← Chapters

အခန်း (၂၉၆)

Vol. 26 Ch. 296

အခန်း (၂၉၆)

Vol. 26 Ch. 296

ထိုသူက အဝတ်အစားများလဲလှယ်ထားသည့်တိုင် လီချန်ချင်းက ချန်ထင်မြို့တွင် သူတွေ့ခဲ့သောလောလျိုထောင်ဖြစ်မှန်းကိုသိလိုက်ပါ၏။

ထိုဗေဒင်ဆရာကြီးကိုမြင်သည်နှင့် လီချန်ချင်းက ဖေးအား တောင်ထိပ်ပေါ်သို့ တက်သွားရန်အတွက် အမိန့်ပေးလိုက်ပါသည်။ တောင်ထိပ်ပေါ်၌ ငှက်များက သီကြွေးနေ၏။ မြက်ခင်းများကလည်း စိမ်းစိုကာ လှပသော ပန်းလေးများကလည်း ပေါက်ရောက်နေပါ၏။ လီချန်ချင်းက လောလျိုထောင်၏အရှေ့တွင် ကျောက်တုံးစားပွဲ တစ်လုံးရှိသည်ကို တွေ့လိုက်ရ၏။ ထိုစားပွဲလေးအပေါ်တွင် သေးငယ်သော မီးဖိုလေးတစ်ဖိုလည်း ရှိပါ၏။ ထိုမီးဖိုလေးအပေါ်တွင်တော့ တပွက်ပွက်ဆူနေသော ရေနွေးကရားလေးလည်း ရှိနေပါသည်။ 

"ထိုင်ပါအုန်းဗျ့၊"လောလျိုထောင်က လီချန်ချင်းကိုပြုံးပြလိုက်၏။ 

"အစ်ကိုချန်ချင်းကို မတွေ့ရတာ နှစ်ဝက်တောင်ရှိပြီပဲ။" လောလျိုထောင်က လီချန်ချင်းအတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငဲ့ထည့်ပေးလိုက်၏။ 

"အခု ကျုပ်တို့နှစ်ယောက်က ကျန်းကောစံအိမ်နယ်မြေမှာတွေ့တယ်ဆိုတော့ ကံတရားပဲဖြစ်ရမယ်။"

"ကံတရားပဲ ဖြစ်ရမယ်။ကျုပ်က ခင်ဗျားကို လောလျိုထောင်လို့ခေါ်ရမှာလား။ ဒါမှမဟုတ် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ် လောရှောင်ချွမ်လို့ခေါ်ရမှာလား။" လီချန်ချင်းကလည်း လောလျိုထောင်နှင့် မျက်နှာချင်းဆိုင်ကာ ထိုင်လိုက်ပါ၏။ 

"ဘယ်လိုခေါ်ခေါ် အဆင်ပြေပါတယ်။" လောရှောင်ချွမ်က သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်ပါ၏။

"အာ့တာတွေ တခုကမှ အရေးမကြီးပါဘူး။ လောလျို‌ထောင်ကလည်းကျုပ်ပဲ။ လောင်ရှောင်ချန်းကလဲကျုပ်ပဲ။ဒါပေမဲ့ တခုတော့ရှိတာပေါ့ အကိုချန်ချင်းနဲ့ နောက်ဆုံးအကြိမ်တုန်းက တွေ့ခဲ့တုန်းက ကျုပ်က တကယ်ပဲ လောလျိုထောင်ဖြစ်နေတာပါ။

သေချာပြောရမယ်ဆိုလို့ရှိရင် အခုလက်ရှိ လောရှောင်ချွမ်အနေနဲ့ ပထမဆုံးအကြိမ် ကျုပ်က အကိုချန်ချင်းကို တွေ့တယ်လို့ ပြောလို့ရပါတယ်။ "

