နောင်တ
Vol. 48 Ch. 719
ရှောင်းနင်သည် အခြားလူများအားလုံးကို လျစ်လျူရှုပြီး ရှေ့သို့ ပြေးလာကာ ဆူဇီမို၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်လေသည်။
နှစ် ၂၀ ကြာပြီးနောက် သူမက ဖွံ့ဖြိုးကြီးထွားလာပြီ ဖြစ်သော်လည်း သူ့ရင်ခွင်က အမြဲတမ်း ကြီးမားကျယ်ပြန့်၊ နွေးထွေး၍ ရင်းနှီးဖော်ရွေနေဆဲ ဖြစ်လေသည်။ အတိတ်ကာလတုန်းကလိုပင် အဲ့ဒါက မုန်တိုင်းအားလုံးကို ကာဆီးပေးထားသည့် ဒိုင်းတစ်လက်လို သူမကို အန္တရာယ်များအားလုံးကနေ ကာကွယ်ပေးထားနိုင်ဆဲ ဖြစ်လေသည်။
ဆူဇီမိုက ရှောင်းနင်၏ ကျောကို ပုတ်၍ သူ့မျက်လုံးများထဲမှ စိတ်ခံစားချက်များကို မနည်းပင် ဖုံးကွယ်နေရလေသည်။
လက်ရှိလူအများစုသည် ရှောင်းနင်ကို မြင်ဖူးကြပြီး သူတို့မောင်နှမနှစ်ယောက်က ဘယ်လောက်တောင် ချစ်ခင်ကြကြောင်း သိရှိထားကြပြီးဖြစ်လေသည်။
မြေခွေးလေးကတော့ ရှောင်းနင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူမ၏ အကြည့်က စပ်စုချင်စိတ်၊ အံ့အားသင့်စိတ်တို့ဖြင့် ပြည့်နေလေသည်။
ဤနှစ်များတစ်လျှောက် ဆူဇီမိုတစ်ယောက် ဤကဲ့သို့ စိတ်ခံစားချက်များ မြင့်တက်နေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လူတိုင်းသည် သူတို့ကို အနှောင့်အယှက် မဖြစ်စေရန် အနားသို့ ချဉ်းကပ်ကြခြင်း မရှိဘဲ ဘေးကနေသာ တိတ်တဆိတ် မတ်တပ်ရပ်၍ စောင့်ကြည့်နေကြလေသည်။
အတန်ကြာပြီးနောက် ရှောင်းနင်သည် ဆူဇီမို၏ ရင်ခွင်ထဲကနေ ထွက်ပြီး သူ့ကို မော့ကြည့်ကာ သူမ၏ မျက်ရည်များကို သုတ်လိုက်၏။
မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြလေသည်။
ရှောင်းနင်က တစ်ခုခုကို သတိရသွားပုံရပြီး သူမ၏ သိုလှောင်အိတ်ကို ပွတ်သပ်လိုက်၏။ သူမက ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး သူမ၏ လက်ညိုး၊ လက်မဖြင့် ညှပ်ကိုင်ကာ ဝမ်းသာပျော်ရွှင်စွာဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။
ဆေးလုံးက မွှေးကြိုင်နေပြီး ဆူဇီမိုသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရုံနှင့် အသက်ဓါတ်က သူ့ကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလေသည်။
“ဒါက...”
