ကြောက်စရာကောင်းသော ညဝိညာဥ်
Vol. 49 Ch. 724
"သွား... မင်းစိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်လာခဲ့..."
ဆူဇီမိုက ညဝိညာဥ်ကို အထွေအထူး ညွှန်ကြားမနေပေ။
ဤနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်မှုက ကြီးမားလွန်းသောကြောင့် အသင်္ချေနယ်မြေမြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးသည် အဲ့ဒါကို အာရုံစိုက်လာကြလေပြီ။
ထိပ်သီးဂိုဏ်းကြီးများမှ နိုးထဝိညာဥ်များသည် ရှေ့သို့ ပေါ်ထွက်မလာသော်လည်း သူတို့က နောက်ကွယ်ကနေ စောင့်ကြည့်နေကြပြီဖြစ်ကြောင်း ဆူဇီမိုက သေချာသိထားလေသည်။
လူတိုင်း၏ ရှေ့မှောက်တွင် သီယင်းက သူ့စကားကို ပြန်ရုတ်သိမ်းမည်ကို ဆူဇီမိုက မစိုးရိမ်ပေ။
ဆူဇီမို၏ နောက်ကနေ ညဝိညာဥ်က ဖြည်းဖြည်းချင်း ရှေ့သို့ ထွက်လာလေသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်များက ညဝိညာဥ်ပေါ်သို့ စုပြုံရောက်ရှိလာကြလေသည်။
ကျင့်ကြံသူများစွာသည် သူတို့၏ မျက်နှာပေါ်တွင် ဝေခွဲမရ အမူအရာများက ပေါ်လာကြလေသည်။
"အဲ့ဒါက... ဘာသားရဲတောကောင်လဲ..."
"သူ့ကြည့်ရတာတော့ ပိန်ပိန်ပါးပါးလေးဘဲ... ထောင်ဝူက သူ့ကိုကိုက်ရင် တစ်ကိုက်စာတောင် ရှိမှာမဟုတ်ဘူး..."
"ဆူဇီမိုက လက်လျှော့သွားပြီလား..."
စွမ်းအားကြီးမားသော ဧရာမထောင်ဝူနှင့် နှိုင်းယှဥ်လျင် ညဝိညာဥ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်နေလေသည်။ ထောင်ဝူထံမှ ဖနှောင့်တစ်ချက်ကပင် သူ့ကို ပြားချပ်သွားစေနိုင်သည့်အလားပင်။
ဒါ့အပြင် ညဝိညာဥ်က သိုသိုသိပ်သိပ်နေတတ်ပြီး သည့်အရင်က သူ့ကို ဘယ်သူကမှ သတိမထားမိခဲ့ပေ။
သူက အရမ်းကို သာမန်ဖြစ်လေသည်။
သူ့ထံမှ ဖြာထွက်နေသော သားရဲချီကပင် အရမ်းကို ဖျော့လွန်းပြီး.သူက လေတိုက်သည်နှင့် လဲကျသွားတော့မည့်အလား ထင်ရလေသည်။
သီယင်းက သူ့အကြည့်ကို မှေးကျဥ်း၍ ညဝိညာဥ်ကို အတန်ကြာစိုက်ကြည့်လိုက်လေသည်။
အနက်ရောင်ဝတ်လူက ကြည့်ရတာတော့ သာမန်လိုပင်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ သီယင်း၏ ရင်က ရှင်းမပြတတ်အောင် တလျှပ်လျှပ်ဖြစ်လာသည်ဟု ခံစားလိုက်ရလေသည်။
သူက ဘေးဖက်သို့ လှည့်ပြီး တီးတိုးပြောလိုက်လေသည်။
"အကြီးအကဲဟွင်ယီ... အဲ့ဒီတောကောင်ရဲ့ နောက်ခံကို ခင်ဗျားပြောနိုင်လား..."
ပကတိအရှင်ဟွင်ယီက ခေါင်းခါပြလိုက်၏။
"ကျုပ်မပြောနိုင်ဘူး..."
ခဏနေပြီးနောက် သူကဆက်ပြောလေသည်။
"ဒါပေမယ့်လို့ သူကမူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်ဆိုရင်တောင်မှ သူက ထောင်ဝူအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး..."
