← Chapters

သေမင်းတမန်စီနီယာဆီသို့ မစ္စတာလု ရောက်လာခြင်း

Vol. 33 Ch. 484

သေမင်းတမန်စီနီယာဆီသို့ မစ္စတာလု ရောက်လာခြင်း

Vol. 33 Ch. 484

ဖန်းကွမ်းက ဝမ်လင်းကို ပထမဆုံး အကြိမ် တွေ့ဆုံပြီးကတည်းက စစ်မှန်သော အင်မော်တယ် စီနီယာကြီး တစ်ဦးဖြစ်ကြောင်း သေချာစွာ သိထားပြီ ဖြစ်သည်။

ထိုအချိန်က ဝမ်လင်းသည် သူ့ရှေ့မှာပင် မိစ္ဆာဓားနတ်ဘုရား၏ ကောင်းကင်ပိုင်းဖြတ်ဓားမှ ကြွင်းကျန်ရစ်သော နတ်ဆိုးဓားချီကို အပိုင်းပိုင်း လုပ်ပစ်လိုက်သည်။

ယခုအချိန်အထိ ဤမြင်ကွင်းသည် ဖန်းကွမ်း၏ မှတ်ဉာဏ်ထဲတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။

ဤကဲ့သို့သော စီနီယာ၏ အာရုံစိုက်မှုကို ရရှိရန် သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားရပေမည် မဟုတ်လော။

ထို့ကြောင့် သူက သုံးယောက် သီးသန့်ချက်ဂရုတွင် ဝမ်လင်း၏ အကောင့်ကို အထူး အာရုံစိုက်ခဲ့သည်။

သူဘယ်လောက်ပင် အလုပ်များနေပါစေ၊ ချက်ဂရုတွင်လှုပ်ရှားမှုရှိသည်နှင့် လျင်မြန်စွာ တုံ့ပြန်နိုင်အောင် သတိကပ်ထားခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့၏ မက်ဆေ့ချ်ကိုမြင်လျှင် သူက ချက်ချင်း ပြန်​ဖြေလိုက်သည်။

"စီနီယာလင်းရဲ့ ဝိညာဉ်သားရဲက တကယ်ပဲ ငါ့ကို ဆက်သွယ်ခဲ့တယ်.. ဒါပေမယ့် ငါက စီနီယာလင်း သိပြီးသားလို့ ထင်နေခဲ့တာပါ.. ဒါကြောင့် ဂိမ်းပြိုင်ပွဲတစ်ခု စီစဥ်ခဲ့တာပဲ.."

ဝမ်လင်း ".........."

ဖန်းကွမ်းက သူ့ကို အရင်သတင်းမပို့ဘဲ ဂိမ်းပြိုင်ပွဲကိုပင် စီစဥ်လိုက်သေးသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်နှာကို လက်ဖြင့် အုပ်ထားသည့် အီမိုဂျီကို ပေးပို့ခဲ့သည်။

"ဒါပေမယ့် ပြဿနာက ညီနောင်လင်း ဘာမှမသိဘူး.. ညီနောင်ဖန်းကွမ်း"

ဖန်းကွမ်းကလည်း အလားတူ အီမိုဂျီကို ပေးပို့ခဲ့သည်။

"ဒါဆို ဖျက်​လိုက်​ရမလား"

ဤကဲ့သို့ ကစားပွဲကို ဖျက်သိမ်းလိုက်သည်က သူ၏ ကျော်ကြားမှုကို အတော်လေး ပျက်စီးစေမည်မှန်း သူသိသည်။

သူ့တွင် တိုက်ရိုက် ထုတ်လွှင့်သည့် ပါရမီ အစစ်အမှန် ရှိလျှင်ပင် ဤအဖြစ်အပျက်က သူ့ကို ပရိသတ်များ သေချာပေါက် ဆုံးရှုံးစေမည် ဖြစ်ပြီး အတင်းအဖျင်း ပြောစရာလည်း ဖြစ်လာနိုင်ပေသည်။

