← Chapters

ဒီခေတ်ကလေးတွေကိုသွားမထိနဲ့

Vol. 33 Ch. 482

ဒီခေတ်ကလေးတွေကိုသွားမထိနဲ့

Vol. 33 Ch. 482

ထို့နောက်တွင် ထွင်ထျန်းဟာသည် ဝေ့ကျစ်နှင့် စကားပြောရင်း အကဲဖြတ်စင်တာတွင် တွေ့ရှိခဲ့သည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းများကဲ့သို့ ဝိညာဉ်သားရဲများကို မတရား ထိန်းသိမ်းထားသူများ ပတ်ဝန်းကျင်၌ အများအပြား ရှိနေကြောင်း သိရှိသွားခဲ့သည်။

ဝိညာဉ်သားရဲများကို အနောက်နိုင်ငံများတွင် လုံးဝကွဲပြားသော အမည်များဖြင့် ခေါ်ဝေါ်ကြမည်ဟု ထွင်ထျန်းဟာ မမျှော်လင့်ထားပေ။

ဝေ့ကျစ်၏ လက်ဆောင်ကို လက်ခံပြီးနောက်တွင် ထွင်ထျန်းဟာတို့ နှစ်ယောက်သည် အပြင်သို့ ထွက်လာခဲ့သည်။

ထွင်ထျန်းဟာက သူ၏ ဦးတည်ရာကို ရွေးချယ်ထားပြီးပြီ ဖြစ်၏။

သူနှင့်ဝေ့ကျစ်က ကံကြမ္မာချင်း ကွာခြားလှသည်။

ထွင်ထျန်းဟာက ဓားတာအိုကို စုပ်ယူရန် အမွေဆက်ခံ အစီအရင်ကို နဖူးပေါ်တွင် ကပ်၍ စိတ်ကို ဖြေလျှော့ထားရန်သာ လိုအပ်သော်လည်း ဝေ့ကျစ်ကမူ ပိုက်ဆံကျပ်တည်း၍ ဖိအားများစွာ ပိုခဲ့ရပြီး ကျင့်ကြံခြင်းကိုပင် အလေးပေးနိုင်ခြင်း မရှိပေ။

ဝေ့ကျစ်က ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လိုက်ပြီး စက်ကိုနှိုးလိုက်သည်။

“ဘယ်ကိုသွားကြမှာလဲ”

ထွင်ထျန်းဟာက သွားရမည့် တည်နေရာကို ဝေ့ကျစ်ထံ ပေးပို့လိုက်သည်။

“အင်တာနက်ဘားလား.. အဲဒါက ဒီနေရာနဲ့ နည်းနည်းတော့လှမ်းတယ်”

ဝေ့ကျစ် အံ့ဩသွားသည်။

“မင်းကဂိမ်းဆော့တတ်လို့လား”

ထွင်ထျန်းဟာက ခြေသည်းများကို ဖြန့်ပြလိုက်သည်။

“သင်ယူလိုက်ရင် ဘာမှမခက်ပါဘူးကွာ”

ဝေ့ကျစ်က သက်ပြင်းကို ခပ်ဖြည်းဖြည်း ချလိုက်သည်။

သို့သော် သိပ်မကြာခင်မှာပင် ဤအရာက အဓိကပြဿနာ မဟုတ်မှန်း သူသိလိုက်သည်။

အကြောင်းအရင်းမှာ ဝိညာဉ်သားရဲများကို အင်တာနက်ဘားများက ခွင့်မပြုသောကြောင့် ဖြစ်သည်။

“ညီနောင်ခွေးရေ.. သောက်ဂွပဲကွ.. မင်းဘယ်လိုဝင်မှာလဲ”

ဝေ့ကျစ်က မေးလိုက်သည်။

“အဲဒီဆိုင်က ကျွန်းသခင်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတဲ့ အင်တာနက်ဘား တစ်ခုပါ.. ကျွန်းသခင်က ဘားရဲ့သူဌေးကို အသိပေးပြီးသားလေ.. ဒီနေ့တော့ ဘားပိုင်ရှင်က ငါတို့အတွက် ဘားကို ပိတ်ထားပေးတယ်”

“ညီနောင်ခွေးက ကျွန်းသခင်ကို သိတယ်လား”

