← Chapters

လင်းကျန်းရန်လည်းပြိုင်ပွဲမှာပါမယ်

Vol. 33 Ch. 485

လင်းကျန်းရန်လည်းပြိုင်ပွဲမှာပါမယ်

Vol. 33 Ch. 485

ဖန်းကွမ်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့သည် သုံးယောက် သီးသန့်ချက်ဂရုတွင် ဝမ်လင်း၏ သတင်းစကားကို စောင့်မျှော်နေကြသည်။

ဖန်းကွမ်းက တိုက်ရိုက် ထုတ်လွှင့်မှုကို ခေတ္တရပ်တန့်ထားခဲ့သည်။

သူ့သူငယ်ချင်းများက ဖန်းကွမ်း အိမ်သာသွားသည်ဟု ထင်၍ အလျင်စလို ဖြစ်မနေကြဘဲ မက်ဆေ့များကိုပင် အပြန်အလှန်ပေးပို့နေကြ၏။

ဖန်းကွမ်း၏ ပရိသတ်များ ဖြစ်သော အလင်းရှာဖွေသူများသည် အမှန်တကယ် ယဉ်ကျေးသိမ်မွေ့သောသူများ ဖြစ်ကြောင်း သတိပြုမိရန်မှာ မခဲယဉ်းပေ။

ယနေ့ခေတ်တွင် ပရိတ်သတ်များသည် ပြိုင်ပွဲမစတင်ခင်၌ မက်ဆေ့များကို အပြန်အလှန် ပေးပို့လေ့ရှိကြသည်။

၎င်းက အဆင့်အတန်းမြင့်သည့် ဖန်ဂရု အဖွဲ့တစ်ဖွဲ့ရှိရန် အလွန်အရေးကြီးမှန်း သက်သေပြနေ၏။

သူတို့နှစ်ဦးက အချိန်အကြာကြီး မစောင့်လိုက်ရပေ။

ဝမ်လင်းက ချက်ဂရုသို့ စခရင်ရှော့တစ်ခု ပေးပို့လိုက်သည်။

ယင်းမှာ PUPG ဂိမ်းကို ဒေါင်းလော့လုပ်ထားသော စခရင်ရှော့ ဓာတ်ပုံဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုပုံကိုမြင်လျှင် ထိတ်လန့်သွားခဲ့သည်။

“ညီနောင်လင်း.. မင်းလည်း ဝင်ဆော့မှာလား.. မင်းက ဂိမ်းဆော့လေ့ဆော့ထ မရှိဘူး မဟုတ်လား”

“အင်း.. ငါဆော့ကြည့်မလို့ပါ”

ဝမ်လင်းက ဂိမ်းများကို ဆော့လေ့မရှိကြောင်း ဗုံးပစ်စီနီယာအင်မော်တယ် ကောင်းစွာသိသည်။

သူက များသောအားဖြင့် ဝမ်လင်းကို စာဖတ်နေသည်ကိုသာ တွေ့ရလေ့ရှိသည်။

ယခုတစ်ကြိမ် ဂိမ်းကစားရန် ဆုံးဖြတ်ခြင်းအတွက် ဝမ်လင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ ထွင်ထျန်းဟာ၏ လက်တလော ပုံမှန်မဟုတ်သော အပြုအမူအတွက် အကြောင်းအရင်းကို သိရှိရန် ဖြစ်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ထင်မြင်မိသည်။

ဖန်းကွမ်းကမူ ဝမ်လင်း ဂိမ်းဆော့မည်ဆို၍ စိတ်အားထက်သန်နေခဲ့သည်။

“စီနီယာလင်းသာ ပါဝင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ.. ဒီဂိမ်းက ပိုပြီး အသက်ဝင်သွားမှာ သေချာတယ်.. ဒါပေမဲ့ ညီနောင်လဲ့ ရဲ့ အစောပိုင်းက စကားအရဆို စီနီယာလင်းက ဂိမ်းရော ဆော့တတ်ရဲ့လား”

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ ကိုယ်စား ပြန်ဖြေပေးလိုက်သည်။

“မင်းဒီကိစ္စကို လုံးဝစိတ်ပူနေစရာ မလိုပါဘူး ညီနောင်ဖန်းကွမ်း.. ညီနောင်လင်းက အရမ်း သင်လွယ်တတ်လွယ်တဲ့သူပါ”