ထို့ပြင် သူ့ကို အနီးကပ် စောင့်ကြည့်နေသည့် မနာလိုသော တိုက်ရိုက်ထုတ်လွှင့်သူ တချို့က သူ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ချဲ့ကားပြောဆိုမည်မှာ သေချာသည်။

တိုက်ရိုက်ထုတ်လွှင့်သူများ အကြောက်ရွံ့ဆုံး အရာမှာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ဝေဖန်မှုများ ဖြစ်သည်။

ထို့ကြောင့် ဖန်းကွမ်းက ဤအချက်အပေါ်တွင် အမြဲသတိထားနေခဲ့၏။

ယင်းက ပလက်ဖောင်း အားလုံးမှ ပိတ်ပင်ခံထားရသည့် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သူများ၏ အမှုအခင်း အမျိုးမျိုးကို တွေ့မြင်ရပြီးနောက်တွင် သူရရှိလာခဲ့သည့် သင်ခန်းစာလည်း ဖြစ်သည်။

အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်သူက ပို၍ လူကြိုက်များလေလေ ပစ်မှတ်တစ်ခု ဖြစ်လာလေလေ ဖြစ်သည်။

ဖန်းကွမ်းက သူ၏နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း အပြုသဘောဆောင်သော လုပ်ဆောင်မှုများကို ပရိသတ်ထံ ဖြန့်ဝေပေးလေ့ရှိသည်။

"အလျင်စလို မလုပ်ပါနဲ့ ညီနောင်ကွမ်း.. ညီနောင်လင်းရဲ့အမြင်ကို မေးကြည့်ရအောင်"

ချက်ဂရုက ခဏမျှ တိတ်ဆိတ်သွားသည်။

ဗုံးပစ် စီနီယာအင်မော်တယ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"စကားမစပ်.. ညီနောင်ခွေးနဲ့ အတူ သူငယ်ချင်း တစ်ယောက်ပါလာတယ် ဆိုတော့ အဲဒီသူငယ်ချင်းက ဘယ်သူလဲ"

ဖန်းကွမ်းက ခေါင်းညိတ်လိုက်သည်။

"လင်းကျန်းရန် နဲ့ ညီနောင်ဗုံးပစ်တို့ နှစ်ယောက်စလုံးက ညီနောင်ခွေး ရဲ့ သူငယ်ချင်းကို မသိဘဲ မနေလောက်ပါဘူး.. သူက မကြာသေးခင်က ညီနောင်ခွေးနဲ့ အတူ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းကို ဖော်ထုတ်ခဲ့တဲ့ လူငယ်လေးပဲ.. သူ့မျိုးရိုးနာမည်က ဝေ့ပါ"

"အိုး.. ဒါဆို သူပေါ့"

ဗုံးပစ်စီနီယာအင်မော်တယ် ရုတ်တရက် အမှတ်ရသွားသည်။

ထိုဖြစ်ရပ်က လွန်ခဲ့သည့် ခုနစ်ရက်က ဖြစ်ပွားခဲ့ခြင်းပင်။

ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်တို့ကြောင့် ရဲများက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ မှောင်ခိုစျေးကွက်သို့ ဝင်စီးပြီး ဦးလေးကျိုတို့ လူစုကို ဖမ်းဆီးနိုင်ခဲ့သည်။

ပထမဆုံး မျက်မြင်သက်သေလည်းဖြစ်၊ အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေးအသင်း၏ ကိုယ်စားလှယ်လည်း ဖြစ်သည့် ဝေ့ကျစ်သည် နိုင်ငံတစ်ဝှမ်းရှိ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြွင်းအကျန်များကို ရှင်းလင်းရန် ရဲများနှင့် ပူးပေါင်းခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သတင်း အချက်အလက်များ ရရှိရန် အတွက် သူ၏ ကိုယ်ပိုင် ကျင့်ကြံရေး ဖိုရမ်တွင် ထိုဖြစ်ရပ်ကို တင်ထားခဲ့သည်။

