ဖေဖေဝမ်၏လျှို့ဝှက်ချက်
Vol. 33 Ch. 488
ပြိုင်ပွဲတွင်ပါဝင်မည့်သူများ တဖြည်းဖြည်း စုရုံး ရောက်ရှိလာပြီးနောက်တွင် ဝမ်လင်းသည် သူ၏ ဂိမ်းအိုင်ဒီကို မှတ်ပုံတင်ခဲ့သည်။
သူ့ဇာတ်ကောင်၏ အမည်သည် ယခင်ကထက် ရိုးရှင်းကာ တုံးတိ ဖြစ်နေသည်။
HHXX (ID ကောင်းကောင်းလေ့လာ၏ အတိုကောက်)
ဤအကောင့်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းသည် ကနဦးတွင် ထိုအကောင့်ကို ဝယ်ယူရန် စီစဉ်ခဲ့သည်။
တကယ်တမ်းတွင် ထိုအကောင့်က ဈေးသိပ်မကြီးဘဲ အွန်လိုင်းလက်လီဈေးနှုန်းအရ 98HNY သာ ရှိသည်။
သို့သော် ယေဘုယျအားဖြင့် ဂိမ်းများအတွက် ဝမ်လင်းအသုံးပြုသောစရိတ်နှင့် နှိုင်းယှဉ်လျှင် ဤ 98HNY သည် အတော်လေး ကြီးမားသော ကုန်ကျစရိတ်ဟု ဆိုရပေမည်။
ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဤဂိမ်းကို ယခင်က ကစားဖူးခဲ့သည်။
သူက တစ်ယောက်တည်း ကစားရတာ ဖီးလ်ငုပ်၍ အကောင့်တစ်ရာကို ဝယ်ကာ လူတွေဆီပို့ပေးပြီး ကစားရန် စီစဉ်ခဲ့သည်။
စင်စစ် ဝမ်လင်းအတွက် အထူးပြင်ဆင်ထားသော သီးသန့် အကောင့်တစ်ခု သူ့တွင် ရှိသည်။
ဆိုရလျှင် ဝမ်လင်းနှင့် ဂိမ်းကစားနိုင်မည့်နေ့ကို တစ်နေ့တွင်ရောက်လာလိမ့်မည်ဟု သူခံစားမိခဲ့သည်။
ဤကဲ့သို့သာ ဂိမ်းကစားနိုင်ခဲ့လျှင် သူ၏ တစ်သက်တာ အောင်မြင်မှု ဖြစ်သလို ကောင်းချီးတစ်ခုလည်း ဖြစ်ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားခဲ့ရသည်။
ရှေးအခါကလူများသည် အရက်သောက်၍ မိတ်ဆွေဖွဲ့လေ့ရှိကြသည်။
အထူးသဖြင့် ရင်းနှီးသော သူငယ်ချင်းများဆိုလျှင် တွေ့ဆုံသည့်အခါမျိုး၌ အရက်အနည်းငယ် သောက်လေ့ ရှိကြသည်။
သို့သော် လက်ရှိခေတ်၏ ကျင့်ကြံသူများကမူ ထိုသို့မဟုတ်ပေ။
၎င်းတို့၏ မိတ်ဆွေဖွဲ့ရန် အသင့်တော်ဆုံးနည်းလမ်းမှာ လူမှုကွန်ယက် ပလက်ဖောင်းများ ပေါ်တွင် ဖြစ်သည်။
PUBG ဂိမ်း ရေပန်းစားလာသောအခါတွင် ခေတ်သစ် ကျင့်ကြံသူများသည် မိတ်ဆွေဖွဲ့ပုံနှင့် ပတ်သက်၍ အွန်လိုင်းတွင် နောက်ပြောင်မှုအချို့ ရှိလာသည်။
မိတ်ဆွေဖွဲ့ရန်အတွက် ရှေးခေတ်က အရင်ခွက်တစ်ထောင်ကျော် လိုအပ်သော်လည်းယခုအခါ ဂိမ်းထဲ၌ အတူတူလှဲရန် နေရာတစ်ခု ရှာရန်သာ လိုအပ်တော့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ် မြေအောက်ခန်းထဲတွင် ကွန်ပျူတာငါးလုံး သို့မဟုတ် ခြောက်လုံးပါသော ရုံးခန်းတစ်ခုရှိသည်။
