← Chapters

ခါးလိုက်တာကွာ.. အရသာလဲ မရှိဘူး

Vol. 48 Ch. 714

ခါးလိုက်တာကွာ.. အရသာလဲ မရှိဘူး

Vol. 48 Ch. 714

မျောက်၏ ရင်အုပ်ထဲရှိ အတွင်းအမြုတေက ရူးသွပ်စွာ လည်ပတ်လာပြီး သူ့သွေးချီက တလိပ်လိပ်တက်လာ၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က ပြန့်ကားလာပြီးနောက် အလွန့်အလွန် ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ သူ၏ အစစ်အမှန်သို့ ပြောင်းလဲလာလေသည်။

“ဂါး”

မျောက်က သွေးနီရောင်မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

“အား”

ဘေးနားဝန်းကျင်ကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာသည် အံ့အားတသင့် ရေရွတ်၍ သူတို့၏ အမူအယာများက ပြောင်းလဲသွားကြ၏။

ကျင့်ကြံသူအချို့က ပိုလို့တောင် ဆိုးရွားပြီး စွမ်းအားကြီးသော သားရဲချီများနှင့် ကြုံတွေ့ရချိန်တွင် အလိုလို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြ၏။

မျောက်က ချိတ်ကောက်မြွေ၏ အမြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ၏ လက်ချောင်းများကို မြွေ၏ အသားထဲသို့ အတင်းဖိ၍ ထိုးစိုက်လိုက်၏။ သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားကို စိုက်ထုတ်လိုက်သောအခါ သူ၏ ကြွက်သားများက ဖုဖောင်း၍ ကျောက်သားများကဲ့သို့ တင်းပြောင်လာလေသည်။

“ရှီးး”

ချိတ်ကောက်မြွေက လူးခါ၍ တွန်မြည်လိုက်၏။

နတ်ဘုရားဆန်သော စွမ်းအားနှင့်အတူ မျောက်က ဧရာမမြွေကြီးကို အမြီးကနေ ဆွဲမပြီး လေထဲမှာ စက်ဝန်းပုံစံ ဝှေ့ရမ်းကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကိုင်ရိုက်ချလိုက်၏။

အော်ဟစ်သံများက ဆူညံစွာ ထွက်ပေါ်လာပြီး လူအုပ်ကြီးက ချဲထွက်လိုက်၏။

မြို့ထဲရှိ ကျင့်ကြံသူများသည် တော်တော်လေး ထိတ်လန့်ကုန်ကြပြီး တစ်ခုခု မူမမှန်တော့တာကို သတိထားမိလိုက်ချိန်၌ နောက်သို့ အပြေးအလွှား ဆုတ်လိုက်ကြ၏။

ဘုန်း...

အလွန်ကျယ်လောင်သော မြည်ဟိန်းသံနှင့်တူ ချိတ်ကောက်မြွေ၏ ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး ပေတစ်ထောင်ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ အသားစ၊ သွေးစများနှင့်အတူ သဲ၊ ဖုန်နှင့် ကျောက်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်ကုန်၏။

စောင့်ကြည့်နေကြသော ကျင့်ကြံသူများအားလုံးသည် သူတို့၏ မျက်လုံးများထဲမှာ ပြင်းထန်သော တုန်လှုပ်မှုနှင့်အတူ သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။

အဲ့ဒါက ရက်စက်လွန်းလှလေသည်။

ချိတ်ကောက်မြွေ၏ နေရာမှာ သူတို့ဆိုလျှင် ထိုတိုက်ခိုက်မှု၌ သူတို့၏ ခန္ဓာကိုယ်က ကျိုးကြေမွ၍ ပျော့ဖတ်ဖြစ်သွားပေလိမ့်မည်။

သူမသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ပင် ဖြစ်သော်လည်း မျောက်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည် မရှိပေ။

မျောက်က သူမ၏ အဆိပ်ကို မိပြီးတာတောင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာပြီး ဤမျှ တုန်လှုပ်စရာကောင်းသည့် စွမ်းအားကို ထုတ်ပေးလာနိုင်လိမ့်မည်ဟု တစ်ကယ်ကို မျှော်လင့်မထားပေ။

