စိတ်ဝိညာဉ်တောကောင်များ လက်ရည်စမ်းကြခြင်း
Vol. 48 Ch. 712
ဆူဇီမိုကို ဘယ်သူက မသိဘဲ နေမှာလဲ..
ရှေးဟောင်းတိုက်ပွဲမြေတွင် သည့်အရင်က ဆူဇီမိုကို မမြင်ဖူးသည့်သူများစွာ ရှိနိုင်သော်လည်း သူ့နာမည်နှင့် သူ့အကြောင်းကို မကြားဖူးသည့်သူကတော့ မရှိသလောက်ပင်။
အခုဆို ဆူဇီမိုသည် မည်သူမှ မချဉ်းကပ်ဝံ့သော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဖြစ်ပြီး သူ၏ ဂုဏ်သတင်းက သီယင်းထက် တစ်ဆင့်သာလျှင် နိမ့်လေသည်။
အသင်္ချေနယ်မြေမြို့တော်ထဲသို့ သူခြေချစဉ်မှာပင် ရုတ်ရုတ်သဲသဲက ဖြစ်လာလေပြီ။
မရေမတွက်နိုင်သော အကြည့်များအောက်တွင် ဆူဇီမိုက တည်ငြိမ်၍ ထီမထင် မျက်နှာပေးနှင့်သာ ရှိနေလေသည်။
ဖက်တီးလေးနှင့် ရှစ်ကျန့်ကတော့ သိသိသာသာ စိုးထိတ်နေကြ၏။
အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာသူများက ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်း၍ အန္တရာယ်အဆင့်ဆင့်ကြားမှ အသက်ရှင်နိုင်ခဲ့သူများ ဖြစ်ကြပြီး သူတို့က သာမန်ထက် ထူးကဲကြလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသူ အရေအတွက်က သိန်းဂဏန်း အတော်များများ ရှိ၏။
သို့သော်လည်း အသင်္ချေနယ်မြေမြို့တော်ဆီသို့ အသက်ရှင်လျက် ရောက်လာနိုင်သူများက အယောက်တစ်သိန်း သို့မဟုတ် ထိုပတ်ချာလည်လောက်သာ ရှိကြလေသည်။
ဤလူများစွာထံမှ ကျဆင်းလာသော အကြည့်များက အလွန်ကြီးမားသော ဖိအားတစ်ခုကို သယ်ဆောင်လာပြီး အဲ့ဒါကို တော်တန်ရုံကျင့်ကြံသူများက ခံနိုင်ရည်ရှိကြလိမ့်မည် မဟုတ်ပေ။
ချင်ချင်က မျက်မှောင်ကြုတ်လိုက်၏။
မြေခွေးလေးက အလိုလို ဆူဇီမိုနှင့် ကွယ်ပုန်းလိုက်၏။
ရွှေခြင်္သေ့၏ မျက်နှာက သုန်မှုန်နေပြီး သူ၏ သားရဲချီကို အတတ်နိုင်ဆုံး ကြိုးစား၍ ရုတ်သိမ်းနေ၏။
မည်သို့ပင်ဆိုစေ.. သူတို့က သားရဲတောကောင်များ ဖြစ်ကြ၏။ လူသားမျိုးနွယ်မှ ဒီလောက်များပြားသည့် ပြိုင်စံရှားများကြားတွင် သူတို့၏စိတ်က မသက်မသာဖြစ်နေသည်မှာ သဘာဝ ကျလေသည်။
စိတ်ဝိညာဉ်ကျားကတော့ ဘေးပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုထားပြီး မြို့တော်ထဲသို့ ရဲတင်းစွာ ဝင်ရောက်လာ၏။
မျောက်သည် ရန်လိုမှုများကို ခံစားမိသော်လည်း သူက ကြောက်ရွံ့မှုမရှိ၊ ဂရုစိုက်ခြင်း မရှိပေ။ ထို့အစား မာန်ဖီ၍ ကြောက်မက်ဖွယ်ရာ အမူအယာဖြင့် စိန်းစိန်းဝါးဝါး ပြန်စိုက်ကြည့်လိုက်၏။
သူက မာနကြီးသော သဘာဝရှိပြီး ဆူဇီမိုကလွဲလျှင် တခြားမည်သူ့ကိုမှ အထင်မကြီးတတ်ပေ။
“အဲ့သားရဲမျောက်က တော်တော် ဇောင်းကြွနေတာ”