"ကျုပ်ခံစားမိပါတယ်။" လီချန်ချင်းက ခေါင်းညိတ်လိုက်ပါ၏။

"ကျုပ်ကြားတာကတော့ ဂိုဏ်းချုပ်လောရဲ့ ကျင့်ကြံမှုနည်းလမ်းက အရမ်းကိုထူးဆန်းတယ်တဲ့။ခင်ဗျားက လောကကြီးရဲ့တာအိုကိုကျင့်ကြံတာလို့ပြောတယ်။လောကကြီးထဲမဝင်ခင်မှာ ခင်ဗျားက ခင်ဗျားနဲ့ ပတ်သတ်တဲ့ အကြောင်းရာတွေကို မေ့ပစ်လိုက်တယ်။ ပြီးတော့ လောကကြီးတစ်ခုလုံးကို အနှံ့လျှောက်သွားတယ်။ ဗေဒင်ဟောတယ်။လူသားတွေကို ကူညီတယ်။ ခင်ဗျားရဲ့ ရှေးဟောင်းတာအိုတောင်းတန်းဂိုဏ်းချုပ်ဆိုတဲ့ အမည်နာမနဲ့ ဘဝကို မေ့လိုက်ပြီးတော့ သာမန်လူသားတွေနဲ့ ဘဝနဲ့ တချိန်တည်းနေထိုင်တယ်။ အာ့တာကို အသုံးပြုအခြေခံပြီးတော့ ခင်ဗျားက ကျင့်ကြံတယ်။ ဒီနည်းလမ်းက သိပ်ကို ထူးခြားဆန်းကြယ်တဲ့နည်းလမ်းပဲမဟုတ်လား။ "

"ထူးခြားဆန်းကြယ်တယ်ဆိုတာကတော့ အရမ်းချီးမွှန်းရာ ရောက်သွားပါပြီ။ "လောရှောင်ချွမ်မှာ သူ၏ ခေါင်းကို ခါယမ်းလိုက်ပါသည်။ 

"လောကကြီးမှာ ကျင့်ကြံပုံတွေအများကြီး ရှိပါတယ်။သေမျိုးဘဝကနေပြီးတော့ အချုပ်အနှောင်တွေဖြည်ပြီးတော့ မသေမျိုးဘဝဖြစ်ဖို့အတွက် သေမျိုးကျင့်ကြံနည်းစနစ်တွေကို ဖျက်ဆီးပစ်ရမယ်လေ။ မဟုတ်လို့ရှိရင်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကန့်သတ်ချက်အောက်မှာပဲပိတ်မိနေပြီးတော့ အချုပ်အနှောင်တွေကို ဖြည်နိုင်မှာမဟုတ်ဘူး။ အရင်ဆုံး ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ ပထမဦးဆုံးတဝက်က သူများတွေထွင်းဖောက်ခဲ့တဲ့လမ်းကို လိုက်ရတာပေါ့ဗျာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လူတိုင်းက ကိုယ့်လမ်းကြောင်း ကိုယ့်ဟာကို ရှာပြီးတော့ လမ်းကြောင်းဖောက်ရတာပဲလေ။ "

"အခုဒီစကားကိုကြားရသလောက်တော့ ဂိုဏ်းချုပ်လောက ကိုယ့်ကျင့်ကြံနည်းစနစ်ကို ကိုယ်ရှာတွေ့ခဲ့ပြီထင်တယ်။ မြေလျှောက်အင်မော်တယ်ဖြစ်လာတဲ့အတွက်ကို ဂိုဏ်းချုပ်လောကို ကျုပ်ကဂုဏ်ပြုပါတယ်ဗျာ။"

လောရှောင်ချွမ်က ခပ်ဖျော့ဖျော့သာပြုံးလိုက်ပါသည်။ သူကစကားဆက်မပြောပဲ အကြမ်းပန်းကန်လုံးကို မြှောက်ပြီး ပြောလိုက်ပါသည်။ 

"လက်ဖက်ရည်ကြမ်းကိုမြည်းကြည့်ပါအုန်းဗျ့" သို့သော်လီချန်ချင်းက လုံးဝမလှုပ်ပါချေ။သူ၏ အကြည့်မှာ တည်ငြိမ်နေပြီးနောက်ပြောလိုက်ပါ၏။ 

"ဂိုဏ်းချုပ်လော၊ ကိစ္စကြီးကြီးမားမားတွေက ဒီစန်းယွမ်တိုက်ကြီးမှာ ဖြည်းဖြည်းချင်းနဲ့ ပေါ်လာတယ်လို့ ကျုပ်ခံစားနေမိတယ်။ဒီကိစ္စကြီးကြီးမားမားတွေရဲ့ နောက်ကွယ်မှာ ခင်ဗျားက ဘယ်နေရာမှာ ပါဝင်ပတ်သတ်လဲပဲ ကျုပ်သိချင်တယ်။ နောက်တခုထပ်သိချင်တာက ကျုပ်ရဲ့သား လီဟမ်ရှန်းကရော ဘယ်နေရာမှာ ပါဝင်ပတ်သတ်နေရတာလဲ။

