အခန်း (၃၀၂)
Vol. 26 Ch. 302
“အဲ့တာဘာလဲ”
အစောင့်အချို့မှာ အရှေ့သို့တိုးပြီးနောက် အမှောင်ထုထဲသို့ ပြူးပြဲကာ ကြည့်လိုက်ပါသည်။ သူတို့တွေ့လိုက်သည်မှာ မြင်းတစ်ကောင်က မြို့ရိုးနားသို့တိုးကပ်လာသည်ကိုတွေ့လိုက်ရ၏။
“မြင်းတစ်ကောင်လား”
တဖြေးဖြေးနှင့် ထိုပုံသဏ္ဍာန်က မြို့ရိုးနဲ့ နီးလာလေလေ မြင်းခွာသံသဲ့သဲ့ကို သူတို့ ကြားလိုက်ရပါ၏။
ဒါပေမဲ့ အခုလိုမျိုးညအမှောင်ထဲမှာ မြင်းတစ်ကောင်က ဘယ်လိုလုပ်ပြီးရောက်လာရတာလဲ။ ပြီးတော့မြင်းရဲ့ပုံစံက သာမန်မြင်းတွေထက်ပိုပြီးကြီးနေတယ် မဟုတ်ဘူးလား။
ခပ်ကြာကြာစောင့်ပြီးနောက်တွင် မြင်းကမြို့ရိုးနှင့် နီးကပ်လာပါသည်။ ထိုအခိုက်မှသာ မြို့ရိုးရှိ စစ်ဆေးရေးမှူးရုံးမှ အစောင့်များက ထို့မြင်းမှာ ခရမ်းမိုးကြိုးဖြစ်သည်ကို သိလိုက်ရပါ၏။ သူတို့အားလုံးက စစ်ဆေးရေးမှူးရုံးမှလူများဖြစ်သောကြောင့် လီဟမ်ရှန်း၏ မြင်းကို သတိပြုမိကြပါသည်။
“အဲ့တာက စစ်ဆေးရေးမှူးရဲ့မြင်းပဲ”
“ မြန်မြန်သွား မြန်မြန်သွား ဘယ်လိုဖြစ်လာတာလဲဆိုတာကို စုံးစမ်းခဲ့ကြ”
သူတို့အားလုံးက ခပ်မြန်မြန်ပင် အရှေ့သို့တိုးသွားခဲ့ပါသည်။
“မြင်းပေါ်မှာ စစ်ဆေးရေးမှူးပါတယ်ဟေ့”
အရှေ့ကို အရင်ဆုံးပြေးသွားသည့် ခြေမြန်တပ်သားက အမြန်သတင်းပြန်ပို့သည်။
မြင်း၏ကျောပေါ်တွင် လီဟမ်ရှန်းက မှောက်လျက်လဲနေသည်ကို သူတို့ကမြင်လိုက်ရ၏။ သူတို့က လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို လှုပ်ခါရင်းအော်လိုက်ကြပါသည်။
“စစ်ဆေးရေးမှူးကြီး၊ စစ်ဆေးရေးမှူးကြီး ထပါအုန်းဗျ”
အစောင့်များက လီဟမ်ရှန်း၏ခန္ဓာကိုယ်ကိုယမ်းခါပြီး လှုပ်နိုးသော်လည်း လီဟမ်ရှန်းကတော့ မလှုပ်ရှားတော့ပါချေ။
“ဘာတွေဖြစ်နေတာလဲ”
ထိုအခိုက်မှာပင်အခြားသောအစောင့်များကလဲ အနားသို့တိုးလာခဲ့ပါ၏။
“ကျုပ်တို့ဘယ်လောက်ပဲ နှိုးနှိုး စစ်ဆေးရေးမှူးကြီးက မနိုးလာဘူးဗျ” အစောင့်တပ်သားက စိတ်ဖိစီးစွာဖြင့် ပြောလိုက်ပါ၏။
“စစ်ဆေးရေးမှူးကြီး စစ်ဆေးရေးမှူးကြီး”
နည်းနည်းအသက်ကြီးသော အစောင့်တစ်ဦးက အနားသို့ကပ်လာပြီး လီဟမ်ရှန်း၏ ပုခုံးကို အပြင်းအထန်လှုပ်လိုက်ပါသည်။ ထိုအခိုက်တွင် လီဟမ်ရှန်းက ခရမ်းမိုးကြိုး၏ ကျောပေါ်မှ ပြုတ်ကျသွားခဲ့ပါ၏။
“လူကြီးမင်း”
