← Chapters

နှင်းပုံတောင်ကြား

Vol. 48 Ch. 715

နှင်းပုံတောင်ကြား

Vol. 48 Ch. 715

“သေနာတောကောင် မင်းဘယ်လိုတောင်ဇောင်းကြွနေတာလဲ” ဝူဖုန့်သည်နောက်ဆုံးမှာ ငူငိုင်နေရာကနေနိုးထလာပြီး သူ့အမူအရာက သုန်မှုန်လာ၏။

သူက နက်ရှိုင်းသောသတ်ဖြတ်လိုစိတ်ဖြင့် မျောက်ကိုစိုက်ကြည့်ပြီး သူ့ရွှေအမြုတေ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာ ဓါးပျံတစ်လက်ကိုလည်း ဆင့်ခေါ်ထုတ်လိုက်၏။

ဆူဇီမို၏အကြည့်က အေးစက်လာလေသည် ဝူဖုန့်ကလှုပ်ရှားရဲသည်နှင့်အမျှ သူက ဤသူကို သေသည့်တိုင် သူ့လက်ဝါးဖြင့် တိုက်ခိုက်သတ်ဖြတ်ဖို့ ဝန်မလေးပေ။ ထိုသည်ကို အာရုံခံမိပြီးသွားနောက် ဝူဖုန့်သည် တသိမ့်သိမ့် တုန်ယင်သွားလေသည်။ ဆူဇီမို၏လက်များသည် များစွာသော ပြိုင်စံရှားများ၏ သွေးများနှင့် စွန်းထင်းနေပြီး သူထံမှ အကြည့်တစ်ချက်ကပင် စီးပိုးခြယ်လှယ်နိုင်သောအော်ရာနှင့် ကြောက်စရာကောင်းသော ဖိနှိမ်ခြင်းကို ပိုင်ဆိုင်ထားလေသည်။

“ညီအကိုဝူ” သွမ့်ချင်းဖျင်က ပထမဆုံးသတိဝင်လာပြီး ဝူဖုန့်ကိုပြန်ဆွဲထားကာ ညင်သာစွာခေါင်းခါပြလိုက်၏။

ဝူဖုန့်၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်ကလည်း ပျက်ပြယ်သွားလေသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ စိတ်ကိုတည်ငြိမ်စေလိုက်ပြီးနောက် သူ့ဓါးပျံကိုလည်း ပြန်ရုတ်သိမ်းလိုက်၏။

“ဟမ့်’ မျောက်ကမျက်လုံးဒေါင့်ကနေ သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီးနောက် နှာခေါင်းတစ်ချက်ရှုံ့ကာ ဆူဇီမို၏ဘေးဘက်သို့ ပြန်ရောက်သွားလေသည်။

အဲ့ဒါက သူ့အတွက်တော့ပြီးပြည့်စုံလုနီးပါး နိုင်ပွဲတစ်ခုပင်ဖြစ်လေသည်။ သူသည် ဒဏ်ရာများရရှိခဲ့‌သော်လည်း အဲ့ဒါတွေက ပြင်ပဒဏ်ရာများသာဖြစ်ပြီး သူ့အရိုးနှင့် အရွတ်တို့အပေါ် သက်ရောက်နိုင်ခြင်း မရှိပေ။ သူက မြွေသည်းခြေကို ဝါးမျိုပြီးနောက် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သော ချိတ်ကောက်မြွေ၏အဆိပ်ကလည်း ပျက်ပျယ်သွားလေပြီ။

မလှမ်းမကမ်းကနေ သွမ့်ချင်းဖျင်က လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းဆူ ခင်ဗျားကသာ သန်မာရုံတင်မကဘူး.. ခင်ဗျားဘေးက စိတ်ဝိညာဉ်တောကောင်တွေကပါ တကယ်ကိုကြောက်စရာကောင်းတာပဲ.. အထင်ကြီးလောက်ပါပေတယ်”

ဆူဇီမိုကမျက်မှောင်ကျုံ့လိုက်၏။

ဤမျှကြီးကြီးမားမား ဆုံးရှုံးနစ်နာရတာတောင် သွမ့်ချင်းဖျင်ကပြုံးနေနိုင်ခြင်းမှာ သူက ပိုမိုကြီးမားသည့် တစ်စုံတစ်ရာကို အကွက်ချနေခြင်းမှာ သိသာလေသည်။

