သီယင်း သူ့ကိုလွှတ်လိုက်
Vol. 49 Ch. 722
ဆူဇီမိုသည် ခိုင်မာသော အကြည့်တစ်ခုနှင့်အတူ မတ်တပ်ထရပ်လိုက်၏။
ထိုနာမည်ကိုကြားရချိန်တွင် သူပင်လျှင် ဣန္ဒြေ ကောင်းကောင်း မဆည်နိုင်တော့ပေ။
လွန်ခဲ့သည့် ဆယ်နှစ်က နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေတွင် သူနှင့် သီယင်းက တိုက်ခိုက်ဖလှယ် ခဲ့ကြပြီး သူတို့နှစ်ယောက်စလုံးက ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြလေသည်။
ဒါ့အပြင် သီယင်းသည် အနီးကပ်တိုက်ခိုက်ရည်မှာ သု့ကိုယှဉ်နိုင်သော တစ်ဉီးတည်းသောလူ ဖြစ်လေသည်။
ထိုလူက မည်သို့သော အံ့မခန်းအခွင့်အရေးများကို တွေ့ကြုံပြီး သူ၏ ခန္ဓာကိုယ်ကို ထိုမျှ ကြောက်စရာကောင်းသည့် အတိုင်းအတာထိ ဘယ်လိုမျိုး ကျင့်ကြံထားနိုင်လဲ ဆူဇီမို မသိပေ။
၁၀နှစ်ကြာပြီးနောက် သူကဘယ်လောက်များ ပိုပြီးတော့ တိုးတက်လာခဲ့သလဲ သူက သိချင်မိလေသည်။
လေထဲတွင် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြလေသည်။
လူတိုင်းသည် နန်းတော်၏ ထိပ်ဖျားသို့ ရောက်ရှိလာကြပြီး အသင်္ချေနယ်မြေမြို့တော်ကို ငုံ့ကြည့်လိုက်ကြ၏။
တစ်ချိန်တည်းနီးပါးမှာပင် အသင်္ချေနယ်မြေ မြို့တော်ထဲတွင် ပုံရိပ်များက အတန်းလိုက် ပေါ်ထွက်လာကြလေသည်။
လူတိုင်း၏အကြည့်က မြို့တော်သို့ ရောက်ရှိလာသော သီယင်းပေါ်သို့ ကျရောက်သွားကြလေသည်။
“ဂါး”
ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာလေသည်။
အလွန်ကြီးမား၍ ကြောက်မက်ဖွယ်ရာကောင်းသော သားရဲတောကောင်တစ်ကောင်သည် လမ်းမထက်တွင် လွှမ်းမိုးခြယ်လှယ်စွာ လျှောက်လှမ်းလာပြီး ရှေ့တွင်ရှိသော လူတိုင်းသည် ကြောက်လန့်တကြားဖြင့် လမ်းဖယ်ပေးလိုက် ကြလေသည်။
သားရဲတောကောင်၏ ကိုယ်ပေါ်ရှိ သားမွေးများက အလွန်တရာရှည်လျားပြီး ကျားတစ်ကောင်၏ ပုံစံနှင့် ဆင်တူလေသည်။ ၎င်းက လူမျက်နှာ ကျားခြေထောက် တောဝက်အစွယ် တို့ရှိပြီး သူ၏အမြီးက တစ်ရာ့ရှစ်ပေ အထိ ရှည်လေသည်။ မနှိုင်းယှဉ်သာအောင် ထက်ရှသော ဉီးချို ၄ ချောင်းကလည်း လေထဲမှာ ငွားငွားစွင့်စွင့် ပေါ်ထွက်နေလေသည်။
၎င်းက ကမ္ဘာဉီး ကြမ်းကြုတ်တောကောင် ထောင်ဝူပင် ဖြစ်လေသည်။
အသင်္ချေနယ်မြေ မြို့တော်ထဲရှိ ကျင့်ကြံသူများစွာသည် သူတို့၏ စိတ်ဝိညာဉ်တောကောင်များကို စီးနင်း၍ ရောက်ရှိလာကြလေသည်။
သို့သော်လည်း ထောင်ဝူနှင့်ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဉ်တောကောင်များ အားလုံးသည် ကျိုးနွံ့စွာ ဝပ်တွား၍ ကြောက်လန့်တကြား တအီအီ အော်မြည်နေကြလေသည်။
ရှေ့ကနေ အချိန်မီ မရှောင်ရှားနိုင်သော ရှေးဉီး အဆက်နွယ်တောကောင်များသည် ထောင်ဝူ၏ ကိုက်ယူ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သွေးများက နေရာတိုင်းမှာ ပျံ့ကျဲသွားလေသည်။
