ခေါက်ဆွဲခြောက်ကြွပ်ကြော်၏ အံ့ဖွယ်အကျိုးသက်ရောက်မှု
Vol. 33 Ch. 490
ခေါက်ဆွဲခြောက်ကြွပ်ကြော် စားပြီးနောက်တွင် မည်သို့ ခံစားရပါသနည်း။
ငွေရောင်လေးက လတ်တလော မပြောနိုင်ခဲ့ပေ။
သူက အစောပိုင်းတွင် အလွန် စိတ်ရှုပ်နေသောကြောင့် အမွှေးအကြိုင်မှုန့် ထည့်ဖို့ပင် မေ့သွားခဲ့သည်။
ခေါက်ဆွဲခြောက်ကြွပ်ကြော် စားရသည့် ခံစားချက်ကို သူမည်သို့ သိနိုင်ပါအံ့နည်း။
သို့သော် သူ ဘာမှပြန်မပြောမီမှာပင် သူ့ရင်ထဲ၌ မီးလုံးကြီးတစ်လုံး တောက်လောင်နေသကဲ့သို့ လောင်ကျွမ်းနေသော စွမ်းအင် တချို့ကို အမှန်တကယ် ခံစားလိုက်ရသည်။
"ဒါက ဝိညာဉ်စွမ်းအား ကြွယ်ဝတဲ့ လက္ခဏာလား"
"ဒါဘယ်လိုမှမဖြစ်နိုင်ဘူးလေ"
ငွေရောင်လေး အံ့အားသင့်သွားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤသည်မှာ အဆင့်တက်သည့် အချိန်၌သာ ဖြစ်ပွားလေ့ရှိသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။
ဤကဲ့သို့ ခံစားချက်မျိုးကို လွန်ခဲ့သော နှစ်တစ်ထောင်က သတ္တမအဆင့်မှ ဆဌမအဆင့်သို့ တိုးတက်လာသောအခါတွင် ခံစားခဲ့ရဖူးသည်။
၎င်းသည် သာမန်လူသား ကျင့်ကြံသူများ အဆင့်တက်သည့်အခါ ခံစားခဲ့ရသည့် အရာများနှင့် ကွဲပြားကောင်း ကွဲပြားနိုင်သည်။
သို့သော်လည်း များပြားလှသော ဝိညာဉ်စွမ်းအားသည် မြင့်မားသောနယ်ပယ် အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်တော့မည့် အချိန်တွင် သူတော်စင်သားရဲများ အတွက် ထူးခြားသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။
"လခွမ်းပဲ"
ခေါက်ဆွဲခြောက်ကြွပ်ကြော်စားပြီးသည့် နောက်တွင် စူပါဆင့်ကဲ ဖြစ်စဉ်ကို သူကြုံတွေ့ခဲ့ရပါသလော။
ငွေရောင်လေးက သူ့လက်များကို ခါယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့တွင် ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
သူက ထွင်ထျန်းဟာ သူ့ကို လိမ်ပြောခြင်း မဟုတ်မှန်း ချက်ချင်း သဘောပေါက်သွား၏။
ခေါက်ဆွဲခြောက်ကြွပ်ကြော်များက ကျင့်ကြံရာတွင် သူ့ကို တကယ်ပဲ ကူညီပေးနိုင်ပါသလော။
ထွင်ထျန်းဟာက ဤခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် အားလုံးသည် ဆရာလေး ကိုယ်တိုင် စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်သည့်အရာ ဖြစ်ကြောင်း ပြောဖူးသည်ကို ငွေရောင်လေး ချက်ချင်း သတိရမိလိုက်သည်။
ဤအထုပ်များက ဆရာလေးလင်း အထူး စုဆောင်းထားသော အထုပ်များဖြစ်ပြီး အမွှေးအကြိုင်ထုပ်များ ပါဝင်၏။
၎င်းက အပြင်မှာ ရောင်းသည့် စျေးပေါသော ခေါက်ဆွဲခြောက်ကြွပ်ကြော် ဗားရှင်းများထက် ပို၍ အဆင့်မြင့်ပေသည်။
