မင်းကိုသတ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိ
Vol. 49 Ch. 725
“ဘုန်း”
ထောင်ဝူ၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်လဲကျသွားလေသည်။ ဖုန်မှုန့်များက တထောင်းထောင်း ထသွားလေသည်။ သူ၏ခန္ဓာကိုယ်အောက်တွင် မသတီစရာ သွေးများက အိုင်ထွန်း၍ ထွက်လာလေသည်။
အဲဒါက ပြီးသွားလေပြီ။
ထောင်ဝူ၏ဦးခေါင်းက ကြေမွသွားပြီး ဦးနှောက်ရည်များက စီးကျလာလေသည်။ သူ၏လည်ပြွန်ကို ဆွဲထုတ်ခံရပြီးနောက် သူ၏အသက်ဓာတ်က ပြတ်တောက်သွားလေပြီ။ နတ်သိကြားတောင်မှ သူ့ကို ဆင်းပြီးကယ်နိုင်တော့မည် မဟုတ်ပေ။
ညဝိညာဥ်က အလွန်တရာတည်ငြိမ်သော အမူအရာဖြင့် တိတ်တဆိတ် ရပ်နေလေသည်။ သူ့ခန္ဓာကိုယ်မှာ လတ်ဆတ်သော သွေးများက စိုရွှဲနေလေသည်။
သူက ကမ္ဘာဦးကြမ်းကြုတ်တောကောင်တစ်ကောင်ကို မဟုတ်ဘဲ ပုရွက်ဆိတ်တစ်ကောင်ကို အခုပဲ သတ်ဖြတ်ထားသည့်အလားပင်။
ဖြစ်စဥ်တစ်ခုလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့လေသည်။
အထူးသဖြင့်..ညဝိညာဥ်၏ နောက်ဆုံးသတ်ဖြတ်ကွက် နှစ်ကွက်မှာဖြစ်လေသည် ။
ဘေးကနေ စောင့်ကြည့်နေသော ရွှေအမြုတေများကို အသာထား...ပကတိအရှင် ဟွင်ယီတောင်မှ အဲဒါကို မတုံ့ပြန်နိုင်ခဲ့ပေ။
ပို၍ကြောက်စရာကောင်းသည့်အချက်မှာ ညဝိညာဥ်က တချိန်လုံး သူ၏အစစ်အမှန်ပုံစံသို့ လုံးဝမပြောင်းခဲ့ပေ။
ဆိုလိုသည်မှာ ညဝိညာဉ်က သူ၏ခွန်အားအပြည့်ကို အသုံးပြုထားခြင်း မရှိသေးပေ။
ယခုအချိန်ထိကို ညဝိညာဉ်၏ အစစ်အမှန်ပုံစံက မည်သို့မည်ပုံရှိသည်…သူက မည်သည့်မျိုးနွယ်မှဖြစ်သည်ဆိုတာကို မည်သူမှ မသိနိုင်ကြပေ။
အသက်မဲ့နေသော ထောင်ဝူကို ငေးကြည့်ရင်း သီယင်းက တိတ်ဆိတ်နေပြီး သူ၏အမူအရာက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သုန်မှုန်လာလေသည်။
“တောကောင်…မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ”
“သူ့ကို သတ်ကွာ”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ကျင့်ကြံသူများသည် ဒေါသပုန်ထသွားကြပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်ကာ သူတို့၏ ဓားပျံများကိုပင် ဆွဲထုတ်လိုက်ကြလေသည်။
ဆူဇီမိုက ညဝိညာဉ်ကို သူ့နောက်မှာထား၍ ကာပေးလိုက်ပြီး တောက်လောင်နေသော အကြည့်နှင့်အတူ သီယင်းကို စိုက်ကြည့်လိုက်လေသည်။
အဲဒါက သီယင်း အကြံပြုခဲ့သော အလောင်းအစားပင်ဖြစ်လေသည်။
သူက အားလုံး၏ရှေ့မှောက်မှာ အဲဒါကို အတိအလင်း ပြောကြားထားခဲ့လေသည်။
သီယင်းသည် ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သူဖြစ်ပြီး နံပါတ်တစ် ရွှေအမြုတေဟူသော ဂုဏ်ပုဒ်ကိုလည်း ထိန်းသိမ်းထားလေသည်။ သူက သူ့စကားကိုသူ မတည်ဘူးဆိုလျှင် သူ၏ နာမည်ဂုဏ်သတင်းက ပျက်စီးရပေတော့မည်။
သူသည် မချင့်မရဲနှင့်ပင် သူ၏ဒေါသများကို ပြန်လည်ချုပ်တီးထားရပေတော့မည်။
သူသည် သူ၏စိတ်ဝိညာဉ်တောကောင် သေဆုံးသွားတာကို ဒီတိုင်း ကြည့်နေရလေသည်။
သီယင်းက သူ့လက်တစ်ဖက်ကို ညင်သာစွာ မြှောက်လိုက်၏။
