ကွဲပြားခြားနားသော ၄ အုပ်စု
Vol. 49 Ch. 732
အသင်္ချေနယ်မြေတောင်ထွတ်ဆီသို့ ပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြလေသည်။ ဒီတစ်ကြိမ် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်စံရှားပေါင်း အနည်းဆုံး တစ်သိန်းလောက်ရှိပြီး သူတို့က ပြွတ်သိပ်ကျပ်ညပ်၍ ကြည့်ရသည်မှာ ခမ်းနားထည်ဝါနေလေသည်။
သို့သော်လည်း သူတို့ထဲမှ အတော်များများကတော့ ပထဆုံးကျောက်လှေကားတွင် ခြေချစဉ်မှာပင် အမြုတေနယ်မြေတောင်ထွတ်၏စွမ်းအားက သူတို့ကို လွင့်စင်ထွက်သွားစေလေသည်။
ပုံရိပ်များက သနားစဖွယ် တစ်ယောက်ပြီးတစ်ယောက် လွင့်ပျံလာသည်ကို ကြည့်ရသည်မှာ ပို၍ပင် ခမ်းနားထည်ဝါနေသေးလေသည်။
အံ့အားသင့်သံများက နေရာတိုင်းမှ ထွက်ပေါ်လာလေသည်။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်လာကြလေပြီ။
တိမ်လွှာများထက်တွင် နိုးထဝိညာဉ်များသည် သူတို့၏ခေါင်းကို ခါရမ်း၍ ရယ်မောလိုက်ကြလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲတစ်ခုစီတိုင်းတွင်… သတိပေးချက်များကို လိုက်နာဖို့ ငြင်းဆန်၍ အသင်္ချေနယ်မြေတောင်ထွတ်ဆီသို့ တက်ရောက်ဖို့ ကြိုးပမ်းကြသောသူများက အမြဲတမ်းလိုလို ရှိပြီး တူညီသော ရလဒ်ကို တွေ့ဆုံကြရလေသည်။
အသင်္ချေနယ်မြေတောင်ထွတ်ပေါ်တွင်… ရှေးဟောင်းခေတ်က ဧကရာဇ်များသည် သူတို့၏အမှတ်အသားများနှင့် အော်ရာများကို ချန်ထားခဲ့ကြပြီး အဲဒါက တက်ရောက်ဖို့ လွယ်ကူသည် မဟုတ်ပေ။
၁၅မိနစ် မပြည့်ခင်မှာပင် ပြိုင်စံရှားပေါင်းတစ်သိန်းကျော်ထဲမှ တစ်ဝက်လောက်က ဖယ်ရှားရှင်းလင်းခြင်း ခံလိုက်ရလေပြီ။
အဲဒါက ဖယ်ရှားရှင်းလင်းခြင်းတိုက်ပွဲပင် ဖြစ်လေသည်။
အဲဒါက အားနည်းသော ကျင့်ကြံသူများကို ဖယ်ထုတ်ရှင်းလင်းပစ်ဖို့ အထိရောက်ဆုံးဖြစ်လေသည်။
အသင်္ချေနယ်မြေတောင်ထွတ်ဆီသို့ တက်ရောက်ကြသော ကျင့်ကြံသူများအနေနှင့် သူတို့တစ်ယောက်ချင်းစီအတွက် အခြေအနေကလည်း ကွဲပြားခြားနားကြလေသည်။
သူတို့ထဲမှ အချို့က ချွေးများ စိုရွှဲနေပြီး အချို့က ဖိအားဒဏ်ကို ရင်ဆိုင်နေရသည်မှာ သိသာလေသည်။
သူတို့ထဲမှ အချို့သည် အချိန်မရွေး လွင့်စင်ထွက်တော့မည့်အလား ယိမ်းထိုးနေကြလေသည်။
သူတို့ထဲမှ အချို့သည် အဲဒါကို ခံနိုင်ရည်မရှိတော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို ချက်ချင်း ထုတ်ဖော်လိုက်ရလေသည်။
