အကြောင်းအကျိုး ( ၁ )
Vol. 5 Ch. 69
သက်လတ်ပိုင်းကျင့်ကြံသူ၏ စူးစူးဝါးဝါး အော်ဟစ်သံက လေထဲ ပဲ့တင်ထပ်သွားပြီး မြို့ထဲတွင် ရွှီချင်းကို လိုက်ရှာနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ရုတ်တရက် ခေါင်းမော့လိုက်သည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ၏အာရုံငါးပါးက အလွန်တရာ စူးရှပြတ်သားသည်။ ထိုအခိုက် အဝေးမှ လွင့်ပျံလာသော သွေးပျက်ခမန်းအော်ဟစ်သံကြောင့် သူ၏မျက်နှာ မည်းမှောင်သွားရသည်။ သူသည် ဝေဟင်သို့ ခုန်တက်ကာ အသံကြားရာကို ပျံသန်းသွားသည်။
ဘေးပတ်ဝန်းကျင်တွင် သန္ဓေပြောင်းသားရဲများ ရှိနေပါသော်လည်း သူက အခြေတည်အဆင့်ပညာရှင်တစ်ယောက် မဟုတ်ပါလော။ ထူးဆန်းသော သတ္တဝါတစ်ကောင် သို့မဟုတ် သန္ဓေပြောင်းသားရဲအုပ်စုကြီးကို မတွေ့မချင်း သူ ဂရုမစိုက်ချေ။
သိပ်သည်းထူထပ်သော ဓာတ်နှောများက သူ၏ကျင့်ကြံခြင်းနှင့် သူ့ကို သက်ရောက်မှုရှိပါသော်လည်း တားမြစ်နယ်မြေထဲတွင် တစ်လကျော်ကြာ မနေထိုင်နေသမျှ ကာလပတ်လုံး ဘေးအန္တရာယ်များစွာ မဖြစ်ပေ။
သို့ဖြစ်၍ အသံကြားရာကို အတည်ပြုပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ၏ကျင့်ကြံခြင်းစွမ်းအားများကို သုံး၍ အဝေးကို အသံပို့လွှတ်လိုက်သည်။
“ အဲဒီခွေးကောင်လေးကို အချိန်ဆွဲထား။ ပြီးရင် ငါ့ကို စောင့်နေ ”
သူသည် ပြောနေရင်း အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းသွားသည်။ အဝေးမှကြည့်လျှင် လေဟုန်ခွင်း၍ သွားနေသော ကြယ်ကြွေတစ်စင်းအလားပင်။
တချိန်တည်းမှာပင် အစောပိုင်းက တိုက်ပွဲကွင်းပြင်၌ နောက်ထပ်အကြီးအကဲတစ်ယောက်သည် ရွှီချင်း နီးကပ်လာသည်နှင့် တွေဝေတွန့်ဆုတ်မနေဘဲ နောက်ဆုတ်လိုက်သည်။
ဂိုဏ်းစောင့်ဘိုးဘိုး၏ ဒေါသတကြီး အော်ဟစ်သံကို သူ ကြားလိုက်ရပါသော်လည်း ဤနေရာတွင် အဓိပ္ပာယ်မရှိ မသေချင်ပေ။
ဂိုဏ်းစောင့်ဘိုးဘိုး၏ အပြစ်ပေးခြင်းခံရသည့်တိုင်အောင် သူ လက်ခံလိုက်မည်သာ ဖြစ်သည်။ ယင်းအပြင် ထိုကလေး၏ လူသတ်ငွေ့များက အားကောင်းလွန်းလှသည် မဟုတ်ပါလား။ ထိုကလေး တိုက်ခိုက်လာသည့်အခါ ထိုကလေး၏မျက်လုံးများထဲရှိ လူသတ်ချင်သည့်အရိပ်အငွေ့များက သူ့ကို အသက်နှင့်ရင်း၍ ရင်မဆိုင်ရန် ပြောနေသည်။
