနေကြပေ။

တစ်ယောက်ယောက်က သူ့ထံသို့ တိတ်တဆိတ် ချဉ်းကပ်၍ ဘာမပြောညာမပြောနှင့် တိုက်ခိုက်ရဲလိမ့်မည်ဟု ဆူဇီမို ထင်မှတ်မထားပေ။

သတ်ဖြတ်လိုစိတ်က သူ့ထံသို့ ချက်ချင်း လွှမ်းခြုံလာပြီး အရိုးထဲသို့ အေးစိမ့်သွားလေသည်။

သူက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံမထားဘဲ အံ့မခန်း အာရုံခံသတိစိတ်ကိုလည်း ပိုင်ဆိုင်မထားဘူးဆိုလျှင် ဆူဇီမိုသည် အဲ့ဒါကို အချိန်မီ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ဘဲ နေရာမှာတင် ပွဲချင်းပြီး သေရပေလိမ့်မည်။

အဲ့ဒါက ပကတိပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ် ကြိုးပမ်းမှု တစ်ခုဟု သတ်မှတ်နိုင်လေသည်။

သူက လှည့်မကြည့်သော်လည်း ဆူဇီမို၏ စိတ်ထဲ ပုံရိပ်တစ်ခုက ဝင်ရောက်လာပြီဖြစ်၏။ မရေရာသော ဝတ်စားဆင်ယင်မှုနှင့် သွင်ပြင်အမျိုးမျိုး ပြောင်းလဲနေသော တစ်စုံတစ်ယောက်.. တစ်ခါတစ်ရံ အမျိုးသမီးတစ်ယောက်၊ တစ်ခါတစ်ရံ ကလေးငယ်တစ်ယောက်၊ တစ်ခါတစ်ရံမှာ အကြီးအကဲဖြစ်ယောက်....

လျှို့ဝှက်မရဏဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ရေးသမား။

လျှို့ဝှက်မရဏဂိုဏ်းမှ အမွေခံတပည့်တစ်ယောက်သာလျှင် ဤကဲ့သို့ ကြောက်စရာကောင်းသော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကို ထိုးထွင်းရှုမြင်နိုင်ပေမည်။

ဆူဇီမိုသည် လျှို့ဝှက်မရဏဂိုဏ်းမှ အထူးချွန်ဆုံး အရိုက်အရာဆက်ခံသူများနှင့် နှစ်ကြိမ်ကြုံတွေ့ တိုက်ခိုက်ခဲ့ဖူးပြီး အကြိမ်တိုင်းမှာ သူက သေလုမတတ် ဖြစ်ခဲ့ရလေသည်။

လွန်ခဲ့သည့်အနှစ် ၂၀ က ဆူဇီမိုသည် လူသားဧကရာဇ်နန်းတော်အောက်မှာ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက သတ်ဖြတ်ပစ်နိုင်ခဲ့လေည်။

ယခုတစ်ဖန် ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က သူ့ကို ပစ်မှတ်ထားလာပြန်ပြီး သူက တိုက်ခိုက်လိုက်သည့် အချိန်မှာပင် သူ့အသက်ကို တစ်ခါတည်း နုတ်ယူဖို့ ကြိုးစားလာလေသည်။

“အား”

လူအုပ်ကြီးထဲမှ ထိတ်လန့်တကြား ရေရွတ်သံများက ထွက်ပေါ်လာ၏။

“ဆရာ...”

“နောင်ကြီး..”

“အစ်ကိုဆူ.. သတိထား”

မြေခွေးလေး၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများသည် လှုပ်ရှားဖို့ အချိန်မရတော့ဘဲ လှမ်းအော်ရုံသာ တတ်နိုင်ကြတော့လေသည်။

လင်းရွှမ်ကျီသည် ခြေလှမ်းဝက် ရှေ့တိုးပြီးနောက် ရပ်တန့်လိုက်၏။

အဲ့ဒါက နောက်ကျသွားလေပြီ။

ဆူဇီမိုကို မည်သူမှ မကယ်တင်နိုင်တော့ပေ။

လုပ်ကြံသတ်ဖြတ်သူ၏ ဓါးက ဆူဇီမိုနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့၏။

လင်းရွှမ်ကျီ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုက ပေါ်လာ၏။ အဲ့ဒါက လျှို့ဝှက်မရဏဂိုဏ်းမှ အမွေခံတပည့်တစ်ယောက်၏ တစ်ကယ့်ကြောက်စရာ အစွမ်းအစ ဖြစ်လေသည်။