သွမ့်ချင်းဖျင်က ပြုံးပြလိုက်၏

“တာအိုရောင်းရင်းဆူ တကယ်တော့ ကျုပ်တို့ဒီနေရာကိုရောက်လာတယ်ဆိုတာာ ခင်ဗျားကိုစားပွဲတစ်ခုအတွက် ဖိတ်ခေါ်ချင်လို့ပါ”

ဇာတ်လမ်းကစလာလေပြီ။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏ အဲ့ဒါကမှ သူတို့၏ တကယ့်ရည်ရွယ်ချက် ဖြစ်နိုင်လေသည်။

သွမ့်ချင်းဖျင်က ဆက်ပြောလိုက်၏

“ကျုပ်တို့အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အကြီးအကဲတွေက ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းကို ကြားဖူးနေကြတာ အတော်ကြာပါပြီ.. သူတို့က ခင်ဗျားအတွက် စားပွဲတစ်ခုကို အထူးတလည် ပြင်ဆင်ပေးထားတဲ့အတွက် ကျုပ်တို့က ခင်ဗျားကို အခု ဖိတ်ခေါ်ဖို့ရောက်လာတာပါ”

ပြောစရာမလိုအောင်ပင် အဲ့ဒါက ပြန်လမ်းမဲ့သော စားပွဲတစ်ခုဖြစ်သည်မှာ သေချာလေသည်။ မိုးကြိုးလေပြေနန်းတော်မှ ရှုချန်းသည် ဆူဇီမိုကြောင့် သေလုမတတ်ဖြစ်ခဲ့ရ၏။ ခရမ်းရောင်မိုးကြိုးကျမ်းကလည်း သူ့လက်ထဲမှာပင် ရှိနေလေသည်။ မိုးကြိုးလေပြေနန်းတော်က သူ့ကို စားပွဲတစ်ခုဖြင့် ဖိတ်ခေါ်ရလောက်အောင် သဘောကောင်းနိုင်ပါသည်လား။

လွန်ခဲ့သည့်အနှစ်နှစ်ဆယ် လူသားဧကရာဇ်နန်းတော်အောက်က တိုက်ပွဲသည် တလောကလုံးကို တုန်လှုပ်စေခဲ့၏။ အင်မော်တယ် ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အရိုက်အရာဆက်ခံသူများသည် သေသူသေ ဒဏ်ရာရသူရနှင့် ကျန်ရစ်ခဲ့ကြ၏။

မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့်လေပြေဘုရားကျောင်.. အင်မော်တယ်ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ အရိုက်အရာဆက်ခံသူများသည်လည်း ဆူဇီမို၏လက်ထဲမှာ သေဆုံးခဲ့ကြရ၏။

တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် မိုးကြိုးလေပြေနန်းတော်၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့်လေပြေဘုရားကျောင်းတို့သည် ဆူဇီမိုနှင့် တစ်နည်းမဟုတ်တစ်နည်း ရန်ငြိုးရန်စရှိထားသူများသာ ဖြစ်ကြလေသည်။

သူ့အနေနှင့်ထိုစားပွဲကို တက်ရောက်ရမည်မှာ လွယ်ကူသော်လည်း ပြန်ထွက်လာဖို့ကတော့ခက်ခဲပေလိမ့်မည်။ ထိုကဲ့သို့သော လှည့်ကွက်အောက်တွင်ဆူဇီမိုက ကျရောက်သွားစရာ အကြောင်းမရှိပေ။

သူကစိတ်ထဲကနေလှောင်ရယ်လိုက်ပြီး ငြင်းပယ်မည်ပြုစဉ်မှာပင် သွမ့်ချင်းဖျင်က ရုတ်တရက်ပြုံး၍ ဖြည်းဖြည်းချင်းပြောလိုက်၏။

“အဲ့ဒါ ကျုပ်တို့အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်းက အကြီးအကဲတွေရဲ့စေတနာပေါ့.. ခင်ဗျား သူတို့ကို မျက်နှာသာပေးမယ်မလား.. တာအိုရောင်းရင်းဆူ”

“ဟမ့်” ဆူဇီမို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။ သွမ့်ချင်းဖျင်၏အဆုံးသတ်စကား၌ သူသည်ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာပြီး အေးစက်စက် သတ်ဖြတ်လိုစိတ်များက သူ့ကို လွှမ်းခြုံလာသည့်အတွက် သူ၏ အတွင်းစိတ်ထဲကနေပြီး ထိတ်လန့်သွားလေသည်။