ထိုရှေးဉီးအဆက်အနွယ် တောကောင်များ၏ ပိုင်ရှင်များက အလန့်တကြားဖြစ်သွားကြပြီး သူတို့၏ လက်သီးများကို ဆုပ်ကာ သူတို့၏ စိတ်ကို ချုပ်တည်း၍ ထွက်ခွာသွားကြလေသည်။
မြို့တော်အတွင်းတွင် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို တားမြစ်ပိတ်ပင်ထားသော်လည်း စိတ်ဝိဉာဏ်တောကောင်များကြား သတ်ဖြတ်ခြင်းကိုတော့ ကန့်သတ်ထားခြင်း မရှိပေ ။
“အဲ့ဒါက ကမ္ဘာဉီးခေတ်က သက်ရှိပဲ သူက အံ့မခန်းခွန်အားနဲ့ အရမ်းကို ကြမ်းကြုတ် ခက်ထန်တယ်”
မသိလိုက် မသိဘာသာနှင့်ပင် ပကတိအရှင်လောရွှယ်က လူတိုင်း၏နောက်သို့ ရောက်ရှိလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သည့် ၁၀နှစ်က ဤကမ္ဘာဉီး ကြမ်းကြုတ်တောကောင်သည် သူ့လက်ထဲမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့လေသည်။ ၎င်းက အလွန်တရာ သန်မာသော်လည်း ဆူဇီမို၏ လက်ချက်ဖြင့် သူ၏ ဉီးခေါင်းက မြေကြီးထဲမှာ နစ်ဝင်သွားခဲ့လေသည်။ သို့သော်လည်း ၎င်းက သေမသွားခဲ့ပေ။
ယခုအခါ ၁၀နှစ်ကြာပြီးနောက် ထိုကမ္ဘာဉီး ကြမ်းကြုတ်တောကောင်က များစွာပို၍ ကြောက်စရာ ကောင်းလာပုံ ရလေသည်။
“ငါကတော့ သူ့ပြိုင်ဖက် မဟုတ်ဘူး” ရွှေခြင်္သေ့က ခေါင်းခါပြီး သုန်မှုန်နေသော အမူအရာနှင့် ပြောလိုက်၏။
စိတ်ဝိညာဉ်ကျားသည် ထောင်ဝူထံမှ ထွက်ပေါ်လာသော အော်ရာကို ခံစားမိပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ “အဲ့ဒီ့ကောင်ကို ကိုင်တွယ်ရမှာတော့ ပြဿနာ နည်းနည်းရှိတယ်”
မျောက်က ဆိတ်ဆိတ်(တိတ်ဆိတ်) နေပြီး အထင်သေးသည့် ပုံစံဖြင့် သူ၏ နှုတ်ခမ်းကို စုဝိုင်းထားလေသည်။
သူကမာန်မာန ကြီးသော သဘာဝရှိပြီး သူက တစ်ဖက်လူကို အနိုင်မရနိုင်လျှင်တောင် ရှုံးနိမ့်သည်ဟု သေချာပေါက် ဝန်ခံမှာမဟုတ်ပေ။
လက်ရှိ သူတို့အားလုံးထဲတွင် ညဝိညာဉ်ကတော့ ဣန္ဒြေ အရဆုံး ဖြစ်လေသည်။
သူက မြို့ထဲသို့ အတင်း ဖြဲခွဲ၍ ဝင်ရောက်လာသော ထောင်ဝူကို အေးစက်စက်အကြည့်နှင်သာ ကြည့်နေလေသည်။ သူ၏ မျက်လုံးများထဲမှာ မည်သည့် စိတ်ခံစားချက်မှ မရှိပဲ ရေကဲ့သို့ ကြည်လင်နေလေသည်။
ထောင်ဝူက ဒီလောက်တောင် ကြောက်စရာ ကောင်းနေသည် ဆိုလျှင် ဤကမ္ဘာဉီးကြမ်းကြုတ်တောကောင်ကို နှိမ်နင်းနိုင်သောလူက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။
အသင်္ချေနယ်မြေ မြို့တော်ထဲရှိ မရေမတွက်နိုင်သော အကြည့်များက တစ်စုံတစ်ယောက်အပေါ်မှာ စွဲမြဲစွာ ကျရောက်သွားလေသည်။
ကမ္ဘာဉီးကြမ်းကြုတ်တောကောင်၏ ကျောပေါ်တွင် လူတစ်ယောက်က ထိုင်နေလေသည်။
