အခန်း (၂၉၃)
Vol. 26 Ch. 293
“ငါက အခုထိ တော်တော်လေးကို တုံးနေသေးတာပဲ”
လီဟမ်ရှန်းက လည်း ခါးသက်စွာ ဖြင့်ပြောလိုက်ပါသည်။
“ငါကတော့ အကိုသုံးက ဟိုအရင်တုန်းက ဂိုဏ်းထဲက အကိုသုံးလိုမျိုးပဲ ရိုးသားနေတယ်ဆိုပြီးထင်နေသေးတာ။ ဒါပေမဲ့ မင်းက အကုန်လုံးဟန်ဆောင်ပြီးတော့ လှည့်စားနေခဲ့တာပဲ”
“ မတတ်နိုင်ဘူးလေ ညီ၄ ရာ မတတ်နိုင်ဘူး။ မင်းနဲ့ငါနဲ့ က အခုချိန်မှာ ဆန့်ကျင်ဘက် အနေအထားကို ရောက်နေခဲ့ပြီလေ။ ပြီးတော့ငါတို့နှစ်ယောက်ရဲ့ယုံကြည်ချက်တွေကလဲ မတူညီတော့ဘူးကွဲပြားနေပြီလေ” ကျိုးကျွင်းကလည်း သူ၏ဦးခေါင်းကို ခါရမ်းလိုက်ပါ၏။
“အဲလိုသာမဟုတ်ဘူးဆိုရင်ကွာ မင်းရဲ့ စီနီယာအကို ဖြစ်ရတာ တော်တော်ကြီးကို ပျော်ဖို့ကောင်းမှာပဲ”
“ စကားပြောတာတော်ပြီ။ အခုတော့ ကျုပ်က ခင်ဗျား လက်ထဲရောက်ပြီဆိုတော့ ခင်ဗျားကြိုက်တာသာလုပ်လုပ်တော့။ ကျုပ်မှာ ဘာမှ ပြောစရာမရှိတော့ဘူး” လီဟမ်ရှန်းမှာ ယခုအချိန်တွင် အတော်လေးကို အားနည်းနေပါသည်။ သူက ကျိုးကျွင်းကို ရင်ဆိုင်ပြီးတော့ မတိုက်ခိုက်နိုင်တော့ပါချေ။
“ ညီ၄ မင်းကို သတ်ဖြတ်မဲ့ တာဝန်က ငါ့တာဝန်မှာ မဟုတ်တာကွ” ကျိုးကျွင်းကလည်း အသက်ပြင်းပြင်းရှု၍ ပြောလိုက်ပါသည်။
“အဟက်” လီဟမ်ရှန်းက ရယ်မောလိုက်သည်။
“ အကိုသုံး အကိုသုံး… အကိုသုံးက ကျွန်တော့်ရဲ့ သစ္စာရှိမှုက အကြီးမားဆုံး အားနည်းချက်လို့ပြောတယ်နော်။ အကိုသုံးက လည်း အတူတူပဲဟုတ်ဘူးလား။ အကိုသုံးက အကိုသုံးရဲ့ ညီလေးကို အသက်ပြန်ရှင်စေချင်တယ်။ ဒါပေမဲ့ အကိုသုံးက အသက်ပြန်ရှင်ဖို့အတွက် အရေးကြီးတာက သော့တွေအများကြီး လိုတယ်ပြောတယ်”
“ ကျွန်တော်က သော့တွေအများကြီးထဲက သော့တစ်ချောင်းပဲလေ။ အချိန်တန်လို့ရှိရင် ကျွန်တော့်ဆီက သော့ကိုယူဖို့အတွက် ကျွန်တော့်ကို လာသတ်တော့မှာပဲလေ”
“ ဘယ်သူ့လက်ထဲမှာပဲ ကျွန်တော်သေသေ ကျွန်တော်သေဖို့က အဓိက လိုအပ်ချက်ပဲ မဟုတ်ဘူးလား။ အကိုသာ ကျွန်တော့်ကို အခုချက်ချင်းသတ်လိုက်မယ်ဆိုရင် အကိုလိုချင်နေတဲ့ သော့က ရသွားပြီလေ။ မဟုတ်ဘူးလား”
