ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်....တောင်သမုဒ္ဒရာဂိုဏ်း
Vol. 10 Ch. 136
"မင်း ပြန်နှင့်တော့....."
ကျန်းချန်ရှန်း အဝေးကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
လီကျွင်း ချက်ခြင်း ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။
ဤနှစ်များတစ်လျှောက်လုံးတွင် တကျန်း ကို တုန်းဟိုင်မင်းဆက်က ဖိနှိပ်ခဲ့ပြီး တကျန်းပြည်သူများက ၎င်းတို့၏ဒေါသကို မျိုသိပ်ထားခဲ့သည်။ တကျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော ဟောင်ရွှမ်းမင်းဆက်သည် ဘက်ပေါင်းစုံမှ ပြောင်းလဲကာ တကျန်းကို တုန်းဟိုင် မင်းဆက်နှင့်အတူ ဝိုင်းထားခဲ့ကြောင်း သိရှိလာသောအခါတွင် စီရင်စု 72 ခုစလုံးပြင်းထန်စွာ ဒေါသဖြစ်ခဲ့ကြသည်။ ဟောင်ရွှမ်းမင်းဆက်အတွက် ၎င်းတို့၏မုန်းတီးမှုသည် တုန်းဟိုင်မင်းဆက်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
ဒီလိုအခြေအနေမျိုးမှာ ကျန်းဂျန်နဲ့ပင်းအန်းတို့ရဲ့ အောင်မြင်မှုတွေက ကျေနပ်စရာကောင်းလွန်းလှသည်။
ပိုင်ချီသည် ထိုသတင်းကြောင့် စိတ်အားထက်သန်ပြီး ကြိုးစားလေ့ကျင့်နေပြီဖြစ်သည်။ သူမသည်လည်း ရွှေခန္ဓာနယ်ပယ်သို့ ရောက်ချင်သည်။
ဓားနတ်ဘုရားကတော့ အပြုံးမပျက် တံမြက်စည်းလှည်းနေဆဲပင်......
ကျန်းချန်ရှန်းက ကျန်းဂျန်နှင့်ပင်းအန်း တို့ကို ဆက်လက် စောင့်ကြည့်နေသည်။
ထိုနှစ်ယောက်၏ ခြိမ်းခြောက်မှုက အလွန်ကြီးမားသဖြင့် ဟောင်ရွှမ်း မင်းဆက်သာ လက်နက်မချလိုပါက ၎င်းတို့ကို တားဆီးရန် ကျွမ်းကျင်သူများ စေလွှတ်မည်မှာ သေချာသည်။
တစ်နာရီလောက်ကြာတော့......
ကျန်းဂျန်နှင့် ပင်းအန်းတို့ နောက်ဆုံးတွင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူလေးဦးနှင့် ဆုံတွေ့ခဲ့ကြသည်။ ဟောင်ရွှမ်း မင်းဆက်က လက်နက်မချချင်သေးပေ။.....
.မဟာကန္တရမင်းဆက်တွင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးသာရှိသော်လည်း ဟောင်ရွှမ်းမင်းဆက်တွင် လေးဦးရှိသည်။ ရွှေခန္ဓာနယ်ပယ် ကံကြမ္မာဖြစ်စဉ်ငါးကြိမ်ထက်မနည်းသာရှိခဲ့သော ဤတိုက်ကြီးတွင်၊ ဟောင်ရွှမ်း မင်းဆက်သည် နိုင်ငံခြားတပ်ဖွဲ့များ၏ အထောက်အပံ့ကို ရရှိခဲ့သည်မှာ ထင်ရှားသည်။
ထိုသို့ ထောက်ပံ့မှုရရှိခဲ့သည်မှာ ဟောင်ရွှမ်းမင်းဆက်သာမက တုန်းဟိုင် မင်းဆက်လည်း ဖြစ်နိုင်သည်။
ကျန်းချန်ရှန်း ထိတ်လန့်ခြင်းမရှိဘဲ အဲဒီအစား သူက ဒါမျိုးဖြစ်လာဖို့ စောင့်မျှော်နေခဲ့သည်။