သီယင်းက သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။
"အင်း... သူ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာဦးထောင်ဝူရဲ့ သွေးအဆီအနှစ်က ရှိနေတယ် ၊ သူ့ခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်တဲ့ အတိုင်းအတာထိ သန်မာနေခဲ့ပြီ ၊ သူက ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့တောင် ယှဥ်နိုင်ဖို့ အခွင့်ရှိတယ်..."
"သေသေချာချာ လုပ်လာခဲ့..."
သီယင်းက သူ့အောက်ရှိ ထောင်ဝူကို ပုတ်ပြီး လေထဲသို့ ခုန်တက်လိုက်လေသည်။
"မပူပါနဲ့ သခင်..."
ထောင်ဝူက သတ်ဖြတ်လိုစိတ်ဖြင့် ပြောလိုက်လေသည်။
"ကျုပ်က... သေချာပေါက် အဲ့ဒီကောင်လေးရဲ့ ခေါင်းကို ကိုက်ယူပြီး ဖြည်းဖြည်းချင်း အရသာခံပြမယ်..."
ထောင်ဝူက အသွင်ပြောင်းလဲသွားပြီး သူ၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ချက်ချင်းပျောက်ကွယ်သွားလေသည်။ သူက လူသားတစ်ယောက်ပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ညဝိညာဥ်၏ အရှေ့မှာ လှောင်ပြောင်နေသော မျက်လုံးများဖြင့် ရပ်လိုက်လေသည်။
"ဟေ့... အကောင်လေး မင်းရဲ့အစစ်အမှန်ပုံစံကို ပြောင်းထားလိုက်ရင် ပိုကောင်းလိမ့်မယ်... နောက်ဆို အဲ့လိုလုပ်ဖို့ အခွင့်အရေးတောင် မင်းရမှာမဟုတ်တော့ဘူး..."
ထောင်ဝူက လှောင်ပြောင်ရယ်မောလိုက်လေသည်။
"ငါကတော့... ဒီလူသားခန္ဓာကိုယ်နဲ့ဘဲ မင်းကို အရေခွံဆုတ်ပြမယ်"
သားရဲတောကောင်များသည် လူသားသွင်ပြင်ကို ပြောင်းလဲထားနိုင်သော်လည်း သူတို့၏ ခွန်အားအပြည့်အဝကို သူတို့၏ အစစ်အမှန်ပုံစံမှာသာ ထုတ်ဖော်နိုင်ကြသည်ကို လူတိုင်းက သိထားကြလေသည်။
ထောင်ဝူသည် လူသားပုံစံသို့ ပြောင်းလဲပြီး ညဝိညာဥ်ကို သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲခိုင်းနေခြင်းမှာ သူက တစ်ဖက်လူကို ဘယ်လောက်အထင်သေးနေသလဲ သိသာလေသည်။
သို့သော်လည်း အဲ့ဒါက ဖြစ်သင့်သည်ဟု လူတိုင်းက ခံစားရလေသည်။
ဒါ့အပြင် ဤသာမန်အနက်ရောင်ဝတ်လူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်လျှင်တောင် သူကမသေခင် နောက်ဆုံး အချိန်အနည်းငယ်ပို၍ ရုန်းကန်နိုင်ရုံမျှသာ ရှိမည်ဟု လူတိုင်းက ခံစားမိလေသည်။
ထောင်ဝူ၏ လှောင်ပြောင်ရယ်မောမှုတွင် ညဝိညာဥ်က အမူရာကင်းမဲ့စွာ ရှိနေပြီး ရုတ်တရက် သူ့မျက်လုံးများက နက်မှောင်သွားလေသည်။
လေထဲတွင် အပူချိန်က ချက်ချင်းထိုးကျသွားလေသည်။
တုန်လှုပ်ခြောက်ခြားဖွယ်ရာ သတ်ဖြတ်လိုစိတ်က ရုန်းကန်ထွက်ပေါ်လာလေသည်။
ညဝိညာဥ်က သူ၏လှုပ်ရှားမှုကို ပြုလိုက်လေပြီ။
ဖျတ်ကနဲဆို သူကနေရာကနေ ပျောက်ကွယ်သွားလေသည်။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