ဝေ့ကျစ်၏ မျက်နှာတွင် အံ့ဩသော အမူအရာများ ထပ်မံဖြစ်ပေါ်လာသည်။

“ပရိသတ်စာရင်းကို ကြည့်ကြည့်စမ်း.. ငါက အင်မော်တယ်2ပဲ.. ကျွန်းသခင်ရဲ့ အမာခံပရိတ်သတ် ဆိုလည်းမမှားဘူး.. ကျွန်းသခင်က သူ့ပရိတ်သတ်တွေကို အရမ်းတန်ဖိုးထားတယ်”

ထွင်ထျန်းဟာက ချက်ကျလက်ကျ ရှင်းပြလိုက်သည်။

ထို့အပြင် ယမန်နေ့ညတွင် ထွင်ထျန်းဟာကို အင်တာနက်ဘားတွင် အသုံးပြုရန် ကူညီပေးခဲ့သူမှာ ကျွန်းသခင် ဖန်းကွမ်း ဖြစ်သည်။

ဖန်းကွမ်းက တိုက်ရိုက် ထုတ်လွှင့်မှုတွင် အောင်မြင်ကျော်ကြားလာသောကြောင့် သူနှင့် ပူးပေါင်းလိုသော အင်တာနက်ဘားသူဌေး အများအပြား ရှိလာသည်။

သူ့တို့အတွက် ဘားကို တစ်ရက်ပိတ်သည်က သေးငယ်သောကိစ္စလေး တစ်ခုပင်။

ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် အင်တာနက်ဘား၏ နာမည်ကို ကြော်ညာခဲ့မည် ဆိုလျှင် ၎င်းတို့ အင်တာနက်ဘားသည် သေချာပေါက် ရေပန်းစားလာလိမ့်မည် မဟုတ်ပါလော။

ထွင်ထျန်းဟာက ပါးစပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

သူက မက်ဆေ့များကို စစ်ဆေးကြည့်ရာ ဖန်းကွမ်း

စာပို့ထားသည်ကို တွေ့လိုက်ရသည်။

“ကျွန်းသခင်က ဂိမ်းကစားဖို့ အတွက် ငါတို့နှစ်ယောက်ကို စောင့်နေတယ်.. ငါတို့တွေက အသင်းတစ်သင်း အနေနဲ့ ကစားရမှာဖြစ်ပြီး ကျွန်းသခင်နဲ့ သူ့ရဲ့နံပါတ်တစ် ပရိတ်သတ်က တစ်ဖက်အသင်းမှာ ကစားကြမယ်”

“ကောင်းပြီလေ”

ဝေ့ကျစ်က ထွင်ထျန်းဟာ ပို့လိုက်သည့် တည်နေရာကို ကြည့်ရင်း အင်တာနက်ဘား ဆီသို့ ဖြည်းဖြည်းချင်း မောင်းလာခဲ့သည်။

သူ့နှုတ်ခမ်းထောင့်များက မတုန်ယင်ဘဲ မနေနိုင်တော့ချေ။

သူတို့သွားရမည့်နေရာက အတော်အတန် ဝေးကွာ၏။

ထိုနေရာသည် ယခင်က လူနေရပ်ကွက်တစ်ခု ဖြစ်ကြောင်း ဝေ့ကျစ် သတိရလိုက်သည်။

သို့သော်လည်း ၎င်းနေရာ၏ အနီးတဝိုက်ကမူ မဖွံ့ဖြိုးသေးပေ။

ထို့ကြောင့် ဤအင်တာနက်ဘားက သေချာပေါက် ဆိုင်အသစ်ဖြစ်ကြောင်း သူခန့်မှန်းနိုင်ခဲ့သည်။

ဘား၏အမည်သည် ထွင်ထျန်းဟာ၏ တည်နေရာပြ မက်ဆေ့တွင်ပင် မပေါ်ခဲ့ပေ။

ထို့ကြောင့် ဤဆိုင်က လူကြိုက်များလာစေရန် ကျွန်းသခင်နှင့်ပူးပေါင်းလုပ်ဆောင်မည့် အင်တာနက်ဘား အသစ်သာ ဖြစ်ရပေမည်။

အင်တာနက် ဘားအဟာင်းများကမူ ပုံမှန်ဖောက်သည်များ ရှိနေပြီ ဖြစ်သောကြောင့် ကျွန်းသခင်ကို စပွန်ဆာပေးခြင်းက ၎င်းတို့အတွက် အကျိုးသိပ်ရှိမည် မဟုတ်ပေ။

ထို့ပြင် ဘားအဟောင်း တစ်ခု၏ အမည်သည် GPS ပေါ်တွင် ကျိန်းသေပေါ်နေလိမ့်မည် မဟုတ်ပါလော။

“ဒီအသစ်ဖွင့်ထားတဲ့ အင်တာနက်ဘား အမည်က ဘာလဲ”

ဝေ့ကျစ်က မေးလိုက်သည်။

ထွင်ထျန်းဟာ “ရှင်ရှင်း”

{ရှင်ရှင်း=အွန်လိုင်းဂိမ်းဝတ္ထု "The King's Avatar" တွင် အဓိက ESports အဖွဲ့၏ နာမည်}

ဝေ့ကျစ် "............."