မျောက်က အနည်းငယ် မောဟိုက်နေ၏။

တစ်ကယ်တော့ ချိတ်ကောက်မြွေ၏ အဆိပ်က အတော်လေးကို ပြင်းထန်ပြီး သူ့ကိုယ်ထဲသို့ ဝင်ရောက်လာပြီးပြီဖြစ်၏။

သို့သော်လည်း အဆိပ်က သူ့မျိုးဆက်သွေးထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို နှိုးဆွမိသွားပြီး မတူညီသော စွမ်းအားနှစ်မျိုးက တစ်ခုကိုတစ်ခု အပြန်အလှန် တိုက်စားနေကြ၏။

အချိန်တိုအတွင်းမှာ ဘယ်ဘက်ကမှ အသာမရဘဲ လွန်ဆွဲနေပြီး ထိုကြောင့်သာလျှင် သူက လဲကျမသွားသေးခြင်း ဖြစ်လေသည်။

ငြိမ်သက်နေသော သွမ့်ချင်းဖျင်ပင်လျှင် ဆက်လက်၍ ပြုံးမနေနိုင်တော့ပေ။

ဝူဖုန့်၏ အမူအယာက ညိုမည်းလာလေသည်။

တစ်ဖက်မှာတော့ ချမ်းချီသည် မျောက်၏ ထိုးချက်ဖြင့် လွင့်ပျံထွက်သွားပြီး သူ၏ အရိုးများက ကျိုးကြေမွလုနီးပါးဖြစ်ကာ မတ်တပ်ပြန်ထဖို့ကို ရုန်းကန်လှုပ်ရှားနေရ၏။

ရွှစ်..

ချမ်းချီက သူ၏ တောင်ပံများကို ဖြန့်၍ ပျံတက်ပြီးနောက် ကောင်းကင်ထက်ကနေ မျောက်ဆီသို့ ရက်စက်စွာ ခုန်အုပ်လိုက်လေသည်။

ခလမ်း.. ခလမ်း..

သူ့ထံမှ အေးစက်စွာဖြင့် ဝင်းလဲ့နေသော အလွန်ထက်ရှသည့် လက်သည်းများက ထွက်လာပြီး မျောက်၏ ဦးခေါင်းဆီသို့ ချိန်ရွယ်လာလေသည်။

တစ်ချိန်တည်းမှာပင် ချမ်းချီသည် သူခေါင်းကိုမော့၍ ပါးစပ်ကို ဟလိုက်ပြီး ထက်ရှသော သွားစွယ်များကို ထုတ်ဖော်ကာ မျောက်၏ လည်ပင်းကို ကိုက်ချဖို့ ကြိုးစားလိုက်၏။

လက်သည်းဖြင့် ကုတ်ဆွဲခံရသည်ဖြစ်စေ၊ သွားစွယ်များဖြင့် အကိုက်ခံရသည်ဖြစ်စေ.. မျောက်ကတော့ သွားပြီပင်။

မျောက်က နေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး သူ့ခေါင်းကိုမော့ကာ သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူက ရှောင်လဲမရှောင်၊ နောက်လဲမဆုတ်ဘဲ.. ရုတ်တရက် တန်ပြန်တိုက်ခိုက်လိုက်လေသည်။

ဖြောက်.. ဖြောက်.. ဖြောက်..

မျောက်က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

အရိုးများနှင့် အရွတ်များက လှုပ်ခါသွားပြီး သူ၏ လက်မောင်းကြွက်သားများမှ အသံဗလံများက ထွက်ပေါ်လာလေသည်။

လူတိုင်း၏ အကြည့်များအောက်မှာပင် သူ့လက်နှစ်ဖက်၏ အရွတ်များက ဆန့်ထွက်သွားပြီး အသားများက သွေးများဖြင့် ပြည့်နှက်ကာ သူ့လက်နှစ်ဖက်က သုံးပေလောက်ကို ချက်ချင်း ရှည်ထွက်လာလေသည်။

ချမ်းချီက အရင်စပြီး တိုက်ခိုက်သူဖြစ်သော်လည်း ရုတ်တရက် ပြောင်းလဲမှုက သူ့ကို အရေးနိမ့်သော အခြေအနေသို့ ပြောင်းလဲရောက်ရှိသွားစေလေသည်။

