ပကတိအရှင် ၁၆ ယောက်
Vol. 49 Ch. 727
သိပ်မကြာမှီ သိပ်သည်းများပြားလှသော ကျင့်ကြံသူအုပ်စုကြီးက အသင်္ချေနယ်မြေ တောင်ထွတ်မှာ စုဝေးလာကြလေသည်။ ကြီးမားများပြားလှသော လူအုပ်ကြီးတွင် အနည်းဆုံး လူပေါင်းတစ်သိန်းလောက် ပါဝင်ပေသည်။
သူတို့ထဲတွင် ရင်းနှီးပြီးသား မျက်နှာတစ်ချို့ကို ဆူဇီမိုမြင်လိုက်ရလေသည်။
ပထမဆုံးသူသတိထားမိသည်မှာ ကစဥ့်ကလျားအမြုတေဂိုဏ်းမှ သီယင်းဖြစ်လေသည်။
သူက ဘယ်နေရာကိုရောက်ရောက် အမြဲတမ်း တဖျတ်ဖျတ်တလက်လက်နှင့် ထင်ပေါ်နေမယ့် သူမျိုးဖြစ်လေသည်။
လေထဲတွင်သူတို့၏ အကြည့်များက ဆုံတွေ့သွားပြီး မီးပွားလေးများ စင်ထွက်သွားလေသည်။
သီယင်းက အေးစက်စွာ လှောင်ပြုံးပြီးနောက် ပြန်လှည့်သွားလေသည်။
သီယင်းပြီးလျှင် မိုးကြိုးလေပြည်နန်းတော်မှ ချူရှန်လည်း ရှိနေလေသည်။
ချူရှန်က သုန်မှုန်နေသော အမူအရာဖြင့် ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့ဘာသာသူ နှာမှုတ်လိုက်လေသည်။
မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ဝူဖုန့်နှင့် ရှင်းသန့်လေပြည်ဘုရားကျောင်းမှ သွမ့်ချင်းဖျင်တို့ကလည်း ရှိနေကြလေသည်။
နှစ် ၂၀ ကြာပြီးနောက် ဓါးဂိုဏ်းမှ ဟန်ချိုးယွီ၏ အော်ရာက ပိုမိုထက်ရှလာပြီး သူ၏မျက်လုံးများက ဓားအလင်းကဲ့သို့ ကျိန်းစပ်မတတ် တောက်ပနေလေသည်။
ဟန်ချိုးယွီက ဆူဇီမိုအပေါ် ကြီးမားသော အမုန်းတရားကို ကိုင်စွဲထားလေသည်။
"အာ..."
တစ်စုံတစ်ရာကို သတ်ိထားမိသွားပြီး ဆူဇီမိုက လှည့်ကြည့်လိုက်သောအခါ နောက်ထပ်လူတစ်ယောက်ကို မြင်တွေ့လိုက်ရလေသည်။
ထိုလူက အနက်ရောင်ဆံပင်ရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏မျက်နှာက ဖြူလျော့ခက်ထန်နေပြီး အမူအရာကင်းမဲ့နေကာ ဓါးအိမ်ထဲတွင် ထည့်ထားသော ဓါးရှည်တစ်လက်ကို သူ့လက်ထဲမှာ ကိုင်ဆောင်၍ လူအုပ်ကြီးထဲမှာ လမ်းလျှောက်နေလေသည်။
သူက အရမ်းမမြန်ပေ....