ထိုအပြုအမူတစ်ခုတည်းကပင် လေထုကို ရပ်တန့်သွားစေပြီး လူတိုင်းအပေါ် ဖိအားများကို သက်ရောက်လာစေလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ဆူညံနေသော အသံများက ယတိပြတ် ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
လမ်းမရှည်ထက်တွင် ပကတိ တိတ်ဆိတ်မှုက ကြီးစိုးလာလေသည်။
အဲဒါက ခြေတစ်လှမ်းဆုတ်ရသည် ဖြစ်လျှင်တောင် သူက ကမ္ဘာတစ်ခုလုံးကို အပေါ်စီးကနေ ကြည့်နိုင်သော ပြိုင်ဘက်ကင်း နံပါတ်တစ် ပကတိသက်ရှိတစ်ယောက် ဖြစ်နေဆဲပင်။ သူ့ထံမှ အပြုအမူတစ်ခုတည်းကပင် အရာရာကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
“သူ့ကို လွှတ်ပေးလိုက်တော့”
သီယင်းက မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
သူ့နောက်ရှိ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ကျင့်ကြံသူများသည် သူ၏အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူတို့က မင်းကျန်၏ကိုယ်ပေါ်မှ ငွေရောင်ကြိုးများကို ဖြည်ပေးလိုက်လေသည်။
မင်းကျန်က ဒယီးဒယိုင်နှင့် လှမ်းထွက်လာပြီး ဆူဇီမိုက ရှေ့သို့ပြေးထွက်ကာ သူ့ကို ဖေးမလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်…ဇီမို”
ယခုအခါ ဆူဇီမိုသည် လောကီဘုံသို့ ပြန်ရောက်သွားပြီဖြစ်တာကြောင့် မင်းကျန်က သူ့ကို ဂျူနီယာညီလေးဟု ထပ်ပြီးခေါ်တော့မည် မဟုတ်ပေ။
ဒါ့အပြင် သူတို့၏ ပတ်သက်ဆက်နွယ်မှုက လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အပြင်လူများကို အသိခံလိမ့်မည် မဟုတ်ပေ။
မင်းကျန်က သူ၏ခေါင်းကို ငုံ့ထား၏။
ဤပြဿနာတွင် ဆူဇီမိုကို ဆွဲသွင်းမိသည့်အတွက် ရိုးသားသော ဦးပဉ္ဇင်းလေးတစ်ပါးအနေဖြင့် သူက မလုံမလဲ ခံစားနေရလေသည်။
ဆူဇီမိုက များစွာမပြောဘဲ မင်းကျန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်လေသည်။ သူက သူ၏သိုလှောင်အိတ်ထဲမှ ဆေးပုလင်းအချို့ကို ထုတ်ယူပြီး ကမ်းပေးလိုက်လေသည်။
“ဒီဆေးလုံးတွေနဲ့ မင်းရဲ့အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးတော့ ဒဏ်ရာတွေကို အရင်ကုလိုက်ဦး”
မင်းကျန်က ခေါင်းညိတ်ပြီး အဲဒါကို လက်ခံလိုက်လေသည်။
သီယင်းသည် လေထဲမှာပင် ရပ်နေပြီး ဆူဇီမိုနှင့် ညဝိညာဉ်ကို ကြောက်မက်ဖွယ်ရာ အကြည့်နှင့်အတူ ငုံ့ကြည့်နေလေသည်။
သူက သူ၏သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။
ထိုအခိုက်အတန့်တွင် သီယင်းက အမှန်တကယ်ကို ဒေါသပုန်ထနေပြီဖြစ်ကြောင်း လူတိုင်းက ခံစားမိလိုက်ကြလေသည်။
“ဆူဇီမို… ဒီကိစ္စမှာ မင်းနိုင်သွားတယ်လို့ ပြောလို့ရတယ်”
မွန်းကြပ်ဖွယ်ရာ တိတ်ဆိတ်မှုကြီးအပြီးမှာတော့ နောက်ဆုံးတွင် သီယင်းက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ဒါပေမဲ့လို့… မင်းရဲ့ လတ်ဆတ်တဲ့ သွေးကိုသုံးပြီး ငါ့ရဲ့ စိတ်ဝိညာဉ်တောကောင်ကို ဂုဏ်ပြုပေးရလိမ့်မယ်”
“မင်း… မင်း… မင်း.. ပြီးတော့… မင်း...”