အဆုံးသတ်တွင် ညီနောင်လင်းသည် သူ၏မျက်စိရှေ့မှာပင် ကြေးအဆင့် ပန်းပဲဆရာအဆင့်မှ ဘုရင်အဆင့် ပန်းပဲဆရာအဆင့်သို့ ဆယ်မိနစ်သာ အချိန်ယူခဲ့ရသည် မဟုတ်ပါလား။

ဂိမ်းဆော့ရန်အတွက် ကီးဘုတ်ထိန်းချုပ်မှုများကို မှတ်မိရန်မှာ သူ့အတွက် မည်မျှ ခက်ခဲနိုင်ပါမည်နည်း။

“ကောင်းပြီလေ”

ဖန်းကွမ်းက အိုကေ အီမိုဂျီကို ပို့လိုက်သည်။

စိတ်ကြိုက်မုဒ်ကို ရွေးပြီး စကားဝှက်တစ်ခုကို သတ်မှတ်ပြီးတာနဲ့ စီနီယာလင်းနဲ့ ညီနောင်လဲ့ တို့ကို ဖိတ်လိုက်မယ်"

“အမ်.. ငါလည်း ဒီဂိမ်းကစားပွဲမှာ ပါဝင်ရမှာလား”

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။

ဖန်းကွမ်း “ငါကတော့ ငါ့ရဲ့နံပါတ်တစ် ပရိတ်သတ်နဲ့ ပူးပေါင်းဖို့ သဘောတူထားပြီးပြီ.. ညီနောင်ခွေးကတော့ အဖွဲ့ဖွဲ့ဖို့ ဝေ့ မျိုးရိုး လူငယ်ကို တစ်ခါတည်း ခေါ်လာခဲ့တယ်.. ငါတို့က ကစားသမားနှစ်ဦး ကစားရတဲ့မုဒ်ကို လုပ်ဆောင်နေတာလေ.. စုစုပေါင်း အသင်းငါးဆယ် ရှိတဲ့အတွက် အားလုံး အယောက်တစ်ရာ ရှိတယ်.. စီနီယာလင်းကို တွေ့ကရာလူနဲ့ ဆော့ခိုင်းလို့ မဖြစ်ဘူးလေ”

ဗုံးပစ်စီနီယာ အင်မော်တယ်ကို ဂိမ်းထဲသို့ အတင်းအကျပ်ဆွဲ‌ခေါ်ရသည့် ဖန်းကွမ်း၏ ရည်ရွယ်ချက်မှာ အမှန်တကယ် ရိုးရှင်းသည်။

စီနီယာလင်းက စကားနည်းကြောင်း သူကောင်းစွာသိသည်။

ဂိမ်းထဲရောက်သည်နှင့် စီနီယာလင်းက အထီးကျန်နေမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် ရင်းနှီးပြီးသား လူတစ်ဦးနှင့် အဖွဲ့ဖွဲ့ခြင်းကသာ သူ့အတွက် ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့မဟုတ်ဘဲ ကျပန်းကစားသမား တစ်ယောက်နှင့်သာ ကစားရမည် ဆိုလျှင် စီနီယာလင်းက တစ်ချိန်လုံး ဆဲဆိုခံရပေလိမ့်မည် မဟုတ်ပါလား။

ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ရည်ကျသော အီမိုဂျီကို ပေးပို့လိုက်သည်။

“ကောင်းပြီလေ.. ငါလည်း ဒီဂိမ်းကို မကစားရတာကြာပြီ.. အပ်ဒိတ်လုပ်ဖို့ အချိန်သိပ်မလိုပါဘူး”

ထိုအချိန်တွင် ဖုန်းကိုင်ထားသော ငွေရောင်လေးသည် ဆိုဖာပေါ်ရှိ ဗုံးပစ်စီနီယာ အင်မော်တယ်ကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။

“ညီနောင်ဗုံးပစ်.. ညီနောင်ဗုံးပစ်.. ဆရာက ကျွန်းသခင်နဲ့ ဂိမ်းကစားဖို့ ပြောနေတာလား.. ဆရာက ဒီကိုရော လာမှာလား”