အနည်းဆုံးတော့ အားကောင်းသောသတ်ဖြတ်လိုစိတ်သုံးခုက သူ့အပေါ်သို့ ချက်ချင်း ကျရောက်လာလေသည်။ ထိုဖိတ်ခေါ်ခြင်းနောက်ကွယ်မှ အဓိပ္ပာယ်ကို ဆူဇီမိုသည် နောက်ဆုံးနားလည်သွားလေသည်။ အဲ့ဒါကပြန်လမ်းမဲ့စားပွဲတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

သို့သော်လည်းထိုဖိတ်ခေါ်ချက်သည် အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်း၏ နိုးထဝိညာဉ်အရှင်များထံမှ ရောက်လာခြင်းဖြစ်လေသည်။ သူကချက်ချင်း ငြင်းပယ်လိုက်မည်ဆိုလျှင် အဲ့ဒါက နိုးထဝိညာဉ်သုံးယောက်အပေါ် မလေးမစားပြုမူရာ ရောက်ပေသည်။ ထိုအခါ အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်းမှ နိုးထဝိညာဉ်များသည် သူ့ကိုတိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခု ရသွားပေလိမ့်မည်။

အသင်္ချေနယ်မြေမြို့တော်ထဲတွင် ကိုယ်ရေးကိုယ်တာဖြင့် တိုက်ခိုက်မှုများကို တားမြစ်ပိတ်ပင်ထားလေသည်။ သို့သော်လည်း ထိုကန့်သတ်ချက်များက နိုးထဝိညာဉ်များအတွက် သိပ်တော့အရာမရောက်ပေ။ သူတို့က စိတ်ကျေနပ်လောက်စရာ အကြောင်းပြချက်တစ်ခုကိုပေးနိုင်သည်နှင့်အမျှ လှုပ်ရှားနိုင်ကြလေသည်။

အသင်္ချေ နယ်မြေမြို့တော်ထဲတွင် ချိတ်စည်းများစွာရှိပြီး အဲ့ဒါက အပြင်လောက၏ ထောက်လှမ်းခြင်းကနေ ကာကွယ်ပေးနိုင်ကာ သူ၏ကိုယ်ပိုင်တည်ဆောက်မှု ပုံသဏ္ဌာန်တစ်ခု ရှိလေသည်။ နိုးထဝိညာဉ်များသည် သူတို့၏ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ကြလျှင်တောင် လေဟာနယ်အက်ကွဲကြောင်းများက ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

အသင်္ချေ နယ်မြေမြို့တော်ရှိ နိုးထဝိညာဉ်များသည် သူတို့၏ ဘဝနေဝင်ချိန်သို့ရောက်နေသော ချိတ်ပိတ်ထားသူများ မဟုတ်ကြပေ။ သူတို့က သာမာန်နိုးထဝိညာဉ်များပင် မဟုတ်ကြပေ။

အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများနှင့် အင်မော်တယ်ဂိုဏ်းကြီးများမှရောက်လာသော ပကတိအရှင်များတွင် ဝှက်ဖဲများစွာရှိပြီး ကြောက်စရာကောင်းသော နည်းလမ်းပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားလေသည်။

မည်သို့ပင်ဆိုစေ ဒီနေ့ ဒီအချိန်ထိတော့ ဆူဇီမိုတွင် အားကောင်းသောနောက်ခံမရှိသလို နိုးထဝိညာဉ်များ၏ အထောက်အပံ့လည်းမရှိပေ။ သူသည်ဆိတ်ဆိတ်နေပြီး သူ့စိတ်က သူ့ရွေးချယ်မှု၏ အကျိုးအပြစ်များကို လျှင်မြန်စွာ စဉ်းစားတွက်ချက်နေ၏။ ထိုအခိုက်အတန့်တွင် စကားတစ်ချက်မှားသွားသည်နှင့် နိုးထဝိညာဉ်များက သူ့ကို တိုက်ခိုက်လာနိုင်လေသည်။

“ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ အကောက်ကြံမှုလဲ.. သူတို့က ဆူဇီမိုကို ထွက်ပေါက်လုံးဝတောင် ပေးမထားဘူးပဲ”

“အမှန်ပဲ သူက အဲ့ဒီဖိတ်ခေါ်ချက်ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့ဘဝကတော့သွားပြီပဲ”