သိုင်းဧကရာဇ်ကျွန်းသည် နဂါးသွေးကြောတိုက်ကြီးနှင့် အလွန်ဝေးကွာပြီး သူသည် ၎င်းတို့အပေါ် အာဃာတမရှိပေ။ ထို့အပြင်၊ သူ့အား ခြိမ်းခြောက်နိုင်သည့် အနီးတစ်ဝိုက်ရှိ သမုဒ္ဒရာများတွင် အင်အားကြီးမားသော တည်ရှိမှု မရှိကြောင်း ခန့်မှန်းထားပြီးဖြစ်သည်။ ဒါက သူ့အလေ့ကျင့်ဖြစ်ပြီး သတိလက်လွတ်နေလို့မရပေ။
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်လေးဦး၏ ဝန်းရံမှုကို ရင်ဆိုင်နေရသော်လည်း ကျန်းဂျန်နှင့်ပင်းအန်းတို့ ထိတ်လန့်ခြင်းမရှိပေ။ ယင်းအစား၊ ကြီးမားသောတိုက်ပွဲကြီး ဖြစ်ပျက်တော့မည်ဖြစ်သောကြောင့် သူတို့အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။
ထို့အပြင် ၎င်းတို့၏တည်နေရာကို ရွေးချယ်ရာတွင် မိုင်တစ်ထောင်အတွင်း မြို့များမရှိသောကြောင့် စိတ်ကြိုက် တိုက်ခိုက်နိုင်ပေမည်။
ကျန်းဂျန်သည် ရွှေခန္ဓာနယ်ပယ်သို့ တက်လှမ်းခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ပုံမှန်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသည်။ နောက်ဆုံးတော့ သူဟာ ထက်မြက်ပြီး ကျန်းချန်ရှန်းကို သူ့ရဲ့ လေ့ကျင့်ဖော်အဖြစ် ထားရှိခဲ့သူပင်.... သူသည် ရွှေခန္ဓာနယ်ပယ် တိုက်ပွဲများကြားတွင် ပြင်းထန်သော တိုက်ပွဲများကို ကြာရှည်စွာ ကျင့်သားရနေခဲ့သည်။
ပင်းအန်းအတွက်မူ......သူသည် တိုက်ပွဲပေါင်းရာနှင့်ချီ ဖြတ်သန်းခဲ့ပြီး ရွှေခန္ဓာနယ်ပယ်မှ ကျွမ်းကျင်သူများကို မကြောက်ခဲ့ပေ။
လက်ဖက်ရည် ခွက်တစ်ဝက်ခန့် အအေးခံချိန်၌ ရွှေခန္ဓာနယ်ပယ်မကျွမ်းကျင်ပညာရှင်လေးဦး ထိတ်လန့်သွားကြသည်။ သူတို့ထဲက တစ်ယောက်က ညာပခုံးဒဏ်ရာရသွားပြီး လျင်မြန်စွာထွက်ပြေးသွားခဲ့သည်။ သို့သော်၊ ကျန်းဂျန်နှင့် ပင်းအန်းတို့က လိုက်မဖမ်းခဲ့ကြပေ။ သူတို့နှစ်ဦး မြေပြင်ပေါ်သို့ ဆင်းသက်ကာ အင်အားဖြည့်ရန် အနားယူနေတော့သည်။
ကျန်းချန်ရှန်းသည် ကျန်းဂျန်က တိုက်ခိုက်ရေး စိတ်ဓာတ်ကို ထိန်းထားနိုင်သည်ကို တွေ့ရတော့ စိတ်သက်သာရာ ရသွားသည်။
ဟောင်ရွှမ်းမင်းဆက်၏နန်းတော်အတွင်းတွင်.......
ဟောင်ရွှမ်းဧကရာဇ်၏အမူအရာ အလွန်အမင်း ရုပ်ဆိုးနေသည်။ သူက ကျန်းရှုနဲ့ အသက်အရွယ်တူပြီး သူ့ပုံစံက ဂုဏ်သိက္ခာရှိသည်။ သူသည် ခန်းမအတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့ပြီး မည်သူမျှ သူ့ကို မကြည့်ဝံ့ပေ။
"ရယ်စရာကောင်းလိုက်တာ.... တကျန်း က ဟောင်ရွှမ်းမင်းဆက်ကို အနိုင်ယူဖို့ လူနှစ်ယောက်ပဲ စေလွှတ်လိုက်တာလား.... ကံကြမ္မာမင်းဆက်နှစ်ခု ပူးပေါင်းရင် တကျန်း ကျိန်းသေပေါက်ကျရှုံးမယ်လို့ ဘယ်သူပြောတာလဲ!!!!!"
