← Chapters

ပကတိအရှင် လောရွှယ်

Vol. 48 Ch. 716

ပကတိအရှင် လောရွှယ်

Vol. 48 Ch. 716

နှင်းပုံတောင်ကြား ၀င်ပါလာပြီးနောက် အခြေအနေက ခဏကြာ တင်းမာလာကြ၏။ လင်းဟန်သည် ပကတိအရှင်လောရွှယ်ရဲ့ အမည်ကို ထုတ်ပြောလာပြီးနောက် သွမ့်ချင်းဖျင်နဲ့ အခြားသူများသည် အရမ်းကာရော မပြုမူရဲကြတော့ပေ။

ပကတိအရှင် လောရွှယ်သည် ကြောက်မက်ဖွယ်ရာ ခွန်အားနှင့် နိုးထဝိညာဥ်များထဲမှ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။

 တစ်ကယ်ဆို သူမကနှင်းပုံတောင်ကြားရဲ့ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်တစ်ယောက် ဖြစ်လာဖို့ အခွင့် ရှိလေသည်။

သွမ့်ချင်းဖျင်နှင့် အခြားသူများ၏ နောက်ကွယ်က နိုးထဝိညာဥ်များတောင်မှ ပကတိအရှင်လောရွှယ်နှင့် ဆုံတွေ့ပြီဆိုလျှင် သတိကြီးကြီး ထားရပေလေသည်။

ကြောက်စရာကောင်းသော အော်ရာလေးခုက လေထဲမှာ အတန်ကြာ လွန်ဆွဲနေကြပြီးနောက် တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။

 ထို့နောက် သွမ့်ချင်းဖျင်နဲ့ အခြားသူများသည် ညွှန်ကြားမှု တစ်စုံတစ်ရာကို လက်ခံရရှိလိုက်သည့်အလား သူတို့၏ အမူအရာက ပြောင်းလဲသွားကြ၏။

 ဝူဖုန်းက မချင့်မရဲဖြင့် သူ၏လက်သီး နှစ်ဖက်ကိုဆုပ်ကာ ဆူဇီမိုနှင့် မျောက်တို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး နှာတစ်ချက် မှုတ်လိုက်၏။

 ခဏကြာ တိတ်ဆိတ်နေပြီးနောက် သွမ့်ချင်းဖျင်က လက်နှစ်ဖက်ကိုဆုပ်၍ လေးစားဟန်ပြကာ ပြောလိုက်လေသည်။

“ကိစ္စက ဒီလိုဆိုမှတော့လည်း ကျုပ်တို့ ခေါင်းမာမနေတော့ပါဘူး။ ဒါပေမဲ့လို့ ခင်ဗျားကို စေတနာနဲ့ သတိပေးလိုက်မယ်.. တာအိုရောင်းရင်းဆူ.. အင်္သချေနယ်မြေမြို့တော်ထဲမှာ ခင်ဗျားကို အငြိုးအတေး ထားနေတဲ့သူတွေ အများကြီးပဲရှိတယ်နော်.. ခင်ဗျား သတိထားမှ ရလိမ့်မယ်။”

  သွမ့်ချင်းဖျင်က ဘယ်သူဘယ်ဝါဟု ထုတ်မပြောသော်လည်း သူက နှင်းပုံတောင်ကြားကို ရည်ညွှန်းသည်မှာ သိသာလေ၏။

 “သွမ့်ချင်းဖျင် ရှင်ဘာကို ဝေ့ဝိုက်ပြီး ပြောနေတာလဲ”ဟု လင်းဟန်က အေးစက်စက်အကြည့်နှင့်အတူ ငေါက်ငမ်းလိုက်လေ၏။

  “ရှင့်စိတ်ထဲမှာ ပြောစရာ တခုခုရှိရင် ပွင့်ပွင့်လင်းလင်း ပြောပေါ့.. ဘာလို့ အပိုတွေ လျှောက်ပြောနေတာလဲ”

  “ဟေး ငါက ဘယ်သူဘယ်ဝါလို့ မပြောပါဘူး။ ခင်ဗျားက ဘာလို့ စိတ်တိုနေရတာလဲ တာအိုရောင်းရင်း လင်းဟန်”    