သို့ဖြစ်၍ သူသည် မြန်ဆန်စွာ နောက်ဆုတ်နေပြီး ပျံသန်းစေနိုင်သော အဆောင်ကိုပါ အသုံးချ၍ ပေထောင်ပေါင်းများစွာအထိ ချက်ချင်း ဆုတ်ခွာသွားသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူသည်လည်း အဝေးမှ လွင့်ပျံလာသော ဂိုဏ်းစောင့်ဘိုးဘိုး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ သူက သံတုတ်ကို ကောက်ယူကာ ပျံသန်းစေနိုင်သောအဆောင်ကိုလည်း အသုံးပြုရန် ပြင်လိုက်သည်။ ထိုအခိုက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ၏အသက်ရှူသံများ အတန်ငယ် ရပ်သွားပြီး တွေဝေတွန့်ဆုတ်မနေဘဲ ဆန့်ကျင်ဘက်အရပ်မျက်နှာကို ပြေးသွားသည်။
ရွှီချင်း လှည့်ထွက်သွားသည့်အခိုက် လေထဲရှိ ပျံသန်းနေသော ဂိုဏ်းအကြီးအကဲသည်လည်း ထိတ်လန့်တုန်ရီသွားသည်။ လေအေးများ သူ့ကို ဖြတ်တိုက်လာသည့်ပမာ ခံစားလိုက်ရပြီး သူ၏ဘေးတွင် ကြီးမားသောပုံရိပ်တစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်သည်။
ထိုပုံရိပ်တွင် မျက်နှာအင်္ဂါရပ်များ ရှိမနေဘဲ လေထဲတွင် ဆံပင်ရှည်များ လွင့်ပျံသံကိုသာ ကြားနိုင်သည်။ ၎င်းသည် အမျိုးသမီးတစ်ဦးဖြစ်ပုံရပြီး မျက်နှာအောက်တွင် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသောခန္ဓာကိုယ်ကြီး ရှိဟန်တူကာ ရှည်လျားသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။
ထိုစဉ် မျက်နှာမဲ့အမျိုးသမီး၏ ဝတ်စုံဖြူပေါ်တွင် မျက်နှာအမြောက်အမြား ပေါ်ထွက်လာကာ ငိုညည်းသံများ ဘေးပတ်ဝန်းကျင်ကို လွင့်ပျံသွားသည်။ ကောင်းကင်ယံရှိ လမင်းကြီးသည်ပင် သွေးနီရောင်ပြောင်းသွားသည်။
အဝေးမှကြည့်မည်ဆိုပါက ဂိုဏ်းအကြီးအကဲသည် ဧရာမလူ့ဘီလူးကြီးရှေ့တွင် ရှိနေသော ပုရွက်ဆိတ်တစ်ကောင်အလားပင်။ မျက်နှာမဲ့အမျိုးသမီး၏ ဝတ်စုံဖြူထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ငိုညည်းသံပေးနေသည့် မျက်နှာများအောက်တွင် ဂိုဏ်းအကြီးအကဲသည် ထိန်းမနိုင်သိမ်းမရ တုန်ရီလာပြီး မျက်နှာအမူအရာပြောင်းလဲကာ တဖြည်းဖြည်း ငိုကြွေးလေတော့သည်။
သို့သော် သူ ငိုကြွေးနေသည့်တိုင်အောင် သူ့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေသည်။ သူ ငိုကြွေးနေသည်မှာလည်း ထိန်းချုပ်၍မရသည့်အလားပင်။
ထိုအကြီးအကဲ၏ငိုကြွေးသံက မျက်နှာမဲ့အမျိုးသမီး၏ ဝတ်စုံရှည်ကြီးထဲရှိ မရေမတွက်နိုင်သော မျက်နှာများ၏ ငိုညည်းသံများနှင့် ရောယှက်သွားသည်။ ထို့နောက် ထိုအကြီးအကဲ၏ ဒွါရခုနစ်ပါးထဲမှ အဖြူရောင်အငွေ့အသက်များ လွင့့်ပျံလာကာ ဝတ်စုံဖြူဝတ်ဆင်ထားသော မျက်နှာမဲ့အမျိုးသမီး၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