ဆူဇီမိုက အလိုလို ရေရွတ်လိုက်၏။
ရှောင်းနင်က လက်ကာပြပြီး ပြုံးလိုက်လေသည်။
“ဒါက အသက်ရှည်ဆေးလေ.. ကိုလေးက ဒါတောင် မသိဘူးလား.. အဲ့ဒါက ကျမတို့ အစ်ကိုကြီးရဲ့ အသက်ကို ဆွဲဆန့်ပေးနိုင်လိမ့်မယ်”
ထိုစကားကို နားထောင်ပြီး ရှောင်းနင်၏ မျက်နှာပေါ်က အပြုံးကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးများက ဝမ်းနည်းပက်လက်ဖြင့် အရောင်မှိန်ကျသွားလေသည်။
“အစ်ကို.. ဘာဖြစ်နေတာလဲ”
ဆူဇီမို၏ ပြောင်းလဲသွားသော စိတ်ခံစားချက်ကို သတိထားမိလိုက်ပြီး ရှောင်းနင်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
ဆူဇီမိုက တိတ်တဆိတ်ဖြင့် သူ့ခေါင်းကို မသိမသာ ငုံ့ထား၏။
ဘာကြောင့်ရယ်မသိ.. ရှောင်းနင်သည် အထိတ်တလန့် ဖြစ်လာပြီး သူမ၏ မျက်နှာပေါ်က အပြုံးက တောင့်တင်းလာလေသည်။
သူမသည် ပါးစပ်ကိုဟ၍ တစ်ခုခုကို ပြောဖို့ ပြင်လိုက်သော်လည်း ပြန်၍ ရပ်တန့်လိုက်၏။
သူမသည် တစ်စုံတစ်ရာကို ဝိုးတဝါး ခံစားမိလိုက်သော်လည်း မမေးရဲဘဲ ဖြစ်နေလေသည်။
အတန်ကြာပြီးနောက် သူမက ကြိုးစား၍ ပြုံးကာ ဆက်ပြောလိုက်၏။
“ပုံမှန်အသက်ရှည်ဆေးတစ်လုံးရဲ့ ဆေးအာနိသင်က အရမ်းအားကောင်းလို့ ရွှေအမြုတေအဆင့်တွေပဲ အဲ့ဒါကို သောက်သုံးနိုင်လိမ့်မယ်.. သာမန်မော်တယ်တွေက အဲ့ဒါကို ခံနိုင်ရည်ရှိကြမှာ မဟုတ်ဘူး.. စားလိုက်တာနဲ့ သူတို့က ချက်ချင်း ပေါက်ကွဲထွက်သွားကြလိမ့်မယ်”
“ပြီးခဲ့တဲ့နှစ်တွေ တောက်လျှောက်မှာ.. ကျမက အသက်ရှည်ဆေးက ဆေးအာနိသင်ကို ဘယ်လိုလျှော့ချပစ်ရမလဲ အမြဲတမ်း သုတေသန လုပ်နေခဲ့တာ.. ကျမက အဲ့ထဲကို မတူညီတဲ့ ဆေးပင်ဆေးမြစ်တွေနဲ့ အစားထိုးရောစပ်ပြီးတော့ ကြိုးစားလိုက်တာ.. နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့နှစ်ကပဲ အောင်မြင်သွားခဲ့တယ်လေ”
“ကျမ အာမခံရဲတယ်.. ဒီဆေးကို စားပြီးရင် အစ်ကိုကြီးက ပေါက်ကွဲထွက်မှာလဲ မဟုတ်ဘူး..ဘာဒဏ်ရာမှလဲ ရမှာ မဟုတ်ဘူး”
ဆူဇီမိုက ဆိတ်ဆိတ်သာ နေလေသည်။
တဖြည်းဖြည်းနှင့် ရှောင်းနင်၏ မျက်နှာထက်မှ အပြုံးက ပျက်ပြယ်လာလေသည်။