လီဟမ်ရှန်းက ကျိုးကျွင်းအား ခံစားချက်မဲ့သော မျက်နှာ အမူအရာဖြင့် ကြည့်လိုက်ပါသည်။ ကျိုးကျွင်းက တစ်ခဏကြာတဲ့အထိ တိတ်ဆိတ်နေခဲ့၏။
“ ညီ၄ ငါမင်းကို သတ်အောင်လို့ မင်းက ပြောနေတာမလား”
“ အကိုက ကျွန်တော့်ကို အမြဲတမ်းသတ်ချင်နေတာ မဟုတ်လား” လီဟမ်ရှန်းက လှောင်ပြောင်လိုက်ပါသည်။
“ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း မှာတုန်းကလည်း ကျွန်တော့်ကို သတ်ချင်တယ်။ အခု အကို့ရဲ ညီ အသက်ပြန်ရှင်ဖို့အတွက် ကျွန်တော့ကို သတ်ဖို့လိုနေတာပဲလေ။ အဲဒါတောင်မှ ကျွန်တော့်ကို သတ်ဖို့တာဝန်က အကို့တာဝန် မဟုတ်ဘူးလို့ ဟန်ဆောင်ပြီးပြောနေသေးတယ်”
“ကျွန်တော့်ရဲ့သစ္စာတရားကြီးမား မှုက အကြီးမားဆုံးအားနည်းချက်လို့ပြောတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုလဲ ပြန်ကြည့်ပါဦးဗျ။ အကိုက ကိုယ်တိုင်က ကြောင်သူတော်ဖြစ်နေပြီးတော့ တစ်ခြားသူကို လှောင်နေတာရှက်ဖို့ကောင်းတယ်ဗျ။ မဟုတ်ဘူးလား”
“ ကျိုးကျွင်း။ ကျုပ်ကို သတ်ချင်တယ်ဆိုရင် တစ်ခါတည်း တန်းသတ်လိုက်။ အခုလိုမျိုး ဟန်ဆောင်ပြီးတော့ကောင်းပြမနေနဲ့” လီဟမ်ရှန်းက ကျိုးကျွင်းအား စိုက်ကြည့်လိုက်ပါသည်။ လီဟမ်ရှန်းထံမှ ထိုကဲ့သို့ ကြမ်းတမ်းသည့် စကားလုံးများ ထွက်လာလိမ့်မည်ဟု ကျိုးကျွင်းက မမျှော်လင့်ထားခဲ့ပါ။
“သေချင်နေတာလား”
ထိုအချိန်မှ ကျိုးကျွင်းက သဘောပေါက်ခဲ့သည်။ လီဟမ်ရှန်း ကသေချင်နေ၍မဟုတ်ဘဲ သူက သူရဲ့ ရင်ထဲက ခံစားချက်များကို ဤအချိန်တွင် ထုတ်ပြနေခြင်း ဖြစ်ပါသည်။
ကျိုးကျွင်းက ဘာစကားမျှ မဆိုနိုင်ဘဲ တိတ်ဆိတ်သွားခဲ့ပါ၏။ သူ၏ ရွှဲ့ရီဟူသော သူလျှို ဖြစ်နေခြင်းမှာ လီဟမ်ရှန်းအတွက် အကြီးမားဆုံးသော ထိုးနှက်ချက်ဖြစ်သည်ဟု သူက သိလိုက်ရပါ၏။
ယခုတွင် အားနည်းနေသော လီဟမ်ရှန်း၏ ပုံရိပ်ကို မြင်သောအခါတွင် ကျိုးကျွင်းက ပြောစရာစကားများ ပျောက်ဆုံးနေခဲ့ပါသည်။ သူ၏နှလုံးသားကို လက်တစ်စုံက ဖျက်ညှစ်ထားသကဲ့သို့ ရင်နာနေသလိုမျိုးခံစားနေရပါသည်။ သူက လီဟမ်ရှန်း၏မျက်လုံးကို တိုက်ရိုက် မကြည့်ရဲတော့ပါချေ။
“ သတ်လေ။ ခင်ဗျား ဘာကို စောင့်နေတာလဲ” လီဟမ်ရှန်း ကအသံကုန် အော်ဟစ်လိုက်၏။
