← Chapters

မဟာကြမ်းကြုတ်တောကောင်နှစ်ကောင်

Vol. 48 Ch. 713

မဟာကြမ်းကြုတ်တောကောင်နှစ်ကောင်

Vol. 48 Ch. 713

ဆူဇီမိုက နောင်တရပြီး နောက်တွန့်သွားမည်ကို စိုးသည့်အလား သွမ့်ချင်းဖျင်က ကပျာကယာ ပြောလိုက်၏။

“ကဲ ဒီလိုဆိုမှတော့လဲ.. ကျုပ်တို့ သူတို့ကို လက်ရည်စမ်းခိုင်းလိုက်ကြတာပေါ့”

သူက လက်ရည်စမ်းသည်ဟု ပြောသော်လည်း နှစ်ဖက်စလုံးရှိ စိတ်ဝိညာဉ်တောကောင်များက စတင်တိုက်ခိုက်သည်နှင့် တစ်ဖက်ကိုတစ်ဖက် ညှာတာခြင်းမရှိ သွေးများဖြင့် စွန်းထင်းတော့မည်ဆိုတာ လူတိုင်း ပြောနိုင်ကြလေသည်။

သွမ့်ချင်းဖျင်နှင့် ဝူဖုန့်က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ကျေနပ်နှစ်ခြိုက်မှုကို မြင်ကြရလေသည်။

စောစောက သူတို့သည် သူတို့၏ တောကောင်များက သာမန်သာဖြစ်ကြောင်း တမင်ဟန်လုပ်၍ အားနည်းချင်ယောင် ဆောင်ခဲ့ကြသော်လည်း ဆူဇီမိုက ဒီလောက်လွယ်လွယ် အရူးလုပ်ခံရလိမ့်မည်ဟု သူတို့ ထင်မထားပေ။

သွမ့်ချင်ဖျင်သည် စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

“ဒီပြန်ဝင်စားမွန်းစတားက နာမည်ဂုဏ်သတင်းကြီးပေမယ့် သိပ်လဲ မဟုတ်ပါဘူး.. သူမွေးထားတဲ့ စိတ်ဝိညာဉ်တောကောင်ကတောင် ဒီလိုမျိုး စိတ်လိုက်မာန်ပါ တဇောက်ကန်း လုပ်တတ်တယ်ဆိုတော့”

သွမ့်ချင်းဖျင်နှင့် ဝူဖုန့်သည် သူတို့ဘက်က အနိုင်ရရှိမည်ကို ကြိုတင်သိရှိထားပြီး စိတ်အေးသက်သာသော အမူအယာ ရှိနေကြ၏။

တစ်ဖက်မှာတော့ ဆူဇီမိုက တည်ငြိမ်သော အမူအယာ ရှိနေပြီး သူ့အကြည့်က သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေ၏။ သူ့စိတ်ကို မည်သူကမှ မဖတ်နိုင်ကြပေ။

ဖက်တီးလေးနှင့် ရှစ်ကျန့်ကတော့ အိုးတမ်းအမ်းတမ်း ဖြစ်နေကြ၏။

သည့်အရင်က မျောက်၏ ခွန်အားကို သူတို့နှစ်ယောက်သည် မျက်ဝါးထင်ထင် မြင်တွေ့ထားဖူး၏။

ထိုသားရဲမျောက်၏ မျိုးဆက်သွေးက သာမန်ဟုသာ ထင်ရသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက မည်သည့်ကြမ်းကြုတ်တောကောင်ထက်မှ အောက်မကျပေ။

ရွှေခြင်္သေ့၏ အမူအယာက တောင့်တင်းနေပြီး သူက စိုးရိမ်ပူပန်သည့်ပုံပေါက်အောင် အကောင်းဆုံး ကြိုးစားနေ၏။

ချင်ချင်နှင့် မြေခွေးလေးကလည်း သူတို့၏ ရွှင်ပျမှုကို အကောင်းဆုံးကြိုးစား၍ ဖုံးကွယ်နေကြ၏။

စိတ်ဝိညာဉ်ကျားကတော့ မကောင်းဆိုးဝါးဆန်ဆန် သွားဖြီး၍ ဗလတောင့်တောင့်လူနှင့် မြွေမကို အသေကောင်အလောင်းများအလား စိုက်ကြည့်နေ၏။