သီယင်းသည် ဆူဇီမို၏ဘေးရှိ လူတိုင်းကို လက်ညိုးထိုးပြီး တစ်လုံးချင်း ပြောလိုက်လေသည်။
“မင်းတို့အားလုံးကိုလည်း သူနဲ့အတူ မြှုပ်နှံပေးရလိမ့်မယ်… မင်းတို့ထဲက ဘယ်သူမှ ချမ်းသာရာ မရစေရဘူး”
ကျင့်ကြံသူအားလုံးသည် ဆူဇီမိုတို့ အုပ်စုကို သနားနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံရပါက ပြောစရာမလိုအောင်ပင် သူတို့က ကံဆိုးမိုးမှောင်ကျပေတော့မည်။
“ထွီ”
မျောက်က သီယင်းရှိရာဘက်သို့ အထင်သေးစွာဖြင့် တံတွေးထွေးလိုက်လေသည်။
“ဟား ဟား ဟား ဟား”
ဖက်တီးလေးက ပင်ကိုယ်အားဖြင့် အကောင်းမြင်စိတ်ရှိပြီး ရယ်မောက သူ၏နှုတ်ခမ်းကို စုဝိုင်းလိုက်လေသည်။
“သီယင်း… မင်းက သန်မာပါပေတယ်… ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး… ဒါပေမဲ့လို့ အသင်္ချေနယ်မြေမြို့တော်မှာ သူ့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်း ရှိတယ်… မင်းက ဒီနေရာမှာ ငါ့ကို တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်လို့မရဘူး… ဟုတ်တယ်မလား”
“ငါက ဒီနေ့ကစပြီး မြို့ထဲမှာပဲ နေတော့မယ်… ဘယ်သူက ဘယ်သူ့ကို ကြောက်နေရဦးမလဲ ကြည့်ရသေးတာပေါ့”
အသင်္ချေနယ်မြေမြို့တော်ထဲတွင် ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်ခြင်းများကို တားမြစ်ထားလေသည်။
သူတို့က လွန်မင်းစွာသော အမုန်းတရားများ ရှိနေလျှင်တောင် သီယင်းက တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်ဖို့ မသင့်တော်ပေ။
သီယင်းက အမူအရာကင်းမဲ့နေပြီး သူက ထူးမခြားနားပုံစံနှင့် ပြန်ပြောလိုက်လေသည်။
“အဲဒါက ကိစ္စမရှိဘူး… ဒီနေ့ ငါပြောတဲ့စကားကို မှတ်ထားလိုက်… နောက်ဆုံးတစ်နေ့မှာတော့ မင်းတို့အကုန်လုံးက မြို့တော်ထဲကနေ ထွက်သွားရမှာပဲ… မင်းတို့ကောင်တွေ စကြဝဠာရဲ့ ဘယ်ထောင့် ဘယ်နေရာကိုပဲရောက်ရောက်… ငါက မင်းတို့ကို သေချာပေါက် အမဲလိုက်ပြမယ်”
ထိုသို့ သူပြောပြီးသည်နှင့်.. လေထုက သတ်ဖြတ်လိုစိတ်ဖြင့် မွှန်ထူသွားလေသည်။
ဖက်တီးလေးတို့ အုပ်စုကို အသာထား… ဘေးနားကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် ကြောက်လန့်မှုဖြင့် ဆတ်ခနဲ တုန်ယင်သွားကြလေသည်။
ဤကဲ့သို့သော ကြောက်စရာကောင်းသည့် တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခြင်း ခံရပြီးနောက်… သူတို့၏အနာဂတ်က တည်ငြိမ်အေးချမ်းမှု ရှိတော့မည် မဟုတ်ပေ။
သူတို့သည် တစ်ညတာတောင် အေးချမ်းစွာဖြင့် အိပ်စက်ရတော့မည် မထင်ပေ။
သီယင်းက ထိုသို့လုပ်နိုင်စွမ်းရှိသည်ဆိုတာကို မည်သူမှ သံသယမရှိကြပေ။
သမိုင်းတလျှောက်တွင် သူက လူသားဧကရာဇ်၏အမွေအနှစ် အမြုတေနယ်မြေကို အမွေခံရယူထားသော တစ်ဦးတည်းသော ပြန်ဝင်စား မွန်းစတားဖြစ်လေသည်။
ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်ပြီးသည်နှင့် သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ပြီး… လက်ရှိ သူနှင့်အဆင့်တူချင်းမှာရှိသော ရွှေအမြုတေများသည် နိုးထဝိညာဉ်အဆင့်တွင်လည်း သူ့ကို သေချာပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် အဆင့်တူချင်း၌ မည်သူကမှ သူ့ကို ရပ်တန့်တားဆီးနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ပြောပြီးသည်နှင့် သီယင်းက ဆူဇီမိုတို့အုပ်စုကို မကြည့်တော့ဘဲ အဝေးတစ်နေရာသို့ ပျံသန်းသွားလေသည်။
“အဲလိုဆိုမှတော့လည်း… ငါက မင်းကို သတ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့!”
ရုတ်တရက် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာပြီး အဲဒါက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။
မယုံကြည်နိုင်မှုဖြင့် မရေမတွက်နိုင်သော အကြည့်များက ဆူဇီမိုပေါ်သို့ ကျရောက်လာလေသည်။
သီယင်း၏စကားများက လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသော်လည်း ဆူဇီမိုက မနိမ့်ကျသော အော်ရာဖြင့် ထိုသူ၏စကားကို ခွန်းတုံ့ပြန်နိုင်ခဲ့လေသည်။
ထိုအချိန်တွင် ဆူဇီမိုသည် သူ၏သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ သီယင်းကို တည့်တည့်လက်ညိုးထိုးထားလေသည်။
“မင်းကလား… ငါ့ကိုသတ်မှာ”
သီယင်းသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား လှောင်ပြောင်နေသော အကြည့်နှင့် ရယ်မော၍ သူ့ခေါင်းကို ခါလိုက်လေသည်။
“အဲဒါ အမှန်ပဲ”
ဆူဇီမိုက ခိုင်မာတည်ကြည်သော အသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါ မင်းကို သတ်ရလိမ့်မယ်… မင်းက စကြဝဠာရဲ့ ဘယ်ထောင့် ဘယ်နေရာကိုမှ သွားရှာနေစရာ မလိုတော့ဘူး… ငါက အဲဒါကို အသင်္ချေနယ်မြေမြို့တော်မှာပဲ လုပ်ပြမယ်”
သီယင်းက ဖက်တီးလေးနှင့် အခြားသူများကို ခြိမ်းခြောက်ခဲ့လေသည်။
ကိစ္စက ထိုသို့ဆိုမှတော့ ထိုခြိမ်းခြောက်မှုကို ဖျောက်ဖျက်နိုင်ဖို့အတွက် ဆူဇီမိုက သူ့ကို သတ်ရပေတော့မည်။
လူတိုင်းက မှင်သက်သွားကြလေသည်။
အသင်္ချေနယ်မြေမြို့တော်တွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားပြီး သူတို့နှစ်ယောက်က တိုက်ပွဲတစ်ပွဲကို ဖော်ဆောင်ဖို့ အခွင့်အရေး မရှိသည့်အတွက် ဆူဇီမိုက သီယင်းကို ဘယ်လိုမျိုး သတ်နိုင်မှာလဲ။
သီယင်းက ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမို၏ သွယ်ဝိုက်သည့် အဓိပ္ပာယ်ကို နားလည်သွားလေသည်။
“မင်းက ငါ့ကို သတ်ချင်တာ သေချာလား”