သူကတစ်လှမ်းချင်း အေးအေးလူလူ လမ်းလျှောက်နေသည်နှင့် တူလေသည်။ သူ့မှာ အပေါင်းအဖော်များမရှိ၊ ဂိုဏ်းသားအဖော်များမရှိဘဲ သူ့ဓါးအပြင် သူတစ်ယောက်ထဲသာရှေ့သို့ တက်လှမ်းလာလေသည်။
လူအုပ်ကြီးထဲတွင် ထိုသူ၏ တည်ရှိမှုကို ခံစားမိသည်မှာ သူ့ထံမှာ ဟန်ချိုးယွီနှင့် နှိုင်းယှဥ်၍ ရသော ထက်ရှမှုကို ထုတ်ပေးနေသောကြောင့် ဖြစ်လေသည်။
သူကတော့ တူကူကျန့်ဖြစ်လေသည်။ သူက မြောက်ပိုင်းဒေသ၏ အထက်တန်းလွှာ ကလန်ကြီးလေးခုထဲမှ တစ်စုံတစ်ယောက်ဖြစ်လေသည်။
မဟာချွမ်အပျက်အစီးနယ်မြေတွင် ဟင်္သပြဒါးသစ်သီးအတွက် တိုက်ခိုက်ခဲ့စဥ်က သူသည် သူစိမ်းတစ်ယောက်ပင်ဖြစ်သော်လည်း သူသည် ဆူဇီမိုကို ကူညီပေးခဲ့ပြီး ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်းမှ အရိုက်အရာဆက်ခံသူကို ဒုက္ခိတ ဖြစ်စေခဲ့လေသည်။
ဆူဇီမို၏အကြည့်ကို ခံစားမိသည့်အလား တူကူကျန့်က သူ့ခြေလှမ်းကို ရပ်တန့်၍ လှမ်းကြည့်လိုက်လေသည်။
ဆူဇီမိုက ညင်သာစွာ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။ တူကူကျန့်က အမူအရာကင်းမဲ့နေသော်လည်း ထိုခဏတွင် သူ့၏မျက်လုံးများထဲမှာ ဝဲကယက်တစ်ခုက လှုပ်ခတ်သွားပြီး သူ့အကြည့်က်ို ပြန်ရုတ်သိမ်းကာ အသင်္ချေနယ်မြေတောင်ထွတ်စီသို့ ဆက်လက်တက်လှမ်းသွားလေသည်။
မိစ္ဆာဂိုဏ်းများမှာတော့ နာမည်ဆိုးဖြင့်ကျော်ကြားသော အဆူရာဂိုဏ်းမှ ရန်ထူပြီးလျှင် ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့က အတော်လေးထင်ရှားလေသည်။ ဖန်းယွဲ့သည် အခြားသော ကျင့်ကြံသူများထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ကြီးမားသည့် အနက်ရောင် လှံကြီးတစ်ချောင်းကို သူ့ပုခုံးထက်မှာ သယ်ဆောင်ထားလေသည်။ သူက ကြမ်းတမ်းစွာဖြင့် လှောက်လှမ်းလာပြီး သူ၏အကြည့်က ခက်ထန်နေလေသည်။
သိပ်မကြာမှီ ဖန်းယွဲ့ကလည်း ဆူဇီမိုကို မြင်မိသွားလေသည်။ အံ့အားသင့်ဖို့ကောင်းစွာပင် သူက ဆူဇီမိုအပေါ်တွင် ရန်လိုစိတ်ရှိမနေဘဲ ခပ်လှမ်းလှမ်းကနေ လက်သီးနှစ်ဖက်ကို ဆုပ်၍ သွားပင် ဖြီးပြလိုက်လေသည်။
ဆူဇီမိုကလည်း သူ၏လက်သီးနှစ်ဖက်ကို ဆုပ်၍ ပြန်လည်နှုတ်ဆက်လိုက်လေသည်။
ပြိုင်စံရှားများပြီးလျှင် အသင်္ချေနယ်မြေ တောင် ထွတ်ဝန်းကျင်၌ အထင်ရှားဆုံးအရာမှာ လေထဲတွင် လွင့်မျောနေသော အဖြူရောင်တိမ်စိုင် ၁၆ ခုဖြစ်လေသည်။
တိမ်စိုင်တစ်ခုစီပေါ်တွင် ကျင့်ကြံသူတစ်ယောက်စီက တင်ပျဉ်ခွေထိုင်နေကြပြီး တုန်လှုပ်ချောက်ချားစရာ အော်ရာတစ်ခုစီကို ထုတ်ပေးနေကြသည်။ သူတို့ကတော့ နိုးထဝိညာဥ် ၁၆ ယောက်ဖြစ်လေသည်။
သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် သူတို့၏ ခါးထက်မှ ဂိုဏ်းတံဆိပ်များအရ နိုးထဝိညာဥ် ၁၆ ယောက်၏ နောက်ခံကို ရှင်းလင်းစွာ မြင်နိုင်လေသည်။