ထိုအချိန်တွင် ငွေရောင်လေးသည် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် တစ်ထုပ်ရဖို့ အတွက် သူ့အမွေးကို ဖီးသင်ပေးမည်ဟု သနားစဖွယ် တောင်းဆိုခဲ့သော ဗုံးပစ်စီနီယာ အင်မော်တယ်ကို သတိရမိသွားသည်။
ဆရာလေးလင်း ပေးသော ခေါက်ဆွဲခြောက်ကြွပ်ကြော်အဆာပြေသည် တကယ်ကို တစ်ခုခု ထူးခြားပုံရသည်။
စီနီယာ အင်မော်တယ်က အနည်းငယ်မျှသော ကာယအားကိုရင်း၍ ခေါက်ဆွဲခြောက်ကြွပ်ကြော်နှင့် လဲလှယ်သွားသည်ကို ပြန်တွေးမိလျှင် ငွေရောင်လေးက ချက်ချင်းပင် မူးလဲသွားမလို ခံစားလိုက်ရသည်။
ယခု သူ့တွင် ဆယ့်ရှစ်ထုပ်သာ ကျန်တော့သည်။
သူ့အနေဖြင့် သေချာ ဂရုတစိုက် သုံးရပေတော့မည်။
ထိုအချိန်တွင် ငွေရောင်လေးသည် သူ့ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် ဝမ်းနည်းလာသည်။
ဤခေါက်ဆွဲခြောက်ကြွပ်ကြော်ကို သူစောစော စားခဲ့သင့်သည်။
သူက ဆဌမအဆင့်တွင် နှစ်အတော်ကြာ ရပ်တန့်နေခဲ့သော်လည်း ဤခေါက်ဆွဲခြောက်ကြွပ်ကြော်သည် အမှန်တကယ် အဆင့်တက်လုနီးပါး ဖြစ်အောင် ကြွယ်ဝသော ဝိညာဉ်စွမ်းအားများကို တိုက်ရိုက် ရရှိစေခဲ့သည်။
ယင်းက ငွေရောင်လေး ဘယ်တုန်းကမှ မခန့်မှန်းနိုင်သည့်အရာ ဖြစ်သည်။
ဝိညာဥ်စွမ်းအား ကြွယ်ဝသောအဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုဝိညာဥ်စွမ်းအားကို အပြည့်အဝ ချေဖျက်ရန် အနည်းဆုံး သုံးရက်မှ ငါးရက်အထိ တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ ကျင့်ကြံရမည် ဖြစ်သည်။
အဓိကအချက်မှာ ဤသုံးရက်မှ ငါးရက်အတွင်း ကြွယ်ဝသော ဝိညာဥ်စွမ်းအားကို အသုံးပြု၍ အဆင့်တက်ရန် ဖြစ်သည်။
သို့သော် ထိုဝိညာဥ်စွမ်းအားကို တိုက်ပွဲ အတွင်း အသုံးချလိုက်လျှင်မူ အလဟဿ ဖြစ်သွားပေလိမ့်မည်။
နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ဆုံးရှုံးလိုက်ရ၍ စိတ်ထိခိုက်မိသော်လည်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် ဆယ့်ရှစ်ထုပ် ကျန်နေသေးသောကြောင့် နောက်ထပ် အခွင့်အရေးရှိနေသေးသည် မဟုတ်ပါလား။
ငွေရောင်လေးက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဂိမ်းထဲသို့ ဝင်ပြီးနောက်တွင် တစ်စုံတစ်ရာကို ရုတ်တရက် တွေးလိုက်မိသည်။
သူ့မျက်နှာတွင် "မကောင်းတော့ဘူး"ဟူသော အမူအရာ ဖြစ်ပေါ်လာသည်။
သူက ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။
"ညီနောင် ငွေရောင်လေး"
ငွေရောင်လေး "...???..."
ဗုံးပစ်စီနီယာ အင်မော်တယ် "အပေါ်ထပ်ကို လှေကားနဲ့တက်ဖို့မမေ့နဲ့"
ငွေရောင်လေး "............."
...............