ထိုလူက အသက်ကြီးသေးပုံ မရပဲ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ မျက်ခုံးများက နားထင်စပ်ထိ ရောက်နေပြီး သူ၏မျက်လုံးများကို မှိတ်ထားကာ ထူးမခြားသော အမူအရာဖြင့် ရှိနေလေသည်။ သူ့ထံမှ နေရာတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ဖိနှိမ်နိုင်သော အော်ရာက ပေါ်ထွက်လာလေသည်။ သူကတော့ ယခင် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သော ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် ရွှေအမြုတေသီယင်းပင် ဖြစ်လေသည်။
ယခုအခါ နှစ်တစ်ရာကြာပြီးနောက် သီယင်းသည် ရင်းနှီးခဲ့ဘူးသော ဤနေရာသို့ တစ်ဖန် ပြန်ရောက်လာခဲ့လေသည်။ သူက ကမ္ဘာတစ်ခုလုံးကို အုပ်စိုးသော ဧကရာဇ်တစ်ပါး အလား မည်သူမှ သူ့ကို မတားဆီးနိုင်ကြပေ။
“သူရဲ့ဂုဏ်သတင်းက ကြားရတာထက်ကို ကျော်လွန်နေတာပဲ.. ဒီလူက တစ်ကယ့်ကို ကြောက်စရာ ကောင်းတဲ့လူပဲ” ကျိချန်းရှန်၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူက ခေါင်းကိုခါကာ တစ်နည်းတစ်ဖုံ အားငယ်စွာနှင့် ပြောလိုက်လေသည်။
“ငါကတော့ အဲ့လူကို စပြီး တိုက်ခိုက်ဖို့တောင် သတ္တိမရှိဘူး”
တိုက်ပွဲမစခင်ကပင် ရှုံးနိမ့်ခြင်းပင်။
လူတစ်ယောက်၏ အော်ရာက ဘယ်လောက်တောင် စွမ်းအားကြီးနိုင်သလဲဆိုတာ ထိုအရာက သက်သေပင်။
သူတို့က ကီလိုမီတာ များစွာ ခြားနေတာတောင် အဲဒါက ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေကို သက်ရောက်မှု ရှိနိုင်လေသည်။
အစကတည်းက သီယင်းသည် သူ့မျက်လုံးများကို လုံးဝ မဖွင့်ခဲ့ပေ။
အဲဒါသည် သူက အနားယူနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ဒါမှမဟုတ် အသင်္ချေနယ်မြေ မြို့တော်ထဲတွင် သူကြည့်ရှုရလောက်အောင် ထိုက်တန်သည့်သူ မရှိတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
ထောင်ဝူပေါ်မှာ ထိုင်နေရင်း မြို့တော်ထဲသို့ ဝင်ရောက်လာသော သူ၏ အပြုအမူ တစ်ခုတည်းကပင် အသင်္ချေနယ်မြေ မြို့တော်ထဲရှိ ကျင့်ကြံသူများ အားလုံးအပေါ် ကြီးမားသော ဖိအားကို သက်ရောက်စေခဲ့လေသည်။
နိုးထဝိညာဉ် များတောင်မှ ချွင်းချက် မရပေ။
ပကတိအရှင်လောရွှယ်က မယုံကြည်နိုင်သည့်ပုံဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုး ရေရွှတ်လိုက်လေသည်။
“သူ့ခွန်အားက ဒီလောက် အတိုင်းအတာ အထိတောင် ကြီးမားလာခဲ့ပြီလား”
သီယင်း၏အနောက်တွင် သတ်လက်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က ထပ်ကြပ်မကွာ လိုက်ပါ လာလေသည်။
“ပကတိအရှင် ဟွင်ယီလား”
ပကတိအရှင်လောရွှယ်၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားပြီး သူမက တိုးတိတ်စွာ ပြောလိုက်လေသည်။
“သူတောင်မှ ဒီနေရာကို ရောက်လာတယ်ဆိုတော့”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားလေသည်။
သီယင်းနှင့် ပကတိအရှင် ဟွင်ယီ၏ နောက်တွင် ကစဉ့်ကလျား အမြုတေဂိုဏ်းမှ ကျင့်ကြံသူများ လိုက်ပါလာလေသည်။ ထိုထဲတွင် လင်းရွှမ်ကျီကို ရှုံးနိမ့်ခဲ့သော နီဟောက်လည်း ပါ၀င်လေသည်။
ရုတ်တရတ်ဆိုသလို..