“ကျုပ်ကိုသတ်ချင်တယ်မလား။ လာ လာသတ်။ ကျုပ်ကိုသတ်ပြီးသွားရင် ကျုပ်ခေါင်းကိုယူပြီး ထာဝရရှင်သန်ခြင်းဂိုဏ်းကို အပ်လိုက်။ အဲဒါဆိုလို့ရှိရင် ခင်ဗျားလိုချင်တဲ့ ဆုဘာဘ်တွေ ရမှာပေါ့” လီဟမ်ရှန်းက ထပ်မံ၍ အော်ဟစ်လိုက်ပြန်၏။
သို့ပေမဲ့ ထိုအခိုက်မှာပင် ကျိုးကျွင်းက တစ်စုံတစ်ခုကို အာရုံခံလိုက်မိပါ၏။ သူက ရင်းနှီးနေတဲ့ အရှိန်အဝါတစ်ခုက သူ့နားကပ်လာသည်ဟု ခံစားလိုက်ရ၏။
“စိတ်မကောင်းပါဘူးညီ၄ရာ”
ထိုသို့ပြောပြီးနောက် ကျိုးကျွင်းက လီဟမ်ရှန်း၏ ဝမ်းဗိုက်ကို ကန်လိုက်ပါ၏။ လီဟမ်ရှန်းက အကန်ခံရသော အရှိန်ကြောင့် တောင်ကုန်းမှ အောက်သို့ လိမ့်ကျသွားခဲ့ပါသည်။ ကျိုးကျွင်းက သူအား ချောက်ကမ်းပါးမှာ ဆောင့်ကန်လိုက်မည်ဟု မမျှော်လင့်ထားခဲ့မိပါ။
လီဟမ်ရှန်း၏ခန္ဓာကိုယ်မှာ နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ ကျဆင်းသွားခဲ့၏။ ကျန်ရစ်သော ဟန်ရွှမ်းမှာလည်း ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို မယုံကြည်နိုင်စွာဖြစ်နေခဲ့ပါ၏။
ထိုအခိုက်မှာပင် ပုံရိပ် တစ်ခုက ရောက်ရှိလာခဲ့ပါသည်။ ရောက်လာသော သူမှာ အမျိုးသမီး တစ်ဦးဖြစ်ပြီး လွန်စွာ ရမ္မက်ဆန်စွာ စွဲဆောင်နိုင်မှုရှိသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပါ၏။
သူက ဟန်ရွှမ်းကို မြင်သောအခိုက်တွင် တစ်ချက်ရယ်မောလိုက်ပါသည်။
“နင်က သူ့ကို တစ်ကယ်ကြီး ဖမ်းမိလိုက်တာပဲ။ ယင်တန်မျှော်စင်က လူတွေက ဒီကို ရောက်လာမယ်လို့ ငါကြားတယ်။ သူတို့ကိုလည်း နင်ရှင်းခဲ့ တဲ့ပုံပဲ”
“ စုန့်ယင်နျန်းက ဘာမှ မဟုတ်ပါဘူး။ သူက ငါ့ကို မြင်တာနဲ့ ထွက်ပြေးသွားတာပဲ။”ကျိုးကျွင်းကတက်ကြွသောလေသံနှင့်ဆိုလိုက်၏။
“ ဟင်း..လာကြွားနေပြန်ပြီ”
မြူဆွယ်နိုင်စွမ်းရှိသော အမျိုးသမီးက လေထုကို အနံ့ခံလိုက်ပြီးနောက်ပြောခဲ့ပါသည်။ နောက်ထပ်လူတစ်ယောက်လည်း ရှိခဲ့တယ်မလား။
“ဟုတ်တယ်။ ပြဿနာ လာရှာနေတဲ့ လူတစ်ယောက်ရှိနေလို့ သူ့ကို ငါ ချောက်ထဲ ကန်ချလိုက်ပြီ” ကျိုးကျွင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်ပါ၏။
“ပြဿနာ လာရှာနေတယ်။ ဟုတ်လား”