ချက်ချင်းပင်… အသင်္ချေနယ်မြေတောင်ထွတ်ပေါ်တွင် အမြုတေနယ်မြေစွမ်းအားများက တစ်ခုပြီးတစ်ခု ရုန်းကြွထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက ဆူပွက်လာလေပြီ။
ထိုအမြုတေနယ်မြေများထဲမှ အချို့က ပြိုးပြိုးပြက်ပြက်… အချို့က တဖျတ်ဖျတ်တလက်လက်… အချို့က သစ်ပင်၊ဝါးပင်များနှင့်အတူ ရွေ့လျားနေပြီး… အချို့က အဆုံးမဲ့သော သမုဒ္ဒရာများနှင့် တောက်ပသော လရောင်တို့ကို ပိုင်ဆိုင်ထားကြလေသည်။
မရေမတွက်နိုင်သော ရွှေအမြုတေနယ်မြေများသည် တစ်ချိန်တည်းမှာ ပေါ်ထွက်လာကြပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေလေသည်။
တကယ်တော့… သူတို့၏ ရွှေအမြုတေနယ်မြေများကို ဆင့်ခေါ်လိုက်သော ကျင့်ကြံသူများသည် အသင်္ချေနယ်မြေတောင်ထွတ်၏ စွမ်းအားကို ခံနိုင်ရည်မရှိသော အားနည်းသည့်သူများဖြစ်ကြကြောင်း လူတိုင်း ရှင်းလင်းစွာ သဘောပေါက်ကြလေသည်။
ရွှေအမြုတေအဆင့် ထိပ်တန်းပြိုင်စံရှားများသည် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ရှိ အောက်ပိုင်းကျောက်လှေကားထစ်များကို ဖြတ်သန်းဖို့အတွက် သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်အသုံးပြုဖို့ မလိုအပ်သေးပေ။
သူတို့သည် သူတို့၏ခန္ဓာကိုယ်မျိုးဆက်သွေးနှင့် စိတ်ဝိညာဉ်တို့အပေါ်တွင်သာ မှီခို၍ တက်နိုင်ကြသေးလေသည်။
“ဟာ…”
တိမ်လွှာများထက်မှ အံ့အားသင့်သံတစ်သံ ထွက်ပေါ်လာလေသည်။
ကိုယ်တော်ယွမ်ခုန်းသည် အစကတော့.. မင်းကျန်သည် သူ့ကိုယ်သူ ဘယ်လိုမျိုး အရူးလုပ်ပြမလဲဟု စောင့်ကြည့်နေခြင်းဖြစ်လေသည်။ ထင်မှတ်မထားစွာပင်.. မင်းကျန်သည် ဒုတိယကျောက်လှေကားထစ်သို့ အလွယ်တကူတက်ရောက်ပြီး သူ၏အရှိန်က လုံးဝလျော့ကျခြင်း မရှိပေ။
ထိုအချက်တစ်ချက်ကပင် မင်းကျန်သည် လက်ရှိကျင့်ကြံသူတစ်ဝက်ကျော်ထက် ပိုမိုသန်မာကြောင်း သက်သေပင်ဖြစ်လေသည်။
“ကျုပ် စိတ်မကောင်းဘူး… ခင်ဗျားကို စိတ်ပျက်စေခဲ့မိပြီ”
ကိုယ်တော်ယင်လူက ညင်သာစွာ ပြုံးလိုက်လေသည်။
အစကတော့… မင်းကျန်သည် ပထမကျောက်လှေကားထစ်မှာပင် ရပ်တန့်သွားလိမ့်မည်ဟု သူက တွေးတောထားခဲ့လေသည်။
ယခု.. မင်းကျန်က ကျေနပ်ဖွယ်ရာ အံ့အားသင့်မှုဖြင့် အဲဒါကို သက်သေပြခဲ့လေသည်။
ကိုယ်တော်ယွမ်ခုန်းသည် အေးစက်စွာဖြင့် နှာတစ်ချက် မှုတ်လိုက်လေသည်။
