မင်းက ဘောင်မဝင်ဘူး
Vol. 49 Ch. 723
ဘုန်း..
ဆူဇီမိုသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူ့နောက်မှာ ပုံရိပ်ယောင်များက ကျန်ရစ်ခဲ့၏။ သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူအုပ်ကြီးရှေ့ လမ်းမထက်သို့ ဥက္ကာခဲတစ်ခု ပြိုကျလာသလို ပြင်းထန်စွာ ဆင်းသက်လိုက်လေသည်။
သူ့ခြေထောက်အောက်ရှိ ကျောက်ချပ်က ပြိုကွဲသွားပြီး အက်ကွဲကြောင်းများက အပြင်ဘက်သို့ ဆန့်တန်းထွက်သွားလေသည်။
ဖုန်များက တထောင်းထောင်း ထသွား၏။
ဘုန်း.. ဘုန်း.. ဘုန်း..
ဖက်တီးလေး၊ ရှစ်ကျန့်၊ မျောက်နှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၍ မြေပြင်တစ်ခုလုံးက တုန်ခါသွားလေသည်။
မည်သို့ပင် ဖြစ်ပါစေ.. အခြေအနေမရွေး သူတို့က ဆူဇီမို၏ ဘက်ကနေ ရပ်တည်ကြမည်သာ။
ဆူဇီမိုကို မြင်သောအခါ မင်းကျန်သည် သတိဝင်နိုးထလာလေသည်။
သီယင်း၏ ထောင်ဝူ၏ ကျောပေါ်တွင် ထိုင်နေပြီး သူ့နှုတ်ခမ်းများကို အပြုံးတုတစ်ခုအဖြစ် ကွေးညွှတ်၍ မလှမ်းမကမ်းရှိ ဆူဇီမိုကို စိုက်ကြည့်နေလေသည်။
နီဟောက်က ဆူဇီမိုကို လက်ညိုးထိုးပြီး လှမ်းအော်လိုက်၏။
“မင်း ဘယ်သူလဲ.. စီနီယာအစ်ကိုသီရဲ့ရှေ့မှာ အဲ့လိုလေသံနဲ့ ဘယ်လိုတောင် လာပြောရဲနေတာလဲ”
“ဟွန်း”
ဖက်တီးလေးက လှောင်ရယ်၍ အားနည်းမှုကို မပြလိုပေ။
“မင်းကရော ဘယ်သူမို့လို့.. ဒီနေရာမှာ ဟောင်ဖွာဟောင်ဖွာ လာလုပ်နေတာလဲ”
“မင်း...”
ဖက်တီးလေးကို နီဟောက်ကို ဖြတ်ပြောလိုက်လေသည်။
“အခြားတစ်ယောက်ကို ရန်သွားစပြီး သူပဲ ခွေးတစ်ကောင်လို ရုပ်ပျက်ဆင်းပျက် ထုရိုက်ခံခဲ့ရတာ ဘယ်သူများပါလိမ့်.. အိုး လခွမ်းထဲမှ.. သူ့အဘိုးအဘွားတွေသာ သိရင် ဘယ်လောက်တောင် ရှက်လိုက်မလဲ”
“ဟဟဟားဟား...”