"မှန်ငါတို့ဘက်က
ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတွေကသာ မြို့တော်ကို မတိုက်ခိုက်သရွေ့ တာအိုဘိုးဘေးလှုပ်ရှားမှာမဟုတ်ဘူး.... ဒါပေမယ့် တာအိုဘိုးဘေး မတိုက်ခိုက်ရင်တောင် တကျန်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး!!!....”
ဟောင်ရွှမ်းဧကရာဇ် ဒေါသတကြီး ရယ်မောလိုက်သည်။
မည်သည့်အရာရှိမှ မတုံ့ပြန်ရဲဘဲ ထိတ်လန့်ရှက်ရွံ့နေကြသည်။
အရပ်ဘက်အရာရှိတစ်ဦးက....
"အရှင်မင်းကြီး...ကျွန်တော်မျိုးတို့က မတိုက်ခိုက်ရင်တောင် တကျန်းက ဟောင်ရွှမ်းကို အနှေးနှင့်အမြန် တိုက်ခိုက်ကြလိမ့်မယ်.... တကျန်းရဲ့ အရင်ဧကရာဇ်က ပြောတဲ့စကားအတိုင်း ဖြစ်အောင်လုပ်တတ်တဲ့သူ.... ဒါဆို လက်ရှိဧကရာဇ်ကရော..... အကယ်၍ ကျွန်တော်မျိုးတို့ မတိုက်ခိုက်ဘဲ တုန်းဟိုင်မင်းဆက် သိမ်းပိုက်ခံရတာကို ထိုင်ကြည့်နေရင် ကျွန်တော်မျိုးတို့လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.... ဝမ်းနည်းစရာ ရှုံးပွဲကြုံခဲ့ရပေမယ့် ဖိအားတချို့ သက်သာရာရစေခဲ့ပါတယ်......”
“အခုအချိန်မှာတော့ တကျန်းနဲ့ ဟောင်ရွှမ်းတို့ကြား ပြန်လည်ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူး.... အခု လက်နက်ချလိုက်ရင်တောင် တကျန်းဧကရာဇ်က ကျွန်တော်မျိုးတို့ကို ကောင်းမွန်စွာဆက်ဆံမှာမဟုတ်ဘူး.... ဒီလိုအခြေနေမျိုးမှာ လောင်းကြေးထပ်ပြီး နှောင့်နှေးမှုမရှိဘဲ စစ်ပွဲတစ်ခုလုံးကို စတင်ရမယ်...!”
သူ့စကားတွေကို တခြားအရာရှိတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ထောက်ခံကြသည်။ ပြီးခဲ့တာတွေ ပြီးပြီ....နောင်တအတွက် ဆေးမရှိပေ....
နောက်ဆုံးတွင်၊ သူတို့သည် ကတိဖောက်ဖျက်ပြီး တကျန်းကို နောက်ကျောဓားဖြင့်ထိုးခဲ့သည်။ သူတို့အတွက် အဆုံးသတ်ကောင်းဖို့ မဖြစ်နိုင်ပေ။ အခုအချိန်မှာ အဆုံးအထိသာလျှောက်လှမ်းရပေတော့မည်။
ဟောင်ရွှမ်းဧကရာဇ်သည် ယခုပြောနေသော အရပ်ဘက်အရာရှိများကို ကြည့်ကာ..... “လောလောဆယ် စစ်ပွဲအကြောင်း မပြောနဲ့တော့.... ဟိုဘီလူးနှစ်ကောင်ကို အရင်ရှင်းရမယ်... မဟုတ်ရင် ငါ့ဆီ လာတိုက်ကြလိမ့်မယ်!”
ထိုအချိန်တွင် အရပ်ဘက်အရာရှိတစ်ဦးက.... “အရှင်မင်းကြီး စိတ်မပူပါနဲ့.... ကျွန်တော်မျိုးတို့ဂိုဏ်းက စကြာဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်လိုက်တယ်... အဲဒီနှစ်ယောက်ကို ထိန်းထားပြီး စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတွေ ရောက်လာတာကို စောင့်ဖို့ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတွေအားလုံးကို စုစည်းလိုက်ပါမယ်.....”
စကြဝဠာနယ်ပယ်.....
