ပြီးပြည့်စုံခြင်း
Vol. 49 Ch. 733
တစ်ကယ်ပဲ.. ဆူဇီမိုက စတုတ္ထမြောက်အုပ်စုမှာ ဖြစ်လေသည်။
သို့သော်လည်း စတုတ္ထအုပ်စုမှ အခြားသော ကျင့်ကြံသူများနှင့် မတူဘဲ.. ဆူဇီမို၏ အော်ရာက တည်ငြိမ်ပြီး သူက ဣန္ဒြေရနေလေသည်။ သူက မည်သည့်ဖိအားကိုမှ မခံစားရသည့်ပုံပင်။
ဆူဇီမိုသည် စတုတ္ထအုပ်စုသို့ ကျဆင်းနေရသည့် အကြောင်းရင်းမှာ သူက ကျောက်လှေကားထစ် တစ်ခုစီသို့ တက်ရောက်တိုင်း ထိုနေရာမှာ အတန်ကြာရပ်၍ လေးနက်စွာ စဉ်းစားတွေးတောနေသောကြောင့် ဖြစ်လေသည်။
သူက အတန်ကြာရပ်ပြီးမှသာ နောက်ထပ် ကျောက်လှေကားထစ်ဆီသို့ တက်လှမ်းလေသည်။
“သူက ဘာလုပ်နေတာပါလိမ့်”
လင်းရွှမ်ကျီက သူ့မေးကိုပွတ်သပ်၍ ဝေခွဲမရ ဖြစ်နေ၏။
သူတစ်ယောက်တည်းသာလျှင် မဟုတ်.. တိမ်စိုင်များပေါ်မှ နိုးထဝိညာဉ်များတောင်မှ ဆူဇီမို၏ ပြုမူလှုပ်ရှားပုံကို မခန့်မှန်းနိုင်ကြပေ။
မည်သူမှ မသိကြသော်လည်း.. ဆူဇီမိုသည် အသင်္ချေနယ်မြေတောင်ထွတ်၏ ဖိအားနှင့် ယှဉ်ပြိုင်ရင်း ၎င်းကို နားလည်ဆင်ခြင်နေလေသည်။
အသင်္ချေနယ်မြေတောင်ထွတ်က တည်ရှိခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။
သမိုင်းထဲရှိ စွမ်းအားကြီးသော ရွှေအမြုတေနယ်မြေများအားလုံးနီးပါးသည် သူတို့၏ အမှတ်အသားများနှင့် အော်ရာများကို ဒီနေရာမှာ ချန်ထားခဲ့ကြလေသည်။
ထိုအထဲတွင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အမြုတေနယ်မြေများ ပါဝင်လေသည်။
ဆူဇီမိုသည် ထိုအမြုတေနယ်မြေများ အားလုံး၏ အဆီအနှစ် သဘောတရားများအားလုံးကို နားလည်သဘောပေါက်နိုင်လောက်သည့် ကောင်းကင်ဘုံကို ဖီဆန်သော ဉာဏ်ကြီးရှင်ကြီးတစ်ဦးတော့ မဟုတ်ပေ။
သို့သော်လည်း ထိုရွှေအမြုတေနယ်မြေများကနေ ချန်ထားရစ်ခဲ့သော အမှတ်အသားများနှင့် အော်ရာများကို တွေ့ကြုံခံစားခြင်းဖြင့်.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများအပေါ် သူ၏ နားလည်သဘောပေါက်မှုက နက်ရှိုင်းလာလေသည်။
ရွှေအမြုတေနယ်မြေတစ်ခုက စိတ်ဝိညာဉ်ပညာရပ်များအားလုံး၏ စံနမူနာ ဖြစ်လေသည်။
၎င်းထဲမှာ ကျင့်ကြံသူတစ်ယောက်၏ ချီစုဖွဲ့မှုအဆင့်ကနေ ရွှေအမြုတေအဆင့်ထိ နားလည်သဘောပေါက်ခြင်းများ ပါဝင်လေသည်။ သူတို့ကို ပေါင်းစပ်ခြင်းဖြင့် အမြုတေနယ်မြေတစ်ခုက မွေးဖွားလာပြီး ထိုအဆင့်သို့ ဆင့်ကဲပြောင်းလဲလာခြင်းပင်။