မျောက်နှင့် အခြားသူများသည် ဟားတိုက် ရယ်မောလိုက်ကြ၏။
ဖက်တီးလေးက စကားပြောကောင်းလေသည်။ နီဟောက်က သူ့ကို ယှဉ်ပြောနိုင်စရာ အကြောင်းမရှိပေ။
ကြယ်တာရာနဂါးခံတွင်းတွင် လင်းရွှမ်ကျီက နီဟောက်ကို ရိုက်ပုတ်ထုနှက်၍ ဆုံးမခဲ့ပုံကို သူက ရည်ရွယ်ပြောခြင်း ဖြစ်လေသည်။
နီဟောက်သည် တစ်ကယ်ပင် စိတ်ထဲမှာ ဒေါသထောင်းထောင်း ထလာသော်လည်း သူက လုံးဝ မငြင်းနိုင်ပေ။
ဘေးပတ်ဝန်းကျင်မှ တောက်လောင်နေသော အကြည့်များကို ခံစားမိသောအခါ နီဟောက်၏ မျက်နှာက နီမြန်းလာလေသည်။ သို့သော်လည်း သူသည် မုန်းတီးစွာနှင် လက်သီးကိုသာ ဆုပ်ထားနိုင်ပြီး ဘာစကားမှ ထပ်မပြောနိုင်ပေ။
“သီယင်း.. ငါ အဲ့ဒါကို နောက်တစ်ခေါက် ထပ်ပြောလိုက်မယ်”
ဆူဇီမိုက အေးစက်စက်အကြည့်နှင့်အတူ သူ့ခေါင်းကို အနည်းငယ်မော့ပြီး ဖြည်းဖြည်းချင်း ထပ်ပြောလိုက်၏။
“သူ့ကို လွှတ်လိုက်”
သီယင်းက တည်ငြိမ်သော အမူအယာဖြင့်ပင် ရှိနေပြီး မယိမ်းယိုင်ပေ။ သို့သော်လည်း သူ့မျက်လုံးများထဲရှိ လှောင်ပြောင်လိုရိပ်ကတော့ သိပ်သည်းလာလေသည်။
“ဆူဇီမို.. အရမ်းကာရော လျှောက်မလုပ်နဲ့”
ပကတိအရှင်လောရွှယ်၏ အသံက သူ့စိတ်အာရုံထဲသို့ ဝင်ရောက်လာ၏။
“မြို့တော်ထဲမှာ ကျင့်ကြံသူတွေကြား တိုက်ခိုက်တာကို တားမြစ်ထားတယ်.. ဒီအုတ်အော်သောင်းတင်းမှာ လူတိုင်းက အာရုံစိုက်လာကြပြီ.. ဒီလောက်လူတွေအများကြီးရှေ့မှာ နင် မဆင်မခြင် လျှောက်လုပ်ရင် နင်က သေချာပေါက် အသတ်ခံရလိမ့်မယ်”
ဆူဇီမိုသည်လည်း အဲ့ဒါကို ကောင်းကောင်း သိထားလေသည်။
ပကတိအရှင်လောရွှယ်က သူ့ကို ခြိမ်းခြောက်နေခြင်း မဟုတ်.. အဲ့ဒါက အမှန်ပင် ဖြစ်လေသည်။
သူက အသင်္ချေနယ်မြေမြို့တော်၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်မိလျှင် သူမတောင်မှ သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မင်းကျန်က သီယင်းလက်ထဲ ရောက်နေမှတော့ သူက ဒီတိုင်းငြိမ်နေလို့ မရတော့ပေ။
“ဆူဇီမို.. ငါ ပြောခဲ့တာကို မင်းမှတ်မိသေးလား”
သီယင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်မလာခဲ့နဲ့.. မဟုတ်ရင် မင်း ဒီနေရာမှာ သေရလိမ့်မယ်လို့ ငါမင်းကို သတိပေးခဲ့တယ်လေ”
ထိုသို့ သူပြောလိုက်သောအခါ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
“သူတို့ပြောတဲ့ လေသံအရဆို.. သူတို့က အရင်ကထဲက တစ်ယောက်နဲ့တစ်ယောက် သိနေကြတဲ့ပုံပဲ”
“အင်း.. ကြည့်ရတာတော့ သူတို့က ဟိုးအရင်ကထဲက တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရန်စ ရှိခဲ့ကြပုံပဲ”
ဆူဇီမိုက အေးစက်စွာ ပြောလိုက်လေသည်။
“အဲ့တုန်းက မင်းရဲ့ တောကောင်ကို ထုရိုက်ခဲ့တာက ငါပဲ.. တခြားလူတွေနဲ့ ဘာမှ မပတ်သတ်ဘူး.. မင်းမကျေနပ်ရင် ငါနဲ့ တဲ့တဲ့ လာရှင်းလိုက်လေ”
“ဟဲဟဲ.. စိတ်ဝင်စားစရာပဲ”
သီယင်းက ရယ်မောလိုက်၏။
“မင်း သူ့ကို လွှတ်ပေးစေချင်ရင်.. တစ်ခုခုနဲ့ ညှိနှိုင်းမှ ရမှာပေါ့”
“မင်း ဘာလိုချင်လို့လဲ”
“မင်းရဲ့ ညာဘက်လက်”
အသင်္ချေနယ်မြေမြို့တော်က ချက်ချင်း တိတ်ဆိတ်သွားကြ၏။
ဆူဇီမို၏ ညာဘက်လက်က ဒဏ္ဍာရီလာ နတ်ဖီးနစ်အရိုး ဖြစ်လေသည်။
အဲ့ဒါက လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခု ဖြစ်၏။
ဒဏ္ဍာရီလာ ဂမ္ဘီရပစ္စည်း..