 သွမ့်ချင်းဖျင်က ဟက်ကနဲ ရယ်မောလိုက်ပြီး ဘာစကားကိုမှ ထပ်မပြောတော့ပဲ ရှင်းသန့်လေပြေ ဘုရားကျောင်းမှ လူတိုင်းနှင့်အတူ လှည့်ထွက်သွားလေသည်။ မိုးကြိုးလေပြေ နန်းတော်နှင့် မိုးခရမ်းပြာ ကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း သူ့နောက်သို့ လိုက်သွားကြလေ၏။

လင်းဟန်က ဆူဇီမို ဘက်သို့ လှည့်ပြီး အကဲစမ်းသော အကြည့်ဖြင့်မေးလိုက်၏။

“တာအိုရောင်းရင်းဆူ.. ကျွန်မတို့နောက်ကို လိုက်ခဲ့မှာလား”

“ဒါပေါ့”

ဒီတစ်ကြိမ်တွင်တော့ ဆူဇီမိုက တွေဝေခြင်းမရှိ ခေါင်းညိတ်ပြလိုက်၏။ သွမ့်ချင်းဖျင်က သူတို့အကြားမှာ သဘောထား ကွဲလွဲစေဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သူပြောနိုင်လေ၏။  တချိန်တည်းမှာပင် သူက နှင်းပုံတောင်ကြားနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိခဲ့ပေ။ တစ်ခုတည်းသော ပြောစရာမှာ လွန်ခဲ့သည့် အနှစ်၂၀က လူသားဧကရာဇ် နန်းတော် အောက်တွင် ဆူဇီမိုက လင်းဟန်ကို ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

ဆူဇီမိုတို့ အုပ်စု လျှောက်လှမ်းလာသောအခါ စောင့်ကြည့်နေသည့် လူအုပ်ကြီးက လူစုခွဲလိုက် ကြလေသည်။ သို့သော်လည်း ဤနေ့မှစရွေ့ အင်္သချေနယ်မြေမြို့တော်တွင် တည်ငြိမ်အေးချမ်းမှုက ပျက်ပြားတော့မည်  ဖြစ်ကြောင်း သူတို့ သေချာပေါက် သိလိုက်လေသည်။

လမ်းခရီးတစ်လျှောက်လုံးက တိတ်ဆိတ် ငြိမ်သက်နေ၏။ လင်းဟန်၏ ဦးဆောင်မှု အောက်တွင် ဆူဇီမိုတို့ အုပ်စုသည် သိပ်မကြာမီ နှင်းပုံတောင်ကြား စခန်းချရာ နေရာသို့ ရောက်ရှိလာကြလေသည်။ စခန်းချရာ နေရာက အလွန်တရာ ကြီးမား ကျယ်ဝန်းသော ဧရိယာကို ပိုင်ဆိုင်ထားပြီး ဂိတ်တံခါးကို သူတို့ ဖြတ်ကျော်သည်နှင့် ချက်ချင်းဆိုသလိုပင် အေးခဲသော အပူချိန်နှင့် နှင်းများ တဖွဲဖွဲကျနေသော ကွင်းပြင် တစ်ခုထဲကို ရောက်သွားကြလေသည်။

  ကောင်းကင်မှ သလင်းလို ကြည်လင်သော နှင်းပွင့်နှင်းချပ်များက ကျဆင်းနေလေသည်။ သူတို့၏ ခြေထောက်အောက်တွင် ဖြူဖွေးနေသော နှင်းပုံကြီးရှိပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တချွတ်ချွတ်နှင့် မြည်နေလေသည်။

     သူတို့အုပ်စုသည် နှင်းပုံများကို ဖြတ်ကျော်ပြီး သိပ်မကြာမှီ ဧရာမနန်းတော်ကြီးတစ်ခု ရှေ့သို့ ရောက်လာကြလေသည်။

    သူတို့ ရောက်ရှိကြောင်းကို လင်းဟန်က သတင်း မပို့ရသေးခင်မှာပင် အတွင်းကနေ အေးစက်စက် အသံတစ်သံက ထွက်ပေါ်လာလေသည်။

    “ဝင်ခဲ့ကြ” 