မဟုတ်သေးဘူး ဟုတ်တယ်မလား၊ ကျုပ်သားလီဟမ်ရှန်းတင်မဟုတ်ဘူး။ကျုပ်ကိုယ်တိုင်ကိုပါ ဒီကစားပွဲကြီးထဲကို ဆွဲသွင်းခံလိုက်ရတာပဲ။" လီချန်ချင်းက လေးနက်သော အမူအရာနှင့် မေးလိုက်ပါ၏။ 

လောရှောင်ချွမ်ကလည်း ဖြေပေးရန်အတွက် မလောနေခဲ့ပါ။ သူကအကြမ်းရည်ကို တစ်ငုံသောက်ပြီးမှ တခဏတွေးလိုက်၏။ ထို့နောက်မှ ဖြည်းညင်းစွာပြောလိုက်သည်။ 

"အကိုချန်ချင်း၊ အကိုက ဒီကစားပွဲထဲမှာ ဘယ်နေရာရောက်နေတာလို့ အကိုကိုယ်တိုင်ထင်လဲဗျ "

"ငါမသိဘူး။"

လီချန်ချင်းကပြောလိုက်၏။

"ငါကကျားကစားသူမဖြစ်ချင်ဘူး။ ပြီးတော့ တခြားသူတွေအသုံးချတဲ့နယ်ရုပ်အဖြစ်လဲ မဖြစ်ချင်ဘူး။ ငါကဘဝကိုရိုးရိုးရှင်းရှင်းပဲနေတတ်တာ။ အာ့တာငါ့ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တခုလို့ပြောလို့ရတယ်။"

"ကံဆိုးတာပဲ၊ကံဆိုးတာပဲ။"လောရှောင်ချွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပါသည်။

"အကိုက ကျားကစားတဲ့သူမဖြစ်ချင်ဘူးဆိုလို့ရှိရင် အကိုက သူများအသုံးချခံရမယ့် နယ်ရုပ်တရုပ်ဖြစ်နေအုန်းမှာပဲ။ဒါက ရှောင်လွဲလို့ရတဲ့ အရာမဟုတ်ဘူး။ ကျုပ်က ဘယ်နေရာမှာ ရှိနေလဲလို့ အကိုကမေးတယ်နော်။

သေချာတော့ကျုပ်မပြောနိုင်ဘူး။ဒါက ကောင်းကင်က ဆုံးဖြတ်မှာပဲ။

ကျုပ်က ကောင်းကင်ကဆုံးဖြတ်မယ်ဆိုတဲ့အရာကနေ ရှောင်လွဲဖို့ကြိုးစားနေတဲ့လူတယောက်ပါ။ ကုန်ကုန်ပြောရမယ်ဆိုရင်တော့ဗျာ ကံကြမ္မာရဲ့ကြိုးဆွဲမှုကို ကြိုးဆွဲတဲ့အတိုင်း ကနေရတာကနေပြီးတော့ ရှောင်လွဲဖို့ကြိုးစားနေတာပဲ။"

"ကံကြမ္မာကနေ လွတ်မြောက်ဖို့ကြိုးစားနေတာဟုတ်လား။" လီချန်ချင်းက တစ်ခဏတွေးပြီးနောက်တွင် ပြောလိုက်ပါ၏။

"ကံတရားကို ခင်ဗျားယုံသင့်တယ်နော်။လူသားတွေက ကောင်းကင်ဘုံကို ကျော်နိုင်မယ်ဆိုတဲ့ စကားတွေက ခင်ဗျားနဲ့ သိပ်ပြီး မလိုက်ဖက်ဘူးဗျ။ "

"ကျုပ်လည်းအရင်တုန်းက အဲ့လိုပဲထင်ခဲ့ပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းကျုပ်ထင်တာက လူသားတွေ‌အနေနဲ့ ကောင်းကင်ကိုတက်လမ်းဖို့ဆိုတဲ့ ဥစ္စာက မဖြစ်နိုင်ဘူး မဖြစ်နိုင်တာမဟုတ်ဘူးလို့ ကျုပ်တဖြည်းဖြည်းခံစားလာရတယ်။"လောရှောင်ချွမ်က ခိုင်မာစွာဖြင့်ပြောလိုက်ပါ၏။ 