မြူဆွယ်နိုင်စွမ်းရှိသော အမျိုးသမီးက ကျိုးကျွင်းကို ကြည့်ကာ ပဟေဋ္ဌိ ဖြစ်သွားပုံရ၏။
“ စကားပြောတာတော်ပြီ”
ကျိုးကျွင်းက ဟန်ရွှမ်း၏ အနားကိုတိုးကာပြောလိုက်ပါသည်။
“လုချောင်းချောင်းဘယ်မှာရှိလဲဆိုတာ ငါတို့ကို ကူပြီးရှာပေး။ ပြဿနာမရှိဘူးမလား”
“ ကျုပ်တစ်ကယ်ပဲ မသိတာပါဗျ” ဟန်ရွှမ်းက ချက်ချင်းပင် ဒူးထောက်ပြီး။ တောင်းပန်လိုက်ပါသည်။
“ ကျုပ်တစ်ကယ်ကို မသိတာပါ။ မသိတာပါ”
“မင်းမသိဘူး ဆိုတာ ငါတို့သိတယ်လေ” ထိုအခိုက်တွင် မြူစွယ်နိုင်စွမ်းရှိသော အမျိုးသမီးက အနားသို့တိုးလာ၏။ သူမထံမှ သင်းပျံ့သော ကိုယ်သင်းရနံ့ ထွက်ပေါ်လာ၏။ ထိုကိုယ်သင်းရနံ့က ဟန်ရွှမ်းကိုလွှမ်းခြုံသွားပါသည်။ သူမ၏ လက်ညှိုးလေးဖြင့် မေးစေ့ကို ကိုင်ကာ မော့လိုက်ပြီး။
“ ဒါပေမဲ့ နင့်မှာက လူတွေကို ရှာဖွေနိုင်တဲ့ မျက်ဝန်းတစ်စုံ ရှိတယ်လေ ဟုတ်တယ်မလား။ ခြေရာခံ မျက်လုံးကို ပိုင်ဆိုင်ပြီး မွေးလာတဲ့သူပဲ လေ အဲလောက်ကတော့ လုပ်နိုင်ပါတယ်”
“ မရဘူး။ မရဘူး။ မရဘူး။
ခြေရာခံမျက်လုံကို အသုံးပြုလိုက်တာနဲ့ ကျွန်တော့်တစ်ဘဝလုံး မျက်လုံး ကန်းသွားလိမ့်မယ်”
ဟန်ရွှမ်းက ကြောက်ရွံ့တစ်ကြီးနဲ့ ဆိုလိုက်ပါသည်။
“အဲဒါဆိုလို့ ရှိရင်တော့ မင်းက ရွေးချယ်မှုတစ်ခုတော့ လုပ်ရလိမ့်မယ်” ဟန်ရွှမ်း၏ မေးစေ့ကို ကိုင်ထားသော သွယ်လျလျ လက်ချောင်းက လည်ပင်းသို့ရောက်လာပါသည်။
ထို့နောက်တွင် ဟန်ရွှမ်းက အသက်ရှုမရတော့သည်ကို ခံစားလိုက်ရပါသည်။ အမျိုသမီးမှာ သူ့အား လည်ပင်းညှစ်ပြီး သူ့အား လေထဲတွင်မြှောက်ထားခဲ့ပါ၏။ ဟန်ရွှမ်းက အားကုန်ရုန်းကန်နေသာ်လည်း မြူစွယ်နိုင်စွမ်းရှိသော အမျိုးသမီး၏လက်ကို လွတ်အောင်မရုန်းနိုင်
ခဲ့ပါချေ။
“မျက်လုံးကို လိုချင်လား၊ အသက်ကိုလိုချင်လားဆိုတာကို ကိုယ့်ဟာကို ဆုံးဖြတ်ပေါ့”
ဟန်ရွှမ်းက သူသေတော့မည်ကို ခံစားလာရပါသည်။ သူ့မျက်လုံးထဲတွင် ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့ဘဲ ကောင်းကင်ပေါ်ရှိ ကြယ်များကိုသာ မြင်ရပါတော့သည်။ ထိုအခိုက်မှာပင် သူက လက်ကို အသုံးပြုပြီး အသက်ကို ချမ်းသာပေးပါရန် ဟန်ပြလိုက်၏။