     ဆူဇီမိုက တုံ့ဆိုင်းမနေပဲ မျောက်နှင့် အခြားသူများ နှင့်အတူ အထဲကို ဝင်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် မလှမ်းမကမ်းတွင် အမျိူးသမီး တစ်ယောက် ရှိနေသည်ကို မြင်လိုက်ကြရသည်။ သူမက အရမ်းကို ငယ်ရွယ်သေးသည့်ပုံပေါက်ပြီး မင်ကဲ့သို့ နက်မှောင်သည့် ဆံကေသာကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ ၀တ်ရုံက နှင်းပွင့်နှင်းချပ်များနှင့် ဆင်တူပြီး အသားအရေက ချောမွတ်ကာ အရိုးနှင့် ကြွက်သားများက အေးစက်နေသည့် ပုံပေါက်လေသည်။ သူမသည် အပူဓာတ်လုံးဝမရှိသော လစန္ဒာ နန်းတော်မှ နတ်မိမယ်တစ်ပါးနှင့် တူနေလေသည်။ 

   “အရမ်းလှတာပဲ”

     မြေခွေးလေးက မနေနိုင်ပဲ ရေရွတ် လိုက်မိ၏။သူတို့သာ မမှားဘူးဆိုလျှင်  ဤသူက နှင်းပုံတောင်ကြားမှ ပကတိအရှင်လောရွှယ် ဖြစ်ပေမည်။

     အဖြူရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများက ဝင်းလဲ့တောက်ပနေပြီး ဆူဇီမိုကို မျက်တောင် မခတ်ပဲ စိုက်ကြည့်နေ၏။ ဘာကြောင့်မှန်းမသိ ဖက်တီးလေး၊ ရှစ်ကျန့်နှင့် အခြားသူများသည် ထိုအကြည့်အောက်တွင် စိတ်ထဲမှာ မသက်မသာ ခံစားလာရသည်။

   မျောက်က သူ့ခေါင်းကို မော့လိုက်ပြီး အဖြူရောင်ဝတ် အမျိူးသမီး၏ မျက်လုံးနှင့် မဆုံမိအောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်လေသည်။ လှပသော မိန်းမပျိုလေးများကို မြင်လျှင် အငမ်းမရ ဖြစ်တတ်သော စိတ်ဝိဉာဥ်ကျားသည်ပင်လျှင် ထိုအချိန်၌ မကောင်းသည့် အတွေးအကြံများ မတွေးဝံ့ဘဲ သူ့ခေါင်းကို ငုံ့ထားပြီး မြေခွေးလေးနဲ့ အခြားသူများကလည်း သူတို့၏ အကြည့်ကို အလိုလို ပြန်ရုတ်လိုက်ကြ၏။

   ဆူဇီမို တစ်ယောက်သာလျှင် တည်ငြိမ်သောအမူအရာဖြင့် အဖြူရောင်ဝတ် အမျိုးသမီးကို တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ ခဏနေပြီးနောက် အဖြူရောင်ဝတ်အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူမ၏အကြည့်ကို ပြန်ရုတ်ကာ သူမ၏မျက်လုံးများထဲတွင် ချီးကျူးလိုမှု တစ်စွန်းတစ်စက မသိမသာ ပေါ်သွားလေသည်။

   “ငါက လောရွှယ်ပဲ.. အားလုံးပဲ အဆင်ပြေသလို ထိုင်ကြပါ.. ဘာမှ စိတ်ထဲ ထင့်နေစရာ မလိုပါဘူး”

  ထိုအခါမှသာ ဖက်တီးလေးနှင့် တခြားသူများသည် နောက်ဆုံး စိတ်သက်သာရာရကာ သက်ပြင်း ချလိုက်ကြ၏။ မသိလိုက်မသိဘာသာနှင့်ပင် သူတို့၏ ကျောများက ချွေးများနှင့် စိုရွှဲနေလေပြီ။

  ပကတိအရှင် လောရွှယ်၏ အောက်ရှိ ထိုင်ခုံသည် ဧရာမ ရေခဲတုံးကြီး တစ်တုံးကို ထုဆစ်ထားခြင်းဖြစ်ပြီး အလွန်တရာ ချမ်းစိမ့်သော အအေးဓာတ်နှင့် ကြည်လင်နေလေသည်။

   သို့သော်လည်း သူမက အေးစက်မှုကို လုံးဝ မခံစားရသည့် အလား ၎င်းပေါ်မှာ ထိုင်နေလေသည်။

ဆူဇီမိုက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်၏။

“ကျုပ်က ဆူဇီမိုပါ.. စောစောက အကူအညီ ပေးခဲ့အတွက် ကျေးဇူးတင်ပါတယ် ပကတိအရှင်လောရွှယ်”