“အဲဒါက ဘာမှမဟုတ်သေးဘူး… အသင်္ချေနယ်မြေတောင်ထွတ်ပေါ်မှာ ကျင့်ကြံသူပေါင်း တစ်သောင်းကျော် ရှိနေသေးတယ်… သူက ထိပ်ဆုံး ၁၀၈နေရာထဲကို ဝင်ရောက်နိုင်မလား ငါတို့ ကြည့်ရသေးတာပေါ့”
အသင်္ချေနယ်မြေတောင်ထွတ်က ပေပေါင်းတစ်သိန်းရှစ်ထောင် မြင့်မားပြီး စုစုပေါင်း ကျောက်လှေကားထစ် ၁၀၈ခု ရှိလေသည်။
ကျောက်လှေကားထစ်တစ်ခုစီအကြား ကွာဟချက်က ပေတစ်ထောင်ဖြစ်လေသည်။
ကျောက်လှေကားထစ်တစ်ခုမှ နောက်တစ်ခုသို့ တက်ရောက်နိုင်ဖို့က အလွန်တရာ ခက်ခဲလာပေလိမ့်မည်။
တောင်ထွတ်ပေါ်သို့ နီးကပ်လာလေလေ… သူတို့အပေါ် ဖိအားများကလည်း ကြီးမားလာလေလေ ဖြစ်လေသည်။
တစ်နာရီ မပြည့်ခင်မှာပင်… အသင်္ချေနယ်မြေတောင်ထွတ်ပေါ်တွင် ကျင့်ကြံသူပေါင်း တစ်သောင်းကျော်ကျော်သာလျှင် ကျန်ရှိလေတော့သည်။
ထိုကျင့်ကြံသူ တစ်သောင်းကျော်ထဲမှ သူတို့ကြား ကွာဟချက်က ပို၍တိုးလာပြီး သူတို့က ကွဲပြားခြားနားသော အုပ်စုများအဖြစ် ကွဲထွက်သွားကြလေသည်။
လူတိုင်း ထင်မှတ်ထားသည့်အတိုင်းပင်… သူတို့အားလုံးကို ဦးဆောင်နေသူမှာ နံပါတ်တစ် ပကတိသက်ရှိ သီယင်းပင်ဖြစ်လေသည်။
သီယင်း၏ အမြုတေနယ်မြေတောင်ထွတ်ပေါ်သို့ တက်ရောက်သည့်ပုံစံက လူတိုင်းကို အံ့အားသင့်သွားစေလေသည်။
သူက အသင်္ချေနယ်မြေတောင်ထွတ်၏ ကျောက်လှေကားထစ်ပေါ်တွင် ခြေမချဘဲ အပေါ်သို့ ထိုးတက်သွားလေသည်။ သူက လေထဲသို့ ပျံတက်၍ အလွန်လျင်မြန်စွာဖြင့် အပေါ်သို့ ခရီးဆက်နေလေသည်။ သူ၏အောက်တွင် အခြားသောကျင့်ကြံသူများက အပြတ်အသတ် ကျန်ရစ်ခဲ့လေသည်။
ကြည့်ရသည်မှာ တောင်ထွတ်ပေါ်ရှိ ခုခံခြင်းစွမ်းအားများက သီယင်းအပေါ် လုံးဝသက်ရောက်မှု မရှိသည့်အတိုင်းပင်။
သီယင်းပြီးလျှင် ပထမအုပ်စု၌ လူရှစ်ယောက်ပါဝင်လေသည်။ အဆူရာဂိုဏ်းမှ ရန်ထူ ၊ မိုးကြိုးလေပြေနန်းတော်မှ ရှုချန် ၊ လှိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ကျန့်ခုန်း ၊ တူကူကျန့် ၊ ဓားဂိုဏ်းမှ ဟန်ချိုးယွီ ၊ ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့ ၊ စိန်ကျောင်းတော်မှ ကိုယ်တော်ကြွယ်ချမ်းနှင့် မင်းကျန်တို့ဖြစ်လေသည်။
ထိုရလဒ်ကိုကြည့်ပြီး များစွာသော ကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။
ရန်ထူ ၊ ရှုချန် ၊ ကိုယ်တော်ကျန့်ခုန်း ၊ ဟန်ချိုးယွီ ၊ ဖန်းယွဲ့နှင့် ကိုယ်တော်ကြွယ်ချမ်းတို့သည် အနှိုင်းမဲ့ထိပ်တန်းအဆင့် ပြိုင်စံရှားများဖြစ်ကြသောကြောင့် သူတို့က ပထမအုပ်စုထဲတွင် ပါဝင်မည်ကို လူတိုင်းက မျှော်လင့်ထားကြပြီးဖြစ်လေသည်။