သူတို့အားလုံးက လီဟမ်ရှန်းအား ဝိုင်းအုံပြီး စစ်ဆေးလိုက်ကြပါ၏။ လီဟမ်ရှန်း၏ ခန္ဓာကိုယ်အနားသို့ တိုးလာလေလေ သူတို့၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ပို၍ဖြစ်လာလေလေ ဖြစ်ပါသည်။ လီဟမ်ရှန်း၏ ရင်ဘတ်မှာ သွေးများနဲ့စိုရွှဲနေပြီး သူ၏နှလုံးသားမှာလဲ အဖောက်ထွင်းခံထားရပြီး အပေါက်ကြီးတစ်ပေါက်ဖြစ်နေခဲ့ပါ၏။
ထိုအဖြစ်ကိုမြင်ရလိုက်သော အစောင့်နှစ်ဦးမှာ နေရာတွင်ပင်လဲကျကာ မေ့မြောသွားခဲ့ပါ၏။ သူတို့၏မျက်လုံးများကို သူတို့က မယုံကြည်နိုင်အောင်ဖြစ်နေကြပါ၏။
လီဟမ်ရှန်းက တကယ်ပဲသေသွားတာလား။ အသက်ပိုကြီးသောအစောင့်မှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံးတုန်ရီနေခဲ့ပါ၏။ သူကတုန်ရီနေသောခြေလှမ်းနှင့် အရှေ့သို့တိုးပြီးနောက် လီဟမ်ရှန်း၏လည်ပင်းကို ကိုင်ကာ သွေးခုန်နှုန်းစမ်းသပ်လိုက်ပါ၏။ သို့သော် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ အေးစက်ကာတောင့်တင်းနေပြီဖြစ်သောကြောင့် သူ၏မျှော်လင့်ချက်မှာ ပျက်ဆီးသွားခဲ့ရပါ၏။
လီဟမ်ရှန်းက တကယ်ကိုသေဆုံးနေပါပြီ။
“ မြန်မြန်လေး စစ်ဆေးရေးမှူးရုံးကို သွားအကြောင်းကြားစမ်း”
အသက်ပိုကြီးသော အစောင့်က အမိန့်ပေးလိုက်ပါ၏။ သူ၏မျက်ဝန်းများကို ကြေကွဲဝမ်းနည်းစွာဖြင့် မှိတ်လိုက်ပါတော့သည်။
“ ကောင်းပါပြီ။ ကောင်းပါပြီ”
အစောင့်နှစ်ဦးမှာ ကမန်းကတန်းပင် စစ်ဆေးရေးမှူးရုံးသို့ အပြေးအလွှားသွားလိုက်ကြပါ၏။ လက်ရှိအချိန်မှာ မနက်သုံးနာရီခန့်ရှိမည်ဖြစ်သည်။ ဝူစန်းထောင်က ခြံဝန်းထဲ၌ စိတ်ပျက်လက်ပျက်ထိုင်နေခဲ့ပါ၏။ သူက နှစ်ရက်လုံးလုံး လီဟမ်ရှန်းပျောက်သွားသည့် အချိန်ကတည်းက လုံးဝမအိပ်စက်ရသေးပါ။ သူက မြေပုံကိုစိုက်ကြည့်နေပြီး သူတို့ လီဟမ်ရှန်းအား ရှာဖွေခဲ့သောနေရာများအားလုံးကို စက်ဝိုင်းများဝိုင်းနေပါသည်။
ဘယ်နေရာကရှာဖွေဖို့ကျန်နေလဲဆိုတာကို သူက အစီအစဉ်ချမှတ်နေပါ၏။ ရှုခွေကလဲ ဂနာမငြိမ်ဖြစ်နေခဲ့ပါသည်။ လီဟမ်ရှန်း၏ ပျောက်ဆုံးမှုက သူ့အပေါ်ကြီးစွာသော စိတ်ဖိစီးမှုဖြစ်နေခဲ့ပါ၏။ ထိုအခိုက်တွင် ရှုခွေက အပြင်မှ အတွင်းသို့ ဝင်လာခဲ့သည်။
သူက တစ်ဦးတည်းထွက်ပြီး လီဟမ်ရှန်းကို ရှာဖွေခဲ့နေခြင်းဖြစ်ပါသည်။ သို့သော် မည်သည့်သဲလွန်စမှ မရသောကြောင့် ရုံးတော်သို့ ပြန်လာခဲ့ခြင်းလဲဖြစ်၏။ ရှုခွေက ဝူစန်းထောင်အား အနားယူရန် အကြံပေးတော့မည့် ဆဲဆဲမှာပင် အပြင်ဘက်မှ အစောင့်နှစ်ဦးက ပြေးဝင်လာခဲ့ပါ၏။