လူအုပ်ကြီးက တိတ်ဆိတ်နေကြစဉ်တွင် ကျင့်ကြံသူအချို့ကတော့ တီးတိုးပြောဆိုနေကြလေသည်။

“မင်းစားပွဲကို တက်မှာလား မတက်ဘူးလား မြန်မြန်ပြန်ဖြေကွာ” ဝူဖုန့်ကစိတ်မရှည်စွာဖြင့် ဟိန်းဟောက်လိုက်၏။ သူနှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်လာသော ချိတ်ကောက်မြွေ သေဆုံးသွားပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးလေပြီ။

သွမ့်ချင်းဖျင်ကလည်း အေးစက်စက် အပြုံးတစ်ခုကိုထုတ်ဖော်လိုက်၏။

“တာအိုရောင်းရင်းဆူ ခင်ဗျားက သတ်ဖြတ်ရာမှာ အရမ်းကို ပြတ်သားတဲ့ လူတစ်ယောက် မဟုတ်လား.. အခု ဒီဖိတ်ခေါ်ချက်ကို လက်မခံရဲလောက်အောင်ကို ခင်ဗျားကဘာလို့ သတ္တိကြောင်နေတာလဲ”

“အဲ့ဒါသူက လက်မခံရဲလို့မဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် လူအုပ်ကြီး၏အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံက ထွက်ပေါ်လာလေသည်။

ထို့နောက် ချက်ချင်းပင် အမျိုးသမီးကျင့်ကြံသူ တစ်အုပ်စုသည် လူအုပ်ကြီးဘေးကနေ အေးမြလန်းဆန်းစွာဖြင့် ဖြတ်သန်းလာကြပြီး လမ်းမရှည်ထက်ရှိအပူချိန်ကလည်း ကျဆင်းလာလေသည်။

ထိုကျင့်ကြံသူများက သန့်ရှင်းသပ်ရပ်သော နှင်းဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြပြီး သူတို့တစ်ယောက်ချင်းစီက တစ်မူထူးခြားသောအသွင်အပြင်များကို ပိုင်ဆိုင်ထားကြလေသည်။

‘ကျက်သရေရှိခြင်းနှင့် ကျော့ရှင်းလှပခြင်း’ .. တစ်ခုတည်းသောပြောစရာမှာ သူတို့၏အမူအရာများက ရေခဲကဲ့သို့အေးစက်နေခြင်းပင်။

“ဟာ သူတို့ကနှင်းပုံတောင်ကြားကကျင့်ကြံသူတွေပဲ”

“သူတို့ဒီကို ဘာလာလုပ်ကြတာလဲ သူတို့ကလည်းဆူဇီမိုကို လက်စားချေဖို့ရောက်လာများတာလား”

များစွာသောကျင့်ကြံသူများသည် တီးတိုးဆွေးနွေးလိုက်ကြပြန်၏။

ဆူဇီမိုကဝေ့ကြည့်လိုက်၏။ နှင်းပုံတောင်ကြားမှ အမျိုးသမီးကျင့်ကြံသူ၏ ခေါင်းဆောင်ကို သူက မြင်ဖူးသလို ရှိနေသည်။ သူ၏မှတ်ဉာဏ်များကို အပြေးအလွှားစဉ်းစား၍ သိပ်မကြာမီ ဆူဇီမိုက ထိုအမျိုးသမီးကို မှတ်မိသွားလေသည်။

လူသားဧကရာဇ်နန်းတော်အောက်တွင် နှင်းပုံတောင်ကြားမှ ကျင့်ကြံသူတစ်ယောက်ကလည်းသူ့ကို တိုက်ခိုက်ခဲ့လေသည်။ အဲ့ဒါက ဤအမျိုးသမီးကျင့်ကြံသူပင်ဖြစ်ပြီး သူမ၏အမည်က လင်းဟန်ဖြစ်ပုံရလေသည်။

သွမ့်ချင်းဖျင်က မျက်မှောင်အနည်းငယ်ကျုံ့ပြီး လက်သီးနှစ်ဖက်ကိုဆုပ်ကာ သူ့အသံကိုမြှင့်၍မေးလိုက်သည်

“ဒါကဘာသဘောလဲ တာအိုရောင်းရင်းလင်းဟန်”

လင်းဟန်ကသူမ၏ကျင့်ကြံသူအုပ်စုဖြင့် လျှောက်လှမ်းလာပြီးနောက် ဆူဇီမိုကို ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက်သူမက သွမ့်ချင်းဖျင်နှင့် ဝူဖုန့်ဘက်သို့လှည့်ပြီး မှင်သေသေဖြင့် ပြန်ဖြေလိုက်လေသည်။