ကွန်ပျူတာများက အလုပ်အတွက် ဖြစ်ပြီး ဂိမ်းဆော့သည့် ကွန်ပျူတာများလောက် မကောင်းသော်လည်း PUBG ကဲ့သို့သောဂိမ်းကို ဆော့ရန်မှာ ပြဿနာ လုံးဝမဟုတ်ပေ။
ဝမ်လင်းက သူ့ဘေးတွင် ထိုင်နေသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။
“ညီနောင်လင်း.. မင်းကီးဘုတ် ထိန်းချုပ်မှုတွေကို သိတယ်မလား”
“အင်း”
ဝမ်လင်းက ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်မှာပင် ငွေရောင်လေးက ရုံးခန်းအပြင်ဘက်ရှိ ဆိုဖာပေါ်ကနေ ဝမ်လင်း၏ နောက်ကျောကို လှမ်းမြင်လိုက်ရသည်။
“ဆရာလေးလင်းကို စာချုပ်ချုပ်ဖို့ မေးလိုက်ရင် ကောင်းမလား”
သူက ထိုသို့ တွေးမိသော်လည်း ငြင်းပယ်ခံရမည်ကို အနည်းငယ် ကြောက်ရွံနေသည်။
လူသားများတွင် စိတ်ရှုပ်သည့် အခါမျိုး၌ စိတ်အာရုံများကို ဆေးကြောရန် နည်းလမ်းအမျိုးမျိုး ရှိကြသည်။
ငွေရောင်လေးအတွက် အသုံးအများဆုံး နည်းလမ်းမှာ စားသောက်ရန်ပင် ဖြစ်သည်။
အစောပိုင်းတွင် ငွေရောင်လေးသည် ခေါက်ဆွဲစားသောက်သည့် နည်းလမ်းအမျိုးမျိုးကို လေ့လာခဲ့သည်။
အဆုံးသတ်တွင် ဝမ်လင်းကို ကြည့်ရင်း တစ်နည်းနည်းဖြင့် ထိတ်လန့်သွားပြီး သူ့လက်ထဲတွင် ကိုင်ထားသော ခေါက်ဆွဲထုပ်ကို မသိစိတ်မှ ဖွင့်ဖောက်မိကာ အမွှေးအကြိုင်မှုန့်ပင် မဖောက်ထည့်ဘဲ တစ်ခါတည်း စားမိလိုက်သည်။
“ဂျွတ်.. ဂျွတ်”
အသံက သိပ်မကျယ်သော်လည်း ဝမ်လင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ဖန်သားပြင်ပေါ်သို့ အာရုံစူးစိုက်နေသော ဆရာလေးလင်းက ရုတ်တရက် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်ကို သတိပြုမိလိုက်သည်။
ငွေရောင်လေးက ဆရာလေးလင်း၏ မျက်လုံးများ တောက်ပနေသည်ကို ခံစားမိလိုက်သည်။
ထိုခဏတွင် ငွေရောင်လေးသည် ချက်ချင်းပင် ချွေးများတသွင်သွင် စီးကျလာသည်။
အခြားတစ်ဖက်တွင်လည်း ဝမ်မိသားစု အိမ်လေး၌ ဖေဖေဝမ်၏ စာကြည့်ခန်း တံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သည်။
အစောပိုင်းတွင် မေမေဝမ်က ထိုအခန်းသို့ လာခဲ့သည်။
တံခါးပိတ်ထားကြောင်း သိရသောအခါတွင် သူမ တိတ်တဆိတ် ထွက်သွားခဲ့သည်။