ဆူဇီမိုနေရာမှာ သူဆိုလျှင်လည်း ဤလုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သာမန်ကျင့်ကြံသူတစ်ယောက်နှင့် ရန်ငြိုးရန်စ ပွားများမိတာက ဘာမှ ပြောပလောက်စရာ မဟုတ်ပေ။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို ရန်စမိလျှင်တော့.. တစ်ဖက်ဖက်က မသေမချင်း ထိုသူသည် အနာဂတ်မှာ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်းမစားရနှင့် အေးချမ်းစွာ နေနိုင်တော့မည် မဟုတ်ပေ။

လုပ်ကြံသတ်ဖြတ်သူက ဘယ်အချိန်ပေါ်လာမလဲ မသိနိုင်သည့်အတွက် သူတို့သည် အမြဲတမ်း စိတ်ကိုတင်း၍ သတိကပ်ထားနိုင်ကြမည်လည်း မဟုတ်ပေ။

လုပ်ကြံသတ်ဖြတ်သူက အဝေးမှာ ဖြစ်နိုင်သလို၊ အနီးနားမှာလည်း ရှိနေနိုင်၏။ သူက အမှောင်ထဲက တစ္ဆေတစ်ကောင်လို သေကွင်းသေကွက်ကို တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုကို အမြဲတမ်း ချောင်းမြောင်းနေပေလိမ့်မည်။

ထိုသို့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုက အရမ်းကို ကြောက်စရာကောင်းပြီး တော်တန်ရုံ ကျင့်ကြံသူများက အဲ့ဒါကို ကိုင်တွယ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

“ဥုံ!”

ထိုအခိုက်အတန့်၌.. ဆူဇီမိုသည် ဂါထာမန္တန်တစ်သံကို အော်ဟစ်လိုက်၏။ သူ့သွေးချီကို လှည့်ပတ်ဖော်ထုတ်ထား၍ သူ့အသံက ကြမ်းတမ်းခက်ထန်နေ၏။

အသံသတ်ဖြတ်ကွက်များက ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိသော ရုန်းကန်ပေါက်ကွဲစွမ်းအားများ ဖြစ်ကြလေသည်။

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် အသံသတ်ဖြတ်ကွက်ကသာလျှင် သူ့ကို ကယ်တင်နိုင်လိမ့်ပေမည်။

ထိုမန္တန်သံကို ကြားပြီးနောက် လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွားလေသည်။

လျှို့ဝှက်မရဏဂိုဏ်းသားများက အမွေခံတပည့်များဆိုလျှင်တောင် သူတို့က ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အားမသန်ကြပေ။ ထုတ်လွှတ်လိုက်သော မန္တန်သံက အလောသုံးဆယ် နိုင်သည့်အတွက် ရှုချန်လိုလူမျိုးအပေါ်မှာဆို အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လျှို့ဝှက်မရဏဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်သူအတွက်တော့ အဲ့ဒါက သက်ရောက်မှု ကြီးမားလေသည်။

လုပ်ကြံသတ်ဖြတ်သူ၏ လက်ထဲရှိဓါးက လေထဲမှာ ခဏလေးမျှ ရပ်တန့်သွား၏။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် လုပ်ကြံသတ်ဖြတ်သူက လျှို့ဝှက်မရဏဂိုဏ်း၏ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းဆန်လာသော သွေးချီများကို ဖိနှိမ်လိုက်၏။ သူက ဓါးကို အဖြောင့်ဆန့်၍ ဆူဇီမို၏ နှလုံးဆီသို့ နောက်ကျောကနေ ထိုးသွင်းလိုက်၏။

ကြားထဲမှာ ရပ်တန့်သွားချိန်က အသက်တစ်ရှိုက်စာတောင် မကြာပေ။

ကျင့်ကြံသူအများစုအတွက်တော့ အဲ့ဒါကို တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် အစကတည်းက သူ၏ အာရုံခံသတိစိတ်ကနေ သတိပေးချက်ကို ရရှိထားပြီးဖြစ်၏။ ဤလျှပ်တစ်ပြက် အခွင့်အရေးလေးကို သူက လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

ဝေါ..

သူ့သွေးချီက ရုန်းကြွလာ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားစွာ ပြန့်ကားလာပြီး သူ့ဝတ်ရုံက စုတ်ပြဲသွားကာ အရည်ကျိုထားသော သံမဏိလို ပြောင်လက်နေသည့် ကြွက်သားစိုင်များက ထွက်ပေါ်လာ၏။

ဤအသွင်ပြောင်းခြင်းက ကြည့်ရသည်မှာ ဘာမှ မဟုတ်သော်လည်း ပြန့်ကားကြီးထွားသော အရွယ်အစား၊ အရပ်အမောင်းနှင့်အတူ ဆူဇီမို၏ အင်္ဂါအစိတ်အပိုင်းများသည် မူလနေရာကနေ ရွေ့လျားသွားပြီး တိုက်ခိုက်မှုမှာ သူ့နှလုံးကနေ သွေဖယ်သွားလေသည်။

ဇီ.. ဇီ..