အဲ့ဒါက မည်သည့်မူလစိတ်ဝိညာဉ်လက်နက် သို့မဟုတ် မည်သည့်မူလဓမ္မလက်နက်မှတောင် မယှဉ်နိုင်သော ရတနာတစ်ခု ဖြစ်လေသည်။
“ဟီးဟီး.. ဟဟားဟား...”
ရုတ်တရက် ဆူဇီမိုက ရယ်ချလိုက်ပြီး ထီမထင်စွာနှင့် ပြောလိုက်၏။
“သီယင်း.. မင်းက ကြောက်နေတာလား”
“ငါက မင်းကို.. ကြောက်ရမှာတဲ့လား” သီယင်းသည် ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့်အလား ပြုမူလိုက်လေသည်။
ဆူဇီမိုက ခေါင်းခါလိုက်၏။
“မင်းက အသင်္ချေနယ်မြေကျောက်စာတိုင်မှာ မင်းနာမည်ကိုလဲ ချန်ချင်သေးတယ်.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာလဲ ရပ်တည်ချင်သေးတယ်.. ဒါပေမယ့် မင်းက ကြောက်နေတယ်.. မင်းက ငါနဲ့ တဲ့တဲ့ရင်ဆိုင်ဖို့တောင် သတ္တိရှိမနေဘူး”
“ဟမ့်”
ထောင်ဝူက သူ့မျက်လုံးများထဲမှာ အဆုံးမဲ့ အမုန်းတရားများနှင့် ဆူဇီမိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက သူသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရလေသည်။ အဲ့ဒါက သူ့ဘဝမှာ အကြီးမားဆုံး အရှက်ခွဲခံခဲ့ရခြင်း ဖြစ်လေသည်။
ပြီးခဲ့သည့် ဆယ်နှစ်အတွင်း.. သီယင်း၏ အကူအညီဖြင့် သူသည် များစွာသော အခွင့်အလမ်းများနှင့် အတွေ့အကြုံများကို ရရှိခဲ့လေသည်။ ထိုသို့ဖြင့် သူ၏ ခွန်အားက နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်လာခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှုလည်း ရှိလာခဲ့လေသည်။
ထောင်ဝူက မြေကြီးကို ဒေါသတကြီး ဆောင့်နင်း၍ အံကိုကြိတ်လိုက်၏။
“မင်းက ငါ့သခင်နဲ့ တိုက်ခိုက်ချင်ရင် ငါ့ကိုပဲ အရင်ဖြတ်ကျော်ကြည့်လိုက်ဦး”
“မင်းကိုမင်း အဲ့လောက် ဘောင်ဝင်တယ် ထင်နေတာလား”
ဆူဇီမိုက ဖြတ်ကြည့်၍ ဟိန်းဟောက်လိုက်၏။
“ထွက်သွားစမ်း!”
မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်သော မြည်ဟည်းသံက ပေါက်ကွဲထွက်ပေါ်လာလေသည်။
ဆူဇီမို၏ ပါးစပ်ထဲကနေ ကြီးမားပြင်းထန်သည့် လေစီးကြောင်းတစ်ခုက ကန်ထွက်လာပြီး ဆိုင်ကလုန်းတစ်ခုနီးပါး ဖြစ်သွားလေသည်။
ထောင်ဝူသည် အငိုက်မိသွားပြီး တသိမ့်သိမ့် တုန်ရီသွားကာ သူ့နားထဲမှာ ထိုအသံက တဝီဝီ မြည်နေလေသည်။ သူသည် ထိုလေပွေ၏ ရိုက်ချက်ဖြင့် ဟန်ချက်ပျက်ပြီး အထိန်းအကွပ်မဲ့စွာ နောက်သို့ လန်ကျလာလေသည်။
သီယင်းက မျက်မှောင်ကြုတ်၍ သူ့ခန္ဓာကိုယ်ကို ရှေ့သို့ ဖိချပြီး ထောင်ဝူကို ဟန်ချက်ညီအောင် ပြန်ထိန်းပေးလိုက်၏။
ထောင်ဝူက သူ့ခေါင်းကို လှုပ်ခါ၍ ငေးငိုင်နေရာကနေ နိုးထလာလေသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး သူ့မျက်လုံးများထဲတွင် အမုန်းတရားက ပိုမို သိပ်သည်းလာလေသည်။
လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။
ထောင်ဝူက ကမ္ဘာဦးကြမ်းကြုတ်တောကောင်ဖြစ်ပြီး ကြောက်စရာအကောင်းဆုံး တောကောင်အမျိုးအစား ဖြစ်လေသည်။
အသင်္ချေနယ်မြေမြို့တော်ထဲတွင် ပြိုင်စံရှားပေါင်း တစ်သိန်းလောက် ရှိသော်လည်း ဤကမ္ဘာဦးကြမ်းကြုတ်တောကောင်ကို ဖိနှိမ်နိုင်သောသူက အယောက်တစ်ရာပင် မရှိပေ။
ဆူဇီမိုထံမှ အော်ငေါက်သံတစ်ချက်က ဤတောကောင်ကို လဲပြိုကျလုနီးပါး ဖြစ်သွားစေလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။
ထောင်ဝူက ဒေါသူပုန်ထနေလေပြီ။
သူက သားရဲတောကောင်ပင် ဖြစ်သော်လည်း လူအများ၏ ရှေ့မှောက်မှာ ထိုကဲ့သို့သော အရာမျိုး ဖြစ်ပျက်ခဲ့တာကို ရှက်ရွံ့မိလေသည်။ သူ့ရင်ထဲမှ ဒေါသများ၊ အမုန်းတရားများကို ဖွင့်ထုတ်ဖို့ နေရာမရှိ ဖြစ်နေလေသည်။
ထောင်ဝူက ဒေါသထွက်လွယ်ပြီး ပြင်းထန်ကြမ်းကြုတ်ဆုံး ဖြစ်လေသည်။
ထိုအခိုက်အတန့်၌ သူ့ရင်ထဲမှ ဒေါသမီးကို ငြှိမ်းသတ်ဖို့က သွေးသာလျှင် ဖြစ်လေသည်။
ထောင်ဝူ၏ မျက်လုံးအကြည့်က ဆူဇီမိုနောက်ရှိ လူသားသွင်ပြင်နှင့် သားရဲတောကောင်အချို့ဆီသို့ ရောက်ရှိသွားပြီး သူက တစ်ခုခုကို စဉ်းစားတွေးတောနေပုံ ရလေသည်။
“အူး.. ဝူး”
သူက တစ်ချက်နှစ်ချက် အော်ဟစ်လိုက်၏။
သီယင်းက နားလည်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ဆူဇီမို.. ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ငါ့ရဲ့ ထောင်ဝူနဲ့ တိုက်ခိုက်ဖို့ မင်းကြိုက်တဲ့ စိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို လွှတ်လိုက်.. အဲ့ဒါကို မင်းနိုင်ရင်.. ငါ သူ့ကို လွှတ်ပေးမယ်”
“မင်းရှုံးရင်.. မင်းရဲ့ ညာလက်.. ကိုတော့ ငါအခု ချမ်းသာပေးထားဦးမယ်.. ဒါပေမယ့် ခရမ်းရောင်မိုးကြိုးကျမ်းကို မင်း ထုတ်ပေးရမယ်”
ဆူဇီမိုက မျက်မှောင် အနည်းငယ် ကုတ်လိုက်လေသည်။