"အဲ့လိုသာမဖြစ်နိုင်ဘူးဆိုလို့ရှိရင် ကျုပ်ရဲ့ဂိုဏ်းထဲကို လီဟမ်ရှန်းကိုဘာဖြစ်လို့ဝင်ခွင့်ပြုရမှာလဲ။ လီဟမ်ရှန်းက ကိန်းရှင်တစ်ခုပဲ။ အာ့တာကြောင့်မို့ ကျုပ်က သူ့ကိုကျုပ်အနားမှာခေါ်ထားလိုက်တာပဲ။ သူ့ကိုကျုပ်လေ့လာတယ်။ သူ့လိုမျိုး ကိန်းရှင်တခု၊ ကောင်းကင်ကထိန်းချုပ်လို့မရတဲ့ ကိန်းရှင်တခုက ဘယ်လိုဖြစ်လာလဲဆိုတာကို ကျုပ်သိချင်တယ်။

ဒါပေမဲ့ ကျုပ်နောက်ပိုင်းကျတော့ ထပ်ပြီးတော့ ရှာတွေ့လာတာ တစ်ခုရှိတယ်။ လီဟမ်ရှန်းတစ်ယောက်ထဲ ကိန်းရှင်မဟုတ်ဘူးဗျ။ ပိုပြီးတော့ ကြီးမားတဲ့ ကိန်းရှင်က ကောင်းကင်က လုံးဝကိုမထိန်းချုပ်နိုင်တဲ့ကိန်းရှင်တခုက ခင်ဗျားပဲ ၊အကိုလီချန်ချင်း။"လောရှောင်ချွမ်က လီချမ်းချင်းအား ထွင်းဖောက်လုမတတ်သော မျက်လုံးများဖြင့်ကြည့်လိုက်ပါ၏။

" ဒီတော့ဂိုဏ်းချုပ်က ကျုပ်သားကို အသုံးပြုပြီးတော့ ကျုပ်ကိုပါ တခါတည်းကစားပွဲထဲဆွဲထည့်ပြီးတော့ ကျုပ်တို့နှစ်ယောက်လုံးကို နယ်ရုပ်အဖြစ်အသုံးချတာပေါ့လေ။

ကျုပ်တို့နှစ်ယောက်ကို အသုံးချပြီးတော့ ကံကြမ္မာကို ပြောင်းလဲနိုင်မလားဆိုတာကို ခင်ဗျားက သိချင်နေတာပေါ့လေ ဟုတ်လား။ "

လီချန်ချင်းက လောရှောင်ချွမ်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်စပြုလာပါ၏။

"မှန်ပါတယ်။ "လောရှောင်ချွမ်ကလဲ မငြင်းဆန်ခဲ့ပါချေ။

"အာ့တာကြောင့်မို့လို့ပဲ ကျုပ်က အကိုလီကို ဒီနေရာမှာ ပိတ်ဆို့ထားတာပေါ့ဗျ။ဒီနေရာမှာ ပိတ်ဆို့ထားမှပဲ အစ်ကိုလီက လီဟမ်ရှန်းကို သွားရှာလို့မရမှာလေ။ "

"ငါ့သားက ငါ့တွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို မင်းသိသင့်တယ်။ " လီချန်ချင်း၏ အသံမှာ ချက်ချင်းကို အေးစက်သွားခဲ့ပါ၏။ ကျောက်စားပွဲပေါ်တွင်ရှိသော အကြမ်းပန်းကန်လုံးထဲတွင် ရှိသည့် ပွက်ပွက်ဆူနေသော ရေနွေးကြမ်းများမှာ ချက်ချင်း

ကို ရေခဲအဖြစ်သို့ အေးခဲသွားခဲ့ပါ၏။ ထိုအပြင်အကြမ်းပန်းကန်လုံးများသည်‌လည်း ရေခဲသလိုမျိုး ခဲသွားခဲ့ပါသည်။ နောက်တခဏတွင် လီချန်ချင်း၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထုတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါ၏။

သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပြင်းထန်လွန်းသောကြောင့် အကြမ်းပန်းကန်လုံးများမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့ပါသည်။သူ၏ လက်တချက်အဝေ့မှာပင် ဓါးသေတ္တာတခုက ထွက်ပေါ်လာခဲ့၏။

ချက်ချင်းပင်လျှင် ဓါးခုနစ်လက်မှာ လေထုထဲ၌ လွင့်မျောနေခဲ့ပါ၏။ ဓါးခုနစ်လက်မှာ ချင်းလဲ့ဓါးသတ်ဖြတ်ခြင်းအစီအရင်ကို ဖွဲ့စည်းရန်အတွက် အသင့်ဖြစ်နေခဲ့ပါပြီ။ သို့သော် လောရှောင်ချွမ်က ကြည့်ပင်မကြည့်ပါချေ။ သူက စိတ်ဖိစီးမှု မရှိသည့်အလားပြောလိုက်ပါ၏။ 