ကျင်းကန်းဂိုဏ်းအကြီးအကဲ၏ခန္ဓာကိုယ်ကြီး ခြောက်ကပ်သွားကာ အသက်ရှင်နေသည့်လက္ခဏာရပ်များအားလုံး ပျောက်ကွယ်သွားပြီး မြေပြင်ပေါ် ကျသွားသည်။
တချိန်တည်းမှာပင် မျက်နှာမဲ့အမျိုးသမီး၏ ဝတ်စုံဖြူထဲတွင် နောက်ထပ်မျက်နှာတစ်ခု ပေါ်လာသည်။ ယင်းသည် ကျင်းကန်းဂိုဏ်းအကြီးအကဲမှလွဲ၍ တခြားမဟုတ်ချေ။
သူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး ဝတ်စုံဖြူအထက်တွင် လွင့်ပျံနေကာ ငိုညည်းနေသည်။
ထိုမြင်ကွင်းကို ရွှီချင်းနှင့် ယခုလေးတင် အပြေးအလွှားရောက်ရှိလာသော ဂိုဏ်းစောင့်ဘိုးဘိုးလည်း မြင်တွေ့သွားပြီး သူတို့နှစ်ယောက်လုံး တုန်ရီသွားကြသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ရင်ထဲရှိ ထိတ်လန့်စိတ်ကို မျိုသိပ်ထားသည်။ ထို့နောက် သူသည် အရှိန်တင်ကာ မြို့ထဲပြေးသွားသည်။
ရွှီချင်းက ယခုလေးတင် ထွက်သွားပါသော်လည်း အဝေးမှ အပြေးအလွှားရောက်ရှိလာသော ဂိုဏ်းစောင့်ဘိုးဘိုးမှာမူ ဦးခေါင်းခွံများ ထုံကျဉ်ကာ မလှုပ်ရှားရဲအောင် ဖြစ်နေသည်။
ယင်းမှာ ဝတ်စုံဖြူနှင့် မျက်နှာမဲ့အမျိုးသမီးက သူ့ထံ လျှောက်လာနေခြင်းကြောင့် ဖြစ်ပေသည်။
ထိုကဲ့သို့ သတ္တဝါမျိုးကို ရင်ဆိုင်ရမည်ဆိုပါက အလျင်အမြန် မလှုပ်ရှားသင့်ကြောင်း သူ ကောင်းစွာ သိထားသည်။ ထိုသို့မဟုတ်ပါက သူ၏အကြီးအကဲနည်းတူ တူညီသောကံကြမ္မာဆိုးနှင့် ကြုံတွေ့သွားရပေလိမ့်မည်။ သို့ဖြစ်၍ သူ ထိတ်လန့်တုန်ရီနေစဉ် ဝတ်စုံဖြူဝတ် မျက်နှာမဲ့အမျိုးသမီးသည် သူ့ကို ကျော်ဖြတ်ကာ အဝေးကို တဖြည်းဖြည်း ရောက်သွားသည်။
ထိုအခါမှသာ ဂိုဏ်းစောင့်ဘိုးဘိုးသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော်လည်း မည်သည့်အတွက်ကြောင့်မသိ သူ၏ရင်ထဲတွင် သံသယစိတ်များ ကြီးစိုးလာရသည်။
“ အဲဒီမကောင်းဆိုးဝါးကို ငါ တွေ့တာ နှစ်ခါရှိပြီ။ ဘာလို့ အဲဒီမကောင်းဆိုးဝါးက အဲဒီခွေးကောင်လေးကို ကူညီနေတယ်လို့ ငါ ထင်နေရတာတုံး ”
“ ထူးဆန်းလိုက်တာ … ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အံတင်းတင်းကြိတ်၍ ရွှီချင်း ထွက်သွားသည့်အရပ်ကို ကြည့်လိုက်သည်။ ထိုအကြောင်းကို သူ တွေးမိသည်နှင့်အမျှ ထိုကလေးကို သတ်ချင်စိတ်သာ ပို၍ တိုးလာရသည်။ ထို့ကြောင့် သူသည် လျင်မြန်စွာ နောက်ယောင်ခံလိုက်သွားသည်။