ဦးလေးကျိုတို့ အဖွဲ့ကို စစ်ဆေးမေးမြန်းပြီး နောက်တွင် ဝေ့ကျစ်၏ သက်သေထွက်ဆိုချက်များကို မှတ်တမ်းတင်ချိန်၌ သူက အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေခဲ့သည်။

ဝေ့ကျစ်က ထွင်ထျန်းဟာ အကြောင်းကို လုံးဝ နှုတ်ပိတ်ထားပြီး တာဝန်အားလုံးကို လက်လွှဲယူခဲ့သည်။

ထိုကတည်းကပင် ဤလူငယ်က တော်တော်လေး သစ္စာစောင့်သိသည်ဟု သူမှတ်ချက်ချခဲ့သည်။

ထိုဖြစ်ရပ်ပြီးနောက်တွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အကြွင်းအကျန်များက ဝေ့ကျစ် အပေါ် ခြိမ်းခြောက်မှု အမျိုးမျိုး လုပ်လာခဲ့သည်။

ဤခြိမ်းခြောက်မှုများသည် ဝေ့ကျစ်ကိုသာ ဖြစ်ပြီး ထွင်ထျန်းဟာ လုံးဝ မပါဝင်ခဲ့ပေ။

တကယ်တမ်းတွင် ထွင်ထျန်းဟာသည်လည်း ဦးလေးကျို၏ ဝိညာဥ်အမှတ်အသားကြောင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်သည်။

ဝမ်လင်းက ဝိညာဥ် အမှတ်အသားကို ရှာဖွေတွေ့ရှိပြီးနောက် ငွေရောင်လေးထံသို့ လွှဲပြောင်းပေးလိုက်သောကြောင့်သာ ထွင်ထျန်းဟာ သက်သာသွားရခြင်းပင်။

.................

ယင်းအချိန်တွင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ဥက္ကဌပိုင်၏ အစေခံဖြစ်သည့် သစ်ပင်မှင်စာသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ရာ ဂိတ်တံခါးဆီသို့ လမ်းလျှောက်လာခဲ့သည်။

မော့အင်မော်တယ် ရဲတိုက် မှပေးသော GPS တည်နေရာအရ အဆိုပါ အမွေးစိမ်းခွေးသည် ဤနေရာတွင် နေထိုင်၏။

မစ္စတာလုက လမ်းလျှောက်တုတ်ကို အမှီသဟဲပြု၍ လမ်းလျှောက်လာသည်။

သူက ၀တ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထားပြီး ဆံပင်ဖြူများကို နောက်လှန်ဖီးထားသည်။

သူက တစ်ဖက်တည်း တပ်ရသည့် မျက်မှန်ကို ၀တ်ဆင်ထား၏။

အဝေးမှ ကြည့်လျှင် အနောက်တိုင်းမှ ဆွေကြီးမျိုးကြီး တစ်ယောက်ကဲ့သို့ပင်။

"ရဲတိုက်လေဒီ ပို့လိုက်တဲ့ တည်နေရာအရဆို ဒီနေရာပဲဖြစ်ရမယ်"

မစ္စတာလုက အသက် ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့လက်ထဲမှ ရေဒါကို ကြည့်လိုက်သည်။

၎င်းက နောက်ဆုံးပေါ် တည်နေရာ နည်းပညာနှင့် တွဲဖက်ဖန်တီးထားသည့်ရေဒါ ဖြစ်သည်။

ရေဒါပေါ်မှ ညွှန်ပြချက်ကို လိုက်နာရုံဖြင့် ပစ်မှတ်၏ တိကျသော နေရာကို သိရှိနိုင်မည် ဖြစ်သည်။

ရဲတိုက်လေဒီ၏ အဆိုအရ ထိုရေဒါကို သမိုင်းတစ်လျှောက်ရှိခဲ့ဖူးသော နဂါးလူသား မျိုးနွယ်အား အထူးဂုဏ်ပြုသည့်အနေဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

ယင်းက နဂါးဥများကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်က ဖန်တီးထားသည့် သံလိုက်အိမ်မြှောင်နှင့် ဆင်တူသည်။