ထိုရွှေအမြုတေနယ်မြေများကို နားလည်ဆင်ခြင်ခြင်းဖြင့် ဆူဇီမို၏ ရွှေအမြုတေက ပိုမိုပြည့်ဝစွာ ကြီးထွားလာပြီး သူ၏ ရွှေအမြုတေကို လွှမ်းခြုံထားသော အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ မတူညီသော အော်ရာသုံးမျိုးက ပိုမိုဝင်းလဲ့တောက်ပလာလေသည်။
ရွှေအမြုတေက ဖြည်းဖြည်းချင်း လှည့်ပတ်၍ မီးနှင့်ရေ၊ ယင်နှင့်ယန်ကို ပေါင်းစပ်ကာ ပို၍ အပြစ်ကင်းစင်ပြီး သန့်စင်လာလေသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီး၊ နေနှင့်လတို့နှင့် ဟန်ချက်ညှိ ပဲ့တင်ထပ်ကာ ထာဝရ တည်မြဲစေနေသလိုပင်။
အဲ့ဒါကမှ တစ်ကယ့် အစစ်အမှန် ရွှေအမြုတေ ဖြစ်လေသည်။
အဲ့ဒါက တစ်ကယ့်ကို ပြီးပြည့်စုံသည့် အဆင့် ဖြစ်လေသည်။
အဲ့ဒါက အစားထိုးမရသော၊ အဖိုးထိုက်တန်လွန်းသော အတွေ့အကြုံတစ်ခု ဖြစ်လေသည်။
ဆူဇီမိုက တာအိုတစ်ခုကို တည်ထောင်ချင်သည့် ဆိုမှတော့ အဲ့ဒါက သူလုံးဝ လက်လွှတ်မခံနိုင်သော အခွင့်အရေး ဖြစ်လေသည်။
တာအိုတစ်ခု တည်ထောင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်ပါမည်နည်း..
ဒီနေ့ဒီအချိန်ထိတော့ ဆူဇီမိုသည် အဲ့ဒါကို ဘယ်ကနေ စတင်ရမလဲ သူ့မှာ သဲလွန်စ မရှိသေးပေ။
သူ့အနေနှင့် မော်တယ်များအတွက် အဆင်ပြေမည့် အစားထိုးကျင့်ကြံရေးလမ်းကြောင်းတစ်ခုကို အကောင်အထည်စတင်ဖော်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ လျှို့ဝှက်နက်နဲမှုများကို နားလည်ဆင်ခြင်ပြီး သားရဲတာအို၏ ဆန်းကြယ်မှုကို တွေ့ကြုံခံစားပြီးမှသာ ဖြစ်ကောင်းဖြစ်လာနိုင်ပေမည်။
သူသည် ကျောက်လှေကားထစ်တစ်ခုသို့ တက်လှမ်းသွားတိုင်း မတူညီသော ရွှေအမြုတေတစ်ခု၏ အော်ရာက သူ့ထံသို့ တလိပ်လိပ် တိုးဝင်လာတတ်လေသည်။
ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အရာရာတိုင်းကို ဂရုတစိုက် တွေ့ကြုံခံစားနေလေသည်။
အခြားသော ကျင့်ကြံသူများက အသင်္ချေနယ်မြေတောင်ထွတ်ပေါ်သို့ နာမည်ဂုဏ်သတင်းအတွက် တက်လှမ်းကြလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာတော့.. ဆူဇီမိုသည် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်မှာ ရပ်လိုက်ပြီးနောက် သူက နာမည်ဂုဏ်သတင်းဆိုတာထက်ကို ကျော်လွန်သွားလေပြီ။
သူ့မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးကို မြင်မိလေသည်။