“ထားလိုက်ပါ.. သူ့ကို နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားက ခေါ်လာတာဆိုမှတော့ ငါတို့ သွားမရှုပ်တာပဲ ကောင်းပါတယ်”
“ဟမ့်.. အဲ့ဆူဇီမိုက ဘယ်အချိန်ထိ ပြုံးနေနိုင်ဦးမလဲ စောင့်ကြည့်ရသေးတာပေါ့.. သူက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲ မစခင်ကထဲက လူတိုင်းလိုလိုနဲ့ ရန်စလိုက်ပွားထားပြီးပြီ.. ဒီမှာ သူ့ကို ပြဿနာရှာချင်တဲ့သူတွေ သေချာပေါက် ရှိမှာပဲ”
လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။
ထိုစဉ်မှာပင် ကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းဝင်လာပြီး သူတို့ဖြတ်သွားရာတစ်လျှောက် နေရာတိုင်းမှာ လူအုပ်ကြီးက သူတို့အတွက် လမ်းဖယ်ပေးကြရ၏။
ဆူဇီမိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
အဲ့ဒီက ကျင့်ကြံသူများစွာပါသည် အုပ်စုတစ်စုဖြစ်ပြီး သူတို့၏ မတူကွဲပြားသော ဝတ်စားဆင်ယင်ပုံနှင့် ဂိုဏ်းတံဆိပ်များအရ.. သူတို့က မတူညီသော ဂိုဏ်းသုံးဂိုဏ်းမှ ဖြစ်ကြလေသည်။ သူတို့ကြားထဲတွင် စိတ်ဝိညာဉ်တောကောင်များကနေ အသွင်ပြောင်းထားသော ကျင့်ကြံသူများပင်လျှင် ပါကြ၏။
သူတို့၏ ဂိုဏ်းတံဆိပ်ပြားများထဲမှ တစ်ခုကို ဆူဇီမိုသည် ရှုချန်ဆီမှာ အရင်က မြင်ဖူးခဲ့၏။
မိုးကြိုးလေပြေနန်းတော်..
ကြယ်တာရာနဂါးခံတွင်းဝင်္ကပါ၏ အပြင်ဘက်တွင် မိုးကြိုးလေပြေဂိုဏ်းမှ ကျင့်ကြံသူများစွာ သေဆုံးခဲ့ကြရပြီး ရှုချန်သည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် အသက်လု ပြေးခဲ့ရ၏။ ရောက်ရှိလာသော ဤအုပ်စုက သူတို့အပေါ် သေချာပေါက် ရန်လိုစိတ် ရှိကြပေလိမ့်မည်။
အခြားသော ကျင့်ကြံသူနှစ်အုပ်စုကတော့ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့်လေပြဘုရားကျောင်းမှ ဖြစ်ကြလေသည်။
အဲ့ဒါက ထိပ်သီးဂိုဏ်းသုံးဂိုဏ်း စုစည်းထားခြင်းပင်။
“ဟဲဟဲ.. ငါ မပြောခဲ့ဘူးလား.. အပင်မြင့်ရင် လေတိုက်ခံရပါတယ်လို့.. ဒီလောက်များပြားတဲ့ အဖွဲ့အစည်းပေါင်းစုံကို ရန်ရှာထားမှတော့ ဆူဇီမိုက တစ်ချိန်မဟုတ်တစ်ချိန် သေရမှာပဲ”
“ငါတော့ သိပ်ပြီး ကြီးကြီးကျယ်ကျယ် ဖြစ်ကြလိမ့်မယ် မထင်ဘူး.. မြို့တော်တွင်းမှာ သတ်ဖြတ်တာကို တားမြစ်ထားတယ်မလား.. အဲ့ဒီကျင့်ကြံသူတွေက ဒီတိုင်းလမ်းပေါ်မှာ ရန်ဖြစ်ချင်သလို ဖြစ်လို့ မရဘူးလေ”
“စောင့်လဲ ကြည့်စမ်းပါဦး.. ဟမ့်”
များစွာသော ကျင့်ကြံသူများသည် ပွဲကောင်းတစ်ပွဲ ကြည့်ရဖို့ကို မျှော်လင့်နေကြ၏။
ဆူဇီမိုက သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ့အကြည့်ကို မှေးကျဉ်းကာ ချဉ်းကပ်လာသော လူအုပ်စုကို ကြည့်နေလိုက်၏။
“ခွိခွိ..”