သူတို့က မျောက်၏ အကြောင်းကို ကောင်းကောင်းသိထားကြလေသည်။

မျောက်၏ မျိုးဆက်သွေးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးရှိပြီး အဲ့ဒါက ထွက်ပေါ်လာသည်နှင့် သူက ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်သို့ ဝင်ရောက်သွားပေလိမ့်မည်။ ထိုအခါ ကပ်ဘေးတစ်ခုက သေချာပေါက် ကျရောက်လာပေတော့မည်။

ထိုအချိန်တွင် မျောက်သည် ဘာကိုမှ မှတ်မိတော့မည် မဟုတ်ဘဲ သူ့ရှေ့မှာ ဆူဇီမိုရှိလျှင်တောင် သူက တိုက်ခိုက်မည်သာ ဖြစ်လေသည်။

သိပ်မကြာမီ လမ်းမရှည်ထက်တွင် နေရာလွတ်တစ်ခုကို ဖွင့်ပေးလိုက်လိုက်ကြ၏။

မျောက်က တိုက်ပွဲကွင်းသို့ ဝင်ရောက်သွားပြီဖြစ်ပြီး သူ့လည်ပင်းကို လှုပ်ခါ၍ အကြောအခြင်ဆန့်လိုက်၏။

ဗလတောင့်တောင့်လူနှင့် မြွေမက သူ့ရှေ့မှာ ဖိုခနောက်ဆိုင် ရပ်လိုက်ကြ၏။

လှောင်ပြောင်လိုသော အမူအယာဖြင့် ဗလတောင့်တောင့်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သားရဲမျောက်.. မင်းအခုမှ နောင်တရနေလဲ နောက်ကျသွားပြီနော်”

“နောင်တလား”

မျောက်က မျက်လုံးစွေကြည့်ပြီးနောက် ဗလတောင့်တောင့်လူဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားရင်း ကျိန်ဆဲလိုက်၏။

“မင်းမေဂျီးကို နောင်တရ ရမှာလား”

ဝုန်း..

သူက သူ့ရင်အုပ်ကို ဘယ်ဘက်လက်ဖြင့်ကာပြီး ညာလက်ကို ဆန့်တန်း၍ ပစ်ထိုးချလိုက်၏။

သူ့လက်သီး၏ အရွယ်အစားက ကြီးမားလာပြီး စိမ်းညိုရောင်ဧရာမချိတ်စည်းကြီးနှင့်တူကာ ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။ အဲ့ဒါက ကြီးမားလှစွာသော ခွန်အားကို သယ်ဆောင်လာပြီး လေထုက ကျယ်လောင်စွာ ပေါက်ကွဲမြည်ဟည်းသွား၏။

မျှော်လင့်ချက်မျောက်ဝံ့လက်သီးချိတ်စည်း..

အဲ့ဒါသည် အန္တိသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။

ဆူဇီမိုပြီးလျှင် အဲ့ဒါကို တတ်မြောက်သော တစ်ဦးတည်းသောသူမှာ မျောက် ဖြစ်လေသည်။

“အာ”

ဗလတောင့်တောင့်လူက မျောက်ကို ပြန်လှန်ပြောမည် ပြုစဉ်မှာပင် ဝင်ရောက်လာသော ကြောက်စရာကောင်းသည့်ခွန်အားကိုကြည့်ပြီး စိုးထိတ်မှုဖြင့် သူ့စကားလုံးများကို အတင်းပြန်မျိုချလိုက်ရ၏။

ပြောရလျှင် ထိုဧရာမချိတ်စည်းပတ်လည်မှာ သွေးရနံ့တစ်ခုပင် ပါလာ၏။

ဤတိုက်ခိုက်မှုက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲဆိုတာ သိရှိသွားပြီး ဗလတောင့်တောင့်လူ၏ အမူအယာက ပြောင်းလဲသွားကာ ပင့်သက်ကို ရှိုက်လိုက်၏။

ဖြောက်..

ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်ရှိ အရွတ်များနှင့် အရိုးများမှ အသံဗလံများက ထွက်ပေါ်လာပြီး သူ့သွေးချီက တလိပ်လိပ်တက်လာ၏။ မျောက်က တိုက်ခိုက်လိုက်ချိန်တွင် သူက တွေဝေခြင်းမရှိ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်လေသည်။

အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် သားရဲများသည် လူသားသွင်ပြင်မှာ နေနိုင်သော်လည်း သူတို့၏ အစစ်အမှန်ပုံစံမှာသာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဗလတောင့်တောင့်လူရပ်ခဲ့သော နေရာမှာ ဧရာမသားရဲတောကောင်ကြီးတစ်ကောင်က ပေါ်လာ၏။ သူက ကျားတစ်ကောင်နှင့် ဆင်တူပြီး သူ့ကျောပေါ်မှာ တောင်ပံတစ်စုံက ရွှစ်ကနဲ ပေါ်လာ၏။ အလွန့်အလွန် ခက်ထန်ကြမ်းကြုတ်မှုနှင့်အတူ သူ၏ ထက်ရှသော သွားနှင့် အစွယ်များကို ကြောက်မက်ဖွယ်ရာ ထုတ်ပြထား၏။

“အား..”

“အဲ့ဒါ ချမ်းချီတစ်ကောင်ပဲ”

“ချမ်းချီက မဟာရှေးဟောင်းကြမ်းကြုတ်တောကောင်လေးကောင်ထဲက တစ်ကောင်ပဲ.. သူ့ကို အရှင်ဖမ်းပြီး ယဉ်ပါးအောင် ပျိုးထောင်ဖို့က မဖြစ်နိုင်သလောက်ပဲ.. သွမ့်ချင်းဖျင်က တော်တော်ကံကောင်းတာပဲ”

ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်လာသော မည်သည့်ပြိုင်စံရှားမဆို သူတို့ကိုယ်ပိုင် အခွင့်အလမ်းများနှင့် အတွေ့အကြုံများ ရှိကြလေသည်။

“သွမ့်ချင်းဖျင်က သူ့စိတ်ဝိညာဉ်တောကောင်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတာဆိုတော့ သူက တော်တော်ကောက်ကျစ်တာပဲ”

“အဲ့ဒီသားရဲမျောက်ကတော့ သွားရှာပြီထင်တယ်ဟေ့”

တစ်ဖက်မှာတော့ မြွေမသည် သိပ်သည်းပြင်းထန်သော ဖိအားကို အာရုံခံမိလိုက်ပုံရပြီး သူမသည်လည်း အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။

မြေကြီးပေါ်တွင် ဧရာမမြွေကြီးတစ်ကောင်က ရစ်ခွေ၍ ပေါ်ထွက်လာပြီး အဲ့ဒါက ပေတစ်ထောင်လောက် ရှည်လျားလေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများက လူတစ်ယောက်၏ မျက်နှာလောက် ကြီးမားလေသည်။

၎င်း၏ ဦးခေါင်းက တိမ်လွှာများကြားသို့ပင် ရောက်လုနီးပါးဖြစ်ပြီး ၎င်း၏ လျှာနှစ်ခွကို တဖျပ်ဖျပ်ထုတ်ကာ မျောက်ကို အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။ ၎င်း၏ ကြီးမားသည့် မြွေမြီးကြီးက ညှိုတီတီအနံ့ဖြင့် လှုပ်ရမ်းနေလေသည်။

၎င်း၏ အမြီးက အဆိပ်များဖြင့် ပြည့်နှက်နေလေသည်။

အနီးနားရှိ ကျင့်ကြံသူများသည် သူတို့၏ ပင့်သက်ကို ကပျာကယာ ရှိုက်လိုက်ကြ၏။

သူတို့ လှည့်ကြည့်လိုက်ရင်း လူတိုင်းသည် ပိုလို့တောင် တုန်လှုပ်သွားကြလေသည်။

ချိတ်ကောက်တစ်စုံကဲ့သို့ နှစ်ခွဖြစ်နေသော မြွေအမြီးကြီးက ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်သည့်အလား အေးစက်စွာဖြင့် တလက်လက်ထနေလေသည်။

“ဘုရားရေ.. အဲ့ဒါက ချိတ်ကောက်မြွေဟ”