ပုံမှန်အချိန်တွင် ဖေဖေဝမ်၏ တံခါးက ယေဘုယျအားဖြင့်သော့ခတ်ထားလေ့ မရှိပေ။
သော့ခတ်ထားလျှင် မေမေဝမ် စဉ်းစားနိုင်သည့် အခြေအနေတစ်ခုသာ ရှိသည်။
ယင်းမှာ ဖေဖေဝမ် တစ်ယောက် စာမူနောက်ကျနေ၍ အရူးအမူး စာရိုက်နေခြင်းသာ ဖြစ်ရပေမည်။
ထို့ကြောင့်မေမေဝမ်က ဖေဖေဝမ်ကို လုံးဝမနှောင့်ယှက်ခဲ့ပေ။
ထို့ပြင် အထဲတွင် လဲ့မုန့်မုန့်လည်း ရှိပါသေးသည်။
ကိစ္စတစ်ခုကို ဆောင်ရွက်ရာ၌ လူနှစ်ယောက် ဟူသော အရေအတွက်သည် တစ်ယောက်ထက် ပိုကောင်းသည် မဟုတ်ပါလား။
ယခင်ကဆိုလျှင် ဖေဖေဝမ် ထိုကဲ့သို့ သော့ပိတ်ထားသည့် အခါမျိုးတွင် မေမေဝမ်က ဖေဖေဝမ် သူ့ကိုယ်သူ သတ်သေသွားမည်ကို ကြောက်ရွံ့ခဲ့သည်။
ယနေ့ခေတ်တွင် မသေခင်ည၌ တစ်ညလုံး စာရိုက်နေသော စာရေးဆရာများ၏ သတင်းများက များပြားလွန်းနေသည် မဟုတ်ပါလော။
သို့ရာတွင် ထိုကဲ့သို့ အခြေအနေမျိုးမှာပင် စာရေးဆရာကိုဒုက္ခရောက်အောင် လုပ်ဆောင်ချင်သည့် စာဖတ်သူတချို့က ရှိနေကြဆဲပင်။
၎င်းတို့က စာရေးဆရာ အပ်ဒိတ်လုပ်ရမည့် အခန်းများကို နောက်ကျသည့် အခါမျိုးတွင် လျော်ကြေးအနေဖြင့် အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ပေးရန် တောင်းဆိုကြလေ့ရှိသည်။
မေမေဝမ်က ထိုစုန်းပြူးစာဖတ်သူများကို ကလေးဆန်သည်ဟု ထင်မြင်မိသည်။
သို့သော် ယနေ့ခေတ် လူငယ်များကြား၌ ခေတ်စားနေသည့် ဝတ်စားဆင်ယင်မှုပုံစံကို သူမ တကယ် နားမလည်ခဲ့ပေ။
စင်စစ် ဖေဖေဝမ်သည် အသက်ကြီးနေပြီ ဖြစ်သည်။
သက်ကြီး အမျိုးသားတစ်ဦးက အမျိုးသမီး အဝတ်အစားများ ဝတ်ထားလျှင် မည်ကဲ့သို့ ကြည့်ကောင်းနိုင်ပါမည်နည်း။
ထိုခဏတွင် မေမေဝမ်က အမျိုးသမီးဝတ်စုံကို ဝမ်လင်းသာဝတ်လျှင် မဆိုးလောက်ဟု ရုတ်တရက် တွေးမိခဲ့သည်။
ဝမ်လင်းငယ်ငယ်ကဆိုလျှင် မေမေဝမ်က မိန်းကလေး အဝတ်များဖြင့် ကလေးမလေးကဲ့သို့ ဝတ်ဆင်ပေးခဲ့ဖူးသည်။
သားမွေးထားသော မိဘတိုင်းနီးပါး ထိုကဲ့သို့ လုပ်ဖူးလေ့ ရှိကြသည်။
ထိုအချိန်က ဓါတ်ပုံရိုက်ခဲ့သည်ကိုပင် မေမေဝမ် သတိရမိသေးသည်။
[ကလေးတုန်းက မိန်းမ အဝတ်အစားဝတ်ထားတဲ့ လင်းလင်းရဲ့ဓါတ်ပုံကို ငါဘယ်မှာထားမိပါလိမ့်]
စာကြည့်ခန်း တံခါးဝတွင် မေမေဝမ်သည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း တွေးတောနေခဲ့သည်။