လုံခြုံရေးအစောင့်က ဟန့်တားလိုက်သောအခါ မစ္စတာလုက လမ်းလျှောက်တုတ်ကို မှီ၍ ရပ်တန့်​လိုက်သည်။

"ဆရာ.. မင်းဘယ်သူ့ကို ရှာနေတာလဲ"

သူက လုံခြုံရေးအစောင့်ကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ငါက ဒီအိမ်ရာရဲ့ ပိုင်ရှင်ပါ"

လုံခြုံရေးအစောင့်က အံ့အားသင့်သွားသည်။

"ဒါ​ပေမဲ့ ဆရာ့ကို ဒီမတိုင်ခင် ဘာလို့ မမြင်​ဖူးရတာလဲ"

မစ္စတာလု "ငါက ဒီဂိတ်ကို ကားနဲ့ပဲ ဖြတ်သွားဖြတ်လာလုပ်လေ့ရှိတဲ့ အတွက် မင်း ငါ့ကို မသိတာ သာမန်ပါပဲ.. မင်းလူသစ်မဟုတ်လား.. မင်းရဲ့ ခေါင်းဆောင်ကို သွားခေါ်လိုက်လေ.. သူကတော့ ငါ့ကို မေ့မသွားလောက်ပါဘူး"

မစ္စတာလုက ခပ်တည်တည်ဖြင့် ရွှီးလိုက်ရာ အစောင့်က ထိတ်လန့်သွားသည်။

အရေးကြီးသောအချက်မှာ မစ္စတာလု၏ ၀တ်စားဆင်ယင်မှုကို မြင်လိုက်ရသောအခါတွင် အထင်ကြီးသွားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ဤလူ၏ ဘေးမှာ ရပ်နေရသည့် အချိန်တွင် အကြောင်းတစ်ခုခုကြောင့် လေထုက ပိုလန်းဆန်းသွားသလို အစောင့်က ခံစားလိုက်ရသည်။

ယင်းက တောင်ကုန်းပေါ်တွင် လတ်ဆတ်သော လေထုကို ရှူရှိုက်ရသော ခံစားမှုမျိုးပင်။

အစောင့်က အနည်းငယ် လန်းဆန်းသွားခဲ့သည်။

"ငါဘာလို့ ဒီလို စိတ်​အပန်းပြေသွားသလို ခံစားရတာလဲ"

"ဒါက ဒဏ္ဍာရီဆန်တဲ့ မဟာအရှိန်အဝါ တစ်ခုများလား"

မစ္စတာလု "............"

အစောင့်က အနည်းငယ်မျှပင် မကြန့်ကြာဝံ့တော့ဘဲ စမတ်တံခါးကို ဖွင့်ရန် ခလုတ်ကို အမြန်နှိပ်လိုက်သည်။

"ဆရာ.. ကျေးဇူးပြုပြီး ဝင်လို့ရပါပြီ.. ဒီလို အသေးအဖွဲကိစ္စမျိုးကို ခေါင်းဆောင် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ မလိုပါဘူး"

အစောင့်က ယဥ်ကျေးစွာ ပြောလိုက်သည်။

အကယ်၍ အပြင်ဘက်တွင် ရပ်နေသူက ပိုင်ရှင်အစစ် ဖြစ်နေခဲ့လျှင် သူက အရေးယူခံရမည်မှာ သေချာသည် မဟုတ်ပါလော။

မစ္စတာလုက ခပ်သွက်သွက် ဝင်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ယနေ့ခေတ်လူတွေက တကယ်ပဲ လှည့်စားရန် အရမ်းလွယ်ကူသည်။

အစောင့်က သူ့ဘေးမှာ ရပ်နေသည့်အချိန်တွင် အောက်ဆီဂျင်ကို သက်သောင့်သက်သာ ရှူရှိုက်ရသည့် ခံစားချက်ကို ရနေခြင်းမှာ သူ၏ သဘာဝက သစ်ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။

All Chapters