“ဟာ.. နောက်ထပ် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ပါ့လား”

“သွမ့်ချင်းဖျင်နဲ့ ဝူဖုန့်က ကောင်းကောင်းက ပြင်ဆင်လာတာပဲ.. ဆူဇီမိုရဲ့ တောကောင်ကတော့ မသာပေါ်တော့မယ်”

ရှေးဟောင်းတိုက်ပွဲမြေမှာပင်လျှင် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များကို တွေ့မြင်ရခဲလေသည်။

သူတို့ကို တွေ့ရလျှင်တောင် သူတို့ကို အသက်ရှင်လျက်ဖမ်းပြီး အတင်းအကျပ် သွေးသစ္စာကျိန်ဆိုခိုင်းနိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။

သို့သော် ယခုအခါမှာတော့ သာမန်မျောက်တစ်ကောင်က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်နှစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေရလေသည်။ ထိုမျောက်က အရှင်လတ်လတ် အရေခွံဆုတ်ခံရတော့မည့် မဟုတ်ပါလား။

ဘုန်း..

မျောက်က ချမ်းချီရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ဧရာမလက်သီးချိတ်စည်းကြီးကလည်း ပြင်းထန်စွာ ကျဆင်းလာလေသည်။ ချမ်းချီက သူ့လက်နှစ်ဖက်ကို မြှောက်၍ ထိပ်တိုက်ရင်ဆိုင်ခုခံလိုက်၏။ သူ့သွေးချီများက တဝုန်းဝုန်းထလာပြီး ခပ်ထိုင်းထိုင်း ထိခိုက်ပျက်စီးသည့် အသံတစ်သံက ထွက်ပေါ်လာလေသည်။

အဲ့ဒီမှာ ခဏတော့ ရပ်တန့်သွား၏။

နောက်ခဏ၌ လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်သွားကြလေသည်။

အားလုံး၏ မျက်စိရှေ့မှာပင်.. ချမ်းချီ၏ ကြီးမားသည့် ခန္ဓကိုယ်ကြီးက လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ လမ်းမပေါ်မှာ အတော်ကြာကြာ လိမ့်ဆင်းသွားပြီးမှ နောက်ဆုံး ရပ်တန့်သွားလေသည်။ သာမန်ဟုသာ ထင်ရသော သားရဲတောကောင်တစ်ကောင်က သူ့ကို လွင့်စင်ထွက်သွားစေလေသည်။

ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ရုန်းကန်ပေါက်ကွဲအားပါလဲ။

မဟာရှေးဟောင်းကြမ်းကြုတ်တောကောင်လေးကောင်ထဲမှ တစ်ကောင်ဖြစ်သော ချမ်းချီကိုပင် လွင့်စင်ထွက်သွားစေရလောက်အောင် စွမ်းနိုင်သည့် ထိုသားရဲမျောက်၏ နောက်ခံက ဘာပါလိမ့်။

“ဝှီး.. ဝှီး.. ဝှစ်..”

ဆိုးယုတ်သော လေပြင်းတစ်ချက်က သူ့ကို တိုက်ခတ်လာ၏။

ကောင်းကင်ထောက်တိုင်ကဲ့သို့ ဧရာမမြွေမြီးကြီးက လွှဲရမ်းလာလေပြီ။ အဲ့ဒါက ကြောက်စရာကောင်းသော စွမ်းအားကို သယ်ဆောင်ထားပြီး ၎င်းက ရောက်မလာသေးခင်မှာပင် သဲများနှင့် ကျောက်ခဲများက လွင့်ပျံလာလေသည်။

မျောက်က လုံးဝ မရွေ့လျားဘဲ သူ့သွေးချီကို လှည့်ပတ်လိုက်၏။ ထို့နောက် သူ့လက်ဝါးနှစ်ဖက်ကို ဖြန့်၍ ဝင်ရောက်လာသော မြွေမြီးကို တည့်တည့် ဖမ်းဆွဲလိုက်လေသည်။

ဘုန်း..