လုပ်ကြံသတ်ဖြတ်သူ၏ ပါးလျသော ဓါးသွားပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုက တောက်ပလာ၏။ အဲ့ဒါက အလွန်တရာ ထက်ရှသော မူလစိတ်ဝိညာဉ်လက်နက်တစ်လက် ဖြစ်လေသည်။

သို့သော်လည်း ပါးလျသောဓါးသွားက ဆူဇီမို၏ အသားထဲသို့ တိုးဝင်လာချိန်တွင် ၎င်းက ကြီးမားသော ခုခံမှုနှင့် ကြုံတွေ့လိုက်ရပြီး ထူးဆန်းသည့်အသံတစ်သံက ထွက်ပေါ်လာ၏။

ဓါးသွားတစ်ဝက်လောက်က သူ့အသားထဲသို့ နစ်ဝင်သွားသော်လည်း သေကွင်းသေကွက်ကို ထိမိခြင်း မရှိပေ။

ဒါ့အပြင် လုပ်ကြံသတ်ဖြတ်သူသည် သူ့ဓါးကို ပြန်ဆွဲနုတ်သောအခါ ၎င်းက ဆူဇီမို၏ အသားစိုင်ကြား၌ တင်းကျပ်စွာ ညှပ်နေသည်ကို တွေ့ရှိလိုက်ရ၏။

နောက်ခဏ၌ ဧရာမလက်ဝါးကြီးတစ်ဖက်သည် အပေါ်ကနေ အုပ်မိုး၍ ကျဆင်းလာလေသည်။

“မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့”

ဆူဇီမိုက ဟိန်းဟောက်၍ သူ့ဒဏ်ရာကို ဂရုမစိုက်ဘဲ တန်ပြန်တိုက်ခိုက်လိုက်၏။

ထိုလုပ်ကြံသတ်ဖြတ်ကြိမ်းပမ်းမှုမှာ သူက တစ်ကယ်ကို ဒေါသထွက်သွားခဲ့လေပြီ။

ကံကောင်းထောက်မစွာနှင့် ရှုချန်နှင့် တိုက်ခိုက်ပြီးနောက် သူမှာ စွမ်းအင်အတော်အတန် ကျန်ရှိနေသေး၏။

စောစောက သူနှင့် တိုက်ခိုက်ခဲ့သူမှာ သီယင်းသာဆိုလျှင် အနီးနားမှာ ဤလုပ်ကြံသတ်ဖြတ်သူကလည်း ရှိနေပါက သူက သေရဖို့ များလေသည်။

သူသည် ဤလူကို သူ့လက်ဝါးဖြင့် သေအောင် ရိုက်သတ်ရပေမည်။

ဤနေရာ.. ဤအချိန်မှာပင်..

လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့မှုကို မပြဘဲ ပြတ်သားနေ၏။ သူက သူ့ဓါးပါးကို လက်လွှတ်ပြီး ချာကနဲလှည့်ကာ မြေကြီးနှင့်မထိဘဲ အဝေးတစ်နေရာသို့ သုတ်ခြေတင် ပြေးလိုက်၏။

သူ၏ ရွေ့လျားမှု နည်းစနစ်က တစ္ဆေတစ်ကောင်နှင့် ဆင်တူပြီး သတိတစ်ချက်လွတ်သွားသူနှင့် သူက မြင်ကွင်းကနေ ပျောက်ကွယ်သွားပေလိမ့်မည်။

“မင်းက ထွက်ပြေးချင်နေသေးတယ်ပေါ့”

ဆူဇီမိုက သူ့ကိုယ်တွင် စိုက်ဝင်နေသော ဓါးရှည်ကို ဆွဲထုတ်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

သွေးများက ဖြာဆင်းလာသော်လည်း ဆူဇီမိုက အဲ့ဒါကို လျစ်လျူရှုထား၏။

သူ့ကိုယ်ကာယက အရမ်းကို သန်မာပြီး ဤမျှလောက်သော ဒဏ်ရာကို သူက မမှုပေ။ သိပ်မကြာခင် သူ့ဘာသာသူ ပြန်ကောင်းသွားပေလိမ့်မည်။

ဖျတ်ကနဲဆို.. ဆူဇီမိုက လုပ်ကြံသတ်ဖြတ်သူနောက်သို့ ပြေးလိုက်,လိုက်၏။

“ဥုံ.... မာ…. ဏီ.... ပါ.... မီ.... ဟုံ!