ဟောင်ရွှမ်းဧကရာဇ်က ပြုံးလိုက်ပြီး အရာရှိများက သက်ပြင်းချလိုက်သည်။
အဓိကအားဖြင့် ပြည်ပဂိုဏ်းခွဲများ၏ ထောက်ပံ့မှုကို ရယူထားသောကြောင့် စစ်တိုက်ရန် ရဲဝင့်နေကြခြင်းဖြစ်သည်။ ဤဂိုဏ်းသည် ရှန်းရှန်းတုံးထျန်းထက် မနိမ့်ကျသော ဂိုဏ်းတစ်ခုဖြစ်သည်။
ယခုဆိုလျှင် ရှန်းရှန်တုံးထျန်းက နဂါးသွေးကြောတိုက်ကြီးကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။
ယခုရောက်ရှိလာသော ဂိုဏ်းက ရှန်းရှန်တုံးထျန်းနှင့်မတူဘဲ သူတို့သည် ဟောင်ရွှမ်းမင်းဆက်ကို ဤတိုက်ကြီးအား အုပ်ချုပ်ခွင့်ပေးရန် ဆန္ဒရှိခဲ့ကြသည်။ ၎င်းတို့၏ သိုင်းပညာအဆင့်အတန်းကို အာမခံရန်နှင့် ၎င်းတို့အား နှစ်စဉ်နှစ်တိုင်း သိုင်းပညာဆိုင်ရာ အရင်းအမြစ်အချို့ကို ပေးအပ်ရန်သာ လိုအပ်သည်။
ဟောင်ရွှမ်းဧကရာဇ်သည် ဤအခြေအနေများကြောင့် သွေးဆောင်ခံခဲ့ရပြီး အရာရှိများလည်း ပါ၀င်ခဲ့သည်။ ဤတိုက်ကြီးကို ဘယ်သူ မစည်းလုံးချင်ဘဲနေမလဲ..... တစ်ဖက်သားက သူတို့ကို လိမ်လည်ပြောနိုင်ရင်တောင် အရှင်သခင်တစ်ယောက်တည်းရှိတာကသာပိုကောင်းမည်မဟုတ်လော.....
"ဒါဆို မင်းဂိုဏ်းရဲ့ အထောက်အပံ့ကိုပဒ အားကိုးရမယ်..."
ဟောင်ရွှမ်းဧကရာဇ်က ပြုံးပြီးပြောလိုက်ကာ ညီလာခံရုတ်သိမ်းလိုက်သည်။
ရက်တွေကြာလာတာနဲ့အမျှ ကျန်းချန်ရှန်းက ကျန်းဂျန်နဲ့ပင်းအန်းကို နေ့တိုင်း အာရုံစိုက် စောင့်ကြည့်နေခဲ့သည်။ အားစိုက်ထုတ်မှု များများစားစားမရှိဘဲ ကောင်လေးနှစ်ယောက်က နေ့တိုင်း တိုက်ပွဲများဆင်နွှဲနေခဲ့ကြသည်။
တခါကဆို ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူခုနစ်ဦး၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ ထိုတိုက်ပွဲသည် ရန်သူဘက်ကအနိုင်ဖြင့် ပြီးဆုံးသွားခဲသည်။ သို့သော်လည်း နောက်ပိုင်းတိုက်ပွဲများတွင် ၎င်းတို့သည် အနားယူရန်အချိန်မလုံလောက်သောကြောင့် အဓိကအားဖြင့် အားနည်းချက်တစ်ခုအဖြစ်သို့ ကျရောက်လာသည်။ အိပ်ပျော်ချင်တိုင်း ရန်သူက ရုတ်တရက်ပေါ်လာပြီး သူတို့ကို အလှည့်ကျ တိုက်ခိုက်လာလိမ့်မည်။
ကျန်းချန်ရှန်းသည် ဟောင်ရွှမ်း မင်းဆက်ကို တိတ်တဆိတ် ချီးကျုးလိုက်မိသည်။ ဤအစီအစဥ်သည် အရှက်မရှိသော်လည်း ထိရောက်မှုရှိသည်။
ကျန်းချန်ရှန်းသည် ဒါဟာ ကျန်းဂျန် အတွက် လေ့ကျင့်မှုပုံစံတစ်ခုဖြစ်သောကြောင့် တိုက်ခိုက်ခြင်းမပြုခဲ့ပေ။
ယန်တျယ်ခေါတ်၏ ၁၂ နှစ်တွင်......