ထိုသူတို့မှာ ကြောက်ရွံ့တုန်လှုပ်နေပြီး စကားများပင် ထစ်အနေခဲ့ကြပါ၏။ သူတို့အတွင်းသို့ ဝင်လာသည့်အခါတွင် အလဲလဲအပြိုပြိုလဲ ဖြစ်နေခဲ့ပါ၏။
“ပြဿနာတော့တက်နေပြီ။ ပြဿနာတော့တက်နေပြီ လူကြီးမင်းတို့ ကျုပ်တို့ စစ်ဆေးရေးမှူးကို ရှာတွေ့ခဲ့တယ်ဗျ”
အစောင့်နှစ်ဦးက ကြောက်ရွံ့တကြီးနဲ့ ထိတ်လန့်စွာ ပြောလိုက်ပါ၏။
“ ဘယ်မှာလဲ” ဝူစန်းထောင်က ချက်ချင်းမတ်တပ်ထရပ်ပြီးအော်ဟစ်လိုက်ပါသည်။
“မြို့ပြင်မှာ မြို့ပြင်မှာ … ဒါပေမဲ့ စစ်ဆေးရေးမှူးကြီးက စစ်ဆေးရေးမှူးကြီးက…”
ပြောနေသောအစောင့်မှာ ချက်ချင်းကို လဲပြိုသွားပြီး ဆက်လက်၍ မပြောနိုင်တော့ပါချေ။ လီဟမ်ရှန်းက စစ်ဆေးရေးမှူးဖြစ်လာပြီးနောက်ပိုင်းတွင် မြွေဖြူလမ်း၏ အခြေအနေမှာ အကောင်းဘက်သို့ ပြောင်းလဲလာခဲ့၏။
စစ်ဆေးရေးမှူး၏ အစောင့်များဖြစ်သော သူတို့ကလည်း နေရာတကာတွင် လူရိုသေရှင်ရိုသေဖြစ်နေပြီး လူတိုင်းက ဂုဏ်သရေရှိဧည့်သည်များကဲ့သို့ ဆက်ဆံခြင်းခံရခဲ့ပါ၏။ ထိုအရာများအားလုံးက လီဟမ်ရှန်း၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။
ဒါပေမဲ့ အခုကတော့…..
“ ဘာတွေဖြစ်နေတာတုန်း” ဝူစန်းထောင်၏ နှလုံးသားမှာ ချက်ချင်းကို နစ်မြုပ်သွားခဲ့ပါ၏။ သူ၏ပါးစပ်မှာလဲ အာခြောက်လာခဲ့ပါသည်။
“စကားမပြောနဲ့တော့။ ငါတို့ကို ခေါ်သွားစမ်း” ရှုခွေက ထိုသူနှစ်ဦး၏ဂုတ်ကို ဆွဲပြီးနောက် မြို့ပြင်သို့အရှိန်ဖြင့် ပြေးသွားခဲ့ပါ၏။ ဝူစန်းထောင်ကလဲ အနောက်မှအလျင်အမြန် လိုက်လာခဲ့ပါသည်။ ဝူစန်းထောင်က မြို့ပြင်တစ်နေရာရောက်သောအခါတွင် ရှုခွေက တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်နေသည်ကို သူတွေ့လိုက်ရပါ၏။
ဝူစန်းထောင်က ကမန်းကတန်း အနောက်သို့တိုးပြီးနောက်မေးလိုက်ပါသည်။
“ကျုပ်ရဲ့စီနီယာအစ်ကိုကြီး ဘယ်မှာလဲ”
ရှုခွေက တိတ်ဆိတ်နေခဲ့သည်။ ဝူစန်းထောင်က ငုံ့ကြည့်လိုက်သောအခါတွင် မြေပြင်ပေါ်၌ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါသည်။ သူ၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့၏။ သူကတံတွေးကို ခက်ခက်ခဲခဲနှင့်မြိုချလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ပါ၏။ အလောင်းကို အဝတ်ဖုံးထားသည်ကို သူတွေ့လိုက်ရသည်။
