ဝမ်လင်း၏ ကမ္ဘာဦးချီ
Vol. 33 Ch. 492
တကယ်တမ်းတွင် ချုပ်နှောင်မှုကို ရာနှုန်းပြည့်ခုခံနိုင်စွမ်းသည် ခေါက်ဆွဲကြွပ်ကြော် သရေစာ စားခြင်း၏ အကျိုးသက်ရောက်မှုများထဲမှ တစ်ခု ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားသည့် စွမ်းအားမှာ ဝမ်လင်း၏ ရှေးဦးချီက လွဲ၍ တခြားမဟုတ်ပေ။
ဆိုရလျှင် ဝမ်လင်း၏ စံနမူနာထားလောက်သော ရှေးဦးချီက မစ္စတာလု၏ အပျက်သဘောဆောင်သော တိုက်ခိုက်မှု အားလုံးကို ဖြိုဖျက်ပေးလိုက်ခြင်းပင်။
ယခုအခါတွင် ကြမ်းတမ်းသော တိုက်ခိုက်မှုများ သာမက အဆိပ်တိုက်ခိုက်မှုများပင် ငွေရောင်လေး အပေါ်၌ သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။
ထိုထက်မက ဝမ်လင်း၏ ရှေးဦးချီသည် ကာကွယ်ရေးအတွက်သာ အသုံးဝင်သည်မဟုတ်ပေ။
သာမန် တိုက်ခိုက်မှုတစ်ခုကိုပင် အဆင့်မြင့်တိုက်ခိုက်မှုဖြစ်အောင် မြှင့်တင်နိုင်ပေသည်။
ဤရှေးဦးချီ၏ ပံ့ပိုးမှုဖြင့်ဆိုလျှင် ဝိညာဉ် နည်းစနစ်များနှင့် မှော်စွမ်းရည်များသည် စွမ်းအားနှစ်ဆခန့် တိုးလာပေလိမ့်မည်။
ရှေးဦးချီသည် ဝမ်လင်း ငယ်စဉ်ကပင် ခန္ဓာကိုယ်မှအလိုအလျောက် ထုတ်လွှတ်ခဲ့သည့် ထူးခြားသောအရာ ဖြစ်သည်။
တကယ်တမ်းတွင် ဤချီသည် ဝမ်လင်းဆန့်ကျင်ရေး ပစ္စည်းတစ်ခုပင်။
သို့ရာတွင် တာအိုစည်းတံဆိပ်ကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ ရှေးဦးချီသည် လက်ရှိတွင် ပုံမှန်အတိုင်း ရှိနေသည်။
တာအိုစည်းတံဆိပ်နှင့်သာ ထိန်းချုပ်မထားခဲ့လျှင် သူ၏ စွမ်းအင်က လက်ရှိထက် အဆမတန် ကျော်လွန်သွားလိမ့်မည် မဟုတ်ပါလား။
မိစ္ဆာဓားနတ်ဘုရားနှင့် တိုက်ပွဲတွင် ဝမ်လင်းသာ ၎င်းကို အင်ပြည့်အားပြည့် ပါးရိုက်ခဲ့မည်ဆိုလျှင် မိစ္ဆာဓါးနတ်ဘုရားသည် အရိပ်အယောင် ပင်မကျန်ဘဲ ပျက်စီးသွားပေလိမ့်မည်။
ဤအချက်ကို ငွေရောင်လေးက ကောင်းစွာသိသည်။
ဤထူးခြားသော စွမ်းအားက ဝမ်လင်း၏ ရှေးဦးချီမှန်း သူမသိသော်လည်း သူ့အနေဖြင့် ကဏ္ဍပေါင်းစုံတွင် ပိုမိုအားကောင်းလာသည်ဟု ခံစားမိသည်။
ဤကြွယ်ဝသော ဝိညာဉ်စွမ်းအင်သည် ခေါက်ဆွဲကြွပ်ကြော်သရေစာ စားခြင်းမှ ရရှိလာသည့် ဆုလာဘ်ဖြစ်ကြောင်း နောက်ဆုံးတွင် ငွေရောင်လေးက နားလည်သဘောပေါက်ခဲ့သည်။
သို့ရာတွင် ငွေရောင်လေးက ပိုမို အားကောင်းလာသော်လည်း အော်ရာကမူ ပြောင်းလဲမသွားခဲ့ပေ။
ဤသည်မှာ ရှေးဦးချီ၏ လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုဖြစ်သည်။
ယင်းမှာ မမြင်နိုင်သော လှည့်စားမှုတစ်ခု ရှိနေသကဲ့သို့ပင်။
………………..