“သူက သေသေချာချာ တွက်ချက်ထားတာပဲ.. မြို့ထဲမှာ စိတ်ဝိညာဉ်တောကောင် အတော်များများ ရှိပေမယ့်.. သူတို့ထဲက ဘယ်ကောင်ကများ ထောင်ဝူရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”
“ဟီးဟီး.. ဟိုတစ်ခါ မျောက်က သန်မာတယ်ဆိုပေမယ့်.. သူက ထောင်ဝူရဲ့ ပြိုင်ဘက်တော့ သေချာပေါက် မဖြစ်နိုင်ဘူး”
အနီးနားရှိ ကျင့်ကြံသူများသည် ဆွေးနွေးလိုက်ကြ၏။
ဆူဇီမို၏ နောက်ရှိ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ ရွှေခြင်္သေ့နှင့် မြေခွေးလေးတို့က တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
စိတ်ဝိညာဉ်ကျားက တိုးတိတ်စွာ ပြောလိုက်၏။
“ငါသာ နောက်ထပ် ကျင့်ကြံဖို့ အချိန်နဲနဲ ထပ်ရရင်.. ထောင်ဝူကို လှဲချဖို့ ငါ ကြိုးစားကြည့်လို့ ရလောက်တယ်.. ဒါပေမယ့်.. အခုတော့ ငါ သူ့ကို နိုင်မှာ မဟုတ်ဘူး”
“ငါ လုပ်မယ်”
မျောက်က ထွက်လာ၏။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့.. ဒေါသူပုန်ထနေသော ထောင်ဝူကို ယှဉ်ဖို့ရာ သူ့မှာ ယုံကြည်မှု သိပ်မရှိပေ။
သို့သော်လည်း သူက ဒေါသယမ်းမီးပေါက်ကွဲသည့် အဆင့်သို့ ဝင်ရောက်ပြီး သူ့မျိုးဆက်သွေးထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို နှိုးဆွလိုက်လျှင်တော့ ထောင်ဝူကို အသေသတ်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာနိုင်လေသည်။
ဆူဇီမိုက တွေဝေနေ၏။
အဲ့ဒါက မင်းကျန်ကို ကယ်တင်ဖို့ရာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သို့သော်လည်း သူက ရှုံးလို့ မဖြစ်ပေ။
ခရမ်းရောင်မိုးကြိုးကျမ်းကို ထုတ်ပေးလိုက်ရတာက ကိစ္စ မရှိပေ။ သို့သော်လည်း ထိုအတွက်နှင့် မျောက်၏ အသက်ကို သူအဆုံးရှုံး မခံနိုင်ပေ။
“ကျုပ် လုပ်ပါရစေ”
ရုတ်တရက် ဆူဇီမို၏ နောက်မှ တည်ငြိမ်သော အသံတစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ရင်တစ်ချက် ထိတ်သွားပြီး.. ထိုအသံကို ကြားပြီးသည့် ခဏ၌ သူ့စိတ်က ချက်ချင်း ပြေလျော့သွားလေသည်။
အဲ့ဒါက ညဝိညာဉ်ပင်။
သူက သူ့ကို မေ့တောင်မေ့နေလေသည်။
“ဆူဇီမို.. မင်း အဲ့ဒါကို သဘောတူမှာလား မတူဘူးလား”
သီယင်းက ဖိအားပေးလိုက်၏။
“ဟုတ်ပြီလေ”
ဆူဇီမိုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ.. ချက်ချင်း သဘောတူလိုက်လေသည်။
“ဟုတ်လေပြီဟ”
သီယင်းက ညင်သာစွာ ပြုံးလိုက်၏။
“အဲ့ဒါက စိတ်ဝိညာဉ်တောကောင်တွေကြားက တိုက်ပွဲဆိုမှတော့.. ငါတို့က ကြားဝင်ပါမှာ မဟုတ်ဘူး.. သူတို့ စိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်ခိုင်းကြတာပေါ့.. သူတို့က သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်”
“မင်းဘက်က သေချာလား”
ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်၏။
သီယင်းက ဝင့်ကြွားစွာဖြင့် ကြေညာလိုက်လေသည်။
“ကတိစကားက ယောက်ျားကောင်းတွေရဲ့ ဂုဏ်သိက္ခာပဲ”