အသက်ရှင်ဖို့ အလျော့မပေးသောမစ္စတာလု
Vol. 33 Ch. 494
ထိုအချိန်က မစ္စတာလု တစ်ယောက် နုတ်ထွက်စာတင်ရန် စီစဉ်နေသောကြောင့် ဥက္ကဌပိုင်က ထိုဓားကို လက်ဆောင်ပေးကာ ဆက်လက်နေထိုင်ဖို့ ဆွဲဆောင်ခဲ့သည်။
သစ်ပင်မျိုးနွယ်စုသည် အတော်လေး ရိုးသားသော မျိုးနွယ်စု ဖြစ်သည်။
ထို့ကြောင့် ဥက္ကဌပိုင်၏ လှည့်စားသော အစီအစဉ်က အောင်မြင်ခဲ့သည်။
ဤ "ညင်သာစွာလမ်းလျှောက်သူဓား"သည် ထိုအချိန်က မစ္စတာလု အလွန်လိုချင်ခဲ့သော စိတ်ကူးယဥ်အရာ တစ်ခုဖြစ်သည်။
သူက ထိုဝိညာဉ်ဓားနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် အားလုံးကို ဥက္ကဌပိုင်ထံသို့ ပေးပို့ခဲ့သည်။
ဥက္ကဌပိုင်က မစ္စတာလုအား ထိုဓားကို ဝယ်ပေး၍ စာချုပ်သစ် ထပ်ချုပ်နိုင်ခဲ့သည်။
ထိုဓားကို ဝယ်ယူရန် ကြီးမားသော အသုံးစရိတ် ဖြစ်သည့် အင်မော်တယ်ရွှေချောင်း ဆယ်သန်းခန့်သည် ဥက္ကဌပိုင် ကြိုတင်စီစဉ်ထားသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ငွေရောင်လေး ခံစားခဲ့ရသည်။
နဝမတန်းစား သူတော်စင် လက်နက်တစ်ခုပေါ်တွင် အင်မော်တယ် ရွှေချောင်း ဆယ်သန်း သုံးစွဲရလောက်သည်အထိ မည်သူမျှ မိုက်မဲမည် မဟုတ်လောက်ပေ။
ဥက္ကဌပိုင် ကိုယ်တိုင်က ကျင့်ရှီ အပြည်ပြည်ဆိုင်ရာ လေလံပွဲကို ကျင်းပခဲ့တာလည်း ဖြစ်နိုင်ချေ ရှိသည်။
ယင်းက ဘယ်ဘက်အိတ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်ပြီး ညာဘက်အိတ်ကပ်ထဲသို့ ပြောင်းထည့်သည့် အရောင်းအဝယ်တစ်ခုပင်။
ဤသို့ဖြင့် ဥက္ကဌပိုင်က စရိတ်စက များများစားစား မကုန်ဘဲ သစ်ပင်မျိုးနွယ်စုမှ အစွမ်းထက်သော အကြီးအကဲတစ်ယောက်ကို သူ့ဘေးတွင် လက်ထောက်အဖြစ် ခေါ်ထားနိုင်ခဲ့သည်။
"ငါပြောတာ မမှားလောက်ဘူး.. ဒါအမှန်တရားပဲ"
ငွေရောင်လေးက မစ္စတာလုကို ပြောလိုက်သည်။
လောလောဆယ်တွင် ငွေရောင်လေးထံ၌ ခိုင်လုံသောသက်သေ မရှိပေ။
သို့သော် မစ္စတာလုက ငွေရောင်လေး၏ စကားကို ကြားပြီးနောက်တွင် အမှန်တကယ်ပင် သံသယ ဖြစ်လာသည်။
ဥပမာအားဖြင့် ဤ ကောင်းကင်လမ်းလျှောက်သူ ဓားအတုတွင် ဓားဝိညာဥ် မပါရှိကြောင်း ယခင်က သူသတိထားမိခဲ့သည်။
ဝိညာဉ်ဓားများစာရင်းတွင် အဆင့်ခုနစ်ရှိသော ဓားတစ်လက်က ဓားဝိညာဉ် မရှိသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
သို့သော် ဥက္ကဌပိုင်က ကောင်းကင်လမ်းလျှောက်သူဓားသည် ဝိညာဥ်ဓားစာရင်း၏ အဆင့်ခုနစ် နေရာတွင် ရှိသောကြောင့် ဓားဝိညာဉ်ကို ဆင့်ခေါ်သည့် လုပ်ငန်းစဉ်က သာမန်ဓားထက် ပိုမို ရှုပ်ထွေးသည်ဟု မစ္စတာလုကို ရှင်းပြခဲ့သည်။
ဝိညာဥ်ဓားကို အချိန်အတိုင်းအတာ တစ်ခုအထိ အသုံးပြုပြီးမှသာ ဓားဝိညာဥ်ကို ဆင့်ခေါ်နိုင်မည်ဟု ဥက္ကဌပိုင် ပြောစကားကို သူက နှစ်ခါပြန်မတွေးဘဲ ယုံကြည်ခဲ့သည်။
သို့သော် ယခုအခါတွင် မစ္စတာလုသည် သူ့ကိုယ်သူ အတော်လေး တုံးအခဲ့ကြောင်း သိသွားခဲ့သည်။
"ငါရိုးရိုးသားသား ခစားခဲ့ပေမဲ့ လှည့်စားခံခဲ့ရတယ်.."