သူ၏ကြိုးပမ်းမှုများက ဆက်တိုက် မအောင်မြင်သောကြောင့် မစ္စတာလု မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အချုပ်အနှောင် မှော်စွမ်းရည်များ၌ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် ဤနည်းစနစ်ကို အသုံးပြုရာတွင် နှစ်ထောင်ပေါင်းများစွာ အတွင်း မအောင်မြင်ခဲ့သော အဖြစ်မျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပေ။
သာမန် နတ်ဆိုးသားရဲ တစ်ကောင်သာ ဆိုလျှင် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာပါက ပျာယာခတ်သွားနိုင်ပေသည်။
သို့သော် မစ္စတာလုမှာ အဆုံးသတ်တွင် မစ္စတာလုသာဖြစ်သည်။
သစ်ပင်မှင်စာမျိုးနွယ်ဝင်များသည် သစ်ပင်ဖြစ်စေ နတ်ဆိုးဖြစ်စေ ၎င်းတို့အားလုံးတွင် အဓိကကျသော စရိုက်လက္ခဏာများ ရှိကြသည်။
၎င်းမှာ တည်ငြိမ်သော စရိုက်လက္ခဏာ ဖြစ်သည်။
ထို့ကြောင့် သူ့ရှေ့မှ ငွေရောင်ဆံပင်နှင့် လူငယ်လေးက ကိုင်တွယ်ရခက်မှန်း သိသော်လည်း မစ္စတာလုသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေဆဲပင်။
မစ္စတာလုက သူ့လက်ထဲမှ ဝိညာဉ်ဓားထဲသို့ မှော်စွမ်းရည်ကို သွန်းလောင်းလိုက်သည်။
ထိုဝိညာဉ်ဓား၏ ဓားဖျားမှ ရောင်စုံဓားချီများ ထွက်ပေါ်လာသည်ကို ငွေရောင်လေးက ချက်ချင်းတွေ့လိုက်ရသည်။
ရောင်စုံဓားချီများက ဓားတစ်ခုလုံးကို တဖြည်းဖြည်း ဖုံးအုပ်သွားပြီးနောက်တွင် ဓားက အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
ဝိညာဉ်ဓား တစ်ချောင်းစီတိုင်းတွင် ထူးခြားသော ဂုဏ်သတ္တိများ ကိုယ်စီရှိကြသည်။
မိစ္ဆာဓားနတ်ဘုရား၏ ကောင်းကင်ပိုင်းဖြတ်ဓား နှင့် ဗုံးပစ်စီနီယာအင်မော်တယ်၏ မဟာအောင်ပွဲခံဓားတို့သည် ခံစစ်စွမ်းဆောင်ရည်မြင့်မားမှုကို ကိုယ်စားပြုကြသည်။
ယခုမစ္စတာလု လက်ထဲတွင်ရှိသည့် ကောင်းကင်လမ်းလျှောက်သူဓားကမူ အဆုံးစွန်သော အာကာပြင်ကို ကိုယ်စားပြုသည်။
စင်စစ် ရောင်စုံဓားချီမှာ အာကာပြင်ဓားချီ ဖြစ်သည်။
ထို့ကြောင့် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်နှင့် ဓားက လေထဲတွင် ပျောက်ကွယ်သွားမည် ဖြစ်၏။
ဓားတာအို၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် မမြင်နိုင်သောနှလုံးသားဓားသည် ကောင်းကင်လမ်းလျှောက်သူဓားထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
ကောင်းကင်လမ်းလျှောက်သူဓား၏ အာကာပြင်ဓားချီသည် အဆုံးမဲ့ အသွင်သဏ္ဍာန်ကို ဆုပ်ကိုင်နိုင်ရုံသာမက မမြင်နိုင်သောနှလုံးသားဓား၏ အယူအဆကိုပါ ဖမ်းဆုပ်နိုင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်လမ်းလျှောက်သူဓားသည် ဝိညာဉ်ဓားများစာရင်းတွင် လွန်စွာ အဆင့်မမြင့်မားပေ။