“ဟမ်”
ဆူဇီမိုသည် သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ့အကြည့်က ကစင်ကလျားအမြုတေဂိုဏ်းထဲမှ လူအုပ်ကြီးထဲရှိ ကျင့်ကြံသူ တစ်ယောက်အပေါ်သို့ ကျရောက်သွားလေသည်။
အတိအကျဆိုရလျှင် အဲဒါက ဦးပဉ္ဇင်းလေးတစ်ပါး ဖြစ်လေသည်။ သူ၏လက်များကို တောက်ပသော ငွေရောင်ကြိုးတစ်ချောင်းဖြင့် တုပ်နှောင်ထားပြီး အဲဒါက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ကန့်သတ် ထားနိုင်လေသည်။ သူ့ကို တွန်းထိုး၍ ရှေ့သို့ အတင်းခေါ်ဆောင်လာကြလေသည်။
ထိုဘုန်းကြီးလေးကတော့ ရှေးဟောင်းတိုက်ပွဲပြင်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမိုနှင့် ကွဲကွာသွားခဲ့သော မင်းကျန်ပင် ဖြစ်လေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က အသင်္ချေနယ်မြေ မြို့တော်ထဲတွင် များစွာသော ကျင့်ကြံသူများ စုဝေးလာကြသော်လည်း မင်းကျန်၏ သတင်းကတော့ အစအန ပျောက်နေခဲ့လေသည်။
မင်းကျန်၏ အစွမ်းအစ အရဆို ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ကို ဖိနှိမ်နိုင်သောသူက အနည်းအကျင်းသာ ရှိလေသည်။ မင်းကျန်က သူတို့ကို မနိုင်ဘူးဆိုလျှင်တောင် သူက သေချာပေါက် ထွက်ပြေးနိုင်စွမ်း ရှိလေသည်။
ယခုတော့ သူက သီယင်းနဲ့မှ တည့်တည့်သွားတိုးရသည်ဆိုတော့ ……
မင်းကျန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ရှိနေပြီး သူ၏အသားများက ဆုတ်ပြဲနေကာ သွေးပြည်များက စီးကျနေလေသည်။ လမ်းတလျှောက်တွင် သူက ပြင်းပြင်းထန်ထန် နှိပ်စက်ခံလာရသည်မှာ သိသာလေသည်။
ဆူဇီမို၏ အကြည့်က အေးစက်လာလေသည်.
မင်းကျန်သည် နဂါးသင်္ချိုင်း တောင်ကြားအောက်ခြေတွင် သုတ္တန်များကို ရွတ်ဖတ်ပြီး ဗုဒ္ဓဝါဒနှင့် ဇင်ဝါဒကို နေ့စဉ် လေ့လာခဲ့လေသည်။ သူက ပဋိပက္ခ ခိုက်ရန်ဖြစ်ပွါးခြင်းများကို ဝေးဝေးရှောင်ပြီး ပကတိရိုးသားမှုနှင့် အပြစ်ကင်းစင်သော စိတ်နှလုံးတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဆူဇီမိုက မေးခွန်းတစ်ခု မေးသည့်အချိန်တိုင်း မင်းကျန်သည် စိတ်မရှည်မှု အနည်းငယ်ပင်မရှိပဲ သေသေချာချာ ရှင်းပြတတ်လေသည်။
စီနီယာအရ ဆိုလျှင်လည်း မင်းကျန်က သူ၏ စီနီယာအစ်ကို ဖြစ်လေသည်။
သို့သော်လည်း မင်းကျန်က အလွန်တရာ ငယ်ရွယ်သေးပြီး ဆူဇီမိုက သူ့ကို ညီငယ်လေးတစ်ယောက်အဖြစ် အမြဲတမ်း မှတ်ယူထားလေသည်။
ယခု မင်းကျန်၏ အခြေအနေကို မြင်ရသောအခါ ဆူဇီမို၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က ချက်ချင်း ထကြွလာလေသည်။
“ဟမ်…”
သီယင်းသည် တစ်ခုခုကို အာရုံခံမိသွားပြီး သူ့မျက်လုံးများက ဆက်ကနဲ ပွင့်သွားလေသည်။
အစကတော့ အသင်္ချေနယ်မြေ မြို့တော်ထဲတွင် ထိန်ထိန်လင်းနေပြီး နေသာနေခဲ့လေသည်။