 ပကတိအရှင် လောရွှယ်က ပြုံးစစနှင့် ပြန်မေးလိုက်၏။

 “ငါက နင့်အပေါ် မကောင်းတဲ့စိတ် ရှိနေမှာ မကြောက်ဘူးလား” 

ဆူဇီမိုက ပြန်ပြောလိုက်၏။

 “ကျုပ်လည်း အဲ့ဒါကို စဥ်းစားမိပါသေးတယ်” ဆူဇီမိုက ပြုံးလိုက်၏။

 “ဒါပေမဲ့လို့ ခင်ဗျားကို မြင်လိုက်တဲ့ အချိန်မှာပဲ ကျုပ်မှာ အဲ့ဒီ စိုးရိမ်ပူပန်တာတွေ မရှိတော့ဘူး.. ခင်ဗျားက အဲ့လို မလုပ်ဘူးဆိုတာ ကျုပ်သေချာပေါက် သိတာပေါ့”

  “ဟမ့်.. ဘာကြောင့် အာ့လို ထင်ရတာလဲ” ဟု ပတိအရှင် လောရွှယ်က ရှေ့သို့ အနည်းငယ် စောင်းငဲ့၍ ပြန်မေးလိုက်လေသည်။

   ဆူဇီမိုက ပြန်ဖြေလိုက်၏။

   “မသိစိတ် အရ အလိုလိုပေါ့”

ပကတိအရှင် လောရွှယ်က တိတ်တဆိတ် အသိအမှတ်ပြုသည့်အလား အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။

   “အင်္သချေနယ်မြေ မြို့တော်ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် ဆိုပေမဲ့.. ဒါက နှင်းပုံတောင်ကြားရဲ့ ပိုင်နက်ပဲ.. ငါက နင့်အသက်ကို အပြည့်အဝ ထိန်းချုပ်ထားလို့ ရတယ်။ ငါ နင့်ကို  ဒီမှာ သတ်လိုက်ရင်တောင် ဘယ်သူ့မှ လာတားကြမှာ မဟုတ်ဘူး” ပကတိအရှင် လောရွှယ်က ဆက်ပြောလိုက်၏။

   “နင်က သေချာ မစူစမ်း မလေ့လာပဲ သူမနောက်ကနေ လိုက်လာရဲတယ် ဆိုတော့ တော်တော် သတ္တိကောင်းတာပဲ။”

  ဆူဇီမိုက ခဏမျှ စဥ်းစားပြီးနောက် ပြောလိုက်လေ၏။

“လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က...”

 “လွန်ခဲ့တဲ့ အနှစ် ၂၀က ဘာမှ မဖြစ်ပါဘူး”

  ဆူဇီမို၏ စိတ်ကို ဖတ်နိုင်သည့်အလား ပကတိအရှင် လောရွှယ်က လက်ကာပြပြီး ဖြတ်ပြောလိုက်သည်။

 “လူသားဧကရာဇ် နန်းတော်အောက်က တိုက်ပွဲမှာတုန်းက အင်မော်တယ် ၊ ဗုဒ္ဓ နှင့် မိစ္ဆာဂိုဏ်းတွေက ရှုံးနိမ်ခဲ့တာပဲ။ သူတို့အားလုံးက သူတို့ကိုယ်သူတို့ ပြိုင်စံရှားတွေလို့ ပြောပေမဲ့လို့ မင်းကို အတူပူးပေါင်းပြီး  တိုက်ခိုက်ခဲ့ကြတယ်မလား.. လင်းဟန်က အသက်ရှင်ခဲ့တာလို့ မပြောနဲ့.. သူမ သေသွားခဲ့ရင်တောင် အဲ့ဒါက သူမရဲ့ အသုံးကျမှုကြောင့်ပဲ.. ဘယ်သူ့ကိုမှ အပြစ်သွားတင်လို့ မရဘူး”

   ပကတိအရှင် လောရွှယ် ၏ စကားလုံးများက အင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းမှ တစ်စုံတစ်ယောက်၏ စစ်မှန်သော သဘောထား ပြည့်၀မှု ကို ဖော်ပြနေလေသည်။

   “ငါ နင့်ကို ဘာလို့ ကူညီခဲ့တာလဲ။တစ်ချက်လောက် ခန့်မှန်း မကြည့်ချင်ဘူးလား”