သူအလိမ်ခံရသည်ကို သိလိုက်ရလျှင် မစ္စတာလု၏ မျက်လုံးများ၌ မျက်ရည်များ လျှံတက်လာပြီး ပါးပြင်ပေါ်သို့ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။
နတ်ဆိုးနတ်ဘုရားအဖြစ် ဆက်ခံခါနီး သစ်ပင်မျိုးနွယ်မှ ကြီးကျယ်ခမ်းနားသော "အကြီးအကဲ" တစ်ဦး အနေဖြင့် လှည့်ဖြားခံရလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ဤအဖြစ်အပျက်သာ သတင်းထွက်သွားလျှင် သစ်ပင်မျိုးနွယ်စုမှ လူများကို သူမည်သို့ ရင်ဆိုင်ရတော့မည်နည်း။
"မင်း လူ့အသိုင်းအဝိုင်းထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
ငွေရောင်လေးက မေးလိုက်သည်။
"အနှစ်နှစ်ရာရှိပြီ.."
မစ္စတာလုက မျက်ရည်များကို သုတ်ရင်း ပြန်ဖြေလိုက်သည်
"လွန်ခဲ့တဲ့ နှစ်နှစ်ရာလုံး မင်းဟွာရှို့ရဲ့ လူ့ယဥ်ကျေးမှုတွေကို သေချာမလေ့လာခဲ့ဘူးလား"
"ငါမလေ့လာခဲ့မိဘူး.."
ထိုစကားကိုကြားလျှင် ငွေရောင်လေးက နေရာမှာပင် သက်ပြင်းချလိုက်သည်။
"လူ့ယဉ်ကျေးမှုက ကျယ်ပြန့်ပြီး လေးနက်တယ်.. ဟွာရှို့ ရဲ့ ယဉ်ကျေးမှုကို အချိန်အတော်ကြာ လေ့လာဖို့ လိုအပ်တယ်.. တကယ်တမ်း ပြောရရင် ငါလည်း လူ့အသိုင်းအဝိုင်းထဲ ရောက်လာတာ မကြာသေးပါဘူး"
မစ္စတာလု ထိတ်လန့်သွားသည်။
"စီနီယာကြီး.. မင်းက လူသား မဟုတ်ဘူးလား"
"အချိန်တန်ရင် ငါဘယ်သူလဲဆိုတာ မင်းသိလာပါလိမ့်မယ်"
ငွေရောင်လေး၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်သွားသည်။
ဤစကားများက အနည်းငယ် ထူးဆန်းသည်ဟု ထင်ရသော်လည်း တစ်စုံတစ်ရာ မှားယွင်းပုံတော့ မပေါ်ပေ။
သူက ဇိမ်ခံအိမ်ထဲကို ညွှန်ပြလိုက်သည်။
"ငါ့ဆရာက အထဲမှာ ရှိနေတယ်"
"မင်းရဲ့ ဆရာလား"
မစ္စတာလု မျက်လုံးများ ပြူးကျယ်သွားသည်။
ဤစကားလုံးက "ပိုင်ရှင်" ဟူသော အဓိပ္ပါယ်ကို သတိရမိစေသည်။
သူက ငွေရောင်လေး၏ အစွမ်းသတ္တိကို လက်တွေ့ မြင်ခဲ့ရ၍ ပအသိအမှတ်ပြုထားခဲ့သည်။
ယခုထိ သူနှင့် မတွေ့ဆုံရသေးသော အထဲရှိ လူနှစ်ယောက်ထဲမှ တစ်ယောက်မှာ ဤငွေရောင်ဆံပင် လူငယ်လေး၏ ပိုင်ရှင်ဖြစ်နေသည်။
သူ့သခင်က မည်မျှပင် သန်မာလိုက်မည်နည်း။.
မစ္စတာလုက ယခုအခါတွင် တိုက်ပွဲဝင်ချင်စိတ် လုံးလုံးလျားလျားကြီး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုခဏဝယ် ငွေရောင်လေးက သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖယ်ရှားပစ်လိုက်သည်။
မစ္စတာလုက ဒူးထောက်လိုက်ပြီး ငွေရောင်လေးကို မော့ကြည့်လိုက်သည်။
"အင်မော်တယ်ကြီး.. ငါ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သူဌေးက ငါ့ကို လှည့်စားခဲ့တယ်.. ဒါကြောင့် ဒီသူဌေးစုတ်ရဲ့ အကြောင်းကို ဖော်ကောင်လုပ်ဖို့ ငါဆန္ဒရှိပါတယ်"
"ဒီဆုံးဖြတ်ချက်ကို ငါမချနိုင်ပါဘူး.. မင်းကိုယ်တိုင် ငါ့သခင်နဲ့ စကားပြောကြည့်တာ ပိုကောင်းလိမ့်မယ်"
"ငါ မင်းရဲ့အသက်ကို အခုထိတော့ ချမ်းသာပေးထားမယ်.. မင်းက လူ့အသိုင်းအဝိုင်းမှာ နေလာတာ နှစ်ပေါင်းနှစ်ရာရှိပြီ.. ဒါပေမယ့် လူ့ယဉ်ကျေးမှုကို သေသေချာချာ မလေ့လာခဲ့တဲ့အတွက် သူတပါးရဲ့ အသုံးချခြင်းကို ခံလိုက်ရတယ်"
"အခုခေတ်မှာ ခေါက်ဆွဲခြောက်ကြွပ်ကြော် စားရင်တောင် သေချာမလေ့လာလို့ မရတော့ဘူး.. မဟုတ်ရင် မင်းရဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို သူတပါးက အမြတ်ထုတ်သွားနိုင်တယ်"
"ဘာ.. ခေါက်ဆွဲလား"
"ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် စားဖို့တောင် အဲဒီလောက်ထိ ခက်ခဲသွားပြီလား"
"..............."