သူထိုင်လိုက်ပြီးနောက်တွင် တုန်ရီနေသောလက်နှင့် အလောင်းကို ဖုံးထားသောအဝတ်ကို ဖြေးညင်းစွာနှင့်လှန်ကြည့်လိုက်၏။ အတွင်း၌ လီဟမ်ရှန်း၏ ဖြူဖျော့နေသောမျက်နှာကို သူမြင်လိုက်ရပါသည်။
သူ၏ မျက်လုံးကိုပင် ဝူစန်းထောင်က မယုံကြည်နိုင်ခဲ့ပါ။
လီဟမ်ရှန်းက တကယ်သေသွားပြီလား။ သူကမြေပြင်ပေါ်တွင် ပစ်ထိုင်ချလိုက်ပြီး သူ၏စိတ်ထဲ၌ အရာရာက ဆုံးရှုံးသွားသလို ခံစားလိုက်ရပါ၏။
ထိုအခိုက်မှာပင် အာရုဏ်တက်ကာ နေစတင်၍ ထွက်ပေါ်လာပါသည်။
နေ့သစ်တစ်နေ့ကို ရောက်ရှိပါပြီ။ လီချန်ချင်းက သူ၏သေရည်ဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး အခန်းတံခါးကို ပိတ်ကာနေနေခဲ့ပါ၏။ သူက မည်သူ့ကိုမျှ စကားမပြောပါချေ။ ကျန်းဝမ်လျှိုရော ကျန်းဖုကွမ်ပါ ဘာအရာများဖြစ်ခဲ့သည်ကို သူတို့မသိကြချေ။
သူတို့က လီချန်ချင်းကို စကားပြောရန်ကြိုးစားကြသော်လည်း လီချန်ချင်းက သူတို့အား လျစ်လျူရှုထားခဲ့ပါ၏။ ထို့ကြောင့် သူတို့က လီချန်ချင်းအား ဆက်လက်၍နှောင့်ယှက်ရန် မကြိုးပမ်းတော့ဘဲ လီချန်ချင်းကို တစ်ယောက်တည်းသီးသန့်ထားလိုက်ပါတော့၏။
လောလောဆယ်တော့ လီချန်ချင်းက သူနှင့် သူ့သား၏အနာဂတ်ကို တွေးတောနေခဲ့ပါသည်။ သူက
ဤလောကသို့ ကူးပြောင်းလာပြီးနောက်ပိုင်းတွင် ယခင်ဘဝတုန်းက သာမန်လူတစ်ဦးဖြစ်ခဲ့သောကြောင့် ယခုလိုမျိုး မှော်ပညာနဲ့ သိုင်းလောကဖြစ်သော စန်းယွမ်တိုက်ကြီးကိုရောက်သည့်အခါတွင်လည်း သူက အရင်ဘဝတုန်းကလိုမျိုး ငြိမ်ငြိမ်စိမ်စိမ်နှင့် တိတ်ဆိတ်အေးချမ်းသော ဘဝတွင်နေထိုင်လိုပါသည်။
ဒါပေမဲ့ ယနေ့မှာတော့ သူ၏ထိုရည်မှန်းချက်မှာ မဖြစ်နိုင်တော့ဟု လီချန်ချင်းက သေချာပေါက်ကို သိလာခဲ့ရပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူ၏သားဖြစ်သူက ပထမဦးဆုံးပြစ်မှတ်ထားလိုက်သည့် အချိန်မှစ၍ လီချန်ချင်းက အေးချမ်းသောဘဝလေးကို နေထိုင်ရတာက ခက်ခဲလှသည်ဟု ပထမဦးဆုံးအကြိမ်ခံစားလိုက်ရပါသည်။ ဒါပေမဲ့ သူ့မှာသာ ခွန်အားရှိပါက ဘယ်သူကမှ သူ့ကိုရန်စရဲမည် မဟုတ်ပါချေ။
နောက်ပိုင်းမှာတော့ သူက နတ်ဘုရားအဆင့် လက်နက်များဖြစ်သော ချင်းလဲ့ဓားခုနစ်ဆင်းကို ရရှိခဲ့ပြီး ချင်းလဲ့ဓားခုနစ်ဆင်း၏ သတ်ဖြတ်မှုအစီအရင်ကို ရရှိခဲ့ပါသည်။ ထို့နောက်တွင် သူက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ထူထောင်ခဲ့၏။ ထို့အပြင်ချင်းလဲ့ဓားသခင်ဟူသော ဂုဏ်ပုဒ်ကို လက်ခံရယူခဲ့ပါသည်။