အမည်မရှိ ကျင့်ကြံသူနှစ်ယောက်က သူတို့အုပ်စုထဲတွင် ပါလာပြီး ပြုတ်ကျဖို့ အရိပ်လက္ခဏာမရှိဘဲ ထက်ကြပ်မကွာ လိုက်ပါလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြပေ။
သူတို့ထဲမှတစ်ယောက်ကတော့ မြောက်ပိုင်းဒေသ၏ အထက်တန်းလွှာ ကလန်လေးခုမှ တူကူကျန့် ဖြစ်လေသည်။
ဓါးကျင့်ကြံသူများက ထူးခြားသော ကျင့်ကြံသူအမျိုးအစားဖြစ်ပြီး သူတို့၏ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းခွန်အားများဖြင့် ကျော်ကြားကြလေသည်။
ဓါးကျင့်ကြံသူများအားလုံးအတွက် ဓါးဂိုဏ်းက အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
ယခု… ဘယ်ဆီဘယ်ဝယ်ကရယ် မသိရသော ဓါးကျင့်ကြံသူတစ်ယောက်က ဓါးဂိုဏ်း၏ အမွေခံတပည့်နှင့် မတိမ်းမယိမ်းရှိနေခြင်းက အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။
အသင်္ချေနယ်မြေတောင်ထွတ်ပေါ်တွင် ဟန်ချိုးယွီသည် အလွန်တရာထက်ရှသော အကြည့်နှင့် တူကူကျန့်ကို မကြာမကြာဆိုသလို လှည့်ကြည့်နေလေသည်။
သို့သော်လည်း.. တူကူကျန့်က အဲဒါကို လျစ်လျူရှုထားလေသည်။
သူက သူ့လက်ထဲရှိ ဓါးရှည်ကိုသာ ငုံ့ကြည့်ပြီး တိတ်တဆိတ်ဖြင့် ရှေ့သို့ ခရီးဆက်နေလေသည်။
လူတိုင်းကို အံ့အားသင့်သွားစေသည့် အခြားတစ်ယောက်မှာ မင်းကျန်ဖြစ်လေသည်။
သူက ဗုဒ္ဓကျောင်းတော်များမှ အသန်မာဆုံး ပြိုင်စံရှားနှစ်ယောက်နှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားပေ။
ဒါ့အပြင်.. မင်းကျန်၏ပုံစံက စွမ်းအင်ပြည့်ဝနေပြီး ပင်ပန်းနွမ်းနယ်သည့် အရိပ်လက္ခဏာ မရှိပေ။
ကိုယ်တော်ယွမ်ခုန်း၏ မျက်နှာက ပျက်ယွင်းလာလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာတစ်ခု ရရှိနိုင်သည့်အပြင်…
ဤလူက ထိပ်ဆုံးဆယ်ယောက် စာရင်းထဲမှာတောင် ဝင်ရောက်နိုင်ဖို့ အခွင့်များလေသည်။
“ပါရမီရှင်တစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဒီပင်္ကရာကျောင်းတော်”
ပကတိအရှင်လောရွှယ်က ညင်သာစွာ ပြုံးပြီး သူမ၏လက်သီးနှစ်ဖက်ကို ဆုပ်၍ ချီးကျူးဂုဏ်ပြုလိုက်လေသည်။
ကိုယ်တော်ယင်လူက ပြုံးနေလေသည်။ သူက ဣန္ဒြေဆည်ထားသော်လည်း သူ့မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများကို ကောင်းကောင်းထိန်းမထားနိုင်ပေ။
“ဒီပင်္ကရာကျောင်းတော်က တော်တော်ကံကောင်းတာပဲ.. သူက အသင်္ချေနယ်မြေမြို့တော်ကို လာရင်းနဲ့ လမ်းမှာ လက်ဆောင်ထုပ်တစ်ခုကို ကောက်ရခဲ့တာပဲ”