အကြောင်းတစ်ခုခုကြောင့် ငွေရောင်လေးက ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“ညီနောင်ဗုံးပစ်.. မင်းက ကျွန်းသခင်နဲ့ ကစားမှာလား.. မင်းသူ့ကို အရင်ကတည်းက သိနေတာလား”

"အင်း... သူနဲ့ တော်တော် ရင်းနှီးတယ်လို့ ပြောလို့ရတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

ငွေရောင်လေး

"ကျေးဇူးပြုပြီး သူရဲ့ အမှတ်တရ လက်မှတ်ကို ရအောင် ကူညီပေးပါ.. သူက ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်နေတယ်လို့ သိရတယ်.. သူက ဒီလို ပျင်းရိစရာ ကောင်းတဲ့ နေရာမှာ နေနေရပေမဲ့ ပျော်ရွှင်မှုကို ရှာဖွေနိုင်သေးတယ်.. သူက ငါ့ရဲ့အိုင်ဒေါလ်ပဲ"

"အမှတ်တရ လက်မှတ်လား"

"ခဏလေး.. ငါမေးပေးမယ်"

ငွေရောင်လေး နှင့်စကားပြောပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဖန်းကွမ်းထံ ချက်ချင်း မက်ဆေ့ချ် တစ်စောင် ပေးပို့ခဲ့သည်။

"အမှတ်တရလက်မှတ်လား"

ဖန်းကွမ်းက ခပ်မြန်မြန် ပြန်ဖြေခဲ့သည်။

"ဒီမှာ ဘာစာရွက်မှ မရှိဘူးလေ.. မင်းက စီနီယာလင်းကို ငါ့အတွက် စာရွက်တစ်ရွက် မီးရှို့ခိုင်းမှပဲ ရနိုင်လိမ့်မယ်"

"စီနီယာဖန်းကွမ်း.. မင်းရဲ့လက်မှတ်ကိုရဖို့ အတော်အလုပ်ရှုပ်တာပဲ"

ထိုစကားကို ကြားလျှင် ဖန်းကွမ်းက ခဏလောက် စဥ်းစားပြီးမှ ပြောလိုက်သည်။

"ရတယ်လေ အုန်းသီးတစ်လုံးပေါ်မှာ ငါလက်မှတ်ထိုးပြီး ပို့ပေးလိုက်မယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "............"

....................

အခြားတစ်ဖက်တွင်လည်း ထွင်ထျန်းဟာ နှင့် ဝေ့ကျစ် တို့သည် "ရှင်ရှင်း အင်တာနက်ဘား" သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အင်တာနက်ဘားဆိုင်၏ သူဌေးလေးက ယခုမှ နိုးထလာသကဲ့သို့ ဆံပင်များမှာ ပွယောင်းယောင်း ဖြစ်နေ၏။

သူဌေးလေးက ရုပ်ရည်ချောမောသော လူငယ်လေး တစ်ယောက် ဖြစ်သည်။

သူက ပါးစပ်ထဲတွင် စီးကရက်တစ်လိပ် ခဲထားပြီး ဝင်ပေါက်မှာ ရပ်ကာ ဝေ့ကျစ်နှင့် ထွင်ထျန်းဟာကို ကြည့်ရင်း တစ်ရှိုက်ဖွာလိုက်၏။

"မင်းတို့ကို ဒီနေရာကို လမ်းညွှန်လိုက်တာ ကျွန်းသခင်လား

"ဟုတ်ပါတယ်"

ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။

ထိုခဏတွင် သူဌေးလေးက ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

"အားလုံး အဆင်ပြေပါတယ်.. ကျွန်းသခင်က မင်းအကြောင်း ငါ့ကို ပြောထားပြီးသားပါ"

ဤသူဌေး​လေးက အနည်းငယ် စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထွင်ထျန်းဟာ ခံစားလိုက်ရသည်။

"ငါ့လို ခွေးတစ်ကောင်က အင်တာနက်ဘားကို လာတာ မင်းဘာလို့ မအံ့သြရတာလဲ"

"ငါတို့ မိသားစုက အင်တာနက်ဘားတွေ ဖွင့်ထားတာ မျိုးဆက် ရှစ်ဆက်တောင် ရှိနေပြီလေ.. ဘယ်လို နတ်ဆိုးဖြစ်စေ သရဲတစ္ဆေတွေ ဖြစ်စေ ငါမတွေ့ဖူးတာ မရှိသလောက်ပဲ"