သူ့အစွယ်များက မျောက်ဆီသို့ မရောက်ခင်မှာပင် ထိုသူ၏ လက်နှစ်ဖက်က သူ့မျက်နှာဆီသို့ ချဉ်းကပ်လာလေပြီ။

ချမ်းချီသည် သူ၏ နည်းဗျူဟာကို နောက်ဆုံးအချိန်မှာ ပြောင်းလဲလိုက်ပြီး မျောက်၏ လက်နှစ်ဖက်ကို သူ့လက်ဖဝါးများဖြင့် လှမ်းကုတ်ဆွဲကာ ပါးစပ်ဖြင့် ဖမ်းကိုက်ချဖို့ လုပ်လိုက်၏။

ဘန်း..

ချမ်းချီက မကိုက်နိုင်ခင်မှာပင် မျောက်က သူ၏ မေးရိုးနှစ်ဖက်ကို ဖမ်းဆုပ်မိသွားလေသည်။

ဘုန်း..

မျောက်၏ သွေးရောင်မျက်လုံးများက ဝင်းလဲ့တောက်ပလာပြီး ဒေါသတကြီး ဟိန်းဟောက်ကာ ချမ်းချီကို လေထဲကနေ ဆတ်ကနဲ ဆောင့်ဆွဲ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ဆောင့်ချလိုက်၏။

ထိုပစ်ဆောင့်ချက်က ချမ်းချီ၏ ခေါင်းကို ချာချာလည်သွားစေပြီး သူ့အရိုးများက ကျိုးကြေကုန်ပြီဟု ခံစားလိုက်ရလေသည်။ သူ့အရေပြားက ကွဲထွက်ကုန်ပြီဖြစ်ပြီး လွန်မင်းစွာ နာကျင်မှုဖြင့် သတိလစ်တော့မည့်ဆဲဆဲ ဖြစ်လာလေသည်။

သူ့အခြေအနေက ချိတ်ကောက်မြေထက် ပိုမကောင်းနိုင်ပေ။

သူမတုံ့ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို အလွန်ပြင်းထန်သော ခွန်အားဖြင့် ခြေဖဝါးတစ်ဖက်က ဆောင့်နင်းချလိုက်၏။

အရိုးကျိုးကြေသံများက တဖြောက်ဖြောက် ထွက်လာလေသည်။

“ဂါးးး”

ချမ်းချီသည် နာကျင်မှုဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

မျောက်သည် ချမ်းချီ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခြေတစ်ဖက်ဖြင့် ဆောင့်နင်းချပြီးနောက် ထိုသူ၏ အပေါ်မေးရိုး၊ အောက်မေးရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ၏ အကြည့်က အရိုင်းဆန်နေပြီး သူက ချမ်းချီ၏ မေးရိုးနှစ်ဖက်ကို ဆုပ်ကိုင်ထားလျက်နှင့် သူ့ဒူးခေါင်းတစ်ဖက်ပေါ်သို့ ပစ်ဆောင့်ချလိုက်၏။

ဘုန်း..

စူးစူးဝါးဝါးအော်သံက ရပ်တန့်သွားလေပြီ။

မျောက်၏ လက်ချက်ဖြင့် ချမ်းချီ၏ အပေါ်မေးရိုးနှင့် အောက်မေးရိုးက စုတ်ပြတ်ထွက်သွားပြီး သူ၏ ဦးနှောက်များက ကြေမွ၍ ပျော်ကျကုန်လေပြီ။ သူက သည့်ထက်ပိုပြီး သေနိုင်တော့မည် မဟုတ်ပေ။

စောင့်ကြည့်နေကြသော ကျင့်ကြံသူများအားလုံး ကြက်သေ,သေကုန်ကြ၏။

အဲ့ဒါက မည်သူမှ မျှော်လင့်မထားသည့် ရလဒ်ပင်။

ချမ်းချီသည် မဟာရှေးဟောင်းကြမ်းကြုတ်တောကောင်များထဲမှ တစ်ကောင် ဖြစ်လေသည်။ ရှေးဟောင်းခေတ်တုန်းကတောင် သူတို့က တောတွင်းမှာ လွှမ်းမိုးခြယ်လှယ်ခဲ့ကြပြီး အင်မတန် အဆင့်မြင့်သော သားရဲတောကောင်မျိုးနွယ် ဖြစ်လေသည်။ သူက သာမန်ဟုသာ ထင်ရသော မျောက်တစ်ကောင်၏ အညှာတာမဲ့စွာ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်ထားမိပါမည်နည်း။