ယေဘုယျအားဖြင့် ဝိညာဉ်ဓားများ အဆင့်သတ်မှတ်ခြင်းစာရင်းတွင် ထိပ်တန်းဓား ဆယ်ချောင်းအားလုံးနီးပါးသည် ပထမတန်းစား သူတော်စင်လက်နက်များ ဖြစ်ကြသည်။
သို့သော် ကောင်းကင်လမ်းလျှောက်သူဓား တစ်ခုတည်းကသာ ဒုတိယတန်းစား ဖြစ်နေ၏။
ဤရက်ပိုင်းတွင် ငွေရောင်လေးသည် အိမ်တွင် တစ်နေကုန်နေရသည်မှာ ငြီးငွေ့လာသောကြောင့် လူသားကျင့်ကြံသူများ အသုံးပြုလေ့ရှိသည့် လက်နက်များအကြောင်း အချက်အလက်များကို အင်တာနက်တွင် စူးစမ်းလေ့လာခဲ့သည်။
မစ္စတာလု၏ ဝိညာဉ်ဓားသည် အမှန်တကယ် ကျော်ကြားသော ဓားတစ်လက် ဖြစ်လိမ့်မည်ဟု သူမထင်ထားပေ။
ရိုးရှင်းစွာပြောရလျှင် မစ္စတာလု၏ ဓားသည် ဓားချီကို ထုတ်ဖေါ်ပြသခြင်း မပြုခဲ့လျှင် ၎င်းကို ကောင်းကင်လမ်းလျှောက်သူဓား ဖြစ်သည်ဟု သူပြောနိုင်မည် မဟုတ်ပေ။
ဤဓားက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ငွေရောင်လေးခံစားမိသည်။
ဓား၏အသွင်သဏ္ဍာန်က ဝိညာဉ်ဓားစာရင်းတွင် သူမြင်ခဲ့ရသည့် တကယ့်ထုတ်ကုန်နှင့် လုံးဝမတူပေ။
ကောင်းကင်လမ်းလျှောက်သူဓားသည် မည်သည့်အချိန်မှစပြီး ကြိမ်တုတ်တစ်ခု ဖြစ်လာရပါသနည်း။
ငွေရောင်လေးက အနည်းငယ်ထူးဆန်းသလို ခံစားမိသော်လည်း မစ္စတာလုကို မေးမြန်းရန်အတွက်မူ သူ့အတွက် အဆင်မပြေပေ။
ယနေ့ခေတ်တွင် ဈေးကြီးသော နာမည်ကျော် ဝိညာဉ်ဓားများကို ဝယ်ယူကာ ပြုပြင်မွန်းမံကြသော ကျင့်ကြံသူ အများအပြားရှိခဲ့ကြသည်။
အကယ်၍ ဤဓား၏ အပြင်ပန်းပုံသဏ္ဍာန်ကိုသာ ပြုပြင်မွန်းမံထားလျှင် ငွေရောင်လေးက ထူးဆန်းသည်ဟု ထင်မိမည်မဟုတ်ပေ။
နှစ်ယောက်သည် မူလစိတ်ဝိညာဉ် နယ်ပယ်အတွင်း တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ကြသည်။
မစ္စတာလုက တိုက်ခိုက်ရာတွင် ဗျူဟာကို စနစ်တကျ ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ငွေရောင်လေးကို ကောင်းကင်တိုက်ခိုက်သူဓားဖြင့် တိုက်ခိုက်ရင်း တစ်ဖက်ကလည်း ပြန်လည်မွေးဖွားခြင်းနှင့် ဖန်တီးခြင်း မှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။
ငွေရောင်လေးသည်လည်း ငတုံးငအ မဟုတ်ပေ။
သစ်ပင်မှင်စာမျိုးနွယ်စု၏ ပြန်လည် မွေးဖွားနိုင်သော စွမ်းရည်ကို ကောင်းစွာသိထားသည်။
ထို့ကြောင့် သူက ချက်ကောင်းကို တစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး တစ်ဖက်လူ နလံမထူနိုင်လောက်သည် အထိ တိုက်ခိုက်ရန် ဗျူဟာချမှတ်ထားခဲ့သည်။
တစ်ယောက်ကို တစ်ယောက် စက္ကန့်အတော်ကြာ စေ့စေ့ကြည့်နေစဉ်မှာပင် အေးစက်သော အော်ရာရှိသည့် ဓားသွားထိပ်ဖျားသည် လေထဲတွင် ရုတ်တရက်ပေါ်လာပြီး ငွေရောင်လေး၏ ပါးပြင်ကို ထိုးဖောက်လုနီးပါး ဖြစ်သွားသည်။
ထိုတိုက်ခိုက်မှုကို ငွေရောင်လေးက လျင်မြန်စွာ ရှောင်ထွက်လိုက်သည်။