သူဌေးလေးက ပြုံးပြလိုက်ပြီး သော့တစ်ချောင်းကို ထုတ်ကာ ဝေ့ကျစ်နှင့် ထွင်ထျန်းဟာကို ပြောလိုက်သည်။

"ငါ့နောက်ကို လိုက်ခဲ့ပါ"

အင်တာနက်ဘားထဲသို့ ဝင်လိုက်သည်နှင့် ဝေ့ကျစ်တို့ နှစ်ယောက်စလုံးက အံ့သြသွားခဲ့သည်။

ဤအင်တာနက်ဘားသည် အလွန်တရာပင် ကြီးမားလှသည်။

ပင်မခန်းမ တစ်ခုတည်းရှိ စက်များပင် အရေအတွက် လွန်စွာ များပြားနေ၏။

ထိုစက် အားလုံးသည် ပထမတန်းစား စက်များ ဖြစ်ကြသည်။

ဆိုင်၏ အပြင်အဆင်က အလွန်အဆင့်မြင့်ပြီး လူအများကို ဆန်းပြားသော ခံစားမှုအား ပေးစွမ်းနိုင်၏။

"ပင်မခန်းမမှာ စုစုပေါင်း စက်ငါးရာရှိပြီး သီးသန့်ခန်းနဲ့ VIP အခန်းတွေပါ ပေါင်းလိုက်ရင်တော့ စက်ပေါင်း တစ်ထောင့်နှစ်ရာကျော် ရှိပါတယ်"

ထိုစကားထိ ပြောပြီးနောက်တွင် သူဌေးလေးက သူ့စီးကရက်ဘူးကို ထုတ်ကာ အသစ်တစ်လိပ် ထုတ်၍ ဖွာရှိုက်လိုက်သည်။

"ဒါဆို မင်းမှာ ဖောက်သည်တွေ အများကြီးရှိမှာပေါ့"

ထွင်ထျန်းဟာက စပ်စုလိုက်သည်။

သူဌေးလေးက ခဏလောက် တွေးဟန်ပြုပြီးမှ ပြန်ဖြေလိုက်သည်။

"မင်းတို့က ငါ့အင်တာနက်ဘားရဲ့ စတုတ္ထနဲ့ ပဉ္စမ ဖောက်သည်တွေပဲ.. မင်းတို့ရှေ့က ပထမလူ သုံးယောက်ကတော့ ထိတ်လန့်သွားကြတယ်"

"ထိတ်လန့်သွားတယ်.. ဟုတ်လား"

"သူတို့က ဈေးမတက်နိုင်ဘူးလေ"

"တစ်နာရီဘယ်လောက်မို့လဲ"

"ခြောက်ဆယ်"

"ခြောက်ဆယ်က စျေးမကြီးပါဘူး.."

အင်တာနက်ဘား၏ ခမ်းနားကြီးကျယ်သော အပြင်အဆင်အရ ခြောက်ဆယ်က အမှန်တကယ် စျေးမကြီးဟု ဝေ့ကျစ် ထင်ခဲ့သည်။

သူဌေးလေး "အင်မော်တယ်ရွှေချောင်း ၆၀ကို ပြောတာ"

ဝေ့ကျစ်နှင့်ထွင်ထျန်းဟာ "..........."

ထို့နောက်တွင် တခြားဘာမှ မပြောတော့ဘဲ သူဌေးလေးက သူတို့ကို သီးသန့်အခန်းဆီ လိုက်ပို့ပေးခဲ့သည်။

ထိုအခန်းက တစ်နာရီလျှင် အင်မော်တယ် ရွှေချောင်းတစ်ရာဖြစ်၏။

အထက်တွင် ပြောခဲ့သည် အင်မော်တယ် ရွှေချောင်းခြောက်ဆယ်သည် ပင်မခန်းမအတွက် စျေးနှုန်းသာ ဖြစ်သည်။

သူဌေးလေး "မင်းတို့နှစ်ယောက် ဒီအခန်းကို သုံးလို့ရတယ်.. မင်းတို့အတွက် စက်တွေကို ငါကြိုတင် စမ်းသပ်ထားပြီးပြီ"