“အဲ့ဒါ တာအိုရောင်းရင်းဆူက ရှင်တို့ရဲ့ဖိတ်ခေါ်ချက်ကို လက်မခံရဲလို့မဟုတ်ဘူး ဘာလို့လည်းဆိုတော့ သူကစောစောကတင် နှင်းပုံတောင်ကြားက ဖိတ်ခေါ်ချက်ကို လက်ခံပြီးသားဖြစ်သွားလို့ပဲ.. ရှင်တို့နောက်ကျသွားပြီ”

ဆူဇီမို၏မျက်လုံးထဲတွင် အံ့အားသင့်မှုက ဖျက်ကနဲ ပေါ်လာ၏။ သူသည် နှင်းပုံတောင်ကြားမှ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ နေနေသာသာ သူသည်ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာပြီးကတည်းက နှင်းပုံတောင်ကြားမှ ကျင့်ကြံသူများနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခဲ့ဖူးခြင်းမရှိပေ။

သို့သော်လည်း ဆူဇီမိုက အလိုက်သင့်ပင်နေပြီး သူမကို လှမ်းကြည့်လိုက်၏။

နှင်းပုံတောင်ကြားကဤနေရာသို့ လက်စားချေဖို့ရောက်လာခြင်းမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ရောက်လာခြင်းဖြစ်ကြောင်း သူက ဝိုးတဝါး ခံစားမိနေ၏။

သွမ့်ချင်းဖျင်က မျက်မှောင်ကျုံ့လိုက်လေသည်။

“လင်းဟန် ဒါကဘာသဘောလဲ အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်းက နိုးထဝိညာဉ်တွေက သူ့ကို ကိုယ်တိုင်ဖိတ်ခိုင်းလိုက်တာလေ.. အဲ့ဒါကနင်တို့နဲ့ဘာဆိုင်လို့လဲ”

“ဟမ့်” လင်းဟန်က အေးစက်စွာ လှောင်ရယ်လိုက်လေသည်။

“ကိစ္စတွေမှာ ရှေ့နောက်အစီအစဉ်ဆိုတာ ရှိတယ်လေ.. ရှင်တို့ကအင်မော်တယ်ဂိုဏ်းကဆိုတော့ရော ဘာဖြစ်လဲ.. နှင်းပုံတောင်ကြားကလဲ အင်မော်တယ်ဂိုဏ်းတွေထဲကပဲလေ.. နောက်ပြီး အဲ့ဒါက ကျွန်မတို့ရဲ့အကြီးအကဲ ပကတိအရှင် လောရွှယ်ရဲ့ စိတ်ဆန္ဒပဲ”

ပကတိအရှင်လောရွှယ်ဟူသော အသံကိုကြားချိန်တွင် သွမ့်ချင်းဖျင်နှင့်ဝူဖုန့်တို့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားလေသည်။ သူတို့၏ မျက်လုံးအနက်ပိုင်းထဲတွင် သတိထားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပေါ်လာသည်ကိုပါ မြင်တွေ့နိုင်လေသည်။

တစ်ချိန်ထဲမှာပင် ဆူဇီမိုသည် သူ၏အာရုံခံသတိစိတ်ဖြင့် လေဟာနယ်ထဲတွင် နောက်ထပ်အော်ရာတစ်ခု ထွက်ပေါ်လာသည်ကို ခံစားသိရှိလိုက်၏။ အဲ့ဒါက အလွန်တရာအေးစိမ့်နေပြီး အခြားတစ်ဖက်မှ သတ်ဖြတ်လိုသော အော်ရာသုံးခု၏အောက်မှ ဆူဇီမိုတို့အုပ်စုကို ကာကွယ်ပေးထားလေသည်။

ဤအော်ရာက နိုးထဝိညာဉ်များသာလျှင်ပိုင်ဆိုင်သော စိတ်ဝိညာဉ်အသိစိတ်ဖြစ်လေသည်။ သည့်ယခင်ကရောက်ရှိလာသော အော်ရာ၃ခုမှာ မိုးကြိုးလေပြေနန်းတော်၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့််လေပြေဘုရားကျောင်း၏ နိုးထဝိညာဉ်များထံမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်လေသည်။ ယခုရောက်ရှိလာသောအော်ရာကတော့ ပကတိအရှင် လောရွှယ်ထံမှဖြစ်နိုင်လေသည်။

All Chapters