"အလျင်မလိုပါနဲ့ဗျာ။ ဒါပေါ့ အကိုချန်ချင်းအတွက် လီဟမ်ရှန်းက အရမ်းအရေးကြီးတယ်ဆိုတာ ကျုပ်သိတာပေါ့။ ဒါပေမဲ့ဗျာ လီဟမ်ရှန်းရဲ့ ကံကြမ္မာက ပရမ်းပတာ ဖြစ်နေတယ်။ ရှုပ်ထွေးမှုတွေဖြစ်နေတယ်။

ကုန်ကုန်ပြောရရင်ဗျာ သူ့ကံကြမ္မာက ကပ်ဘေးကြီးတခုလိုမျိုးပင်‌ဖြစ်နေတယ်။ လက်ရှိ သူကြုံတွေ့ရမယ့်အခြေအနေကို သူကိုယ်တိုင်ရင်ဆိုင်ရမယ်။ သူကိုယ်တိုင်လက်ခံရမယ် သူကိုယ်တိုင်ကြုံတွေ့ရမယ့်အခြေအနေမှာ ပြီးတော့ အကိုချန်ချင်း ၊ခင်ဗျားသိသင့်ပါတယ်။

ခင်ဗျားက ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ လီဟမ်ရှန်းရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်မဟုတ်ဘူးလား။ အဲ့တော့ ဘာတွေများစိတ်ပူနေတာလဲ။ "လောရှောင်ချွမ်က ပြုံးပြီးပြောလိုက်ပါ၏။ 

"အကိုချန်ချင်းရဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့နည်းလမ်းတွေကများတော့ဗျာ ကျုပ်ကိုယ်တိုင်ပဲ တော်တော်လေးကို လေးစားပြီး အံ့ဩပါတယ်။ တကယ်ကိုအံ့ဩတယ် ။ တကယ့်ကို ချီးကျူးလောက်စရာ လုပ်ရပ်ပဲဗျ။ စစချင်းတုန်းကတော့ မူလအတိုင်းကြည့်မယ်ဆိုရင် လီဟမ်ရှန်းရဲ့ ကံကြမ္မာက အဆုံးသတ်က သေခြင်းတရားနဲ့ အဆုံးသတ်ရမှာ။

ဘယ်သူမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူ အဲ့ဒီကံကြမ္မာကိုမှ အကိုချန်ချင်းက သူရဲ့သေခြင်းတရားနဲ့ အဆုံးသတ်တဲ့ကံတရားထဲကို ရှင်သန်ခြင်းစွမ်းအားတစ်ရပ်ကို ကောင်းကင်ကိုဆန့်ကျင်ပြီး ထည့်ပေးနိုင်ခဲ့တယ်။

ဒီနည်းလမ်းကို ကျုပ်လောရှောင်ချွမ် တကယ်ကိုလေးစားအားကရပါတယ်ဗျာ။ "

"ဟမ့်.. ခင်ဗျားရဲ့ ကံကြမ္မာကိုချောင်းကြည့်တဲ့အတတ်ပညာက ပိုပြိးတောင်မှ အံ့ဩဖွယ်ကောင်းသေးတယ်။" လီချန်ချင်းက သူ၏ မျက်ဝန်းများကို ကျဉ်မြောင်းပြီး ပြောလိုက်ပါသည်။ 

"‌ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ ကံကြမ္မာကိုဘယ်လိုအခြေအနေတွေက ချောင်းကြည့်တဲ့အတတ်ပညာက လွတ်မြောက်နိုင်မှာလဲ။ ခင်ဗျားက အရာအားလုံးသိနေပြီလေ မဟုတ်ဘူးလား။"

လောရှောင်ချွမ်က သူ‌၏ဦးခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်ပါ‌‌၏။

" မဟုတ်ဘူး။ကျုပ်ရဲ့ကံကြမ္မာကို ချောင်းကြည့်တဲ့တာအိုက တကယ်ကိုကောင်းတဲ့ တာအိုပါ။ ဒါပေနဲ့ ကောင်းကင်တာအိုကို ချောင်းမယ်ဆိုတာက အရမ်းကို အန္တရာယ်များလွန်းပါတယ်။ အထူးသဖြင့် ချောင်းကြည့်ခံရမယ့်လူက စွမ်းအားပို‌ကြီးနေလျှင် ချောင်းကြည့်ရတာ ပိုပြီးအန္တရာယ်များလွန်းတယ်ဗျ့။ အဲ့လိုချောင်းကြည့်လိုက်မိတယ်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာတာ ကိုယ့်သေတွင်းကိုတူးတာလို့ပြောလို့ရတယ်‌ဗျ့။