သူမ၏ မျက်လုံးများက နီရဲလာပြီး သူမ၏ လှပသော ကိုယ်လေးက တုန်ယင်လာလေသည်။ သူမက သူမ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားကို ဖုံးကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းအလား.. ရောက်တတ်ရာရာကို ဆက်လက်ပြီး တတွတ်တွတ် ပြောဆိုနေလေသည်။
“အစ်ကိုကြီးက ဒီအသက်ရှည်ဆေးကို စားလိုက်တာနဲ့.. သူ့ဘဝသက်တမ်းက အနဲဆုံး နှစ် ၅၀ လောက် တိုးလာလိမ့်မယ်.. အဲ့ဒါဆို ကျမတို့ နောက်တစ်ခါ အတူ ပြန်ဆုံဆည်းလို့ ရပြီပေါ့”
“အဲ့ဒီ နှစ် ၅၀ အတွင်းမှာ.. ကျမက သူ့ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်မယ့် နောက်ထပ်ဆေးလုံးတွေကို သုတေသနလုပ်ဖို့ အချိန်ထပ်ရမှာပဲ”
“ကိုလေး.. ဘာမှ ပူမနေနဲ့သိလား.. ကျမက အခု ယန်ဆေးဂိုဏ်းမှာ အမွေခံတပည့်တစ်ယောက် ဖြစ်နေပြီ.. ကျမမှာ လုံလောက်တဲ့ အချိန်သာ ရှိနေသရွေ့.. ပိုကောင်းတဲ့ ဆေးလုံးတွေကို ကျမ သေချာပေါက် ဖော်စပ်နိုင်တယ်”
နန်းတော်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ရှောင်းနင်၏ တုန်ရီနေသော အသံတစ်သံကသာ ပဲ့တင်ထပ် ထွက်ပေါ်နေလေသည်။
“အဲ့ကျရင် ကျမတို့ မောင်နှမသုံးယောက်က ထပ်မခွဲတော့ဘဲနဲ့ အတူတူနေကြမယ်လေ.. နော်”
ပြောနေရင်းနှင့် ရှောင်းနင်၏ နှလုံးက နာကျင်ကိုက်ခဲ၍ မွန်းကျပ်လာပြီး ဆက်မပြောနိုင်တော့ပေ။
နောက်ဆုံးမှာတော့ ဆူဇီမိုက သူ့ခေါင်းကိုမော့၍ ရှောင်းနင်၏ နီရဲနေသော မျက်လုံးများကို ကြည့်ပြီး ဖြည်းဖြည်းချင်း ညင်သာစွာ ပြောလိုက်လေသည်။
“အစ်ကိုကြီးက ကွယ်လွန်သွားခဲ့ပြီ”
ဝုန်းကနဲဆို...
ရှောင်းနင်၏ စိတ်က ဗလာကျင်းသွားပြီး ဝမ်းနည်းပူဆွေးမှုက လှိုက်တက်၍ တသိမ့်သိမ့် တုန်ယင်လာကာ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။
သူမ၏ မျက်လုံးနှစ်ဖက်ထဲမှ မျက်ရည်များက သွင်သွင် စီးကျလာ၏။
“ဘာလို့- ဘာလို့လဲ... “
သူမ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး သူမ၏ မျက်နှာက ဖြူလျော့ကာ တိတ်တဆိတ် ရှိုက်ရင်း တတွတ်တွတ် ရေရွတ်နေလေသည်။
“အဲ့ဒါက ဘယ်လို ဖြစ်ရတာလဲ.. ဘာလို့ အဲ့လို ဖြစ်သွားရတာလဲ..”
“ဟား..”