........................

တစ်ဖက်တွင်လည်း ဝမ်လင်းဆီက မက်ဆေ့ခ်ျကို ဗုံးပစ်စီနီယာ အင်မော်တယ်က လက်ခံရရှိခဲ့သည်။

ဤသီတင်းပတ်ကုန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ၏ နောက်ထပ် မစ်ရှင်တစ်ခု အတွက် မြေအောက်ခန်းတွင် သုတေသန ပြုလုပ်နေသည်။

မကြာသေးမီက ID "Corris" ဆိုသူသည် ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အင်တာနက်ဖိုရမ် တစ်ခုကို အသုံးပြု၍ သူနှင့် လိင်ဆက်ဆံရန် ခြိမ်းခြောက်ခဲ့သည်။

အဆုံးသတ်တွင် ထိုဖြစ်ရပ်ကို ကောင်မလေး၏ မိဘများက သိသွားကြသည်။

နောက်ပိုင်းတွင် ID Corris က အွန်လိုင်းကနေ ကောင်မလေးကို အိမ်ကနေ ထွက်၍ သူ့ဆီလာခဲ့ရန် ဖိအားပေးခဲ့သည်။

ပိုဆိုးသည်မှာ ကောင်မလေး၏ မိဘများကိုပါ အသက်ကြီးပြီး ရှေးရိုးဆန်သည်ဟု ဝေဖန်ခဲ့ခြင်းပင်။

သို့သော် ကောင်မလေး၏ မိဘများက သာမန်လူများ မဟုတ်ကြပေ။

စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားပြီးနောက်တွင်( World of Warcraft) ကစားသမားဟောင်း ဖြစ်သူ ကောင်မလေး၏ မိခင်သည် ဂိမ်းဖိုရမ်တွင် ဤကိစ္စကို သေချာစွာ ဖော်ပြရန် ဆုံးဖြတ်ခဲ့သည်။

အဆုံးသတ်တွင် ဤအဖြစ်အပျက်က အွန်လိုင်းတွင် ထင်ရှားသည့် ခေါင်းစဉ်တစ်ခု ချက်ချင်း ဖြစ်လာမည်ဟု ID Corris ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ယခုအခါတွင် အွန်လိုင်းအသုံးပြုသူများသည် ID Corris အတွက် နိုင်ငံလုံးဆိုင်ရာ ရှာဖွေမှု တစ်ရပ်ကို စတင်ရန် ဆုငွေများစွာပင် စုဆောင်းမိနေကြပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤခေတ်ကလေးများကို အမှန်တကယ် လက်လန်သည်။

သူ့အနေဖြင့် ဤကဲ့သို့ လူ့အဖွဲ့အစည်း၏ အညစ်အကြေးများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမြဲလိုလို တက်ကြွနေလေ့ရှိပြီး ဆုငွေပင် မလိုအပ်ပေ။

သူက လိပ်စာကို ကူညီရှာဖွေရန် အတွက် "Corris"၏ ID ကို ယခုလေးတင် ဘလက်လေးဆီ ပေးပို့ခဲ့သည်။

လူတစ်ဦး၏ အထောက်အထားကို စုံစမ်းရန် အွန်လိုင်း ID တစ်ခုကို အသုံးပြုခြင်းသည် ဘလက်လေး လုပ်ဆောင်နေကျ အလုပ်တစ်ခုသာ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ကွန်ယက်ကြိုး သို့မဟုတ် ဝိုင်ဖိုင် နောက်ကိုသာ ပုန်းခို၍ လိုက်နိုင်လျှင် အရမ်းကောင်းမည်ဟု တစ်ခါတရံ တွေးတောဖူးသည်။

သို့မှသာ လူဆိုးများ၏ တည်နေရာသို့ ချက်ချင်း ရောက်၍ ဆုံးမနိုင်မည် မဟုတ်ပါလား။

သူက ဘလက်လေးဆီ တာဝန်အပ်နှင်းပြီး မိနစ်အနည်းငယ် မပြည့်ခင်မှာပဲ ဝမ်လင်းထံမှ ရုတ်တရက် မက်ဆေ့တစ်စောင် ဝင်လာသည်။