သို့သော် လေထုထဲမှ ရုတ်တရက် ထွက်ပေါ်လာသော ကောင်းကင်လမ်းလျှောက်သူဓားသည် ငွေရောင်လေး၏ ငွေရောင်ဆံပင် တချို့ကို ဖြတ်တောက်သွားခဲ့သည်။
ဤသည်မှာ အလွန်ဆန်းကြယ်သော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။
အကယ်၍သာ ကမ္ဘာဦးချီက ငွေရောင်လေး၏ အာရုံခြောက်ပါးကို အဆင့်မြှင့်တင် မထားပေးခဲ့လျှင် ဤတိုက်ခိုက်မှုသည် ငွေရောင်လေးကို ပြင်းထန်စွာထိခိုက်စေမည် ဖြစ်သည်။
မစ္စတာလု၏ တိုက်ခိုက်မှုက အနည်းငယ် ထူးဆန်းသည်ဟု ငွေရောင်လေး ထင်မိသည်။
သီအိုရီအရပြောရလျှင် တစ်ဖက်လူသည် သူနှင့် သေခြင်းရှင်ခြင်း တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ညှာတာမှုမရှိမှသာ အဓိပ္ပါယ်ရှိမည် ဖြစ်သည်။
သို့သော် ကောင်းကင်လမ်းလျှောက်သူဓားမှ ထုတ်လွှတ်လိုက်သော ဓား၏ စွမ်းအားအရ ထိုဓားက ထင်သလောက် အစွမ်းမထက်ကြောင်း ငွေရောင်လေး ခံစားခဲ့ရသည်။
“မိတ်ဆွေ.. မင်းရဲ့ဓားက တစ်ခုခုမှားနေပုံရတယ်”
ငွေရောင်လေးက သူ့သံသယများကို ထုတ်ဖေါ်လိုက်သည်။
“ဒီကောင်းကင်လမ်းလျှောက်သူဓားကို ကျင်းရှီလေလံပွဲကနေ အင်မော်တယ်ရွှေဆယ်သန်းနဲ့ ဝယ်ခဲ့တာပဲ.. ဒါကြောင့်ဘာမှ မမှားနိုင်ဘူး”
“မင်းငါ့ကိုဘာလို့မယုံတာလဲ”
ငွေရောင်လေးက သက်ပြင်းချလိုက်သည်။
ထို့နောက် သူက လက်သီးတစ်ချက်ကို မစ္စတာလုဆီသို့ ပစ်သွင်းထည့်လိုက်သည်။
လက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့် သူ့ခြေဖဝါးအောက်မှ မြေပြင်က တုန်ခါသွားသည်။
သူ၏ လက်သီးက အမြှောက်ဆံကဲ့သို့ အရှိန်အဟုန်ဖြင့် ထွက်သွားခဲ့၏။
တစ်ဖက်လူ၏ တိုက်ခိုက်မှုက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု မစ္စတာလု မထင်ထားခဲ့ပေ။
သူက ငွေရောင်လေး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကောင်းကင်လမ်းလျှောက်သူဓားကို အာကာပြင်ထဲမှ ထုတ်ဖော်လိုက်သည်။
သူက မှော်ဂါထာကို ရွတ်ဆိုလိုက်ရာ တခဏအတွင်းမှာပင် ငွေရောင်လေး၏ အရှေ့၌ ကောင်းကင်လမ်းလျှောက်သူဓားက ထွက်ပေါ်လာသည်။
သို့သော် ငွေရောင်လေးသည် ယခုတစ်ကြိမ်တွင် ရှောင်တိမ်းမနေတော့ဘဲ ကောင်းကင်လမ်းလျှောက်သူဓားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။
“ဟားဟား.. ဘာမှအသုံးဝင်မှာ မဟုတ်ဘူး”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် မစ္စတာလုသည် မလှောင်ရယ်ဘဲ မနေနိုင်တော့ပေ။
သို့သော် ရလဒ်မှာ သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဓားနှင့်လက်သီးတို့က ကျယ်လောင်သော အသံနှင့်အတူ တိုက်မိသွားခဲ့သည်။
ကောင်းကင်လမ်းလျှောက်သူဓသည် လေထုထဲမှာပင် ငွေရောင်လေး၏ လက်ချက်ကြောင့် ပျက်စီးသွားခဲ့၏။