လူတိုင်းသည် ထိုမြင်ကွင်းကိုကြည့်ပြီး ရင်နင့်စွာနှင့် သက်ပြင်းချလိုက်ကြ၏။
အဲ့ဒါက လောကဓံတရား၏ ရက်စက်မှု သို့မဟုတ် ကျင့်ကြံရေးလမ်းကြောင်းမှာ ကြုံတွေ့ရမည့် ရက်စက်မှု ဖြစ်လေသည်။
သူတို့၏ ဆွေမျိုးများ ထွက်ခွာသွားမည့် နေ့တစ်နေ့က မလွဲမသွေ ကျရောက်လာပေမည်။
ကျင့်ကြံခြင်းက အသက်ရှည်ခြင်းကို ဆောင်ကျဉ်းပေးသော်လည်း.. သူတို့သည် စွမ်းအားများနောက်ကို လိုက်နေစဉ်မှာ တစ်ဖက်မှာတော့ သူတို့ ချစ်ခင်မြတ်နိုးသည့်သူများကို ဆုံးရှုံးလာရလေသည်။
ရှောင်းနင်၏ နှလုံးက တဆစ်ဖြစ်ဖြင့် နာကျင်ကိုက်ခဲနေပြီး သူမ၏ ဦးခေါင်းက ချာချာလည်လာ၏။ သူမ၏ အမြင်အာရုံက ဝေဝါးလာပြီးနောက် သိပ်မကြာမီ အသိစိတ် လုံးဝ ပျောက်ဆုံးသွားလေတော့သည်။
ဆူဇီမိုက ရှောင်းနင်ကို ဖေးမ၍.. သူမ၏ ကိုယ်ကို သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ပြီးမှသာ သူ့အမူအယာက နူးညံ့ပျော့ပျောင်းသွားလေသည်။
သူမက ဝမ်းနည်းပူဆွေးခြင်းဖြင့် ကြီးမားစွာ တုန်လှုပ်မှု ဖြစ်ပေါ်၍ သတိလစ်သွားခြင်းမျှသာ။
သူမ၏ ကိုယ်ကာယအပေါ် သက်ရောက်မှု မရှိပေ။
ရှောင်းနင်၏ နာကျင်မှုများကို ကိုယ်ချင်းစာပေးနိုင်ဆုံးသူမှာ ဆူဇီမိုသာလျှင် ဖြစ်လေသည်။
ရှောင်းနင်သည် ကျင့်ကြံရေးလမ်းကြောင်းသို့ ဝင်ရောက်၍ ဆေးလုံးများ ဖော်စပ်ရခြင်းတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိလေသည်။ သူမသည် ဇာတိမြို့ကနေ ထွက်ခွာ၍ နောက်ဆုံး အလယ်ပိုင်းတိုက်ရှိ ဝေးကွာလှသော ယန်ဆေးဂိုဏ်းသို့ ဝင်ရောက်ခဲ့၏။ အဲ့ဒါတွေ အားလုံးသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ဖို့သာဖြစ်ပြီး အဲ့ဒါက ဆူဟုန်အတွက် ဖြစ်လေသည်။
ယခု သူမက အောင်မြင်ခဲ့လေသည်။
သို့သော်လည်း ဆူဟုန်က မရှိတော့လေပြီ။
နောင်တရစရာ အကောင်းဆုံးအချက်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နောက်ဆုံးတစ်ကြိမ်တောင် ပြန်မြင်တွေ့ခွင့် မရခဲ့ကြခြင်းပင်။
သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် ဆုံတွေ့ခဲ့ကြခြင်းမှာ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်.. ဆူရှောင်းနင်က ပင်ယန်းမြို့ကနေ ကျိယောင်ရွှယ်နှင့်အတူ ထွက်ခွာသွားခဲ့ချိန် ဖြစ်လေသည်။