ထို့နောက် တတိယထပ်ရှိ အိပ်ခန်းဆီသို့ သွားခဲ့သည်။
ဖေဖေဝမ်နှင့် ဆက်လျဉ်း၍ တွေးတောနေရင်း မေမေဝမ်က ထိုဓါတ်ပုံကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
စာကြည့်ခန်းထဲတွင် လဲ့မုန့်မုန့်သည် မေမေဝမ်၏ ခြေသံကို ကြားလိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ငါ့မိန်းမ သွားပြီလား”
ဖေဖေဝမ်က နားကျပ်များကို ချွတ်လိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ မေးလိုက်သည်။
“သွားပြီ.. ဒါနဲ့ မင်းစာမူအတွက် အခန်းတွေ အများကြီး ကျန်နေသေးတယ်လေ.. မင်း စာမရေးဘဲ တကယ်ကြီး ဂိမ်းကစားမလို့လား”
“အင်း.. မကြာသေးမီကပဲ ငါ့စကေးတွေက အရမ်းကောင်းလာခဲ့တယ်.. ဒါကြောင့် ဒီတစ်ခါ ငါကစားဖြစ်အောင် ကစားရမယ်”
“မင်းကစားချင်ရင်လည်း ရိုးရိုးတန်းတန်း ကစားပါလား.. ဘာလို့ မင်းမိန်းမကို ဖုံးကွယ်ထားရတာလဲ”
ဖေဖေဝမ်၏လုပ်ရပ်က အလွန်အကျင့်ပျက်သော အပြုအမူ ဖြစ်သည်ဟု လဲ့မုန့်မုန့်က တစ်နည်းတစ်ဖုံ ခံစားနေမိသည်။
“ယောက်ျားလေးတွေက အမြဲလိုလို လျှို့ဝှက်ချက်လေးတွေ ရှိကြတယ်လေကွာ”
"ကျွန်းသခင်က အမျိုးသမီး တိုက်ရိုက် ထုတ်လွှင့်သူ မဟုတ်ပေမဲ့ သူရဲ့နံပါတ်တစ် အမာခံပရိတ်သတ် ဖြစ်လာဖို့ အတွက် ငါ့ရဲ့ ဝင်ငွေတချို့ကို သုံးစွဲခဲ့ရတယ်.. ငါ့မိန်းမသာ သိရင် ငါ့ကို နားပူတဲ့အထိ ကြိမ်းမောင်းမှာပေါ့ကွ”
ဖေဖေဝမ်က မလိုအပ်သည့် နားလည်မှု လွဲမှားခြင်းများ မဖြစ်စေရန် ဘာမှမပြောဖို့ ရွေးချယ်ခဲ့သည့် သာဓကများစွာ ယခင်က ရှိခဲ့သည်။
ကျွန်းသခင်ကို လက်ဆောင်ပေးခဲ့သည့်ငွေမှာ သူ၏ ကိုယ်ပိုင်စုငွေထဲမှ ဖြစ်သည်။
သူက စာရေး၍ရသည့် ဝင်ငွေအများစုကို မေမေဝမ်ထံ လစဉ်လွှဲပြောင်းပေးခဲ့သည်။
ကျွန်းသခင်အတွက် လက်ဆောင်များ ဝယ်ပေးခြင်းသည် အသေးအဖွဲကိစ္စသာ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်စုငွေစာရင်းသာ ပေါ်ပေါက်သွားခဲ့လျှင် အကျိုးဆက်မှာ အမှန်တကယ်ပင် တွေးတော၍ မရနိုင်အောင်ပင်။
"ဒါပေမဲ့…"
ထိုကြောင်းကို တွေးကြည့်ရင်း လဲ့မုန့်မုန့်က တစ်ခုခု မမှန်ကန်ဟု ခံစားမိနေဆဲပင်။
“ဘာပဲဖြစ်ဖြစ် အစ်ကိုဝမ် လိမ်မပြောသင့်ဘူးလို့ ငါထင်တယ်”