အိမ်တံခါးဝတွင် မစ္စတာလုသည် ဘဲလ်ကို ထပ်မံ တီးလိုက်သည်။
အနီအောက် ရောင်ခြည် အာရုံခံကိရိယာမှ တဆင့် အိမ်အတွင်း၌ ဖြစ်ပျက်နေသမျှကို သူမြင်နေရ၏။
တစ်စုံတစ်ယောက်က သူ့ဆီသို့ ဦးတည်၍ လာနေသည်။
ထိုလူတံခါးဝသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ့လက်က ကြိမ်တုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။
၎င်းက သာမန်ကြိမ်တုတ် မဟုတ်ဘဲ အထူးကြိမ် အမျိုးအစား ဝိညာဉ်ဓား ဖြစ်သည်။
အပြင်ပန်းကြည့်လျှင် လမ်းလျှောက်ရန် တုတ်တစ်ချောင်းထက် ဘာမှမပိုသလို ထင်ရသော်လည်း တကယ်တမ်းတွင် အလွန် နာမည်ကျော်ကြားသော ဝိညာဥ်ဓားတစ်လက် ဖြစ်၏။
ဥက္ကဌပိုင်က ကျင့်ရှီ အပြည်ပြည်ဆိုင်ရာ နှစ်စဉ် လေလံပွဲ၌ ဤကြိမ်တုတ်ကို ဝယ်ယူခဲ့ပြီး လွန်ခဲ့သည့် လအနည်းငယ်က သူ့ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းက အင်မော်တယ်ရွှေချောင်း ဆယ်သန်း တန်ကြေးရှိသည့် ဒုတိယတန်းစား သူတော်စင် လက်နက်ဖြစ်သော ကောင်းကင်လမ်းလျှောက်သူဓား ဖြစ်သည်။
ဟုတ်ပါသည်။ ယင်းက သူ့အတွက် ဥက္ကဌပိုင် ပေးအပ်သည့် ပထမဆုံး ဝိညာဥ်ဓား လက်ဆောင်ဟုလည်း ယူဆနိုင်၏။
မူလတွင် မစ္စတာလုသည် စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်သောကြောင့် ရာထူးမှနှုတ်ထွက်ကာ သူ၏ မျိုးနွယ်စုသို့ ပြန်ရန် စီစဉ်ခဲ့သည်။
အဆုံးသတ်တွင် သူက နတ်ဆိုးမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သောကြောင့် လူ့လောကတွင် အချိန်အတော်ကြာသည်အထိ နေထိုင်ရန်မှာ မသင့်တော်ပေ။
သို့ရာတွင် ဤဓားကြောင့် မစ္စတာလုသည် ဥက္ကဌပိုင်နှင့် သူ၏ အလုပ်သမား စာချုပ်ကို နောက်ထပ် အနှစ်ငါးဆယ် သက်တမ်းတိုးခဲ့သည်။
မစ္စတာလုက ရိုးသားသော သူတစ်ယောက် ဖြစ်၍ ဥက္ကဌပိုင်အနား၌ နှစ်ပေါင်းများစွာ ကြာအောင် တာဝန်ထမ်းဆောင်ပြီးနောက်တွင် ဝန်ထမ်းဟောင်း တစ်ယောက် အနေနှင့် ခံစားချက်တချို့ ရှိခဲ့သည်။
ထို့ကြောင့် သူ နောက်ထပ် အနှစ်ငါးဆယ် သက်တမ်းတိုးခဲ့သည့် အကြောင်းရင်း တစ်ဝက်မှာ ဝိညာဥ်ဓားကြောင့် ဖြစ်ပြီး ကျန်တစ်ဝက်မှာ သံယောဇဥ်ကြောင့် ဖြစ်သည်။
သိပ်မကြာခင်မှာပင် အိမ်ရှေ့တံခါးက ပွင့်သွားသည်။
တံခါးပွင့်သည်နှင့် မစ္စတာလုက ငွေရောင်လေးကို ကောင်းကင်လမ်းလျှောက်သူဓားဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ခြေသလုံးအိမ်တိုင် အင်မော်တယ် တစ်ယောက် အနေဖြင့် သူ၏ လှုပ်ရှားမှုက တကယ်ကို မြန်ဆန်နေသည်။
ငွေရောင်လေးက တံခါးအနည်းငယ် ဟသည်နှင့် သူ့ရှေ့တွင် ဓားအလင်းတစ်ခုကို တွေ့လိုက်ရသည်။
"နတ်ဆိုးချီက အရမ်းပြင်းထန်နေတာ အံ့သြစရာ မဟုတ်တော့ဘူး.. တကယ်ပဲ ခြေသလုံး အိမ်တိုင် အင်မော်တယ် ဖြစ်နေတာကိုး"
ငွေရောင်လေးက လက်ပိုက်၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဤအခြေအနေအတွက် သူပြင်ဆင်ထားပြီးသား ဖြစ်၏။