သီယင်းက သူ့မျက်လုံးများကို ဖွင့်လိုက်သည့် ခဏမှာပင် နေရာတစ်ခုလုံးသို့ အရိပ်တစ်ခုက လွှမ်းခြုံလာပြီး အပူချိန်က ထိုးကျလာလေသည်။
အသင်္ချေနယ်မြေ မြို့တော်ထဲရှိ ကျင့်ကြံသူများစွာသည် သူတို့၏ နှလုံးများက တဒုတ်ဒုတ် ခုန်၍ တသိမ့်သိမ့် တုန်ယင်သွားပြီး သူတို့၏ ခေါင်းမွေးများက ထောင်ထလာလေသည်။
သီယင်း၏ အာရုံခံစိတ်က အရမ်းကို ထက်ရှလေသည်။
ဆူဇီမိုက ရန်လိုစိတ်ဖြစ်ပေါ်လာသည့်ခဏမှာပင် သူက ချက်ချင်း အာရုံခံမိလိုက်လေသည်။
သူတို့နှစ်ယောက်၏ အကြည့်များက လေထဲမှာ ဆုံတွေ့သွားကြလေသည်။
“ဟာ…. အဲ့ဒါက ဆူဇီမိုပဲ”
“တစ်ယောက်က လက်ရှိနံပါတ်တစ် ရွှေအမြုတေ.. နောက်တစ်ယောက်ကလဲ ဒဏ္ဍာရီလာ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတား.. သူတို့နှစ်ယောက်က ထိပ်တိုက် ရင်ဆိုင် ကြတော့မှာလား”
များစွာသောကျင့်ကြံသူများသည် တီးတိုး ပြောဆိုလိုက်ကြ၏။
သူတို့နှစ်ယောက်၏ အော်ရာက ဆက်တိုက် မြင့်တက်လာနေပြီး မည်သူကမှ အားနည်းမှုကို ဖော်မပြလိုကြပေ။
ရုတ်တရတ် ဆူဇီမိုက အလွန်တရာကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်လေသည်
“သီယင်း သူ့ကိုလွှတ်လိုက်!”
ဆူဇီသည် ထိုအသံတွင် ဗုဒ္ဓကျောင်းတော်များမှ အသံနည်းစနစ်တစ်ခုကို ထည့်သွင်း အသုံးပြုထားပြီး သူ့အသံက ဟိန်းထွက်နေကာ လူတိုင်းကို ငူငိုင်နေရာကနေ နိုးထလာစေသည်။ များစွာသော ကျင့်ကြံသူများသည် ရင်ထဲမှာ တလျှပ်လျှပ် ဖြစ်လာသည်ဟု ခံစားလိုက်ရလေသည်။ စိတ်အားငယ်သော လူများဆိုလျှင် ချက်ချင်းပင် ဉီးညွှတ်သွားနိုင်လေသည်။
နေရာတစ်ခုလုံက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
အသင်္ချေနယ်မြေ မြို့တော်ထဲတွင် သီယင်းကို ဤပုံစံ ဤလေသံဖြင့် ပြောဆိုရဲသည့်လူ တစ်ယောက်မှ မရှိပေ။
နိုးထဝိဉာဏ်များတောင်မှ သီယင်းကို လေးစားမှု ထားရလေသည်။
အဲ့ဒါက သီယင်းသည် လွန်ခဲ့သည့်နှစ်တစ်ရာကတည်းက နိုးထဝိဉာဏ် အဆင့်သို့ တက်လှမ်းနိုင်သောကြောင့်ပင်။
သူသည် သူ၏ကျင့်ကြံမှုကို တမင်တကာ ချိုးနှိမ်ပြီး အသင်္ချေနယ်မြေ တောင်ထွတ်သို့ တစ်ဖန်ပြန်တက်ကာ ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်တွင် သူ၏နာမည်ကို ချန်ထားနိုင်ဖို့ ဤနေ့ ဤအချိန်ထိ စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။
ဒါ့အပြင် သူက နိုးထဝိဉာဏ်အဆင့်သို့ တက်လှမ်းသည်နှင့် ထိပ်တန်းအဆင့် နိုးထဝိညာဉ်တစ်ယောက် သေချာပေါက် ဖြစ်လာမည်ဖြစ်ပြီး ရှေးဟောင်းတိုက်ပွဲမြေရှိ ပကတိအရှင်များ အားလုံးကို ဖိနှိမ်နိုင်ပေလိမ့်မည်။
ထိုနှစ်ယောက်က တွေ့ဆုံစဉ်မှာပင် ပဋိပက္ခ ဖြစ်လာကြလိမ့်မည်ဟု မည်သူမှ မထင်ထားမိကြပေ။
ဒါ့အပြင် ဆူဇီမို၏ စကားအရ သူက တစ်စုံတစ်ရာကို သွယ်ဝိုက်၍ ပြောဆိုနေပုံ ရလေသည်။