ထိုအရာကို မြင်သောအခါမှသာ မြူစွယ်နိုင်စွမ်းရှိသော အမျိုးသမီးသည် ဟန်ရွှမ်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပါသည်။ ဟန်ရွှမ်းက အသည်းအသန် လေရှုနေပြီး ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေခဲ့ပါ၏။
“လုချောင်းချောင်းကို ရှာ။ တွေ့လို့ရှိရင် သူဘယ်မှာလဲဆိုတာ ငါတို့ကို ပြောပြ”ဟု အမျိုးသမီးကပြောလိုက်သည်။ ထိုအခိုက်တွင် ဟန်ရွှမ်းသည် တုန်ရီနေသော လေသံဖြင့်ပြောလိုက်သည်။
“ခြေရာခံ မျက်လုံးက လူတစ်ယောက်ကို ခြေရာခံနိုင်တယ်။ ဒါပေမဲ့ အဲဒီလူပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကတော့ရှိဖို့လိုအပ်တယ်။ ခင်ဗျားက ကျုပ်ကို ဘာမှမပေးဘဲနဲ့ သူဘယ်မှာ ရှိလဲဆိုတာကို ကျုပ်ဘယ်လိုရှာရမှာလဲ” ထိုစကားကို ကြားသောအခါမှာ ကျိုးကျွင်းနဲ့ အမျိုးသမီးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပါ၏။
“အဲလိုမျိုးရှိသေးတာလား”
ကျိုးကျွင်းကလည်း ထိုကိစ္စကို သူမသိဘူးဟူသော မျက်နှာဖြစ်နေပါ၏။
သူသိတာက လုချောင်းချောင်းက အဆုံးမဲ့ ညရှေးဟောင်းနိုင်ငံမှာ ပျောက်ကွယ်သွားပြီး တစ္ဆေမျိုးနွယ်ဝင်များက သူမကို လိုက်ရှာနေသည်ကိုပင်ဖြစ်သည်။
ယင်တန်မျှော်စင်ကလည်း ဟန်ရွှမ်းကို အသုံးချပြီး လုချောင်းချောင်းကို ရှာဖွေရန်ပြင်ဆင်နေပါ၏။ သူတို့လိုချင်သည်မှာ ချီရှန်း အမိန့်ပြားကို ဖြစ်ပါသည်။
ချီရှန်း တစ္ဆေအရှင်က တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသောကြောင့် ချီရှန်းအမိန့်ပြားကို လက်ဝယ်ပိုင်ဆိုင်ထားသူမှာ တစ္ဆေမျိုးနွယ်များကြားထဲတွင် ပြောရေးဆိုခွင့်ရှိလာမည့်သူတစ်ဦးဖြစ်ပါသည်။ သို့သော် ခြေရာခံ မျက်လုံးကို အသုံးပြုလိုက်ပါက ဟန်ရွှမ်းမှာ ဘဝတစ်သက်လုံး မျက်လုံးကန်းသွားမည်ဖြစ်၏။
ထို့ကြောင့်သူက ပြဿနာများ သူ့ဘက်သို့ နွယ်မလာခင် ထွက်ပြေးရန်ကြိုးပမ်းနေခြင်းဖြစ်၏။ ဟန်ရွှမ်းမှာ သူ၏ အဖိုးမတန်သော ခြေရာခံမျက်လုံးမှာ ခုလို လူတိုင်းက ငမ်းငမ်းတက် လိုချင်လာမည့် အချိန်ကို ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ သူက တစ္ဆေမျိုးနွယ်ဝင်များရှိသော နယ်မြေတွင် ပုန်းစရာမရှိတော့သောကြောင့် တောက်ဟီအိမ်တော်ကို ငွေကြေး အမြောက်အများပေးကာ လူသားမျိုးနွယ်၏ နယ်မြေသို့ ခိုးဝင်လာကာ ပုန်းအောင်းရန်အတွက် ကြံရွယ်ခဲ့ခြင်းဖြစ်ပါသည်။