ကျုပ်က လီဟမ်ရှန်းရဲ့ ကံတရားကိုကြည့်ရင်းနဲ့ အကိုလီရဲ့ကံတရားကို နည်းနည်းလေးနဲ့ ပါးပါးလေးပဲ ချောင်းကြည့်လို့ရတာ။ ကျုပ်ကသာ အကိုလီကို တိုက်ရိုက်ကြည့်လိုက်မယ်ဆိုရင်တော့… "

လောရှောင်ချွမ်က ပြုံးလိုက်ပြီးခေါင်းခါလိုက်ပါ၏။ 

"နောက်ဆုံးတခေါက်တုန်းက ချန်ထင်မြို့က အဖြစ်အပျက်ကို မှတ်မိခဲ့လားဗျ။ အဲ့ဒီအချိန်တုန်းက ကျုပ်ခံစားခဲ့ပြီးသွားပြီ။အဲ့ဒီအချိန်တုန်းက အကိုက အကို့ရဲ့အမျိုးသမီးကိုရှာ‌ဖို့အတွက် ကျုပ်ဆီမှာ ဗေဒင်လာမေးခဲ့တယ်လေ။ ကံကောင်းပြီး ကျုပ်က အကို့ရဲ့ ကံကြမ္မာကို မကြည့်လိုက်မိလို့ပဲ။

ကြည့်သာကြည့်လိုက်လို့ကတော့ အခုချိန်မှာ ကျုပ်ဆိုတဲ့လောရှောင်ချွမ်က ဒီလောကကြီးထဲမှာ ရှိနေမှာမဟုတ်ဘူး။ အခုလိုမျိုးခင်ဗျားနဲ့ တူတူထိုင်ပြီးတော့ လက်ဖက်ရည်ကြမ်းသောက်ပြီး စကားတွေဘာတွေ အေးအေးဆေးဆေးပြောနိုင်တော့မှာလည်းမဟုတ်တော့ဘူး။ "

"ကျုပ်က ခင်ဗျားနဲ့တူတူ လက်ဖက်ရည်ကြမ်းသောက်ဖို့စိတ်မဝင်စားဘူး။" လီချန်ချင်းက မတ်တပ်ရပ်ပြီးတော့ 

"ကျုပ်သွားတော့မယ်။" ထိုသို့ပြောပြီးနောက်တွင် သူက ဓါးပျံပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်ထက်သို့ပျံသန်းသွားခဲ့ပါ၏။ သို့သော် လောရှောင်ချွမ်ကပြုံးရုံသာပြုံးနေပြီး မတားဆီးခဲ့ပါချေ။သူက လီချန်ချင်း၏ ကျောပြင်ကိုသာ စိုက်ကြည့်နေခဲ့ပါသည်။

သို့သော် တခဏအကြာတွင် လီချန်ချင်းက မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပါ၏။ လောရှောင်ချွမ်မှာလည်း တောင်ထိပ်လေးတွင် ထိုင်နေဆဲပင်ဖြစ်ပါသည်။ လီချန်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထွက်သွားရန်အတွက် ထပ်မံ၍ကြိုးပမ်းလိုက်ပါ၏။

သူကအရင်တုန်းက မြောက်အရပ်ကိုဦးတည်ပြီးသွားခဲ့တယ်။ယခုအချိန်တွင် သူက အနောက်အရပ်ကိုဦးတည်၍ ထွက်သွားလိုက်ပါသည်။ သို့သော် တခဏတွင် မူလနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်၏။ ဖေးကိုယ်တိုင်ပင်လျှင် ထိုနေရာမှမလွတ်မြောက်နိုင်ခဲ့ပါချေ။ 

"ဖြစ်ပျက်နေတဲ့ကိစ္စတွေ အဆုံးမသတ်ခင်အထိတော့ ကျုပ်က အကိုချန်ချင်းကို သွားခွင့်မပြုနိုင်ဘူးဗျာ။"