သူ့ရင်ဘတ်ထဲ၌ ကောင်းကင်နှင့် ကမ္ဘာမြေ၏ အကန့်အသတ်မဲ့မှုတို့သာလျှင် ရှိလေသည်။
သူ့နှလုံးသားထဲမှာ ပိုမိုကြီးမားမြင့်မြတ်သော ရည်မှန်းချက်တစ်ခု ရှိနေလေသည်။
စတုတ္ထအုပ်စုမှာ ကျင့်ကြံသူအများစုက သူတို့အနေနှင့် မျှော်လင့်နိုင်စရာ မရှိတော့ဟု နားလည်သွားသောအခါ တစ်ယောက်ပြီးတစ်ယောက် လက်လျှော့သွားကြလေသည်။
ဆူဇီမိုတစ်ယောက်တည်းသာလျှင် တိတ်တဆိတ်ဖြင့် ဆက်လက်တက်လှမ်းသွားလေသည်။
တတိယအုပ်စုထဲမှာ ကျင့်ကြံသူများသည် အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။
တဖြည်းဖြည်းနှင့် တတိယအုပ်စုထဲမှ ကျင့်ကြံသူတစ်ရာကျော်ကျော်ကြားမှာ ရလဒ်တစ်ခုက ထွက်ပေါ်လာနေလေပြီ။
ကျိချန်းရှန်က ဆန်းကြယ်တောင်ထွတ်၏ အမွေအနှစ် အမြုတေနယ်မြေကို ထုတ်ဖော်ပြီးနောက် ၂၅ ခုမြောက် ကျောက်လှေကားထစ်မှာ ရပ်တန့်သွားလေသည်။ သူက ချွေးများဖြင့် စိုရွှဲ၍ လုံးဝ ပင်ပန်းနွမ်နယ်နေလေပြီ။ အဲ့ဒါက သူ၏ အကန့်အသတ်ပင် ဖြစ်လေသည်။
ကျင့်ကြံသူအချို့က ၂၀ ခုမြောက် ကျောက်လှေကားထစ်မှာ ရပ်တန့်သွားပြီး အချို့ကတော့ ၂၆ ခုမြောက်နှင့် ၂၇ ခုမြောက်....
အထက်ရှိ ကျောက်လှေကားထစ်တစ်ခုစီသို့ ဆက်တက်သွားတိုင်း အဲ့ဒီမှာ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်က ရှိနေတတ်ကြလေသည်။
ကံကောင်းထောက်မစွာနှင့် ကျိချန်းရှန် ရှိနေသော ကျောက်လှေကားထစ်တွင် အခြားမည်သူမှ ရှိမနေကြပေ။ ထိုသို့ဖြင့် သူက ကနဦးတိုက်ပွဲပြီးနောက် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုတစ်ခုကို ရှောင်ရှားနိုင်ပေတော့မည်။
“ခင်ဗျား နောက်တစ်ဆင့်ကို ဆက်တက်နိုင်သေးလား”
ရုတ်တရက် ကျိချန်းရှန်၏ နားထဲသို့ အသံတစ်သံက ဝင်ရောက်လာလေသည်။
သူလှည့်ကြည့်လိုက်သောအခါ ဆူဇီမိုသည် တစ်ချက်ခုန်၍ ၂၅ ခုမြောက် ကျောက်လှေကားထစ်ပေါ်သို့ ရောက်ရှိလာပြီး သူ့ဘေးမှာ ရပ်လာလေသည်။
“ငါ ဆက်ပြီး မလုပ်နိုင်တော့ဘူး.. ဒါ ငါ့အစွမ်း အကုန်ပဲ”
ကျိချန်းရှန်သည် သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး အနည်းငယ် မောဟိုက်နေကာ ပြုံးပြလိုက်လေသည်။
“ဂျူနီယာညီလေးဆူ.. ငါ့ကို စိတ်ပူမနေနဲ့.. ဆက်တက်သွားချေ”
“အင်း” ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ကျိချန်းရှန်၏ အနေအထားအရ.. ဘာလွဲမှားတာမှ ဖြစ်မလာဘူးဆို သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အဆင့်တစ်ရာအတွင်း ဝင်နိုင်ပေလိမ့်မည်။