ဆူဇီမိုက အံ့အားသင့်မသွားဘဲ တည်ငြိမ်သော အမူအယာဖြင့် ရှိနေ၏။

သူနှင့် ညဝိညာဉ်ကလွဲလျှင် သူတို့ညီကိုမောင်နှမ ခုနှစ်ယောက်ထဲတွင် မျောက်၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။

မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်နှစ်ကောင်သည် စွမ်းအားကြီးသော နောက်ခံများ ရှိကြသော်လည်း သူတို့က မျောက်အတွက် ပြိုင်ဘက်ကောင်းများ မဟုတ်ကြပေ။

ညဝိညာဉ်ကို တွေးမိချိန်တွင် အေးစက်စက် ကြေးခွံများ စီထပ်၍ ထက်ရှသော အမြီးတစ်ချောင်းရှိသည့် ပုံရိပ်ယောင်လို အနက်ရောင်ပုံရိပ်တစ်ခုက ဆူဇီမို၏ စိတ်အာရုံထဲမှာ ပေါ်လာလေသည်။

ညဝိညာဉ်က သဘာဝအားဖြင့် သတ်ဖြတ်ဖို့အတွက် မွေးဖွားလာသူပင်။

သူတစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း ဆူဇီမိုသည် အမြဲတမ်း ကျေနပ်ပီတိဖြစ်ရ၏။

သူ၏ သတ်ဖြတ်မှုက အပိုလှုပ်ရှားမှု လုံးဝ မပါဘဲ ပကတိ ရှင်းလင်းသေသပ်လေသည်။

ဤနေရာမှာ ညဝိညာဉ်သာ ဝင်တိုက်ခိုက်မည်ဆိုလျှင် လှုပ်ရှားကွက်နှစ်ကွက်အတွင်း မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်နှစ်ကောင်က အလောင်းကောင်ဘဝ ရောက်သွားနိုင်လေသည်။

သွမ့်ချင်းဖျင်က မျက်နှာတစ်ချက် ပျက်သွားသော်လည်း တစ်ခဏအတွင်း သူက ပုံမှန်အတိုင်း ပြန်နေလိုက်၏။

အစကတော့ သူတို့သည် ဤလက်ရည်စမ်းခြင်းဖြင့် ဆူဇီမို၏ စိတ်ဝိညာဉ်တောကောင်ကို သတ်ပြီး ထိုသူ၏ စိတ်ကို ထိုးဆွဖို့ ရည်ရွယ်ခဲ့ကြလေသည်။

ဆူဇီမိုက စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး အသင်္ချေနယ်မြေမြို့တော်ထဲမှာ တိုက်ခိုက်လာသည်နှင့်အမျှ.. သူတို့၏ နောက်ကွယ်ရှိ နောက်ကွယ်ရှိ နိုးထဝိညာဉ်များက ဆူဇီမိုကို တိုက်ခိုက်သတ်ဖြတ်ဖို့ လုံလောက်သည့် အကြောင်းပြချက် ရသွားပေလိမ့်မည်။

သို့သော်လည်း သူတို့ မှားယွင်းတွက်ချက်ခဲ့မိကြလေသည်။

“မြွေမ.. ပြန်လာခဲ့တော့”

တိုက်ပွဲသည် သူတို့ဘက်က ရှုံးနိမ့်သွားပြီဆိုတာကို နားလည်လိုက်ပြီး ဝူဖုန့်က အလောတကြီး လှမ်းအော်လိုက်၏။ ချမ်းချီကဲ့သို့ ပုံစံဖြင့် သူ၏ စိတ်ဝိညာဉ်တောကောင်ကို အဆုံးရှုံး မခံနိုင်ပေ။

ချိတ်ကောက်မြွေက ဝမ်းသာသွားပြီး သူမ၏ ကိုယ်ကို ဝူဖုန့်ရှိရာသို့ လျှောတိုက်သွားလိုက်၏။

“နင်က ထွက်ပြေးချင်သေးတယ်ပေါ့”

မျောက်က လှောင်ရယ်၍ မြေကြီးကို ဆောင့်နင်းလိုက်၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က လှစ်ကနဲ ပြေးထွက်သွားလေသည်။

ဘုန်း...