လောရှောင်ချွမ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်ပါ၏။ 

"အကိုချန်ချင်း၊ အကိုက လီဟမ်ရှန်းအတွက် ဒုတိယအသက်တခုကို မသိမသာလေး ဖန်ဆင်းပေးပြီးပြီပဲဟာကို ဘာတွေများစိတ်ပူနေရတာလဲ။"

"ဟမ့်၊ မင်းမှာသာ သားတစ်ယောက်ရှိတယ်ဆိုလို့ရှိရင်တော့ ငါဘယ်လိုခံစားရမလဲဆိုတာကို မင်းနားလည်မှာပါ" လီချန်ချင်းက ထပ်မံ၍ မရှင်းပြတော့ပါချေ။ 

"သူခံစားရမှာတွေကို ပေးခံစားလိုက်ပါ အကိုချန်ချင်းရာ" လောရှောင်ချွမ်က ပြောလိုက်ပါ၏။ သို့သော် လောရှောင်ချွမ်၏ စကားအဆုံးသတ်သွားသည်နှင့်

လီချန်ချင်း၏ နံဘေးတွင် လွင့်မျောနေသော ဓါးခုနစ်လက်မှာ ချက်ချင်းပင် ဓါးအစီရင်တခုအဖြစ်သို့ ဖွဲ့စည်းသွားခဲ့ပါ၏။ ဓါးခုနစ်လက်မှာ လောရှောင်ချွမ်အားအလယ်တွင်ထားကာ ပိတ်ဆို့လိုက်ပါ၏။

လောကကြီးတခုလုံးတွင် မိုးကြိူးမုန်တိုင်းများနှင့် ပြည့်နှက်သွားခဲ့ပါသည်။ လောရှောင်ချွမ်က ဓါးခုနစ်လက်၏ ပိတ်ဆို့မှု အလည်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကိုတချက်ဝေ့ကြည့်လိုက်၏။ သူကပြုံးနေဆဲပင်ဖြစ်ပါသည်။

သူ့ပုံစံမှာချင်းလဲ့ ဓါးအစီအရင်မှာ သူ့အား မချိန်းခြောက်နိုင်သကဲ့သို့ပင် ဖြစ်နေခဲ့ပါ၏။ 

"သတ်ပစ်၊" လီချန်ချင်းက အေးစက်စွာဖြင့် ပြောလိုက်ပါ၏။

ဓါးအစီအရင်မှာ ချက်ချင်းပင်လျှင် ပြင်းထန်သောသတ်ဖြတ်မှု အရှိန်အဝါများနှင့် ထွက်ပေါ်လာခဲ့ပါသည်။ ဓါးအစီအရင်မှာ သူ၏ပိုင်နက်နယ်မြေတစ်ခုသို့ပြောင်းလဲသွားခဲ့ပါသည်။ ကောင်းကင်အတွင်း ဧရာမလှိုင်းလုံးကြီးများဖြစ်ပေါ်လာခဲ့၏။

မိုင်ပေါင်းထောင်ချီကို လောင်ကျွမ်းနိုင်စေသော မီးပင်လယ်ကြီးတခုလည်း ‌ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကို ခုတ်ပိုင်းဖြတ်တော့မည့် ဓါးချီများမှာလည်း ထွက်ပေါ်လာခဲ့ပြီး တဝုန်းဝုန်း‌နှင့် ရိုက်ခတ်နေပါ၏။

ထိုအရာများအားလုံးက လောရှောင်ချွမ်ကို ဦးတည်ထားပါ၏။ လောကကြီးတခုလုံးကို ဖျက်ဆီးမည့် ကပ်ဘေးများက လောရှောင်ချွမ်အား ဖိနှိပ်ထားမည့် အလားပင်ဖြစ်နေပါသည်။ အချိန်နှင့် နေရာလွတ်များက ပြောင်းလဲသွားခဲ့ပါသည်။

ကောင်းကင်၌ မိုးကြိုးများကလည်းပြည့်နှက်ကာ လောင်ကျွမ်းနေ၏။ လေမုန်တိုင်းများကလည်းတဝုန်းဝုန်းနှင့် တိုက်ခတ်နေပါသည်။ လေမုန်တိုင်းတချက်တိုက်တိုင်း ဓါးချီများကလည်း ထွက်ပေါ်နေ၏။ အရာအားလုံးကို ဓါးချီများက ဖြတ်တောက်မည့်အလားပင်ဖြစ်နေပါသည်။