ရှင်းသန်လေပြေဘုရားကျောင်းအုပ်စုကို ဦးဆောင်လာသော ရွှေအမြုတေက ရောက်မလာသေးခင်မှာပင် လက်သီးဆုပ်လေးစားဟန်ပြပြီး သူ့အသံကို မြှင့်ပြောလိုက်၏။
“ကျုပ်က သွမ့်ချင်းဖျင်.. တာအိုရောင်းရင်းဆူနဲ့ အခုလို ကြုံဆုံရတာ ဂုဏ်ယူဝမ်းသာစရာပါပဲ.. ကျုပ် ခင်ဗျားအကြောင်း အတော်လေး ကြားဖူးထားပါတယ်”
သွမ့်ချင်းဖျင်ဟု အမည်ရသော ရွှေအမြုတေက ဟန်လုပ်ပြုံး၍ အလ္လာပသလ္လာပစကားများကို ပြောလိုက်၏။
မိုးခရမ်းပြာကောင်းကင်ဂိုဏ်းကို ဦးဆောင်လာသော ရွှေအမြုတေကလည်း ဆူဇီမိုကို နဖူးမှခြေဖျားထိ စေ့စေ့စပ်စပ်ကြည့်ပြီး မှင်သေသေဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်ကတော့ ဝူဖုန့်”
“အဲ့ဒါ သူတို့နှစ်ယောက်ကိုး”
“ဇာတ်လမ်းကတော့ စလာပြီဟေ့.. သွမ့်ချင်းဖျင်နဲ့ ဝူဖုန့် နှစ်ယောက်စလုံးက ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းက ထိပ်တန်းအဆင့်တပည့်တွေပဲ”
မိုးကြိုးလေပြေနန်းတော်မှ ကျင့်ကြံသူများကတော့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စွာ စိုက်ကြည့်နေကြ၏။
ဆူဇီမိုက သူတို့အုပ်စုကို အရေးလုပ်ပြီး ယဉ်ကျေးပျူငှာစွာ ပြန်လှန်နှုတ်ဆက်မနေဘဲ အစကတည်းက ရေခဲလိုအေးစက်သော အကြည့်ဖြင့်သာ ဆိတ်ဆိတ်နေလေသည်။
မျောက်နှင့် အခြားသူများကတော့ ရန်လိုစွာနှင့် ပြန်လှန်စိုက်ကြည့်နေကြ၏။
“ဟီးဟီး”
သွမ့်ချင်းဖျင်က ရယ်မော၍ လက်ကို ညင်သာစွာ ဝေ့ရမ်းပြလိုက်၏။
“တာအိုရောင်းရင်းတို့.. ထိတ်လန့်နေကြစရာ မလိုပါဘူး.. အသင်္ချေနယ်မြေခန်းမကလွဲရင် မြို့တော်ထဲမှာ တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေကို တားမြစ်ထားပါတယ်.. ခင်ဗျားတို့တွေ ဘာလို့ စိတ်ကို တင်းထားကြတာလဲ.. စိတ်ကိုလျှော့ထား.. စိတ်ကိုလျှော့”
ဆူဇီမိုက ဆိတ်ဆိတ်သာလျှင်နေ၏။
မြို့တော်ထဲတွင် သတ်ဖြတ်တာကို တားမြစ်ထားမည်ဆိုတာ သူ သံသယ မရှိပေ။
ထိုစည်းမျဉ်းသာ မရှိဘူးဆို.. အသင်္ချေနယ်မြေမြို့တော်တွင် စုဝေးလာကြသော ပြိုင်စံရှားများအားလုံးသည် သူတို့၏ မောက်မာမှုနှင့် ဂုဏ်ယူဝင့်ကြွားတတ်သော စိတ်နေစရိုက်များအရ.. အနည်းငယ် စိတ်အခန့်မသင့်ကြလျှင်တောင် သူတို့က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကြပေလိမ့်မည်။