နွေဦးရာသီသစ်တွင် ဧကရာဇ်သည် စစ်မြေပြင်နှစ်ခု၏ ပြီးပြည့်စုံသောအောင်ပွဲအား ဂုဏ်ပြုရန် ပြင်ဆင်ခဲ့သည်။ ရှုထျန်းကျီနှင့် ကျုံးထျန်းဝူ ဦးဆောင်သော ကောင်းကင်ဗျူဟာစစ်တပ်သည် မင်းဆက်များထဲမှ တစ်ခုကို ပြန်လည်ရယူခဲ့ပြီး ၎င်းတို့သည် နောက်ဆက်တွဲ မင်းဆက်ကို အချိန်မရွေး ဆက်လက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။
ချန်းလီသည် ပျက်စီးသွားသောမြို့များကို ပြန်လည်ထူထောင်ခဲ့သည်။ ကျန်းဂျန်နှင့်ပင်းအန်းတို့သည် ၎င်းတို့နှင့် ဝေးကွာသော်လည်း လမ်းတစ်လျှောက်ရှိ ရန်သူတပ်များက ၎င်းတို့ကို သတ်ပစ်ခဲ့သဖြင့် ချန်းလီတို့က နောက်ကနေ အမှိုက်လိုက်ရှင်းနေရသည်။
ထိုညတွင် ကျန်းချန်ရှန်းသည် မုလင်းလော့ထံသို့ နောက်ထပ်အိပ်မက်တစ်ခု ပေးပို့ခဲ့သည်။ အသက် ဆယ့်ကိုးနှစ်အရွယ်ရှိ မုလင်းလော့ သည် လက်ရှိတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ရန် ကြိုးစားနေပြီး သူမ၏မိသားစုက သူမအား ဆေးဖက်ဝင်အပင်များနှင့် ရှားပါးရတနာများစွာ ထောက်ပံ့ပေးထားသည်။ သူမ၏အဆိုအရ၊ သူမသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် တိုးတက်လာနေချိန်တွင် သူမအား ကာကွယ်ရန်အတွက် ပြင်ပမှကျွမ်းကျင်သူများကို မိသားစုက ပြန်ခေါ်ခဲ့ကြောင်း ပြောပြထားသည်။
မုလင်းလော့ကို ပါရမီရှင်တစ်ယောက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ.... ပထမတော့ မုမိသားစုက အဲဒီအတွက် အရမ်းပျော်နေကြသည်။ သို့သော် မုလင်းလော့က နတ်ဘုရားကိုးပါးတိုက်ပွဲဝင်ပညာရပ်ကိုအသုံးပြုပြီး ရွှေခန္ဓာနယ်ပယ် တပည့်တစ်ဦးကို အနိုင်ယူသောအခါတွင် အပြင်လူများက ထိုတိုက်ပွဲကိုကြည့်ရှုရန် ရောက်နေသဖြင့် ထိတ်လန့်စပြုလာကြသည်။
ဒီလိုအရည်အချင်းတွေက အပြင်လူတွေကို ကြောက်လန့်စေမှာ သေချာပါသည်။
ကျန်းချန်ရှန်းကတော့ စိတ်မပူခဲ့ပေ။ သူမကံကောင်းဖို့အတွက် အမွှေးတိုင်ပေါင်း 200,000 သုံးစွဲခဲ့သဖြင့် တစ်သက်တာလုံး ကံကောင်းနေမည်မှာ သေချာပါသည်။
ထိုညက မုလင်းလော့ကို နှစ်သိမ့်ခဲ့ရသည်။
မနက်စောစောတွင်.....