သူက လှောင်ရယ်လိုက်လေသည်။
“အဲဒါဆိုရင် အသင်္ချေနယ်မြေတောင်ထွတ်ရဲ့ ထိပ်ဆုံးကနေ ငါ မင်းကို စောင့်နေမယ်… မင်းက အဲ့ပေါ်ကို တက်လာနိုင်စွမ်းရှိမှသာ ငါတို့ဆက်ပြီး စကားပြောကြတာပေါ့”
လူတိုင်းက နားလည်သဘောပေါက်သွားလေသည်။
အဲဒါကသာ သူတို့နှစ်ယောက် တိုက်ခိုက်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်လေသည်။
သူတို့သည် တူညီသော ကျောက်လှေကားထစ်မှာ ရှိသည်နှင့်အမျှ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ နောက်ဆုံးအဆင့်သတ်မှတ်ချက် ထွက်ပေါ်လာဖို့အတွက် အနိုင်ရရှိသူကို ဆုံးဖြတ်ရန် တိုက်ပွဲတစ်ပွဲကို ပဟေဠိနန်းတော်က ကျင်းပပေးရပေလိမ့်မည်။
“ရေတွင်းထဲက ဖားသူငယ်ပဲ… မင်းက ဘယ်သူ့ကို စိန်ခေါ်နေလဲဆိုတာတောင် မင်းကိုယ်မင်း မသိဘူးပဲ”
ထိုအသံ ထွက်ပေါ်လာချိန်တွင် သီယင်း၏ပုံရိပ်က လမ်းမထက်ကနေ ပျောက်ကွယ်သွားလေသည်။
“ဆူဇီမိုက သမိုင်းတလျှောက်လုံး အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဆိုပေမဲ့လည်း… သူက အရမ်းကို မောက်မာလွန်းရာ မကျဘူးလား… အသင်္ချေနယ်မြေတောင်ထွတ်ထိပ်ကို တက်ဖို့က အဲ့လောက်တောင် လွယ်လို့လား”
“အမှန်ပဲ… လွန်ခဲ့သည့်နှစ်တစ်ရာက သီယင်းတောင်မှ တစ်ရာမြောက်လှေကားထစ်မှာ ရပ်တန့်ခဲ့ရတယ်... အဲ့လူက သီယင်းထက် ပိုသန်မာလား မသန်မာလားဆိုတာတောင် ငါတို့ မသိရသေးဘူး… ဒါတောင် သူက သီယင်းကို သတ်ချင်တယ်လို့ ကြိုတင်ပြီးတော့ ကြေညာနေတယ်… အဲဒါက သူ့ရဲ့ အသိဉာဏ်နုံနည်းမှုကို ပြပေးနေတာပဲ”
“ပြိုင်စံရှားတွေက ပိုပြီးတော့ သန်မာလာလေလေ သူတို့ကြားက ခွန်အားကွာဟချက်ကလည်း ကျဉ်းမြောင်းလာလေလေပဲ… သူတို့နှစ်ယောက် တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကိုနိုင်မယ်… ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မယ်ဆိုတာက အခုနေ ပြောဖို့ခက်တယ်”
“သူက မိုးကြိုးလေပြေနန်းတော်က ရှုချန်ကိုတောင် သတ်နိုင်ခဲ့လို့လား… သူက သီယင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ… အဲဒါက ဟာသပဲ”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် လူစုခွဲလိုက်ကြပြီး ဆွေးနွေးပြောကြသံများကို ခပ်သဲ့သဲ့ ကြားရလေသည်။
ထိုမှတ်ချက်များကို ကြားရသောအခါ ဆူဇီမိုသည် ထီမထင်မျက်နှာပေးနှင့် ပြုံးရုံမျှသာ ပြုံးနေလေသည်။
မည်သို့ပင်ဆိုစေ… ဒီနေ့မှာ မင်းကျန်ကို ကယ်တင်နိုင်ခဲ့သည့်အတွက် သူ့စိတ်ထဲမှာ အထုံးတစ်ခု ပြေလျော့သွားလေပြီ။
သီယင်းနှင့် ရန်ငြိုးရန်စအတွက်ကတော့… နောက်နှစ်လအကြာ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲ စမှသာ စဉ်းစားရပေတော့မည်။ ။