နှစ် ၂၀ ကြာပြီးသော်လည်း ညဝိညာဥ်က ပြောင်းလဲမသွားခဲ့ပေ။
သူ့ဘေးတွင်ရှိသော သတ်ဖြတ်လိုစိတ်အော်ရာက လုံးဝအေးစက်နေပြီး သူတိုက်ခိုက်လိုက်သည်နှင့် အဲ့ဒါက ထွက်ပေါ်လာပြီး မျှော်လင့်ချက် ပျက်သုန်းသော ညများကို ဆောင်ကြဥ်းပေးလာသလိုပင်။
ထောင်ဝူက လူသားပုံစံသို့ ပြောင်းလဲထားလေသည်။
ညဝိညာဥ်က လှောင်ပြောင်ခြင်း သရော်ခြင်းမရှိဘဲ တစ်ကယ်ဆို သူ့စိတ်ထဲမှာ တရားသည် မတရားသည်ပင် မရှိပေ။
သူ့အတွက်တော့ အဲ့ဒါက အခွင့်အလမ်းတစ်ခုမျှသာ ဖြစ်လေသည်။
ညဝိညာဥ်၏ စိတ်က သူ၏ရန်သူကို အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံး မည်သို့မည်ပုံ သတ်ဖြတ်ရမည်ဆိုသည်သာ ရှိလေသည်။
အနက်ရောင်အရိပ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ ရိပ်ကနဲ ပြေးထွက်သွားလေသည်။
ထောင်ဝူက တုံ့ပြန်မိချိန်တွင် ညဝိညာဥ်က သူ့ဘေးသို့ ရောက်ရှိနေလေပြီ။
အဲ့ဒါက အရမ်းမြန်လွန်းလေသည်။
အမြန်နှုန်း ၊ တိုင်ပင်ကိုင်လှုပ်ရှားမှု ၊ တိကျမှုနှင့် ရှုထောင့်ရွေးချယ်မှုတို့က ဆူဇီမိုကိုပင် အံ့အားသင့်သွားစေလေသည်။
သီယင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေပြီ။
သူ့မျက်လုံးက အရမ်းကို ထက်ရှလေသည်။
ညဝိညာဥ်က လှုပ်ရှားမှုပြုလိုက်သည့် ခဏမှာပင် ထောင်ဝူကတော့ ဒုက္ခ ရောက်ပြီဆိုတာ သူနားလည်လိုက်လေသည်။
ညဝိညာဥ်က လက်ချောင်းများဖြန့်ထားသော သူ၏လက်ကို ထုတ်ပြီး ထောင်ဝူ၏ ခန္ဓာကိုယ်ဘေးကနေ ကုတ်ဆွဲလိုက်လေသည်။
"ဂါး....."
ထောင်ဝူက လိပ်ပြာလွင့်မတက် ကြောက်ရွံ့သွားပြီး ထိုသည်ကိုမြင်သောအခါ အော်ဟစ်လိုက်လေသည်။ သူအနေနှင့် ရှောင်ဖို့ရာ နောက်ကျလွန်းသွားလေပြီ။ သူ့အရွတ်များနှင့် အရိုးများမှ အသံများထွက်ပေါ်လာပြီး သူ့သွေးချီက တလိပ်လိပ်တက်လာကာ သူ့ခန္ဓာကိုယ်က ပြန့်ကားလာလေသည်။ သူက သူ၏အစစ်အမှန်ပုံစံသို့ ချက်ချင်းပြောင်းလဲလိုက်ရလေပြီ။
အဲ့ဒါက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။
သူက ရှောင်ဖို့ကြိုးစားမည်ဆိုလျှင် အနည်းငယ်နှေးကွေးသွားသည်နှင့် အလောင်းကောင်ဘဝသို့ ကူးပြောင်းသွားနိုင်လေသည်။
ထောင်ဝူ၏ ခန္ဓာကိုယ်ပေါ်တွင် သားမွေးများက တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်လာလေသည်။
သူ၏သားမွေးများက ဝင်းလက်တောက်ပနေပြီး သတ္တုစကာစစ်များကို အထပ်ထပ်ဆင့်ထားသည်နှင့် တူနေလေသည်။ ထိပ်တန်းအဆင့် လက်နက်များတောင်မှ အဲ့ဒါကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။
သူ၏ အသွေးအသားကို ထိခိုက်ဒဏ်ရာရစေဖို့ကတော့ အတော်လေးနည်းပါးလေသည်။
"ဖြီ......"