ဖေဖေဝမ် သက်ပြင်းချလိုက်သည်။
“မင်းမှာ မိန်းမ မပြောနဲ့.. ရည်းစားတောင် မရှိတဲ့အတွက် နားမလည်နိုင်တာ သဘာဝပါပဲ.. မင်းရဲ့ အစ်ကိုဝမ်ကို ကျန်ရှိတဲ့နေ့ရက်တွေမှာ အေးအေးချမ်းချမ်း နေစေချင်ရင် တစ်ခါမှမမြင်ဖူးသလို နေပေးလိုက်ပါ.. ဒီလိုမှ မဟုတ်ရင် မင်းအစ်မနဲ့ ငါနဲ့တကယ်ပဲ နောင်ဂျိန်ချရလိမ့်မယ်.. အဆိုးဆုံးအနေနဲ့ သူမက အိမ်ကနေ ထွက်သွားတော့မယ်လို့ ငါ့ကို ချိန်းခြောက်လိမ့်မယ်”
လဲ့မုန့်မုန့် “အဲဒါဆိုရင် အကိုဝမ်က သူ့ကို လိုက်မရှာဘူးလား”
ဖေဖေဝမ် “ဘာလို့ရှာရမှာလဲ.. သူက အိမ်က ထွက်သွားမယ်လို့ပြောတိုင်းမှာ အိမ်အောက်ထပ်က ဆိုဖာနောက်မှာ ပုန်းနေတာချည်းပဲ.. မသိရင် သူ့ကို ရှာမတွေ့မှာ ကြောက်နေသလားတောင် မှတ်ရတယ်”
လဲ့မုန့်မုန့် “……..”
ဖေဖေဝမ် “သူ့ကို ငါရှာတွေ့ရင် ငါကဗိုက်ဆာလို့ ခေါက်ဆွဲတစ်ပန်းကန်လောက် ချက်ပေးလို့ရမလား မိန်းမလို့ မေးလိုက်တယ်လေ.. အဲဒီအခါ ငါတို့အေးအေးဆေးဆေး ပြန်ဖြစ်သွားကြတာပဲ”
လဲ့မုန့်မုန့် “……......”
ဖေဖေဝမ်က လဲ့မုန့်မုန့်ကို စူးစိုက်ကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။
“စာရိုက်တာက လွဲရင် ငါက တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ကြည့်တယ်.. ဂိမ်းကိုအပျော်ဆော့တယ်.. ငါ့မှာ ဒါလေးနဲ့ပဲ အပန်းဖြေနေရတာလေကွာ.. မင်းအစ်မ မသိအောင် တိတ်တိတ်လေး နေပေးလို့ မရဘူးလား”
“ကောင်းပြီလေ.. ဒါဆို ငါနှုတ်ပိတ်ထားပေးမယ်.. ဒါပေမဲ့ အကိုဝမ် ဒီနေ့ စာလုံးပေါင်းနှစ်သောင်း ထပ်ရိုက်ရမယ်”
ဖေဖေဝမ် “လေးထောင်”
လဲ့မုန့်မုန့် “နှစ်သောင်းပဲ”
ဖေဖေဝမ်က အံကြိတ်လိုက်သည်။
“ရှစ်ထောင်”
လဲ့မုန့်မုန့် “နှစ်သောင်းပဲ.. လုံးဝမလျှော့နိုင်ဘူး”
“သဘောမတူဘူးဆိုရင် အကိုဝမ်က ကျွန်းသခင်ရဲ့ အမာခံနံပါတ်တစ် ပရိတ်သတ် နှစ်ညအိပ် သုံးရက် ဆိုတာ ငါသူ့ကို ပြောပြလိုက်တော့မယ်”
“ကောင်းပါပြီ.. နှစ်သောင်းဆိုတော့လည်း နှစ်သောင်းပေါ့ကွာ.. မင်းတော်တော် ကောက်ကျစ်တာပဲ”
လဲ့မုန့်မုန့်ကို ကြည့်ရင်း ဖေဖေဝမ်၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်သွားသည်။
တရုတ်တွင် HHXX သည် 'ဟောင်ဟောင်ရွှယ်ရှီ' ၏ ပင်ယင် အတိုကောက် ဖြစ်သည်။