ထိုကဲ့သို့သော စွမ်းအားများ၊ အင်အားများနဲ့ ပြည့်နှက်နေသည့်တိုင် သူ့ထက်ပိုမြင့်သော တောင်များရှိနေသည်ကို သူက သိခဲ့ရပါ၏။ သူ့လိုမျိုးစွမ်းအားကြီးသော သူပင်လျှင် တစ်စုံတစ်ဦး၏ လှည့်ကွက်များ၊ အစီအစဉ်များ၊ ကစားကွက်များတွင်ရောက်နေခဲ့သည် မဟုတ်ပါ့လား။
ထိုအရာများကို နားမလည်ပါက သူဘယ်လိုသေသွားမည်ဆိုတာကိုပင် သူသိလိုက်မည် မဟုတ်ပါချေ။ လောရှောင်ချွမ်၏စကားများက အပြည့်အဝယုံကြည်၍မရသော်လည်း အရာအားလုံးကို ပေါ့ပေါ့တန်တန်သဘောထားလို့ မဖြစ်ပါချေ။ လီချန်ချင်းက ဤလောကကြီးနှင့် စန်းယွမ်တိုက်နယ်မြေသခင်ကို အထင်သေးလွန်းခဲ့သည်ဟု ပထမဦးဆုံးအကြိမ်အဖြစ် ခံစားလိုက်ရပါတော့သည်။ သူ၏ခွန်အားမှာ မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများနဲ့ နှိုင်းယှဥ်၍ ရသော်လည်း လောရှောင်ချွမ်နှင့် ရင်ဆိုင်တွေ့ပြီးသည့်အခါမှ မြေလျှောက်အင်မော်တယ်များက မည်မျှပင်စွမ်းအားကြီးမားသည်ကို သူသိလိုက်ရပါတော့သည်။
မြေလျှောက်အင်မော်တယ်များမှာ ဤလောက၏ ထိပ်ဆုံးအဆင့်တွင်ရှိသော ကျွမ်းကျင်သူများပင် ဖြစ်ပါသည်။ ထိုသူများ၏အရှေ့တွင်မဟာသိုင်းဂိုဏ်းအဆင့်များမှာ ပုရွက်ဆိတ်သာသာသာရှိပါ၏။
မြေလျှောက်အင်မော်တယ်ကဲ့သို့သော စွမ်းအားများကိုရရှိရန်အတွက် သူ့တွင်လမ်းကြောင်းနှစ်ကြောင်းရွေးချယ်စရာရှိပါသည်။ ပထမလမ်းကြောင်းမှာ သူ၏နတ်ဘုရားဝိဉာဥ်အား မဟာလွတ်လပ်ခြင်းအဆင့်သို့ချိုးဖြတ်ရန်အတွက်ဖြစ်ပါသည်။ မဟာလွတ်လပ်ခြင်းအဆင့်သို့ ချိုးဖြတ်ပြီးမှသာ သူက မြေလျှောက်အင်မော်တယ်များနှင့်နှိုင်းယှဥ်သော စွမ်းအားကိုရရှိပြီး တိုက်ခိုက်နိုင်မည်ဖြစ်၏။
သို့သော်ထိုလမ်းကြောင်းမှာ လွန်စွာခက်ခဲကြမ်းတမ်းလှပါသည်။ စန်းယွမ်တိုက်ကြီး၏
သမိုင်းတစ်လျှောက်တွင် မဟာလွတ်လပ်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်သူများမှာ လက်တစ်ဆုပ်စာခန့်သာရှိပါ၏။
အရင်မျိုးဆက် ပန်းချီသူတော်စင်ဖြစ်သော ဂူဟန်းရှီက မဟာလွတ်လပ်ခြင်းအဆင့်သို့ ချိုးဖြတ်နေရင်းတန်းလန်းမှာပင် အသက်သေဆုံးခဲ့ရပါသည်။ ထိုကြောင့် လီချန်ချင်းအတွက်ကတော့ ထိုလမ်းကြောင်းကိုရွေးချယ်ရန်မှာ မလွယ်ကူလှပေ။
သူကမဟာလွတ်လပ်ခြင်းအဆင့်သို့ချိုးဖြတ်သည့် တန်းလန်းမှာ တစ်စုံတစ်ဦး၏ တိုက်ခိုက်မှုကြောင့်သို့မဟုတ် အဆင့်ချိုးဖြတ်ရာမှ ကျရှုံးပြီး သေဆုံးသွားမည်ကိုတော့ ကြောက်ရွံ့မိခဲ့ပါသည်။