မျောက်၏ ခြေထောက်အောက်ရှိ ကျောက်ချပ်က ချက်ချင်း ပေါက်ကွဲထွက်သွား၏။

သို့သော်လည်း မျောက်က လုံးဝ မရွေ့လျားဘဲ ချိတ်ကောက်မြွေ၏ ခွန်အားအပြည့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်လေသည်။

ချိတ်ကောက်မြွေ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲ ပေါ်လာလေသည်။

လွှဲရမ်းလိုက်သော သူမ၏ အမြီးက သူမ၏ ကနဦးလှုပ်ရှားကွက်သာ ဖြစ်လေသည်။

သူ၏ တစ်ကယ့် သတ်ဖြတ်ကွက်က သူမ၏ မြေချိတ်ကောက်များထံမှ လာပေမည်။

သူတို့ကို ချိတ်ကောက်မြွေများဟု ခေါ်ရခြင်းမှာ သူတို့၏ ကြောက်စရာအကောင်းဆုံး နည်းလမ်းက သူတို့၏ အမြီးပေါ်ရှိ ချိတ်ကောက်များ ဖြစ်သောကြောင့်ပင်။

ထိုချိတ်ကောက်တစ်စုံက မနှိုင်းယှဉ်သာအောင် သန်မာပြီး သူတို့၏ အထွတ်အထိပ်သို့ ကျင့်ကြံထားသည့်အခါ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်များကိုပင် ထိုးဖောက်နိုင်လေသည်။

ထိုမျှသာမကဘဲ.. ထိုချိတ်များမှာ ပြင်းထန်သော အဆိပ်က ပါလေသည်။

သက်ရှိအများစုမှာ ထိုချိတ်များ၏ ထိုးစိုက်ခြင်းခံရလျှင် အသက်ရှုချိန်အနည်းငယ်အတွင်း သွေးပြည်များအဖြစ် ပေါက်ကွဲသွားပေလိမ့်မည်။

ကျောက်တိုင်ကဲ့သို့၊ သံမဏိကျာပွတ်ကဲ့သို့.. မြွေမြီးကြီးက ကျဆင်းခဲ့လေပြီ။

သို့သော်လည်း မျောက်က လက်နှစ်ဖက်ဖြင့် အဲ့ဒါကို ဖမ်းဆွဲပြီးနောက် မြွေမြီးက ပျော့ပျောင်းသွားလေသည်။ ၎င်းမှာ ကိုယ်ပိုင်အသက်တစ်ခုသက်သက် ရှိသည့်အလား ၎င်းက တစ်မူထူးခြားစွာ လှုပ်ရှားသွားပြီး မျောက်၏ ခြေထောက်များကို ပစ်ရိုက်ချလိုက်လေသည်။

ဖြီး..

မျောက်က အချိန်မီ မရှောင်လိုက်နိုင်ဘဲ သူ့ခြေထောက်ပေါ်တွင် သွေးသံရဲရဲအပေါက်နှစ်ပေါက်က ဖြစ်ပေါ်လာလေသည်။

ရွှီး..

ချိတ်ကောက်မြွေက ပြုံးလိုက်၏။

သူမ၏ မျက်လုံးထဲတွင်တော့ မျောက်က လေလူတစ်ယောက် ဖြစ်နေပြီးလေပြီ။

သူမ၏ အဆိပ်ပျံ့နှံ့သွားလျှင် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များပင် ခဏတာ တောင့်ခံထားနိုင်မည်ဖြစ်သော်လည်း သူတို့က အနှေးနှင့် အမြန်ဆိုသလို သေဆုံးရမည်သာ။

မျောက်၏ အမူအယာက ပြောင်းလဲမသွားသော်လည်း သူ့ဒူးများက ခွေယိုင်၍ လဲကျလုနီးပါး ဖြစ်သွား၏။ သို့သော်လည်း သူ့မျက်လုံးထဲရှိ သွေးနီရောင်အလင်းစက် သိပ်သည်းစုဖွဲ့လာပြီး ချက်ချင်း မတ်မတ်ပြန်ရပ်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ရင်း သူ့ခန္ဓာကိုယ်က ကြီးမားပြန့်ကားလာလေသည်။

ထိုတိုက်ခိုက်မှုက မျောက်ကို တစ်ကယ်ပဲ ဒေါသူပုန်ထသွားစေလေသည်။

All Chapters