သို့သော် ထာဝရ ရှင်သန်ခြင်းဂိုဏ်းက ကြို၍ စောင့်နေမည်ဟု ဘယ်သူက ထင်ထားမိမှာလဲ။ ထာဝရရှင်သန်ခြင်းဂိုဏ်းပင်မကပေ။
ယင်တန်မျှော်စင်ကပါ လိုက်ပါလာခဲ့၏။ ထိုကဲ့သို့သောအဖြစ်အပျက် များစွာဖြစ်လာခဲ့သည့်တိုင်သူက သူ၏ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးဘဲ အဖမ်းခံခဲ့ရပါ၏။
ချောက်နက်ကြီး၏အောက်တွင် မြစ်ပြင်ကျယ်ကြီးမှာ အရှိန်တပြင်းပြင်းနဲ့စီးဆင်းနေခဲ့ပါသည်။ လီဟမ်ရှန်းက ချောက်ကမ်းပါးမှ မြစ်ထဲသို့ ပြုတ်ကျခဲ့ပါ၏။ မြစ်ထဲသို့ရောက်သည်နှင့် သူက မြစ်ရေစီးကြောင်း၏ သယ်ဆောင်ခြင်းကို ချက်ချင်းခံလိုက်ရပါ၏။
အားနည်းနေသော လီဟမ်ရှန်းမှာ ကျောက်တုံးများ၏ ရိုက်ခတ်မှု ဒဏ်ကို အဆက်မပြတ်ခံနေခဲ့ရပါသည်။ သူ၏သွေးမျိုးဆက်အင်အားကို အသုံးပြုလိုက်ခြင်းကြောင့် လီဟမ်ရှန်းမှာ သူ၏ လက်ချောင်းတစ်ချော
င်းကိုပင် မတင်နိုင်သော ခွန်အားမရှိတော့ပါချေ။ ကံကောင်းထောက်မစွာဖြင့် သူက သစ်ကိုင်းတစ်ကိုင်းကို လှမ်းဆွဲလိုက်ပြီး မြစ်ကမ်းပါးပေါ်သို့ ဖြေးဖြေးချင်းတက်လာပါသည်။ သူ၏ အင်မော်တယ် ပုံဖော်ခြင်းလှံ ပင်လျှင် ပျောက်ဆုံးသွားခဲ့ပါသည်။
အေးစက်သောမြစ်ရေများမှာ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပါ၏။ လီဟမ်ရှန်းမှာ မြစ်ကမ်းပါးပေါ်တွင် ပိုးလိုးပက်လက် ပစ်လဲနေခဲ့ပါ၏။ ထိုအခိုက်တွင် သူ့ထံသို့ ဦးတည်၍ လာသော ခြေလှမ်းခပ်ဖျော့ဖျော့အသံများကို ကြားလိုက်ရပါ၏။
သူက ကြိုးစားပြီး မျက်ခွံများကိုဖွင့်လိုက်ပြီး ခြေသံကြားရာအရပ်သို့ လှမ်းကြည့်လိုက်ပါသည်။ သူမြင်လိုက်ရသည်က အဝါရောင်တောက်တောက်ဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိုးသမီးလေးတစ်ယောက်က သူ့အား ဝိုင်းစက်နေသော မျက်လုံးကြီးများနှင့် ကြည့်နေသည်ကို ဖြစ်သည်။