သူတို့ထဲတွင် အင်မော်တယ် ၉ ဂိုဏ်းမှ ဖန်းသားနန်းတော်ကလွဲလျင် ကျန်ရှိနေသော နိုးထဝိညာဥ်များက ရောက်လာကြလေသည်။ သူတို့ကတော့ ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ နှင်းပုံတောင်ကြား ၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်း ၊ ကစဥ့်ကလျား အမြုတေဂိုဏ်း ၊ ရှင်းသန့်လေပြေဘုရားကျောင်း ၊ မိုးကြိုးလေပြေနန်းတော် ၊ ဓါးဂိုဏ်းနှင့် မိုးပျံငှက်မွေးဂိုဏ်းတို့ ဖြစ်လေသည်။ သူတို့က တိုက်ပွဲကို စောင့်ကြည့်ဖို့အတွက် ဒီနေရာမှာ ရောက်ရှိနေကြခြင်းပင်။
ထိုအဖြူရောင် တိမ်စိုင် ၈ ခုက တစ်ခုနှင့်တစ်ခု အတော်လေး နီးစပ်စွာရှိနေလေသသည်။
ပကတိအရှင် လောရွှယ်ကလည်း သူတို့ထဲတွင် ပါလေသည်။
မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းမှာတော့ အဆူရာဂိုဏ်းနှင့် ပဒေသရာဇ်နန်းတော်တို့ကသာ နိုးထဝိညာဥ် နှစ်ယောက်ကို စေလွှတ်ခဲ့ကြလေသည်။
ဗုဒ္ဓကျောင်းတော် ၆ ကျောင်းတွင်တော့ ဒီပင်္ကရာကျောင်းတော်အပြင် အခြားသောကျောင်းတော် ၅ခု မှ နိုးထဝိညာဥ်များက ရှိနေကြလေသည်။ သူတို့ကတော့ ဒီပင်္ကရာဘုရားကျောင်း ၊ လှိုဏ်ခေါင်းကျောင်းတော် ၊ ပုံသဏ္ဍာန်မဲ့ကျောင်းတော် ၊ ပညာဉာဏ်အလင်းကျောင်းတော်နှင့် သန့်စင်နှလုံးသား သီလရှင်ကျောင်းတို့ ဖြစ်ကြလေသည်။
အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းများမှ နိုးထဝိညာဥ် စုစုပေါင်း ၁၅ ယောက် ရှိကြလေသည်။ ၁၆ ခုမြောက် တိမ်စိုင်ပေါ်မှာတေ့ အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ဝတ်ရုံစ တစ်ဖျပ်ဖျပ်ဖြင့် ထိုင်နေလေသည်။ သူက ငှက်မွေးယပ်တောင်တစ်ခုကို ဆုပ်ကိုင်သွားပြီး ဤကမ္ဘာကို စောင့်ကြည့်နေသည့်အလားပင်။
ဆူဇီမို၏အကြည့်က အနီးနားရှိ လင်းရွှမ်ကျီဆီသို့ ရွေ့လျားသွားလေသည်။
"အဲ့ဒါက ပဟေဠိနန်းတော်က ပကတိအရှင် ယွီကျွင်းဘဲ... သူ့ကျင့်ကြံမှုက အံ့မခန်းဘဲ ၊ သူက ဒီတစ်ကြိမ် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ဧည့်ခံကျင်းပပေးဖို့ ရောက်နေတာ"
ရုတ်တရက် နူးညံ့ချိုသာသော အသံတစ်သံက ထွက်ပေါ်လာလေသည်။ မွှေးပျံ့သောရနံ့က လွှမ်းခြုံလာပြီး လှပသော မိန်းမပျိုလေးတစ်ယောက်က ဆူဇီမို၏ ဘေးမှာ ပေါ်လာလေသည်။ ပန်းရောင်ကိုဝတ်ဆင်ထားပြီး သူမ၏ မျက်လုံးများက ကြည်လင်တောက်ပနေကာ သူမက မြေခွေးလေးထက်ပင် ပိုမိုငယ်ရွယ်သည့်အလား ရိုးသားအပြစ်ကင်းစင်သည့်ပုံ ပေါက်နေလေသည်။
ဖက်တီးလေးနှင့် အခြားသူများက တုန်လှုပ်သွားပြီး ချက်ချင်းအနောက်သို့ ဆုတ်လိုက်ကြလေသည်။ သူတို့က သူမကို မကြည့်ရဲဘဲ သူတို့၏ မျက်လုံးများထဲမှာ သတိကြီးမှုက ပေါ်လွင်နေလေသည်။
ဤမိန်းကလေးက အန္တရာယ်မရှိသည့်ပုံပေါက်သော်လည်း သူမက လူများကို အစုလိုက်အပြုံလိုက် ညို့ယူဖမ်းစားနိုင်သော မိစ္ဆဂိုဏ်းမှ စင်ကြယ်အပျိုစင်တစ်ယောက်ဖြစ်လေသည်။
အမျိုးသားများကိုအသာထား အမျိုးသမီးများပင်လျှင် သတိလက်လွတ်ဖြစ်သွားပါက သူမ၏ ထောင်ချောက်တွင်းမှ ကျဆင်းသွားနိုင်လေသည်။
ဆူဇီမိုက ဘေးဖက်သို့ တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်လေသည်။
"နင်လည်း... ရောက်လာတာကိုး..."