မျက်တောင်တခတ်အတွင်းမှာပင် သောင်းနှင့်ချီသော ဓါးကျည်များသည် ရေတံခွန်ကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ထိုအရာများက မည်သည့်အရာမဆို အမြစ်ပြတ်ချေမှုန်းတော့မည့်အလား အရာရာအားလုံးကို အဆုံးသတ်တော့မည့် အလား ဖြစ်နေခဲ့ပါသည်။

ယခုအချိန်တွင် လီချန်ချင်းက သူ၏ ခွန်အားကို မထိန်းချုပ်ခဲ့ပါချေ။ သူကချင်းလဲ့ ဓါးခုနစ်စင်း၏ ဖွဲ့စည်းပုံအစီအရင်ကို အဆုံးစွန်အထိ အသုံးပြုလိုက်ခဲ့ပါ၏။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပင် လောရှောင်ချွမ်က သူ၏ လက်ညိုးလေးတချောင်းထောင်လိုက်ပါသည်။

ထို့နောက် လက်ညိုးကို ကျောက်စားပွဲပေါ်သို့ ဖြေးညင်းစွာ ချလိုက်၏။ ချက်ချင်းပင်လျှင် သူတို့ရှိနေသောနေရာရှိ အချိန်နှင့် နေရာလွတ်များအားလုံးသည် အေးခဲသွားခဲ့ပါသည်။ မရေမတွက်နိုင်သော ဓါးချီများမှာ ကောင်းကင်နှင့် မြေပြင်၏ကြားတွင် တစုံတခုက ချုပ်နှောင်ထားသည့် အလား တန့်သွားခဲ့ပါသည်။

လီချန်ချင်းပင်လျှင် သူနှင့် ဓါးခုနစ်စင်းနှင့် ဆက်နွယ်မှု ပြတ်တောက်သွားသည်ကို ခံစားလိုက်ရပါ၏။ ထိုအဖြစ်အပျက်က လီချန်ချင်းကို အံ့ဩသွားခဲ့ပါသည်။

“စည်းတံဆိပ်ငါးချက်”

၊၎င်းသည် စည်းတံဆိပ်ငါးချက် သိုင်းပညာပင်ဖြစ်၏။ သို့သော် လောရှောင်ချွမ် အသုံးပြုလိုက်သည့်အခါတွင်တော့လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်အဖြစ်သို့ပြောင်းလဲသွားခဲ့ပါ၏။

အချိန်နဲ့ နေရာလွတ်တွေပါ အေးခဲသွားရတာလားဟ။လီချန်ချင်းက ချက်ချင်းပင်သတိပြုမိလိုက်၏။လောရှောင်ချွမ်မှာ စည်းတံဆိပ်ငါးချက်သိုင်းပညာကို အမြင့်ဆုံး အထိရောက်အောင် ကျင့်ကြံခဲ့ပြီးဖြစ်၏။

ထိုသိုင်းပညာမှာ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အနေအထားသို့ရောက်မည်ဟု သူကလုံးဝမထင်ထားခဲ့မိပါချေ။ လီချန်ချင်းက လောရှောင်ချွမ် အသုံးပြုလိုက်သော စည်းတံဆိပ်ငါးချက် သိုင်းပညာကို သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်နှင့် ကူးယူကာ အသုံးပြုရန်အတွက် ကြိုးစားလိုက်ပါ၏။

သို့သော် အံ့ဩသင့်စွာဖြင့် သိုင်းပညာရပ်များအားလုံးကို တချက်ကြည့်ရုံနှင့် တတ်မြောက်နိုင်သော သူ၏ နတ်ဘုရားဝိဉာဉ်မှာ လောရှောင်ချွမ်၏ စည်းတံဆိပ်ငါးချက်သိုင်းပညာကိုတော့ မကူးယူနိုင်ခဲ့ပါချေ။ မဟာသိုင်းဂိုဏ်းအဆင့် ရန်သူနှင့် တွေ့လျှင်ပင်လျှင် လီချန်ချင်းက အေးအေးဆေးဆေးအနိုင်ယူနိုင်မည် ဖြစ်၏။

သို့သော် မြေလျှောက်အင်မော်တယ်များနှင့် တွေ့သည့်အခါတွင်တော့ လီချန်ချင်းက ကွာဟမှုအခြေအနေကို ခံစားလာခဲ့ရပါ၏။

သူတို့နှစ်ဦးကြားကွာခြားချက်မှာအမှန်တကယ်ပင် ကမ္ဘာမြေကြီးတခုကွာခြားနေသည့်အလားပင်ဖြစ်နေပါသည်။

All Chapters