သန့်စင်နှလုံးသား သီလရှင်ကျောင်းမှ ပကတိအရှင်က ပစ်ပစ်ခါခါ အသံဖြင့် ပြောလိုက်လေသည်။
ထိုစဉ်မှာ… သန့်စင်နှလုံးသား သီလရှင်ကျောင်းမှ တပည့်က တတိယအုပ်စုထဲသို့ လျှောကျသွားပြီဖြစ်ပြီး သူမက သေချာပေါက် မကျေမချမ်းဖြစ်နေပေလိမ့်မည်။
ကိုယ်တော်ဝေဖူက သူ့မျက်ခုံးကို အသာအယာ ပင့်လိုက်လေသည်။
“သူက လောလောဆယ် ပထမအုပ်စုထဲမှာ ပါနေရင်တောင် အဲဒါက ကိစ္စမရှိဘူး… နောက်ပိုင်းကျရင် သူတို့က ရှေ့ကိုဆက်တက်ဖို့အတွက် သူတို့ရဲ့ ရွှေအမြုတေပေါ်မှာပဲ မှီခိုရလိမ့်မယ်… အဲဒါနဲ့ သူတို့က ကျရောက်လာမယ့် ဖိအားကို ခုခံရလိမ့်မယ်”
“အဲဒါက အမှန်ပဲ”
ကိုယ်တော်ယွမ်ခုန်းက ထပ်ပြောလိုက်လေသည်။
“သန်မာတဲ့ ရွှေအမြုတေနယ်မြေတစ်ခုက သူ့ကို ထောက်ပံ့ပေးမထားဘူးဆိုရင်.. အခုလောလောဆယ် ဖြစ်ပျက်နေသမျှအားလုံးက မကြာခင် အရည်ပျော်ကျသွားလိမ့်မယ်”
ကိုယ်တော်ယင်လူက မငြင်းဆန်ပေ။
သို့သော်လည်း.. သူသည် မင်းကျန်၏ ရွှေအမြုတေနယ်မြေက ဘယ်လိုပုံစံဖြစ်မည်ဆိုတာကို သူ့စိတ်ထဲမှာ လေးလေးနက်နက် စဉ်းစားတွေးတောနေလေသည်။
အဲဒီမှာ ဒုတိယအုပ်စုထဲတွင် ကျင့်ကြံသူများက ပို၍သိသိသာသာ များပြားလေသည်။
စင်ကြယ်အပျိုစင်ဂိုဏ်းမှ နတ်ဆိုးမကျိ ၊ အုတ်ဂူဂိုဏ်းမှ ဖက်တီးလေး ၊ ရှင်းသန့်လေပြေ ဘုရားကျောင်းမှ သွမ့်ချင်းဖျင် ၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ ဝူဖုန့် ၊ နှင်းပုံတောင်ကြားမှ လင်းဟန် ၊ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ နီဟောက်နှင့် ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်းမှ ချင်လီတို့ ပါဝင်လေသည်။ အဲဒီမှာ သူတို့က စုစုပေါင်း အယောက်သုံးဆယ်လောက် ရှိလေသည်။
တတိယအုပ်စုမှာတော့ လူများက ပိုလို့တောင်များပြားပြီး တစ်ရာကျော်ကျော်လောက် ရှိလေသည်။
ပထမနှစ်အုပ်စုမှ ကျင့်ကြံသူများသည် ယခုချိန်ထိ သူတို့၏ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ကြခြင်း မရှိသေးပေ။
သို့သော်လည်း.. တတိယအုပ်စု၏ ကျင့်ကြံသူများကတော့ သူတို့၏ တက်ရောက်ခြင်းအရှိန်က နှေးကွေးလာပြီဖြစ်ပြီး ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများ ပြလာလေသည်။
ကျင့်ကြံသူအချို့က အဲဒါကို မတောင့်ခံနိုင်တော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ကြပြီး ဖြစ်လေသည်။