ကျန်းချန်ရှန်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ပိုင်ချီ သူ့ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
သူမ၏လျှာ အပြင်ထွက်နေပြီး သွားရည်များ အဆက်မပြတ် စီးကျနေသည်။ ဒါကိုကြည့်ရင်း မကျေမနပ်ဖြစ်ကာ သူမကို နှင်ထုတ်လိုက်သည်။
သူမ ရုတ်တရက် မော့ကြည့်လိုက်တော့ ကျန်းချန်ရှန်း သူ့ဘေးမှာ ရှိနေတာကို တွေ့လိုက်ရတော့ ခေါင်းကို စောင်းပြီး ဆက်အိပ်နေသည်။
ကျန်းချန်ရှန်းက ခေါင်းခါပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
“အခြားသူတွေ လူဝင်စားပြန်ဖြစ်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုတောင်ရောက်နေပြီ.... ဒါပေမယ့် မင်းက အဆင့်မတက်သေးဘဲ အနှစ်တစ်ရာကျော် အသက်ရှင်ခဲ့တယ်... ဘယ်လိုအမှိုက်မျိုးလဲ..... "
ပိုင်ချီကို ပထမဆုံးတွေ့တုန်းက သူမဟာ အံ့သြဖို့ကောင်းပြီး ဗီလိန် အော်ရာကို ပိုင်ဆိုင်ထားသူပင်... ထို့ကြောင့်၊ ကျန်းချန်ရှန်းသည် သူမအတွက် မြင့်မားသောမျှော်လင့်ချက်ရှိခဲ့ပြီး သူမအား အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင်အဖြစ် မွေးမြူလိုသည်။
ကံမကောင်းစွာပဲ၊ အရာအားလုံးက သူဆန္ဒအတိုင်း ဖြစ်မလာခဲ့ပေ။
ဒုတိယအတွေးကြောင့် ကျန်းချန်ရှန်းက ပိုင်ချီကို ညင်သာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ဘေးနားက လူတွေက တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေချိန်မှာ ပိုင်ချီနဲ့ပိုင်လုံကသာ သူ့ကိုအထီးကျန်မနေစေဘဲ အတူရှိပေးခဲ့ကြသည်။
တခါတရံတွင်၊ ပိုင်ချီ၏ ရူးနှမ်းနှမ်းစကားများက အလွန်စိတ်ဝင်စားစရာကောင်းသည်။
ကျန်းချန်ရှန်း ပြုံးပြီး မတ်တပ်ထရပ်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။
ကျန်းဂျန်နှင့်ပင်းအန်းတို့သည် တောင်ပေါ်တွင် ကျောချင်းကပ်၍ အိပ်မောကျနေကြသည်။
တလကျော်ကြာ တိုက်ပွဲဝင်ခဲ့ကြပြီး ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူကိုပင် သတ်ပစ်ခဲ့သည်။ ဒီအောင်မြင်မှုက ဧကရာဇ် ဟောင်ရွှမ်းကို သေလုနီးပါး ကြောက်လန့်စေခဲ့သည်။
ကျန်းဂျန်နှင့် ပင်းအန်းတို့၏ နာမည်သည် ဟောင်ရွှမ်းမင်းဆက်အတွက် အထူးသဖြင့် တော်ဝင်မြို့မှ အရာရှိများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။
ကျန်းချန်ရှန်းက သူတို့ကို ခဏလောက် ကြည့်နေပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
'လာနေပြီ!'
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန့်ကုန်း ကို ချက်ချင်းထုတ်ပြီး ချိန်ရွယ်လိုက်သည်။
တောင်ခါးပန်းတစ်ခုပေါ်တွင် ကျန်းဂျန် နှင့် ပင်းအန်းတို့သည် ကျောချင်းကပ် အိပ်မောကျနေပြီး ကျန်းဂျန်၏ ငွေရောင်ချပ်ဝတ်ပေါ်တွင် အက်ကွဲကြောင်းများဖုံးလွှမ်းနေပြီး ၎င်းတို့အားလုံးသည် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများ၏တိုက်ပွဲမှကျန်ခဲ့သော အမှတ်အသားများဖြစ်သည်။
ကျန်းဂျန်၏ ဒေါင်လိုက်မျက်လုံး ရုတ်တရက်ပွင့်လာပြီး သူ့မျက်ခွံများ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။
ကျန်းဂျန် မျက်မှောင်ကြုတ်ကာ ချက်ချင်း ထရပ်လိုက်သည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် အနားယူရန် သတ္တိကောင်းနေရခြင်း အကြောင်းရင်းမှာ သူ၏ တတိယမျက်လုံးသည် အန္တရာယ်ကို သတိပေးနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ပင်းအန်း လဲကျလုနီးပါးဖြစ်ပြီး လန့်နိုးလာကာ မျက်လုံးတွေကို ပွတ်သပ်ပြီး မတ်တပ်ရပ်လိုက်သည်။
ကျန်းဂျန်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ဘေးက မြေဆီလွှာထဲမှာ စိုက်ထားတဲ့ သုံးခွချွန်လှံရှည်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်သည်။
မြင့်မားသောတောင်တန်းများသည် အဝေးက ကောင်းကင်တံခါးများကဲ့သို့ မျက်နှာချင်းဆိုင်ကြပြီး တောင်တန်းနှစ်ခုကြားရှိ မိုးကုပ်စက်ဝိုင်းမှ ပုံသဏ္ဍာန်တစ်ခု ချဉ်းကပ်လာနေသည်။
ထိုလူသည် ရွှေချည်ထိုးခရမ်းရောင် ၀တ်စုံကိုဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရတနာသရဖူ ဆောင်းထားကာ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ထားသည်။ သူသည် အသက်လေးဆယ်ကျော်အရွယ် ရှိပုံရပြီးသူတို့ဆီသို့ ပျံသန်းလာနေသည်။ ရှင်းနေသည်မှာ၊ သူ၏ပစ်မှတ်သည် ကျန်းဂျန်နှင့်ပင်းအန်း မှလွဲ၍ အခြားမဟုတ်ပေ။
မကြာခင်မှာပဲ သူတို့အထက်ကို ထိုသူရောက်လာသည်။
ပင်းအန်းက တိုက်ခိုက်ချင်ပေမယ့် ကျန်းဂျန်က သူ့ကို တားလိုက်သည်။
ဤလူသည် အလွန်အန္တရာယ်များကြောင်း သူ၏ ပင်ကိုယ်အသိစိတ်က သတိပေးနေသည်။
စကြဝဠာနယ်ပယ်.......