အဲ့အချိန်တုန်းက နှုတ်ဆက်ကြခြင်းက ထာဝရအပြီးတိုင် နှုတ်ဆက်ခွဲခွာခြင်း ဖြစ်ခဲ့လိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
ရှောင်းနင်၏ နှလုံးသားထဲတွင် ထိုနာကျင်မှုက ထာဝရတိုင် ရှိကောင်းရှိနေပေလိမ့်မည်။
ဆူဇီမိုသည် ကိစ္စတိုင်းကို မကူညီပေးနိုင်ပေ။
သို့သော်လည်း သူ့အစ်ကိုကြီးနှင့် စစ်မီးတောက်များကြားမှာ မိသားစုများနှင့် အိုးအိမ်များကို ဆုံးရှုံးခဲ့ရသော ယန်တိုင်းပြည်မှ ပြည်သူပြည်သားများအကြောင်း တွေးမိသည့်အကြိမ်တိုင်း ဆူဇီမို၏ ဆုံးဖြတ်ချက်က ပို၍ ပြတ်သားခိုင်မာလာလေသည်။
သူက သူတော်ကောင်းတစ်ယောက် မဟုတ်သလို.. သူတစ်ယောက်တည်းဖြင့် မြောက်များလှစွာသော လူများကို ကယ်တင်နိုင်လိမ့်မည်ဟု မတွေးထားပေ။ သူက ကမ္ဘာကြီးကို ပြောင်းလဲပြီး အေးချမ်းသာယာဝပြောသည့် ခေတ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်ထားပေ။
သူလုပ်ပေးချင်သည်မှာ သက်ရှိအားလုံးကို ရွေးချယ်စရာတစ်ခု ပေးနိုင်ဖို့ပင်။
ထိုရွေးချယ်စရာက သူတို့၏ ကံကြမ္မာကို သူတို့ကိုယ်တိုင် ပြောင်းလဲနိုင်သည့် အခွင့်အရေးတစ်ခုပင်။
စိတ်ဝိညာဉ်ရင်းမြစ် မရှိကြလျှင်တောင် သူတို့က ကျင့်ကြံနိုင်ပြီး တမလွန်ကနေ လွတ်မြောက်ကာ အသက်ရှည်ရှည် နေနိုင်စေရပေမည်။
ဤကသောင်းကနင်း လောကကြီးထဲတွင်.. လူများသည် မကျင့်ကြံနိုင်သမျှ သူတို့၏ အသက်၊ ဘဝများကို ထိန်းချုပ်နိုင်ခြင်း မရှိကြပေ။ ကျင့်ကြံသူများ၊ ဓါးပြများ၊ တောကောင်များနှင့် ကြမ်းကြုတ်ငှက်များ... အားလုံးက သူတို့၏ အသက်ဘဝကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်များသာ။
ဤကသောင်းကနင်း လောကကြီးထဲတွင်.. အများပြည်သူလူထုများက ပြုသမျှ နုရဖို့ ကံပါလာကြလေသည်။
ဆူဟုန်က သူတို့ထဲမှ တစ်ယောက် အပါအဝင် ဖြစ်လေသည်။
ဆူဇီမိုသည် တျဲယွဲ့နဲ့သာ မဆုံဖြစ်ခဲ့ရင်.. သူကလည်း ထိုလူများကြားထဲမှ တစ်ယောက် ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်ပင် သူက တာအိုတစ်ခုကို တည်ထောင်ချင်ခဲ့ခြင်း ဖြစ်လေသည်။
တျဲယွဲ့က သူ့အတွက် ကံကြမ္မာကို ပြောင်းလဲပေးခဲ့၏။
သူက အများပြည်သူလူထု၏ ကံကြမ္မာများကို ပြောင်းလဲပေးချင်လေသည်။
ငါက ဒီကမ္ဘာပေါ်က သက်ရှိတွေအားလုံးကို ကျင့်ကြံနိုင်ပြီးတော့ အင်မော်တယ်တွေ ဖြစ်လာခွင့်ပေးမယ်..