ထိုအခါ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲ မတိုင်ခင်မှာပင် လူအများစုက သေကြေကုန်ကြပြီး သွေးချောင်း၊ သွေးမြစ်စီးကုန်ကြပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင် သွမ့်ချင်းဖျင်နှင့် အခြားသူများက ဤနေရာသို့ လျှောက်လာရခြင်းမှာ သူတို့တွင် အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေပေလိမ့်မည်။
သွမ့်ချင်းဖျင်က သူ့အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများကို လှည့်ပတ်ကြည့်ပြီး ဆက်လက်ပြောဆိုလိုက်၏။
“ဒါပေမယ့်လို့ မြို့တော်ထဲမှာ သားရဲတောကောင်တွေကို သတ်ဖြတ်တာကိုတော့ ကန့်သတ်မထားဘူးလေး”
“ဟမ့်”
ဆူဇီမိုက မျက်ခုံးပင့်ပြီး သူ့မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လာ၏။
ဤလူအုပ်စုသည် မျောက်နှင့် အခြားသူများအပေါ် လှုပ်ရှားမှု ပြုလုပ်ချင်သောကြောင့် ဤနေရာသို့ ရောက်ရှိလာကြခြင်းပင်။
သူတို့က သွေးသောက်ညီအစ်ကိုမောင်နှမများ ဖြစ်နေကြပြီးလေပြီ။
မည်သူကမှ မည်သူ၏ စိတ်ဝိညာဉ်တောကောင် မဟုတ်ပေ။
ဆူဇီမိုအတွက်တော့ မျောက်နှင့် အခြားသူများက သူ၏ ဆွေမျိုးများကဲ့သို့သာ။
သူ့ဆွေမျိုးအပေါ် မကောင်းကြံသည့်သူ မည်သူမဆို သေရပေမည်။
သွမ့်ချင်းဖျင်က ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီးနောက် သူက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။
“တာအိုရောင်းရင်းဆူ.. ခင်ဗျားက ဘာတွေ စိတ်တိုနေတာလဲ.. ကျုပ်တို့ ကျင့်ကြံသူတွေအနေနဲ့ စိတ်ဝိညာဉ်တောကောင်တွေအပေါ် လက်တင်စရာ မလိုဘူးလေ.. ဒါပေမယ့်လို့....”
သူက စကားလမ်းကြောင်း ပြောလိုက်၏။
“ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှု မပျက်ပြားရအောင် ကျုပ်တို့က ဝင်တိုက်ခိုက်ဖို့ ဘယ်သင့်တော်ပါ့မလဲ.. ဒါပေမယ့်လို့ ကျုပ်တို့ရဲ့ သားရဲတောကောင်တွေကိုတော့ သူတို့အချင်းချင်း လက်ရည်စမ်းခိုင်းလို့ ရတာပဲ.. ဘယ်လို သဘောရလဲ”
ထိုသို့ပြောရင်း သွမ့်ချင်းဖျင်က အနည်းငယ် စောင်းငဲ့ကြည့်လိုက်သောအခါ သူ့နောက်မှ အရပ်ရှည်ရှည်လူတစ်ယောက်က လျှောက်လှမ်းထွက်လာလေသည်။
ထိုလူထံမှ ကြွယ်ဝသော သားရဲချီက ဖြာထွက်နေပြီး သူ့အကြည့် ရက်စက်ကြမ်းကြုတ်နေ၏။ သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို အပေါ်ပိုင်း ဗလာကျင်းထားပြီး ကြွက်သားအဖုအထစ်များက အစီအရီ ဖောင်းကြွနေလေသည်။ သူက အရမ်းကို ကြောက်စရာကောင်းသည့်ပုံ ပေါ်လေသည်။
သွမ့်ချင်းဖျင်က အရေးအကြီးဟန်ဖြင့် ပြေလိုက်၏။
“သူကတော့ ဟိုးအရင် ကျုပ် လိုဏ်ဂူခန်းဝါတစ်ခုထဲကို အမှတ်တမဲ့ ရောက်ခဲ့တုန်းက ဒီတိုင်း ကောက်ယူလာခဲ့တဲ့ တောကောင်ဥတစ်လုံးကနေ ပေါက်ဖွားလာတာပဲ.. ဘာမှ သိပ်ပြီး ထူးခြားနေတာတော့ မရှိပါဘူး”