မက်ဆေ့ချ်တွင် ထွင်ထျန်းဟာ ပျောက်နေသည်ဟု ရေးထားသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က လုပ်လက်စအလုပ် အားလုံးကို လက်စသတ်လိုက်သည်။

"ဘယ်တုန်းက ပျောက်သွားတာလဲ"

သို့သော် ဤခွေးက အိမ်မှထွက်ပြေးမည့် ခွေးအမျိုးအစား မဟုတ်ကြောင်း သူ့ပင်ကိုသိစိတ်က ပြောပြနေ၏။

ဤခွေးက လုပ်စရာတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်သလို သူငယ်ချင်းများ နှင့် အပြင်ထွက်လည်နေတာလည်း ဖြစ်နိုင်သည်။

"ညီနောင်ငွေရောင်လေး"

မြေအောက်ခန်းတွင် ရှိနေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းကို မော့လိုက်ပြီး ပထမထပ်ရှိ ဆိုဖာပေါ်တွင် ဇိမ်ကျစွာ လဲလျောင်းနေသော ငွေရောင်လေးအား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထိုအချိန်တွင် ငွေရောင်လေးက ခေါက်ဆွဲခြောက်ကို ချက်ပြုတ်သည့် အထူးနည်းလမ်း အမျိုးမျိုးအကြောင်း အွန်လိုင်းကနေ ဖတ်ရှုနေသည်။

ပြုလုပ်ရန် အခြေခံအကျဆုံး နည်းလမ်းမှာ ရေနွေးဆူလာလျှင် ခေါက်ဆွဲခြောက်နှင့် အတူ အိတ်အတွင်းမှ ဟင်းခတ်အမွှေးအကြိုင်များကို ဖောက်ထည့်ရန် ဖြစ်သည်။

ထိုခဏဝယ် သူက ဗုံးပစ်စီနီယာအင်မော်တယ်၏ ခေါ်သံကို ကြားလိုက်ရသည်။

ငွေရောင်လေးက ဆိုဖာပေါ်ကနေ ခေါင်းငုံ့ပြီး ကြမ်းပြင်ကို ကြည့်လိုက်သည်။

ထို့နောက် သူ၏ လက်ချောင်းကို အသုံးပြု၍ ကြမ်းပြင်တွင် အပေါက်တစ်ခုကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဗုံးပစ်စီနီယာအင်မော်တယ်က မှင်တက်သွားသည်။

ငွေရောင်လေး "ညီနောင်ဗုံးပစ် ဘာကိစ္စရှိလို့လဲ"

ဗုံးပစ်စီနီယာအင်မော်တယ်

"ညီနောင် ငွေရောင်လေး... မင်းငါ့ကို ဒီအတိုင်း စကားပြောလို့ရပါတယ်. ငါ့ဇိမ်ခံအိမ်က ကြမ်းပြင်ကိုတော့ အပေါက်တွေ မဖောက်ပါနဲ့"

ထိုစ​ကားကိုကြားလျှင် ငွေရောင်လေး၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

"ကောင်းပြီ ငါနားလည်ပြီ.. မင်းမှာကိစ္စရှိရင် ငါ့ကိုမြန်မြန်ပြော.. ငါအလုပ်ရှုပ်နေတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ခွေးနဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်သေးလား.. ညီနောင်ခွေးက လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး မနက်ကနေ ညနေအထိ အပြင်ထွက်နေတယ်လို့ ညီနောင်လင်းက ပြောနေတယ်.. ညီနောင်လင်းက သူ့ရဲ့ လှုပ်ရှားမှုတွေကို အတော်လေး သံသယ ဖြစ်နေပုံပဲ"

"အိုး မင်းက အဲဒီခွေးအကြောင်း ပြောနေတာလား"

ခဏလောက်စဉ်းစားပြီးမှ ငွေရောင်လေးက ပြောလိုက်သည်။

"သူ ဘယ်မှာလဲဆိုတာတော့ ငါမသိဘူး.. ဒါပေမယ့် သိပ်မကြာခင်က အပျော်ရှာဖို့ အပြင်ထွက်ဦးမယ်လို့ ပြောခဲ့တယ်"

"လခွမ်း.. အပျော်သွားရှာတာလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့ဩသွားသည်။

"ညီနောင်ခွေးက လစ်ဘရယ် ဖြစ်သွားပြီလား"

{လစ်ဘရယ်=အတွေးအခေါ်သစ်များကိုလက်ခံသော}

All Chapters