အမျိုးသမီးလေးက ဝါးခြင်းတောင်းလေးကို ကိုင်ဆောင်ထားပြီး ဘဲဥပုံသဏ္ဌာန်မျက်နှာရှိကာ ဝိုင်းစက်နေသော မျက်လုံးကြီးများရှိ၏။
သူမက ထိုမျက်လုံးဝိုင်းဝိုင်းကြီးများ နှင့် လီဟမ်ရှန်းကို ကြည့်နေခဲ့၏။
“လု” လီဟမ်ရှန်း က နာမည်တစ်ခုကို ရေရွတ်လိုက်ပြီးနောက် မေ့လဲသွားခဲ့ပါ၏။
သူမည်မျှကြာအောင်အိပ်ပျော်နေတာလဲဆိုတာကို မမှတ်မိပါ။ လီဟမ်ရှန်းမှတ်မိသည်မှာ သူအိပ်မပျော်ခင် သူမေ့မလဲခင်အချိန်က သူလုချောင်းချောင်းကို မျက်နှာကို မြင်ခဲ့သည်ကိုသာ မှတ်မိပါ၏ ။
“ဂျူနီယာညီမလေးလု” သူ၏ ကြွက်သားများအားလုံးမှာ အဆက်မပြတ်ကို နာကျင်နေခဲ့ပါ၏။
လီဟမ်ရှန်းမျက်လုံးဖွင့်လိုက်သည့်အခါတွင်က သူက တဲအိမ်လေးတစ်လုံး ထဲရောက်နေသည်ကို တွေ့လိုက်ရ၏။ တဲအိမ်လေးမှာ သပ်ရပ်စွာ ဆောက်ထားသည်ကို တွေ့လိုက်ရ၏။ သူကအိပ်ယာပေါ်တွင် လဲလျောင်းနေ၏။ သူ့ကိုလည်း သန့်ရှင်းသော စောင်တစ်ထည် ခြုံပေးထားပါ၏။ အပြင်ဘက်တွင်တော့ သစ်ခုတ်နေသည့်အသံကို သူကြားလိုက်ရပါသည်။
လီဟမ်ရှန်းက အသက်ပြင်းပြင်းရှုလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ နာကျင်မှုကို ခံလိုက်ရပါသည်။ ဒီတစ်ခါ ပြန်ခံရတဲ့ ဒဏ်က တော်တော်ပြင်းတာပဲ။ သူ၏ နတ်ခန္ဓာကိုယ် ဒီတစ်ကြိမ်တွင် ပြန်လည် ကုသသည့် နှုန်းမှာ အလွန်တရာကို နှေးကွေးနေသည်ကို လီဟမ်ရှန်းက သိလိုက်ရပါတော့၏။
ယခုအခြေအနေကို ကြည့်ရသည်မှာ စုန့်ယင်နျန်းနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ သူ၏ခန္ဓာကိုယ်မှာ ကြီးကြီးမားမားကို ထိခိုက်သွားပုံရ၏။ လီဟမ်ရှန်းအသံကို ကြားလိုက်သည့်အခါ အမျိုးသားတစ်ယောက်က တဲထဲသို့ အပြင်မှ ဝင်ရောက်လာခဲ့ပါသည်။ ထိုအမျိုးသားသည် သက်လတ်ပိုင်းအရွယ်ရှိပြီး လီဟမ်ရှန်းနိုးလာသည်ကို မြင်လိုက်သည့်အခါ ပျော်ရွှင်သွားပြီး ခပ်မြန်မြန်မေးလိုက်ပါ၏။
“လူငယ်လေးမင်းနိုးလာပြီလား”
လီဟမ်ရှန်းက အသစ်ရောက်လာသောသူကို ကြည့်လိုက်၏။ သူက ထိုလူကြီးကိုမေးလိုက်ပါသည်။
“ဦးလေး ဒီနေရာက ဘယ်နေရာလဲဗျ။ ကျွန်တော်ဒီနေရာကို ဘယ်လိုရောက်နေတာလဲ။”
“ မင်းက မြစ်ကမ်းနံဘေးနားမှာ မေ့လဲနေတာလေ။ တုအာလေးက မင်းကိုရှာတွေ့ခဲ့တာပေါ့”