အဲ့ဒါက သိပ်ပြီး မြင့်မားသည်ဟု မထင်ရသော်လည်း ကျိချန်းရှန်အတွက် သို့မဟုတ် ဆန်းကြယ်တောင်ထွတ်၏ အမွေအနှစ်အမြုတေနယ်မြေ.. ဆန်းကြယ်ဓါးအတွက်တော့.. အဲ့ဒါက အတော်လေးကို ကောင်းမွန်သည့် ရလဒ် ဖြစ်လေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် နေရာ ၁၀၈ နေရာသာလျှင် ရှိ၏။
ထိုအထဲမှ နေရာတစ်နေရာကို ရယူနိုင်သော မည်သည့်ကျင့်ကြံသူကိုမဆို ဒီဘက်ခေတ်၏ အစစ်အမှန်ပြိုင်စံရှားတစ်ယောက်အဖြစ် သတ်မှတ်လို့ ရနေပြီး ဖြစ်လေသည်။
ထိုအခိုက်အတန့်မှာပင် သီယင်းက ၉၉ ခုမြောက် ကျောက်လှေကားထစ်သို့ ရောက်ရှိသွားလေပြီ။
အဲ့ဒါသည် လွန်ခဲ့သည့် နှစ်တစ်ရာက သူ့ရပ်တန့်သွားခဲ့သော နေရာလည်း ဖြစ်လေသည်။
ယခု သူပြန်ရောက်လာသောအခါ သူ့အော်ရာက ခိုင်မာတည်ငြိမ်နေလေသည်။ သူက ၉၉ ခုမြောက် ကျောက်လှေကားထစ်မှာ ရပ်တန့်မသွားဘဲ လေထဲသို့ ပျံတက်ကာ ၁၀၀ မြောက် ကျောက်လှေကားထစ်ပေါ်သို့ ဆင်းသက်လိုက်လေသည်။
သီယင်းက အားလုံးကို သူ့နောက်မှာ အပြတ်အသတ် ဖြတ်ချန်ထားခဲ့၏။
ပထမအုပ်စုမှ လူရှစ်ယောက်သည် ဘေးချင်းယှဉ်၍ ဆက်လက်တက်လှမ်းနေကြဆဲ ဖြစ်သော်လည်း သူတို့ထဲ မည်သူကမှ သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ကြခြင်း မရှိကြသေးပေ။
သို့သော်လည်း သူတို့သည် အမြင့်သို့ ရောက်ရှိလာသည်နှင့်အမျှ သူတို့အကြား ကွာဟချက်ကလည်း တဖြည်းဖြည်း မြင်သာလာလေသည်။
ပဒေသရာဇ်နန်းတော်နှင့် စိန်ကျောင်းတော်တို့က ခန္ဓာမီးဆေးခြင်းတွင် နာမည်ကြီးကျော်ကြားသော ထိပ်သီးဂိုဏ်းကြီးများ ဖြစ်ကြလေသည်။
ဖန်းယွဲ့နှင့် ကိုယ်တော်ကြွယ်ချမ်းသည် ကြမ်းတမ်းခက်ထန်သော မျိုးဆက်သွေးများ ရှိကြပြီး သူတို့၏ အသက်ရှူသံများက တည်ငြိမ်နေလေသည်။ သူတို့က သူတို့၏ ရွှေအမြုတေနယ်မြေများကို မဆင့်ခေါ်ရသေးသော်လည်း သူတို့ပုံက အတော်လေး သက်တောင့်သက်သာ ရှိလေသည်။
သူတို့နှစ်ယောက်နှင့် အဆူရာဂိုဏ်း၏ ရန်ထူ၊ လိုဏ်ခေါင်းကျောင်းတော်၏ ကိုယ်တော်ကျန့်ခုံး၊ မိုးကြိုးလေပြေနန်းတော်၏ ရှူချန်နှင့် အခြားသူများ၏ အကြားက ကိုယ်ကာယကြံ့ခိုင်မှု ကွာဟချက်က သိသာလာလေသည်။
သူတို့ထဲမှ အချို့က အသက်ရှူ မြန်လာကြ၏။
သူတို့ထဲမှ အချို့က နဖူးကနေ ချွေးများ စီးကျလာကြလေသည်။