တတိယအုပ်စုထဲတွင် ကျိချန်းရှန်လည်း ပါလေသည်။
အနောက်ဆုံးရှိ ကျင့်ကြံသူများကိုတော့ စတုတ္ထအုပ်စုဟု ပြောလို့ရပြီး သူတို့က ရာနှင့်ချီ၍ ရှိနေလေသည်။ သို့သော်လည်း.. သူတို့သည် တကွဲတပြားစီ ပြန့်ကျဲနေကြပြီး မကြာမကြာဆိုသလို အသင်္ချေနယ်မြေတောင်ထွတ်ကနေ လွင့်စင်ထွက်သွားကြလေသည်။
အသင်္ချေနယ်မြေတောင်ထွတ်၏ အောက်ဆုံးရှိ ကျင့်ကြံသူများသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် နေရာတစ်နေရာ မရရှိနိုင်လုနီးပါးဖြစ်လေသည်။
အသင်္ချေနယ်မြေတောင်ထွတ်တွင် သူတို့၏နာမည်များ ချန်ရစ်နိုင်မည့် ကျင့်ကြံသူများကို ယခုဆို အကြမ်းဖျင်းအားဖြင့် ဆုံးဖြတ်လို့ ရနေလေပြီ။
အဲဒါက ပထမဆုံး သုံးအုပ်စုရှိ ကျင့်ကြံသူများထဲမှ ဖြစ်ပေလိမ့်မည်။
အသင်္ချေနယ်မြေတောင်ထွတ်သို့ တက်လှမ်းပြီးနောက် ဘယ်ကျင့်ကြံသူများက ကျောက်လှေကားထစ် အများဆုံးကို တက်ရောက်နိုင်မလဲဆိုတာပေါ် မူတည်၍ နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ရပေလိမ့်မည်။
သူတို့က တောင်ထွတ်နှင့် ပို၍နီးကပ်လာလေလေ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် သူတို့၏အဆင့်က ပို၍မြင့်မားလာမည် ဖြစ်လေသည်။
“အာ.. ဆူဇီမိုက ဘယ်ရောက်သွားတာလဲ”
“သူက နှစ်ထပ်ကွမ်း အမြုတေနယ်မြေနဲ့ မိုးကြိုးလေပြေနန်းတော်က ရှုချန်ကိုတောင် အနိုင်ယူခဲ့သေးတယ်.. သူက ပထမအုပ်စုမှာ ရှိသင့်တယ်မလား.. အခု ဘာလို့ ငါတို့က သူ့ကို မမြင်ရတာလဲ”
လူအုပ်ကြီးထဲမှ အံ့အားသင့်သံများက ထွက်ပေါ်လာလေသည်။
“ကြည့်စမ်း.. သူက အဲဒီမှာပဲ”
ကျင့်ကြံသူများအားလုံးသည် လှမ်းမျှော်ကြည့်လိုက်ကြပြီး သိပ်မကြာမီ… စတုတ္ထအုပ်စုထဲတွင် ဆူဇီမိုကို ရှာတွေ့သွားကြလေသည်။ သူက မထင်မရှားပုံစံနှင့်ဖြစ်ပြီး လူအုပ်ကြီးထဲမှာ ရောနှောနေလေသည်။
“အဲဒါက.. ဘယ်လိုဖြစ်ရတာလဲ”
“သူက သူ့ရဲ့ အတွင်းအမြုတေကြောင့် သူများတွေထက် ပိုပြီးဖိနှိပ်ခံနေရတာများလား”
“အဲဒါက သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းပဲ… ဘယ်သူ့ကိုမှ အပြစ်သွားတင်လို့ မရဘူး”
လူအုပ်ကြီးထဲတွင် လူအချို့က လှောင်ရယ်၍ အချို့က စိုးရိမ်နေကြလေသည်။
လင်းရွှမ်ကျီက သူ့မျက်လုံးကို မှေးကျဉ်း၍ ခဏမျှ ကြည့်ပြီးနောက် တစ်စုံတစ်ရာ ထူးခြားနေတာကို သတိထားမိသွားသည့်အလား အံ့အားတသင့် ရေရွတ်လိုက်လေသည်။
*****