ငွေရောင်လေးက မျက်စိဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလို သူ့ပတ်ဝန်းကျင်က ပြောင်းလဲသွားတော့သည်။
ယင်းက မစ္စတာလုကို တိုက်ခိုက်မှု ရပ်တန့်သွားစေသည် အထိ ထိတ်လန့်စေခဲ့သည်။
ပတ်ဝန်းကျင် မြင်ကွင်းက အမှန်တကယ်ပင် သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားကြောင်း သိလိုက်ရသဖြင့် မစ္စတာလုက ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
"မူလစိတ်ဝိညာဉ်နယ်ပယ်ပါလား"
မစ္စတာလု ထိတ်လန့်သွားသည်။
သူ့ရှေ့က ငွေရောင်ဆံပင်နှင့် လူငယ်လေးက ယခုလောက် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အနည်းဆုံး ပကတိအင်မော်တယ် အဆင့် ရောက်မှသာ ဤစွမ်းရည်ကို ရရှိမည် ဖြစ်သည်။
သို့သော် ငွေရောင်လေး၏ လက်ရှိ ခွန်အားသည် ပကတိအင်မော်တယ် အဆင့်တွင် မရှိပေ။
မူလစိတ်ဝိညာဉ်နယ်ပယ်ကို သူချပြနိုင်သည့် အကြောင်းရင်းမှာ တကယ်တမ်းတွင် ဖန့်ရှင်း နှင့် ဆင်တူသည်။
ဖန့်ရှင်းက မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖခင်အရင်းဖြစ်သူ အင်မော်တယ်ရှဲဖီ ထံမှ အမွေဆက်ခံခဲ့သည်။
ငွေရောင်လေး၏ မူလစိတ်ဝိညာဉ်နယ်ပယ်သည်လည်း ထိုအတိုင်းပင်။
သို့သော် ငွေရောင်လေးကမူ ဖန့်ရှင်းထက် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထုတ်ဖော်ရာတွင် ပို၍ ကျွမ်းကျင်သည်။
နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်တွင် သူသည် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ချက်ချင်းနီးပါး ထုတ်ဖော်နိုင်ခဲ့သည်။
"မင်းဟာ အမွေးစိမ်းခွေးရဲ့ ပိုင်ရှင်လား.. ဒါမှမဟုတ် သူ့ သူငယ်ချင်းလား"
"ဒါမှမဟုတ် မင်းက အမွေးစိမ်းခွေး လူသားပုံစံ ပြောင်းလဲထားတာလား"
မစ္စတာလုက သူ့ဓားဖျားဖြင့် ချိန်ရွယ်ရင်း ငွေရောင်လေးကို မေးလိုက်သည်။
ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။
"...???..."
"ဒီလူက ထွင်ထျန်းဟာကို ရှာနေတာလား"
ထွင်ထျန်းဟာက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဖော်ထုတ်ပြီးနောက်တွင် သူ့နောက်သို့ အမဲလိုက်နေသူများ ရှိကြောင်း ထင်ရှားစွာ ဖော်ပြခဲ့သည်ကို ငွေရောင်လေး သတိရမိသည်။
သို့သော် တစ်ဖက်လူက သူ့ကို လူသားပုံစံ ပြောင်းထားသည့်ထွင်ထျန်းဟာဟု ထင်နေသည်။
ထိုခွေး၏ ပြဿနာများက သူ့အပေါ်ကို ပြုတ်ကျလာပုံရသည်။
ငွေရောင်လေးက ချက်ချင်းပင် စိတ်ပျက် အားငယ်သွားသည်။
အမွေးစိမ်း ခွေးတစ်ကောင်က ဘယ်လောက်ပဲ ပုံစံ ပြောင်းလဲသွားပါစေ သူ့လို ဆွဲဆောင်မှုရှိသော ငွေရောင်တော့ မဖြစ်လာနိုင်ပေ။
"နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း" ဟုခေါ်သော ဤအဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် ကာလာဘလိုင်းများ ဖြစ်နေပါသလော။
ကာလဘလိုင်း= အရောင်မခွဲခြားတတ်သောပြဿနာ