     သူမက စကားလမ်းကြောင်း ပြောင်း၍ ဆူဇီမို ကိုကြည့်ကာ ပြုံးစစနှင့် မေးလိုက်လေသည်။

ဆူဇီမိုက ခဏမျှ စဥ်းစားပြီးနောက် အကဲစမ်းသည့်ပုံစံဖြင့် ပြန်မေးလိုက်၏။

“ဖန်သားနန်းတော်ကြောင့်လား”

   တျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ထိပ်သီးဂိုဏ်းများအကြား တစ်ဂိုဏ်နှင့်တစ်ဂိုဏ်း ရန်ငြိုးရန်စ ရှိကြသည်မှာ မလွဲဧကန်ပင်။ အကြီးမားဆုံး ဖြစ်ကြသည်မှာ အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်များ ဖြစ်လေသည်။

  သို့သော်လည်း အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း ကြားမှာပင် အမြဲတမ်း သင့်မြတ်နေကြသည်တော့ မဟုတ်ပေ။ ဖန်သားနန်းတော်နှင့် နှင်းပုံတောင်ကြားက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိကြလေသည်။

  ဆူဇီမိုက ဖန်သားနန်းတော်ကို စစ်ကြေညာခဲ့ပြီး သူက ရှေးဟောင်းတိုက်ပွဲမြေသို့ ၀င်ရောက်ရောက်ချင်းမှာပင် သူတို့၏ အဖွဲ့အစည်းကို သတ်ဖြတ်ချေမှုန်းခဲ့လေသည်။ ထိုအတွက်ကြောင့် နှင်းပုံတောင်ကြားသည် ဆူဇီမိုနှင့် နီးစပ်သည်ဟု ခံစားရနိုင်လေသည်။

“အဲ့ဒါက အကြောင်းပြချက် တွေထဲက တစ်ခုပဲ.. နောက်ထပ် တစ်ခုကတော့ ငါက နင့် ကိုကိုယ်တိုင် စူးစမ်းချင် မြင်ချင်လို့ပဲ” 

ပကတိအရှင် လောရွှယ်က ဆူဇီမိုကို ကြည့်လိုက်၏။

 “လူသားဧကရာဇ် နန်းတော်အောက်မှာ အဖွဲ့စည်းကြီး ၃ခုက ပြိုင်စံရှားတွေကို အနိုင်ယူခဲ့တဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားက ဘယ်လိုမျိုးလဲ ဆိုတာကို ငါကိုယ်တိုင်ကြည့်ချင်လို့.. ဖန်သားနန်းတော်ကို  စစ်ကြေညာရဲလောက်အောင် ရဲရင့်ပြီးတော့ သတ္တိကောင်းတဲ့ အမျိုးသားက ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်များ ရှိနေမလားလေ”

   ဆူဇီမိုက ပြုံးလိုက်၏။ 

  “အဲ့ဒါဆိုရင်တော့  ခင်ဗျားကို ကျူပ်က စိတ်ပျက်စေမိမှာပဲ။ကျုပ်က ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိဖို့ နေနေသာ အရမ်းကို သာမန်ပါပဲ”

   “နင်က ငါ့ကို စိတ်မပျက်စေပါဘူး.. နင်က တော်ပါပေတယ်”

   ပကတိအရှင် လောရွှယ်က ပြုံးပြလိုက်၏။

   ဖက်တီးလေးက သူ၏ ဝိုင်းစက်သော မျက်လုံးများကို ရွှေ့ပြီး ပကတိအရှင် လောရွှယ်ကို ခဏကြည့် ဆူဇီမိုကို တစ်ဖန် ပြန်ကြည့်ပြီးနောက် သူက ကြောင်တိကြောင်တောင် အမူအရာ ရှိနေလေသည်။ မျောက်နှင့် အခြားသူများကတော့ အရိုင်းဆန်သော တောကောင်များ ဖြစ်ကြ၍ ထိုကဲ့သို့သော အရာမျိုးကို သတိမထားမိကြပေ။ သို့သော်လည်း မြေခွေးလေးကတော့ စိတ်လှုပ်ရှားသော အမူအရာရှိနေပြီး သူမ၏ လက်လေးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။ သူမ၏ ပကတိအရှင် လောရွှယ်ကို ကြည့်သောအကြည့်တွင် သူမချစ်မြတ်နိုးသော တစ်စုံတစ်ရာက လုယူခံရတော့မည့်အလား ရန်လိုမှု တစ်စွန်းတစ်စက ပါရှိနေလေသည်။

All Chapters