"ဒါပေါ့.... ဒီလိုမျိုး လူစုလူဝေးကို ငါက ဘယ်လိုလက်လွတ်နိုင်ပါ့မလဲ"
နတ်ဆိုးမကျိက တခစ်ခစ်ရယ်မောလိုက်၏။
ကျိယောင်ရွှယ်မရှိဘဲနှင့်တောင် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက အပေါ်ယံမျှသာ မဟုတ်တော့ပေ။ အင်မော်တယ် ၊ ဗုဒ္ဓ နှင့် မိစ္တဂိုဏ်းများမှ ပြိုင်စံရှားများသည် အုပ်စုဖွဲ့၍ လူသားဧကရာဇ်နန်းတော်အောက်မှာ ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့စဥ်က ဤမိန်းမပျိုလေး တစ်ယောက်တည်းကသာလျှင် တွေဝေခြင်းမရှိ သူ့ဘေးမှာ ရပ်တည်ခဲ့လေသည်။
သူမက သူ့ကို သူမ၏ သုံးချောင်းထောက်အဖြစ် ရည်ညွှန်းတဲ့ အဓိပ္ပါယ်ကိုလည်း ဆူဇီမိုက ဂရုမစိုက်ပေ။
သူ့မှာ မိတ်ဆွေများစွာ မရှိပေ။ ဘာဘဲဖြစ်ဖြစ် သူမက သူတို့ထဲမှ တစ်ယောက်ဖြစ်လေသည်။
"လွန်ခဲ့တဲ့ နှစ် ၂၀ ကလူသားဧကရာဇ်နန်းတော်အောက်က တိုက်ပွဲရဲ့ ရိုက်ချက်က တော်တော်လေး ပြင်းထန်တာဘဲ "
နတ်ဆိုးမကျိက ဝမ်နည်းနေဟန်နှင့် သူမ၏ခေါင်းကို မော့လိုက်လေသည်။
"ယခင်အမြုတေနယ်မြေအဆင့် သတ်မှတ်ချက်အတွက် တိုက်ပွဲတွေက ပြင်းထန်ပေမယ်လို့လည်း အခြေအနေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ဒီလောက် ကျော်ကြားတဲ့နိုးထဝိညာဥ်တွေ များများစားစား မရှိခဲ့ကြဘူး..."
"အဲ့တာတွေအားလုံးက နင့်ကြောင့်ဘဲ..."
"ဟမ်....."
ဆူဇီမိုက အံ့အားသင့်သွားလေသည်။ အစကတော့ အသင်္ချေနယ်မြေမြို့တော်တွင် နိုးထဝိညာဥ်များကို မြင်ရခြင်းမှာ သာမန်ဟုသာ သူကတွေးထားလေသည်။ နတ်ဆိုးမကျိက လေထဲရှိ တိမ်စိုင် ၁၆ ခုကို ကြည့်ပြီး ပြောလိုက်လေသည်။
"ဒီနေရာမှ ထိုင်နေကြတဲ့ နိုးထဝိညာဥ်တွေက သူတို့ရဲ့ ဘဝနေဝင်ခါနီးအရွယ် ချိတ်ပိတ်ထားသူတွေလို အားမနည်းကြဘူး"
ဆူဇီမိုလည်း ထိုအချက်ကိုပြောန််ိုင်လေသည်။
တိမ်စိုင်များပေါ်ရှိ နိုးထဝိညာဥ်များအားလုံးက အသက်ဓာတ်ဖြင့် ပြည့်ဝနေကြလေသည်။ သူတို့က သူတို့၏ အရွယ်ကောင်းတွင် ရှိနေကြသည်မှာ သိသာလေသည်။
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
"အဲ့တာတင်မကဘူး ပဟေဠိနန်းတော်က ပကတိအရှင် ယွီကျွင်းအပြင် ကျန်ရှိနေတဲ့ နိုးထဝိညာဥ် ၁၅ ယောက်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အစိတ်အပိုင်း အသီးသီးမှာ နာမည်ကြီးကျော်ကြားတဲ့ စွမ်းအားကြီးတဲ့ ပညာရှင်တွေဘဲ..."
"နှင်းပုံတောင်ကြားက ပကတ်ိအရှင်လောရွှယ် ၊ ကစဥ့်ကလျားအမြုတေဂိုဏ်းက ပကတိအရှင် ဟွင်ယီ ၊ ကောင်းကင်ဇင်ယော်ဂိုဏ်းက ပကတိအရှင် ပေတူ... သူတို့အကုန်လုံးက တစ်ယောက်မှ သာမညတွေမဟုတ်ကြဘူး "
ဆူဇီမိုက ပိုလို့တောင် ဝေခွဲမရဖြစ်သွားပြီး မေးလိုက်လေသည်။
"သူတို့ဒီနေရာမှာ ပေါ်လာတာက ငါနဲ့ဘာဆိုင်လို့လဲ..."