ထပ်မံပြီးတော့ လူတိုင်းကို အံ့အားသင့်စေသည်မှာ မင်းကျန်သည် ရုပ်ပိုင်းဆိုင်ရာမှာ ဖန်းယွဲ့နှင့် ကိုယ်တော်ကြွယ်ချမ်းထက် အောက်မကျနေခြင်းပင်။
မင်းကျန်၏ အမူအယာက ချောညက်နေပြီး ချွေးလုံးဝ မထွက်ပေ။ သူ့အသက်ရှူသံကလည်း တည်ငြိမ်နေပြီး သူ့အကန့်အသတ်သို့ မရောက်သေးသည်မှာ သိသာလေသည်။
“အဲ့ဒီဦးပဉ္ဇင်းလေးရဲ့ နောက်ခံက ဘာလဲဟ.. သူက ဘယ်လိုကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံထားတာပါလိမ့်”
ကိုယ်တော်ဝေဖူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“သူက အတွေ့အကြုံကောင်းနဲ့ အခွင့်အလမ်းအချို့ကို ရရှိထားတာ ဖြစ်ရမယ်”
ပကတိအရှင်ပေတူက လေးနက်စွာ ပြောလိုက်၏။
“အဲ့ဒါကို ကောက်ချက်ချဖို့က စောလွန်းနေသေးတယ်.. ဘာပဲပြောပြော သူတို့ကြားက နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို သူတို့ရဲ့ ရွှေအမြုတေနယ်မြေတွေနဲ့ သူတို့က ဘယ်လောက်စွမ်းအားများများ ထုတ်ဖော်နိုင်သလဲ ဆိုတာကပဲ အဆုံးဖြတ်ပေးမှာလေ”
ထိုသို့ဆိုလျှင်တောင်.. မင်းကျန်၏ ရွှေအမြုတေနယ်မြေက အားနည်းနေလျှင်တောင်.. သူက အနည်းဆုံး အဆင့် ၂၀ အတွင်း ဝင်နိုင်လိမ့်မည်ကို နိုးထဝိညာဉ်များအားလုံး သိထားကြလေသည်။
အဲ့ဒါကပင် အတော်လေးကို ကြောက်စရာကောင်းနေခဲ့ပြီ ဖြစ်လေသည်။
အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ အမွေခံတပည့်များပင်လျှင် အဆင့် ၂၀ အတွင်း ဝင်နိုင်ချင်မှ ဝင်ပေလိမ့်မည်။
ဥပမာအားဖြင့် သန့်စင်နှလုံးသားသီလရှင်ကျောင်းတော်မှ အမွေခံတပည့်နှင့် တိမ်လွှာမိုးစက်ဂိုဏ်းမှ ရှန်ကွမ်ယုတို့သည် တတိယအုပ်စုထဲတွင် ရောက်ရှိနေပြီး ဖြစ်လေသည်။
ဒုတိယအုပ်စုတွင်တော့.. ကျင့်ကြံသူအချို့သည် ဖိအားဒဏ်ကို ဆက်လက်၍ မခံနိုင်ကြတော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လာကြလေပြီ။
ဖက်တီးလေးကတော့ ဆက်လက် တောင့်ခံထားနိုင်နေသေး၏။
ကြယ်တာရာနဂါးခံတွင်းတွင် အဝါရောင်ငရဲမြစ်မြူခိုးများ၏ ဆေးကြောသန့်စင်ပေးခြင်းနှင့် မကြုံတွေ့ခဲ့ရဘူးဆိုလျှင် သူက နောက်တွင် ကျန်ခဲ့မည်မှာ အတော်ကြာနေလောက်ပေပြီ။
“တက်စမ်း”
မိုးပျံငှက်မွေးဂိုဏ်း၏ ပြိုင်စံရှားက ညင်သာစွာ အော်လိုက်၏။
ရေများ လျှင်မြန်စွာ တိုးဝင်လာပြီး ဒီရေများ တလိပ်လိပ်တက်လာသော အသံက သူ့နောက်ကနေ ထွက်ပေါ်လာပြီး လှိုင်းဂယက်များက တဝေါဝေါ အော်မြည်လာလေသည်။