ဒုတိယလမ်းကြောင်းကတော့ လီချန်ချင်းတွေးမိသည်မှာ သူ၏ပန်းပုရုပ်ထုများက သူ့အတွက် လမ်းကြောင်းသစ်တစ်ခုကိုဖောက်ထွင်းပေးနိုင်မည်ဟု တွေးမိခဲ့ပါသည်။
ဘယ်လောက်ပဲကျွမ်းကျင်တဲ့ သိုင်းသမားဖြစ်ပါစေ သူတို့ကမီးဖိုချောင်ဓားကိုတော့ ကြောက်ရွံ့သေးသည်မဟုတ်ပါလား။
တခြားသူများအတွက်ကတော့ ပန်းချီရတနာများမှာ လွန်စွာတန်ဖိုးကြီးမားလှပြီး ရှာဖွေရခက်ခဲမည်ဖြစ်ပါသည်။ ထိပ်တန်းပန်းချီရတနာတစ်ခုသည် ကျင့်ကြံသူအား မှန်းဆ၍မရလောက်အောင် အဆင့်ခုန်တက်သွားစေမည်ဖြစ်ပါသည်။
တစ္ဆေနတ်ဆိုး စမ်းသပ်မှုတွင် ကျောက်ကျွယ်ကျုံး အသုံးပြုသွားသော ပန်းချီရတနာကဲ့သို့ပင်ဖြစ်၏။ ကျောက်ကျွယ်ကျုံး၏ ခွန်အားက သာမန်သာဖြစ်သော်လည်း သူက ပန်းချီရတနာကို အသုံးပြုပြီး လီချန်းချင်း၏ ချင်းလဲ့ဓားသတ်ဖြတ်ခြင်းအစီအရင်ကို ကာကွယ်ပြီး လွတ်မြောက်အောင်ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလား။
ထိုကဲ့သို့သော ပန်းချီရတနာများမှာ စန်းယွမ်နယ်မြေကြီး၌ လွန်စွာမှကို ရှားပါးလှပါသည်။ ဒါပေမဲ့ သူ့အတွက်တော့ ထိုအရာက အဓိကမဟုတ်ပါချေ။
ရတနာလေးပဲမဟုတ်ဘူးလား။ သူ့ကို သစ်သားတစ်တုံးပဲပေးလိုက်လေ။ သူက ရတနာတစ်ခုဖြစ်အောင် ပန်းပုထုပြလိုက်မယ်။ သူရရှိသည့် သစ်သားက ပို၍ရှားပါးလေလေ သူထုလုပ်သည့် ရတနာက ပို၍တန်ဖိုးကြီးလေလေပင်ဖြစ်သည်။
သူ၏ပန်းပုရုပ်ထုများကို အသုံးပြုပြီး သူ့အား သစ္စာရှိကျင့်ကြံသူများရရှိအောင် သူကထုလုပ်ပြီး ဖန်တီးနိုင်မည်ဖြစ်ပါသည်။ သူကအေးချမ်းသောဘဝလေးတွင် နေထိုင်လိုသောကြောင့် သူ၏ပန်းပုပညာရပ်ကို အသုံးမပြုဘဲ နေခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။
သူကပန်းပုထုသည်ဖြစ်စေ မထုသည်ဖြစ်စေ သူ့အား နယ်ရုပ်တစ်ရုပ်လို ကျားစေ့တစ်ခုလိုမျိုး ကစားချင်သောသူများကရှိနေသည် မဟုတ်ပါ့လား။ ထို့ကြောင့် သူက ဘာ့ကြောင့်များ ဒီတိုင်းထိုင်နေရတော့မှာလဲ။ လုပ်မယ်ဆိုလို့ရှိရင် အစွမ်းကုန်အသုံးချလိုက်တာက အကောင်းဆုံးမဟုတ်ပါလား။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် သိုင်းသမားများအား အဖွဲ့ထဲသို့ဝင်ရန် ဖိတ်ခေါ်ခြင်းက မရိုးရှင်းပါချေ။ ပထမဦးဆုံး ပြဿနာကယုံကြည်မှုပင် ဖြစ်ပါသည်။ လူအများကြားတွင်ယုံကြည်မှုမှာ တည်ဆောက်ရ အခက်ခဲဆုံးပင်ဖြစ်ပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်းက လုပ်ရပ်များကို မြင်ပြီးနောက်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ နေရာတိုင်းတွင်ရှိပါသည်။