မျောက်က ချိတ်ကောက်မြွေ၏ ခါးကို ဆောင့်နင်းချလိုက်ပြီး သူ့ခြေထောက်ဆီသို့ ခွန်အားကို စိုက်ထုတ်လိုက်သောအခါ ချိတ်ကောက်မြွေ၏ ကိုယ်က နှစ်ပိုင်း ကွဲထွက်လုနီးပါး ဖြစ်သွားရလေသည်။

“အ.. အး... အားးးး”

ချိတ်ကောက်မြွေက စူးစူးဝါးဝါး အော်ဟစ်၍ သူမ၏ ကိုယ်ကို ရူးသွပ်စွာ လူးခါလိုက်၏။ သို့သော်လည်း သူမ ဘယ်လိုပင် ကြိုးစားပါစေ.. မျောက်၏ ဖမ်းဆုပ်ထားခြင်းကနေ လွတ်မြောက်အောင် မရုန်းထွက်နိုင်ပေ။

ဝူဖုန့်က မတုံ့ပြန်နိုင်ခင်မှာပင် မျောက်က ရှေ့သို့ ကိုင်းညွှတ်၍ သူ၏ လက်သီးကြီးနှစ်ဖက်ဖြင့် တဖုန်းဖုန်း အဆက်မပြတ် ထုနှက်ချလိုက်၏။

ဘုန်း.. ဘုန်း.. ဘုန်း..

သူက အချက်ပေါင်းများစွာကို ဆက်တိုက်ဆင့်ကဲ့ တိုက်ခိုက်လိုက်၏။

ချိတ်ကောက်မြွေ၏ ဦးခေါင်းက ကြေမွ၍ ပျော့ပြဲသွားလေသည်။

ချိတ်ကောက်မြွေက သေလေပြီ။

မြွေ၏ ကိုယ်တစ်ဝက်က ချုံးချုံးကျ ကြေမွသွားပြီး ကျန်တစ်ဝက်က အသိစိတ်ကင်းမဲ့စွာ လူးလွန့်နေ၏။

“ဟဟဟား”

မျောက်က သွားဖြီး၍ မြွေ၏ကိုယ်ကို ဆွဲခွဲလိုက်ပြီး အထဲကနေ ကျိချွဲချွဲ အစိမ်းရောင်သည်းခြေတစ်ခုကို ထုတ်ယူလိုက်၏။ သူက ခေါင်းမော့၍ ပါးစပ်ဟပြီး အဲ့ဒါကို မျိုချကာ သူ့နှုတ်ခမ်းကို သပ်လိုက်၏။

“ထွီ”

သူက တံတွေးထွေး၍ နှုတ်ခမ်းကို စုဝိုင်းလိုက်၏။

“ခါးလိုက်တာကွာ... အရသာလဲ မကောင်းဘူး”

အနီးနားရှိ ကျင့်ကြံသူများသည် ပြောစရာစကားမဲ့ကုန်ကြ၏။

ချိတ်ကောက်မြွေ၏ သည်းခြေသည် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် တန်ဖိုးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး ၎င်း၏ အတွင်းအမြုတေထက်တောင် ပို၍ တန်ဖိုးရှိလေသည်။

၎င်းကို စားသုံးပြီးလျှင် ကျင့်ကြံသူများသည် အဆိပ်အများစုကို ခံနိုင်ရည်ရှိလာမည်ဖြစ်ကာ ချိတ်ကောက်မြွေ၏ အဆိပ်ကိုပင် ချေဖျက်နိုင်မည် ဖြစ်လေသည်။

ချိတ်ကောက်မြွေ၏ သည်းခြေအိတ်မှ အရည်တစ်စက်ကပင် အဆင့်မြင့် အဆိပ်ဖြေဆေးတစ်ဖုံ ဖော်စပ်၍ လုံလောက်လေသည်။

ဤသားရဲမျောက်က ၎င်း၏ သည်းခြေတစ်ခုလုံးကို စားပြီးတာတောင် မကျေနပ်နိုင်သေးဘဲ အထင်အမြင်သေးစကားကို ပြောနေသေးလေသည်။

All Chapters