ကြက်သွေးရောင်နေမင်းက မြစ်တန်းရှည်ပေါ်ကနေ ဖြည်းဖြည်း ဝင်သွားလေသည်။
နေဝင်ဆည်းဆာရောင်ခြည်က ကောင်းကင်ကို နီစွေးသွားစေပြီး လွမ်းမောဆွေးမြည့်ဖွယ်ရာ လှပသော မြင်ကွင်းကို ဖြစ်ပေါ်လာစေလေသည်။ မြစ်၏ ရေမျက်နှာပြင်ကပါ နီစွေးသွားပြီး အလွန်ပြင်းထန်သော သွေးရနံ့ဖြင့် သွေးမြစ်တစ်ခုအဖြစ် အသွင်ပြောင်းလာလေသည်။
“ကြည့်စမ်း.. အဲ့ဒါက မိုးပျံငှက်မွေးဂိုဏ်းရဲ့ အမွေအနှစ် အမြုတေနယ်မြေပဲ”
“ရှေးဟောင်းအမြုတေနယ်မြေ.. မြစ်တန်းရှည်နေဝင်ဆည်းဆာ”
လူအုပ်ကြီးထဲမှ အံ့အားသင့်သံများက ထွက်ပေါ်လာ၏။
ရွှေအမြုတေနယ်မြေ၏ ထောက်ပံ့မှုဖြင့် ငှက်မွေးဂိုဏ်း၏ ပြိုင်စံရှားက အားမာန်များ တက်ကြွလာလေသည်။ သူက သက်တောင့်သက်သာပုံ ပေါက်သွားပြီး သူ့အမြန်နှုန်းက တိုးလာကာ အပေါ်သို့ ဆက်လက်တက်လှမ်းသွားလေသည်။
“ကြယ်စင်စု ဝဲကတော့”
ကောင်းကင်စင်ရော်ဂိုဏ်း၏ ပြိုင်စံရှားကလည်း ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်လေသည်။
ညက ချက်ချင်းဆင်းသက်လာလေသည်။
သူ့ဦးခေါင်းထက်ရှိ ကောင်းကင်တွင် တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် တောက်ပနေသော ကြယ်များက စီတန်း၍ ထွက်ပေါ်လာလေသည်။
ရုတ်တရက်..
သံလိုက်ဆွဲအားတစ်ခုက သက်ရောက်လိုက်သည့်အလား...
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ကြယ်များက စတင်၍ လည်ပတ်လာပြီး ဝဲကတော့တစ်ခုပုံစံ ဖြစ်လာလေသည်။ မြောက်များလှစွာသော ကြယ်များက တိုက်မိခိုက်မိ၍ မီးပွားလေးများက အဘက်ဘက်သို့ လွင့်စင်ကာ တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအင်အတက်အကျကို ထုတ်ပေးလာလေသည်။
ဝဲကတော့၏ အလယ်ဗဟိုက အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား ထင်ရလေသည်။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ပြိုင်စံရှားသည် နက်နက်ရှိုင်းရှိုင်း ဟိန်းဟောက်၍ သူ့အမြန်နှုန်းက ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
ဒုတိယအုပ်စုမှ ပြိုင်စံရှားများသည် သူတို့၏ ရွှေအမြတေနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။
ချက်ချင်းပင် လေထုထဲတွင် ရှေးဟောင်းအမြုတေနယ်မြေများစွာက တုန်လှုပ်ဖွယ်ရာပုံစံဖြင့် ပြိုးပြိုးပြက်ပြက် ဖြာလက်လာကြလေသည်။