ဘေးဘက်ရှိ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ သားနားလှပသော အမျိုးသမီးတစ်ယောက်ကလည်း ရှေ့သို့ လျှောက်လှမ်းလာ၏။ သူမသည် ရှည်လျားသွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ထိုက်သင့်သည့်နေရာများကတော့ မို့မောက်နေကာ ညှို့ငင်ဓါတ် အပြည့်ရှိနေလေသည်။
ဝူဖုန့်က အမျိုးသမီးကို လက်ညိုးထိုးပြလိုက်၏။
“ဒါကတော့ ကျုပ်ပြုစုပျိုးထောင်ထားတဲ့ စိတ်ဝိညာဉ်တောကောင်တစ်ကောင်ပေါ့.. သူမက မြွေမျိုးနွယ်က သားရဲတစ်ကောင်ဖြစ်ပြီးတော့ သူလဲ အရမ်း သာမန်ပါပဲ.. ခင်ဗျားရဲ့ စိတ်ဝိညာဉ်တောကောင်တွေက လက်ရည်စမ်းတိုက်ခိုက်ဖို့အတွက် သူတို့ထဲက တစ်ယောက်ယောက်ကို ရွေးချယ်လို့ ရတယ်”
ဆူဇီမိုသည် စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
မျောက်ဖြစ်စေ၊ စိတ်ဝိညာဉ်ကျားဖြစ်စေ ဘယ်သူကမှ သူကျွေးမွေးပြုစုထားသော စိတ်ဝိညာဉ်တောကောင်များ မဟုတ်ကြပေ။
ထိုကဲ့သို့သော လက်ရည်စမ်း တိုက်ခိုက်ခိုင်းခြင်းမျိုးက သူ့အတွက်ကို အရမ်းကို ရယ်စရာကောင်းနေလေသည်။
ဆူဇီမိုက ငြင်းပယ်မည်ပြုစဉ်မှာပင် အမွေးထူထူလက်တစ်ဖက်က သူ့ပုခုံးကို ဆုပ်ကိုင်လာ၏။
မျောက်က ရှေ့သို့ ထွက်လာပြီး သူ့လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ကာ သွားဖြီးလိုက်၏။
“ငါ့လက်တွေက ဘာလို့ ယားနေတာလဲ မသိဘူး.. ငါ သူတို့နဲ့ တိုက်မယ်”
မျောက်က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်တာကြောင့် ဆူဇီမိုက သူ့ကို တားမှာ မဟုတ်ပေ။
သွမ့်ချင်းဖျင်နှင့် ဝူဖုန့်၏ မျက်လုံးများထဲတွင် ကျေနပ်နှစ်ခြိုက်မှုက ပေါ်လာကြ၏။
သွမ့်ချင်းဖျင်က ပြုံးစစဖြင့် မေးလိုက်၏။
“တာအိုရောင်းရင်း.. ဒီတောကောင်နှစ်ကောင်ထဲက ဘယ်ကောင်ကို ခင်ဗျား စိန်ခေါ်ချင်လဲ”
“ထွီ.. ဘာတွေ ဗျာများနေတာလဲ.. သူတို့နှစ်ကောင်လုံး တစ်ခါထဲ လာခိုင်းလိုက်”
မျောက်က အထင်အမြင်သေးစွာဖြင့် အော်ပြောလိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
ဗလတောင့်တောင့်လူ၏ အမူအယာက ချက်ချင်းသုန်မှုန်သွားပြီး သူ့ဘေးပတ်လည်တွင် သားရဲချီများက ထူထပ်သိပ်သည်းလာလေသည်။
“ဟူးဟူးဟူးးး”
မြွေမကလည်း လုံးဝ ရွှင်ပျသွား၏။ သို့သော် သူမ၏ မျက်လုံးများက အေးစက်သည်ထက် အေးစက်လာကာ ပြောလိုက်၏။
“သားရဲမျောက်.. နင်ပြီးမှ နောင်တ မရနဲ့နော်”