ထို့ကြောင့် လူတိုင်းက သူလျှိုဖြစ်နေနိုင်ပါ၏။ သူက သန်မာသောစွမ်းအားရှင်များကို လူစုနိုင်သည်ဆိုရင်တောင်မှ ထိုလူများထဲတွင် သူလျှိုများပါဝင်လာနိုင်ပါသေး၏။ သူတို့က သူ့ကို ထာဝရသစ္စာရှိမည်မဟုတ်ပါချေ။
ထိုကဲ့သို့သောပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း။ သူ၏ နောက်တွင်ရှိသောအင်အားစုမှာ သူလျှိုများ၊ သစ္စာဖောက်များမဖြစ်စေရန်အတွက် ဘယ်လိုများသေချာအောင် လုပ်ရမည်နည်း။ ထိုနည်းလမ်းကို သူက ယခင်ဘဝတုန်းကတည်းက သိရှိပြီးသားဖြစ်ပါသည်။
ထိုနည်းလမ်းမှာ လွယ်လွယ်လေးပင်ဖြစ်၏။ သူ၏နောက်ကိုလိုက်သောသူများ၏ ဝိဉာဉ်ထဲတွင် ကျိန်စာများကိုရိုက်သွင်းထည့်လိုက်ရုံသာဖြစ်ပါသည်။ ဒါမှမဟုတ် ဝိဉာဉ်စာချုပ်ချုပ်ဆိုရန်သာ ဖြစ်ပါသည်။
သို့သော် ထိုကဲ့သို့သော နည်းလမ်းများမှာ စန်းယွမ်တိုက်ကြီးတွင်တော့ ရှိမနေခဲ့ပါချေ။ ပြီးတော့ ထိုကဲ့သို့နည်းလမ်းများကို ပြုလုပ်ရန်ကိုလဲ လီချန်ချင်းက ဘယ်လိုလုပ်ရမလဲဆိုတာကို သိမနေခဲ့ပါချေ။
တစ်ချိန်တည်းမှာပင် ထိုကဲ့သို့သော အရာများကိုလုပ်နိုင်ရန်အတွက် ဘယ်လိုမျိုး လုပ်နိုင်မလဲဆိုတာကို လီချန်ချင်းက တွေးတောနေခဲ့ပါ၏။ သို့သော် ထိုအခြေအနေက ကောင်းသောအကြံမဟုတ်ဟု လီချန်ချင်းက ခံစားမိပါသည်။ အရင်ဦးဆုံး လီချန်ချင်းက သူအယုံကြည်ရတဲ့လူများကို ပထမဦးဆုံးအနေနဲ့ အင်အားစုဆောင်းရန်အတွက် တွေးထားလိုက်ပါသည်။
သူ၏ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ ယခုထက်ပိုပြီးတော့ အင်အားပိုကြီးမားလာရန် လိုအပ်ပေ၏။ အင်အားကြီးမားရုံနှင့်မကပေ အချက်အလက်နှင့် သတင်းဌာနမှာလည်း ပို၍ကျယ်ပြန့်ဖို့ လိုအပ်ပါသေးသည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းက သတင်းအချက်အလက်က ဘာကြောင့် အရမ်းကို အံ့ဩပြီးတော့ ကောင်းမွန်နေရတာလဲ။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့လူတွေအကုန်လုံးကို အင်အားစုတိုင်းထဲကို သူလျှိုအဖြစ်စေလွှတ်ပြီးတော့
အချက်အလက်အားလုံးကို လွယ်လွယ်ရနေလို့ပဲလေ။ လီချန်ချင်းက ထိုအရာများအားလုံးကို သေသေချာချာလေ့လာနေပြီး
သူ့အတွက်နည်းလမ်းတစ်ခုရမလားဟု ကြံဆနေခဲ့မိပါသည်