ညအမှောင်ထုထဲ၌ ဟိန်းဟောက်သံများ လွင့်ပျံနေပြီး မြို့စွန်းနေရာတိုင်း ပဲ့တင်ထပ်သွားကာ စူးစူးဝါးဝါး အော်ဟစ်ရယ်မောသံများလည်း တစ်ချက်တစ်ချက် ပဲ့တင်ထပ်နေပေသည်။
လရောင်အောက်၌ နေရာအနှံ့ ရှိနေသည့် ပျက်စီးနေသော နံရံကျိုးများသည် မိစ္ဆာများအဖြစ် ပြောင်းလဲသွားကြသည့်အလားပင်။ ယင်းသည် မြို့ပျက်ကြီးနှင့်ပတ်သက်၍ ထူးဆန်းသော ခံစားချက် ပို၍သာ ဖြစ်စေသည်။
မြို့ပျက်ကြီးထဲတွင် ပြေးလွှားနေသော ရွှီချင်းသည် ဟိန်းဟောက်သံများနှင့် မြို့ပျက်ကြီး၏ ထူးဆန်းမှုများကို ရင်းနှီးနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သို့သော်လည်း သူ၏မျက်နှာ ဖြူဖျော့နေရဆဲပင်။ မရေမတွက်နိုင်သော စူးစူးဝါးဝါးအကြည့်များ၏ စိုက်ကြည့်ခြင်း ခံနေရကာ ရေခဲတမျှ အေးစက်စက်အငွေ့အသက်များက သူ၏ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာနေသည့်အလား သူ ခံစားနေရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပို၍ အေးစက်စက်ဖြစ်လာသောအခါ လင်းတကို အမဲလိုက်ခဲ့သည့်နေရာကို ရောက်လာပြီဖြစ်သည်။ ထိုနေရာကို သူ အကြည့်ရောက်သွားပြီးနောက် သူ၏မျက်လုံးများ ချက်ချင်း မှေးသွားသည်။
မနီးမဝေးနေရာရှိ ရွှံ့ထဲနစ်ဝင်နေခဲ့သော မြင်းလှည်းပျက်ကြီး၌ လှည်းဝင်ရိုးတွင် ရှိနေသင့်သော သွေးရောင်ယုန်ရုပ်ကလေးက နေရာပြောင်းသွားပြီဖြစ်သည်။ ၎င်းသည် တွဲလောင်းကျမနေတော့ဘဲ ရွှီချင်းကို ကျောပေး၍ လှည်းပျက်ကြီးပေါ်တွင် ထိုင်နေသည်။
ရွှီချင်း၏ဦးရေခွံများ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရပြီး ထိုနေရာမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။
မကြာခင် ထိုနေရာကို ဂိုဏ်းစောင့်ဘိုးဘိုး ရောက်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ ကြည့်ရှုလိုက်သောအခါ မြင်းလှည်းကို မြင်လိုက်ရပြီး မြင်းလှည်းပေါ်ရှိ သွေးရောင်ယုန်ရုပ်လေးက သူ့ဘက်လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုယုန်ရုပ်၏မျက်လုံးများသည် ဝိုးတစ်ဝါးဖြစ်နေပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်ကာ နီမြန်းနေသည်။ ၎င်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သွေးအေးစွာ ကြည့်နေသည်။