ခရမ်းရောင်ဝတ်ထားသူက သူ့ကို ဓားနတ်ဘုရားလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
"ဟောင်ရွှမ်းမင်းဆက်မှာ ဘာကြောင့် စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရှိနေတာလဲ... အဲဒါက နိုင်ငံရပ်ခြားဂိုဏ်းတစ်ခုကများလား"
ကျန်းဂျန် မျက်မှောင်ကြုတ်ပြီး တစ်ဖက်ကို စိုက်ကြည့်နေသည်။
ခရမ်းရောင်ဝတ်ထားသူက ကျန်းဂျန် ကို ငုံ့ကြည့်ကာ "ငါတို့ တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းနဲ့ လက်တွဲမယ်ဆို မင်းကို စကြဝဠာနယ်ပယ်အထိရောက်အောင် ပြုစုပျိုးထောင်ဖို့ ငါတို့ အစွမ်းကုန်ကြိုးစားပေးမယ်.... ဘယ်လိုလဲ?"
ကျန်းဂျန်က ပြုံးပြီး..... "မဆိုးပါဘူး...ကျူပ် ခင်ဗျားနဲ့ ပူးပေါင်းမယ်ဆို တကျန်းကို ဘယ်လိုလုပ်မလဲ...."
ခရမ်းရောင်ဝတ်ထားသူက..... “မင်းဆက်တွေကြားက ပြိုင်ဆိုင်မှုတွေက အရင်းအမြစ်အတွက် ပြိုင်ဆိုင်မှုတွေပါပဲ..... တကျန်းနဲ့ဟောင်ရွှမ်းမင်းဆက်ကို တိုက်ကြီးတစ်တိုက်ကို ခွဲဝေခွင့်ပြုလိုက်ပေမယ့် အခုအချိန်မှာ တကျန်းက ဟောင်ရွှမ်းမင်းဆက်ကို အညံခံလိုက်ရုံပေါ့....."
ကျန်းဂျန်က "ခင်ဗျား တကျန်းကို ဘာလို့ မထောက်ခံနိုင်ရတာလဲ?"
ခရမ်းရောင်ဝတ်ထားသူက..... “တကျန်း မှာ တာအိုဘိုးဘေး ရှိတယ်... သူဘယ်ကလာမှန်း ငါတို့ မသိသေးဘူး....မင်း ငါနဲ့လိုက်မလား...အသေခံမလား...."
တာအိုဘိုးဘေး တကျန်းတွင် ပုန်းအောင်းနေသေးသောကြောင့် ၎င်းတို့နှစ်ဦးကို ဦးစွာခေါ်ဆောင်သွားချင်သည်။ အဲဒီအခါမှာ တာအိုဘိုးဘေး ဒေါသထွက်နေရင်တောင် ဘာမှလုပ်လို့ရမည်မဟုတ်ပေ။
တာအိုဘိုးဘေးအနေဖြင့် တောင်သမုဒ္ဒရာတစ်ထောင်ဂိုဏ်းသို့ တစ်ယောက်တည်း လာရဲမည်မဟုတ်ပေ။
သို့သော်တောင်သမုဒ္ဒရာတစ်ထောင် ဂိုဏ်းသည် ရှန်းရှန်တုံးထျန်းမဟုတ်ပေ.....