ဆူဇီမိုက ရှောင်းနင်ကို ဂရုတစိုက် ပွေ့ပြီး သူ၏ ကျင့်ကြံရေးအခန်းထဲသို့ ခေါ်သွားခဲ့လေသည်။ သူက သူမကို ညင်သာစွာ ချပေးပြီးနောက် နန်းတော်ထဲသို့ ပြန်လာကာ ယန်ဆေးဂိုဏ်းမှ လူတိုင်းကို ကြည့်လိုက်လေသည်။
ထန်ယုသည် လွန်ခဲ့သည့် အနှစ် ၂၀ ကနှင့် များစွာ သိပ်မကွာခြားဘဲ.. ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားဆဲဖြစ်ပြီး ခါတိုင်းလိုပင် တက်ကြွဖျတ်လတ်နေဆဲ ဖြစ်လေသည်။
“တာအိုရောင်းရင်.. ဒီနှစ်တွေထဲ ရှောင်းနင်ကို ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့အတွက်.. ကျေးဇူးတင်ပါတယ်ဗျာ”
ဆူဇီမိုက လက်နှစ်ဖက်ကိုဆုပ်၍ သူမဘက်သို့ ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။
“ခွိ.. ရှင်က ကျမကို ကျေးဇူးတင်စရာ မလိုပါဘူး”
ထန်ယုက ပြန်ပြောလိုက်၏။
“ဆေးလုံးဖော်စပ်တဲ့နေရာမှာ ရှောင်းနင်ရဲ့ ပါရမီက ကျမရဲ့ အထက်မှာ ရှိတယ်.. အခုဆို ဂိုဏ်းကလဲ သူ့ကို အလေးထားဆုံးပဲ.. သူသာ ဆက်ပြီး ကျင့်ကြံသွားရင် ဆေးပညာမှာ သူမရဲ့ အောင်မြင်မှုတွေက အကန့်အသတ်မဲ့ပဲ”
“ဂိုဏ်းအတွင်းမှာတော့....”
သူမက ခဏမျှ ရပ်တန့်ပြီးနောက် ဘေးဘက်ရှိ အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်ကို လက်ညိုးထိုးကာ ပြုံးလိုက်၏။
“ရှောင်းနင်ကို ညဝိညာဉ်က စောင့်ရှောက်ပေးနေမှတော့.. သူမကို ဘယ်သူက ထိရဲတော့မှာလဲ”
“အမ်”
ညဝိညာဉ်ဟူသော အသံကို ကြားရချိန်တွင် ဆူဇီမိုသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားလေသည်။
စောစောက လူအုပ်ကြီးထဲသို့ သူဖြတ်ကြည့်ခဲ့သော်လည်း ယန်ဆေးဂိုဏ်းမှ လူအုပ်ထဲတွင် ညဝိညာဉ်ကို မမြင်ခဲ့မိပေ။
ပုံမှန်အားဖြင့်ဆို ညဝိညာဉ်က ရှောင်းနင်၏ ဘေးမှာ အမြဲ ရှိနေသင့်လေသည်။
ဆူဇီမိုသာလျှင် မဟုတ်.. ညဝိညာဉ်အကြောင်း ကြားရချိန်တွင်.. အနောက်ဘက်ရှိ ရွှေခြင်္သေ့က သူ့လက်ဝါးနှစ်ဖက်ကို တိတ်တဆိတ် ပွတ်သပ်ပြီး နားစွင့်နေလိုက်၏။
သူတို့က သွေးသောက်ညီကိုမောင်နှမများ ဖြစ်လာပြီးနောက် တစ်ခါမှ မမြင်ဖူးရသေးခင်မှာပင် ဤညဝိညာဉ်က စီနီယာအရ သူ့အထက်မှာ ရပ်တည်သွားလေသည်။
ဒါ့အပြင် ဤညဝိညာဉ်က လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကျော်လောက်ကမှ မွေးဖွားပေါ်ပေါက်လာသော ကလေးတစ်ယောက်ဖြစ်ကြောင်း ရွှေခြင်္သေ့က ကြားဖူးထားလေသည်။
ထိုသို့ဆိုမှတော့ ညဝိညာဉ်သည် အတွေ့အကြုံနုနယ်သော ကောင်စုတ်လေးတစ်ယောက်ထက် ပိုမည် မဟုတ်ပေ။
ရွှေခြင်္သေ့သည် စိတ်ထဲကနေ အေးစက်စွာ လှောင်ရယ်လိုက်ပြီး ဤကလေးငယ်ကို သင်ခန်းစာကောင်းကောင်းတစ်ခုပေးဖို့ ပြင်ဆင်နေလိုက်လေသည်။