ဆူဇီမိုသည် တာမင်းမန္တရားမှ ဂါထာမန္တန် ခြောက်သံကို မိုးကြိုးသံကဲ့သို့ ချက်ချင်း ထုတ်ဖော်လိုက်၏။

ဂါထာမန္တန်တစ်သံကပင် လုပ်ကြံသတ်ဖြတ်သူအပေါ် သက်ရောက်နိုင်စွမ်း ရှိလေသည်။

ယခု မန္တန်ခြောက်သံကို ထုတ်လွှတ်လိုက်သောအခါ လေထုထဲမှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဖြစ်ပေါ်လာ၏။

ဗုဒ္ဓအလင်းက ဖြာလက်သွားပြီး ဂါထာမန္တန်က အဆက်မပြတ် ပဲ့တင်ထပ်သွား၏။

“ဖွီး..”

မန္တန်၏ တုန်ခါလှိုင်းအောက်တွင် လုပ်ကြံသတ်ဖြတ်သူက သွေးများကို ထွေးထုတ်လိုက်ရပြီး သူ့တည်နေရာက ချက်ချင်းထင်ပေါ်လာ၏။

“မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူနဲ့ယှဉ်ရင် မင်းက အများကြီးပိုပြီး အားနည်းသေးပါတယ်ကွာ”

သူ့စကား မဆုံးသေးခင်မှာင် ဆူဇီမိုက ထိုလူနောက်သို့ ရောက်လာပြီဖြစ်၏။ သူက လက်ကို ဆန့်ထုတ်ပြီး လုပ်ကြံသတ်ဖြတ်သူ၏ နောက်ကျောကို ပြင်းထန်စွာ ပစ်ထိုးလိုက်၏။

“ဘုန်း”

အလွန်ကြီးမားသောခွန်အားတစ်ခုက လုပ်ကြံသတ်ဖြတ်သူ၏ နောက်ကျောပေါ်သို့ ကျဆင်း၍ တုန်လှုပ်ဖွယ်ရာကောင်းစွာပင် သူ့ရင်ဘတ်ရှေ့မှာ အဖုလုံးတစ်လုံးက ပြူထွက်လာ၏။

ထိုထိုးချက်က လုပ်ကြံသတ်ဖြတ်သူ၏ အသက်ဓါတ်ကို ဖြတ်တောက်လိုက်လေပြီ။

ဝုန်း..

လုပ်ကြံသတ်ဖြတ်သူက ရှေ့သို့ ပစ်လဲကျသွား၏။

ဆူဇီမိုက သူ့ဘေးသို့ ရောက်လာပြီး သူ့သိုလှောင်အိတ်ကို သိမ်းလိုက်၏။ ထို့နောက် သူက လုပ်ကြံသတ်ဖြတ်သူ၏ ရုပ်အလောင်းကို ပက်လက်လန်သွားစေရန် ကန်ကျောက်လိုက်၏။

လုပ်ကြံသတ်ဖြတ်သူသည် သေဆုံးသွားပြီးနောက် လျှို့ဝှက်မရဏဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ဆက်လက်အသုံးမပြုနိုင်တော့ဘဲ သူ၏ ရုပ်ရည်သွင်ပြင်အမှန်က ပေါ်လာလေသည်။

သူက သာမန်ကျင့်ကြံသူတစ်ယောက်၏ ရုပ်ရည်မျိုးသာ။

သူ၏ သွင်ပြင်က သာမန်ဆိုတာထက်ပိုပြီး သာမမန်နိုင်တော့ပေ။

သူ့ကို လူအုပ်ကြီးထဲသို့ ပစ်ထည့်လိုက်လျှင် သတိမထားမိမည့် လူမျိုးဖြစ်လေသည်။

ဆူဇီမိုသည် ဤလူ၏ ပုံပန်းသဏ္ဌာန်ကို အခုလေးတင် ကြည့်ထားသော်လည်း သူ့မျက်လုံးကို မှိတ်လိုက်သည့်ခဏ၌ ထိုလူ၏မျက်နှာကို ပြန်လည်ပုံဖော်လို့ မရတော့ပေ။

ထိုကဲ့သို့သောလူမျိုးက လုပ်ကြံသတ်ဖြတ်ဖို့အတွက် မွေးဖွားလာခြင်းပင်။

သို့သော်လည်း သနားစရာကောင်းသည်မှာ သူက မှားယွင်းသော ပစ်မှတ်သားကောင်ကို ရွေးချယ်ခဲ့မိလေသည်။

All Chapters