သွေးများက ဖြာထွက်လာလေသည်။
ညဝိညာဥ်၏ ကုတ်ချက်က ထောင်ဝူ၏ ခံစစ်ကို ထိုးခွဲသွားပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးမှ အသားစတစ်စကို ဆုတ်ဖြဲပစ်လိုက်လေသည်။
ထောင်ဝူက နာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီး တစ်သိမ့်သိမ်တုန်ယင်သွားလေသည်။
ကံကောင်းထောက်မစွာနှင့် သူကအချိန်မီတုံ့ပြန်၍ သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်က ပြန့်ကားလာကာ သူ၏အသားများက မာကြောခက်ထန်လာလေသည်။ ထို့ကြောင့်သာလျှင် ညဝိညာဥ်၏ တိုက်ခိုက်မှုက မူလနေရာကနေ အနည်းငယ်သွေဖယ်သွားပြီး ထောင်ဝူ၏ အရွတ်နှင့် အရိုးများကို ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းမရှိပေ။
အနည်းငယ်သာ နှေးကွေးသွားမည်ဆိုလျှင် ညဝိညာဥ်၏ ကုတ်ချက်ကို သူ့ဝမ်းဗိုက်ကို ပွင့်ထွက်သွားလောက်လေသည်။
လူအုပ်ကြီးထဲမှ တုန်လှုပ်အံ့အားသင့်သံများက ထွက်ပေါ်လာလေသည်။
မြင်လိုက်ရသော မြင်ကွင်းက သူတို့မျှော်လင့်ထားသည်ထက် အမှန်တစ်ကယ်ကို ကျော်လွန်နေလေသည်။
သူတို့တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ကမ္ဘာဦးကြမ်းကြုတ်တောကောင် ထောင်ဝူက စတင်ဒဏ်ရာရှိသွားလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားပေ။
"ဂါး......"
ထောင်ဝူက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး.သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်လေသည်။ သူ၏ဦးခေါငိးပေါ်တွင် ထက်ရှသော ဦးချိုလေးချောင်းက ပေါ်လာပြီး သူက ညဝိညာဥ်က်ို ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်လေသည်။
သူ၏မျိုးဆက်သွေးက တဝုန်းဝုန်းထနေပြီး ထက်ရှသော ဦးချိုလေးချောင်းက မနှိုင်းယှဥ်သာအောင် ကြောက်မက်ဖွယ်ရာကောင်းကာ တောက်လောင်နေသော လှံတံများနှင့် တူနေလေသည်။
သွေးချီစီးချောင်းများက တစ်ခုပြီးတစ်ခု ပန်းထွက်လာလေသည်။
သူ၏သွေးချီက သိပ်သည်းစုဖွဲ့လာလေသည်။
ကျင့်ကြံသူများစွာ၏ အမူအရာများက သုန်မှုန်လာပြီး သူတို့က တိတ်တဆိတ် တုန်လှုပ်သွားကြလေသည်။
ထောင်ဝူထုတ်လွှတ်လိုက်သော စွမ်းအားက လက်ရှိကျင့်ကြံသူအများစု၏ ရွှေအမြုတေနယ်မြေများကိုပင် ဖျက်စီးပစ်နိုင်စွမ်းရှိလေသည်။
ညဝိညာဥ်က အေးစက်သောအကြည့်များနှင့်အတူ ဝင်ရောက်လာသော ဦးချိုလေးချောင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်မရှိပေ။
သူက ဆက်ကနဲလှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်က အလွန်တရာ ပေါ့ပါးဖျတ်လတ်သွားကာ ရုတ်တရက် ဦးချိုလေးချောင်းကြားကနေ ဖြတ်သန်း၍ ထောင်ဝူ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားလေသည်။
"ဟမ်...."
ထောင်ဝူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
ညဝိညာဥ်က ထောင်ဝူကို တုံ့ပြန်ဖို့ အခွင့်အရေးတစ်ခုတောင်မပေးဘဲ သူ၏ဦးခေါင်းပေါ်ကို တူတစ်လက်ကဲ့သို့ ပြင်းထန်စွာ ထုနှက်ချလိုက်လေသည်။
ဘုံး...