ဝေ့ကျစ် ပြုံးလိုက်သည်။

"ကုယွမ် ခရိုင်သစ်တဝိုက် ဧရိယာက ဖွံ့ဖြိုးဆဲ ဖြစ်တဲ့ အတွက် ဒီနေရာမှာ နေထိုင်သူတွေ သိပ်မရှိသေးဘူး.. ဒါကြောင့် ဖောက်သည်တွေ အများကြီး မရသေးတာ ဖြစ်မှာပါ"

အင်တာနက်ဘား အများစုသည် အထူး စျေးလျှော့ခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းကို စတင်ကြလေ့ရှိသည်။

"မင်းရဲ့ဆိုင်အပြင်အဆင်နဲ့ စက်ကွာလတီတွေက အဆင်ပြေပေမဲ့ စျေးနှုန်းက အနည်းငယ်မြင့်နေတယ်.. မင်းအနေနဲ့ အင်တာနက်ဘားကို ဒီလို နေရာမှာ ဘာလို့ လာဖွင့်လဲ ငါ တကယ်နားမလည်ဘူး"

"ကိုယ်ပိုင် အင်တာနက်ဘားဖွင့်ဖို့က ငါ့ရဲ့တစ်သက်တာ ဆန္ဒပါ. ငါတို့မိသားစုက မျိုးရိုးစဥ်ဆက် ဒီအလုပ်ကိုပဲ လုပ်လာကြတာလေ.. ဒီမျိုးဆက်ရောက်တော့ ငါ့ကို လက်ဆင့်ကမ်းခဲ့ကြတယ်"

"ငါက အမြဲလိုလို ပျင်းနေလေ့ရှိတယ်.. ပုံမှန် ဒီစက်တွေကို ကိုင်တွယ်လာရတော့ ညီးငွေ့လာတဲ့ သဘောပါပဲ"

"အရင်ကဆို အင်တာနက်ဘား တစ်ထောင်ကျော် အတွက် ဖောက်သည် ဒေတာတွေကို ကိုင်တွယ်ခဲ့ရတယ်.. ဒီဆိုင်ထက်တော့ အဆမတန် အလုပ်များခဲ့တာပေါ့"

သူဌေးလေးက အလွန်စိတ်မကောင်း ဖြစ်နေပုံရသည်။

"ဒါကြောင့်ပဲ ငါ့မိသားစုရဲ့ အင်တာနက် ဘားပေါင်း တစ်ထောင်ကျော်ကို ရောင်းထုတ်ပြီး ဒီဆိုင်ကို ဖွင့်ချလိုက်တယ်"

ဝေ့ကျစ်နှင့်ထွင်ထျန်းဟာ "............"

သူဌေးလေးက တဟားဟား ရယ်လိုက်သည်။

"ဒီနေရာကို ပြောင်းလာတာ ငါအလုပ်သက်သာ သွားပေမဲ့ စီးပွားရေးကတော့ အကျဘက်ကို ရောက်လာခဲ့တယ်.. ဒါကြောင့် ဖောက်သည်တွေ ရဖို့အတွက် ကျွန်းသခင် နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာပဲ"

ဤအင်တာနက်ဘား၏ သူဌေးလေးက လူထူးဆန်း တစ်ဦးဟု ထွင်ထျန်းဟာ ထင်မိသည်။

မိသားစုပိုင်ဆိုင်မှုကို စနစ်တကျ အမွေဆက်ခံခြင်းမရှိဘဲ စိတ်ထင်ရာလုပ်နေခဲ့ပုံရသည်။

ဝေ့ကျစ် "ကျေးဇူးပြုပြီး မေးပါရစေ သူဌေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ"

"ယဲ့ရှို့"

ထိုသို့ဖြေပြီးနောက်တွင် သူဌေးလေးက တံခါးကို မှီ၍ စီးကရက် မီးခိုးများကို မှုတ်ထုတ်လိုက်သည်။

ဝေ့ကျစ်နှင့်ထွင်ထျန်းဟာ ".............."

ယဲ့ရှို့သည် Esports ဝတ္ထု ဖြစ်သည့် "The King's Avatar" တွင် ဆေးလိပ်ကြိုက်သော ဇာတ်ဆောင် တစ်ယောက် ဖြစ်သည်။

All Chapters