"အဲ့ဒါက လွန်ခဲ့တဲ့အနှစ် ၂၀ လူသားဧကရာဇ်နန်းတော်အောက်က တိုက်ပွဲကြောင့်ဘဲ..."
နတ်ဆိုးမကျိက ပြန်ဖြေလိုက်၏။
"အဲ့တုန်းကတိုက်ပွဲက အခြေတည်အဆင့်ကျင့်ကြံသူတွေကြားက တိုက်ပွဲမို့လို့ သိပ်ပြီးတော့ ပြောစရာမဟုတ်ဘူးလို့မထင်နဲ့... အဲ့ဒါက ထိပ်သီးဂိုဏ်းကြီးတွေကြားမှာ တော်တော်လေးကို ဂယက်ထသွားခဲ့တယ်"
"အဲ့ဒီမှာ.ထိပ်သီးဂိုဏ်းကြီးတွေကနေ ပြုစုပျိုးထောငိထားတဲ့ ပြိုင်စံရှားတွေက အသက်ခံရသူခံရ ဒဏ်ရာရသူရ ဖြစ်ကုန်ကြတယ်... ငါထင်တာတော့ ဒီထိပ်တန်းအဆင့် နိုးထဝိညာဥ်တွေ ရောက်နေရတာက အဲ့လိုမျိုး အလားတူအဖြစ်အပျက်မျိုး ထပ်ဖြစ်မှာကို တားဆီးဖို့အတွက်ဘဲထင်တယ်..."
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကုတ်လိုက်လေသည်။
ကိစ္စများက ထိုမျှ မရိုးရှင်းကြောင်း သူဝိုးတဝါး ခံစားမိနေလေသည်။ သူ၏ အာရုံခံသတိစိတ်က အရမ်းကိုထက်ရှလေသည်။
အပေါ်ယံမှာတော့ ထိုနိုးထဝိညာဥ်များသည် ကောင်းကင်ထက် တိမ်စိုင်များအပေါ် မှာထိုင်၍ ဒီတိုင်း သာမန်ကာလျှံကာ စကားပြောဆိုနေပုံထင်ရလေသည်။
သူတို့၏ အကြည့်များက သူ့အပေါ်မှာ ကျရောက်မနေပေ။
သို့သော်လည်း ၁၅ မိနစ်အတွင်းမှာပင် စိတ်ဝိညာဥ်အသိစိတ် ၂၀ ကျော်က သူ့ကိုဖြတ်သန်းသွားကြောင်းသူခံစားမိနေလေသည်။
နတ်ဆိုးမကျိက ပြောလိုက်၏။
"အတိတ်ကာလတုန်းက အဖြစ်အပျက်တွေအရ မိစ္ဆာဂိုဏ်းတွေကတော့ သူတို့ရဲ့ ပြုမူတဲ့ပုံစံအရ ရှေး ဟောင်းတိုက်ပွဲမြေကို နိုးထဝိညာဥ်တွေအများကြီး စေလွှတ်ဖို့ သိပ်ပြီးတော့ အရေးလုပ်မနေဘူး... ဒါတောင် အဆူရာဂိုဏ်းနှင့် ပဒေသရာဇ်နန်းတော်ကတော့ စေလွှတ်ခဲ့ကြတယ်..."
ဆူဇီမို၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ခံစားမိပြီး နတ်ဆိုးမကျိက ရယ်မောလိုက်လေသည်။
"နင်အဲ့လောက်လည်း စိုးရိမ်နေစရာမလိုပါဘူး... ဒီပွဲကို ပဟေဠိနန်းတော်မှ တာဝန်ယူထားမှတော့ သူတို့ထဲက ဘယ်သူမှ အရမ်းကာရော ပြုမူရဲကြမှာမဟုတ်ဘူး "
"အားလုံးဘဲ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ..."
ရုတ်တရက်လေထဲကနေ အသံတစ်သံက ထွက်ပေါ်လာလေသည်။ အဲ့ဒါက မတိုးလွန်းမကျယ်လွန်းသော်လည်း ထိုအသံက အသင်္ချေနယ်မြေမြို့တော်၏ ထောင့်တစ်ထောင့်မကျန် ပြန့်နှံ့သွားလေသည်။