ကျယ်လောင်သော မြည်သံတစ်ခုက ထွက်ပေါ်လာလေသည်။
ဖျောက်ဖျောက်ဖျောက်....
ဂျစ်ဂျစ်ဂျက်ဂျက် အရိုးကျိုးပဲ့သံများက ထွက်ပေါ်လာလေသည်။
ထိုအသံများကို ကြားရသောအခါ လက်ရှိ ကျင့်ကြံသူများအားလုံးသည် ခေါင်းနပန်းကြီး၍ ကြက်သီးမွေးညင်းများ ထလာလေသည်။
အဲ့ဒါက အရမ်းကို ရက်စက်လွန်းလေသည်။
ကမ္ဘာဦးကြမ်းကြုတ်တောကောင် ထောင်ဝူ၏ အရိုးများက ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်များထက်တောင်မှ ပို၍ မာကျောနိုင်လေသည်။
သို့သော်လည်း ယခုအခါမှာတော့ သူတို့က ညဝိညာဥ်၏ လက်ချည်းသက်သက်ဖြင့် ချိုးခြေခြင်းခံလိုက်ရလေသည်။
"အား........"
ထောင်ဝူက ကမ္ဘာဦးကြမ်းကြုတ်တောကောင် ဖြစ်နေရခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူကဤကဲ့သို့ ဒဏ်ရာအပြင်းအထန်ရ၍ သူ၏ ဦးနှောက်ရည်များက စိမ့်ကျလာနေတာတောင် သူ၏ခန္ဓာကိုယ်မှ မြောက်များလှစွာသော အသက်ဓာတ်က ထွက်ပေါ်နေသေးလေသည်။
ထောင်ဝူ၏ မျက်လုံးများက နီရဲလာပြီး သူ၏သွေးချီက သူ၏စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာလေသည်။ သူက သူ၏ကြီးမားသည့် လက်ကြီးကို လွှဲရမ်းလိုက်ပြီး သူ၏ခေါင်းပေါ်ရှိ ညဝိညာဥ်ကို ရူးသွပ်သွားသော ပုံစံဖြင့် ဖမ်းဆွဲလိုက်လေသည်။
ထိုးချက်တစ်ချက် အဲ့ဒါက အရာရာပင်....
ညဝိညာဥ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်လေသည်။
ပုံရိပ်ယောင်တစ်ခုကဲ့သို့ အရိပ်တစ်ခုသည် ထောင်ဝူ၏ လည်ပင်းဘေးကနေ အောက်ကိုလျှောကျသွားပြီးနောက် တစ်ဖန်တိုက်ခိုက်လိုက်ပြန်လေသည်။
ထောင်ဝူ၏ ခေါင်းပေါ်သို့ခုန်တက်၍ လက်သီးတစ်ချက်ထိုးပြီးနောက် လည်ပင်းအောက်သို့ လျှောဆင်းသွားသော ဖြစ်စဥ်သည် ရေကဲ့သို့ ချောမွေ့နေပြီး မည်သည့် လေးကန်မှုမှ ရှိမနေပေ။
အဲ့ဒါက ရှင်းလင်း၍ တိကျနေလေသည်။
ညဝိညာဥ်သည် သူ၏လက်ကို ဓါးတစ်လက်ကဲ့သို့ စုပြီး ထောင်ဝူ၏ လည်ပင်းထဲသို့ ထိုးစိုက်လိုက်လေသည်။
သူက သူ့လက်ကို ပြန်ဆွဲထုတ်သောအခါ သွေးများက နီးစွေးသွားလေသည်။ သူက သွေးများစိုရွှဲနေသော တဆတ်ဆတ်လှုပ်ခါနေသည့် စပါးအုန်းမြွေတစ်ကောင်ကို ဆုတ်ကိုင်ထားသည့်အလား ထင်ရလေသည်။
ထောင်ဝူ၏ လည်ပင်းက ကျိုးကြေမွသွားပြီး ညဝိညာဥ်က သူ၏ လေပြွန်က်ို ဆွဲထုတ်လိုက်ခြင်း ဖြစ်လေသည်။
အဲ့ဒါက အရမ်းကို ရက်စက်လွန်းလေသည်။
နေရာတစ်ဝှမ်းမှ ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာလေသည်။