................
အခြားတစ်ဖက်တွင် ဖန်းကွမ်း စီစဉ်ကျင်းပသော ဂိမ်းကစားပွဲက တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
လူတိုင်းက လေထီးဖြင့် ခုန်ဆင်းတော့မည် ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး နှင့် ကျူးကျော်သူ တို့၏ အော်ရာများ ပျောက်ကွယ်သွားသည်ဟု ခံစားမိသောကြောင့် နားကြပ်ကို ချွတ်လိုက်သည်။
ငွေရောင်လေးက မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖော်ထုတ်ပြီးတိုက်ပွဲနေရာကို ပြောင်းရွှေ့ခဲ့ကြောင်း သူချက်ချင်း မှန်းဆမိခဲ့သည်။
ဤကျူးကျော်သူ၏ မူလဇစ်မြစ်က မရိုးရှင်းကြောင်း ဗုံးပစ်စီနီယာအင်မော်တယ် ခန့်မှန်းမိသည်။
ထိုလူ၏ ခွန်အားက သာမန်မဟုတ်ပေ။
၎င်းက ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်သို့ ရောက်လုနီးပါး ဖြစ်ဖွယ်ရှိသည်။
အကြောင်းရင်းမှာ ထိုလူထံမှ အင်မော်တယ်စံအိမ် သခင်ချန်ယွီ၏ အော်ရာဖိအားကဲ့သို့ လေးလံသောဖိအားကို ရရှိခဲ့သောကြောင့်ပင်။
ဤလူက ကိုင်တွယ်ရ မလွယ်ကူလောက်ဟု သူထင်ခဲ့၏။
သို့သော် ယင်းအချိန်မှာပင် နှစ်ယောက်စလုံး၏ အော်ရာက ရုတ်တရက် ပြန်ပေါ်လာသည်။
ကျူးကျော်သူ၏ အော်ရာက အလွန် အားနည်းသွားသည်ကို သူသတိပြုမိသည်။
ငွေရောင်လေးက မစ္စတာလုကို ချုပ်ကိုင်ထားရင်း သူထိုးဖောက်ထားသော ပထမထပ် အပေါက်မှတဆင့် မြေအောက်ခန်းသို့ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။
သူက မစ္စတာလုကို ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဝမ်လင်းတို့၏ နောက်တွင် ပစ်ချခဲ့သည်။
"ငါ ဖြေရှင်းပြီးသွားပြီ"
"လခွမ်း မြန်လှချည်လားဟ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖော်မပြနိုင်လောက်အောင် အံ့သြသွားသည်။
ငွေရောင်လေးက လက်မထောင်ပြပြီး ချီးကျူးစကား ဆိုလိုက်သည်။
"ဆရာ့ရဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်က အရမ်းမိုက်တာပဲ"
ယင်းအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဆိုးဆိုးရွားရွား အရိုက်ခံထားရသော မစ္စတာလုက မိန်းကလေးကဲ့သို့ တိတ်တဆိတ် ငိုရှိုက်နေသည်ကို သတိပြုမိခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်
"သူက ဘာဖြစ်နေတာလဲ"
ငွေရောင်လေး သက်ပြင်းချလိုက်သည်။
"အွန်လိုင်းစျေးဝယ်ခြင်းကနေ လှည့်စားခံရလို့ ကြေကွဲနေတာလေ"
ဗုံးပစ်စီနီယာအင်မော်တယ် "............."
မစ္စတာလုက ဂိမ်းကစားနေသော ဝမ်လင်း နှင့် ဗုံးပစ်စီနီယာအင်မော်တယ် တို့အား မြေပြင်ပေါ်တွင် ဒူးထောက်ရင်း မော့ကြည့်လိုက်သည်။
"အင်မော်တယ်ကြီးတို့.. ငါက လင်းနို့တစ်ကောင်လို မျက်စိကန်းခဲ့တာပါ.. ဥက္ကဌပိုင်ကို ဖော်ထုတ်ဖို့ ဆန္ဒရှိပါတယ်"
"..........."
ဝမ်လင်းက တည်ငြိမ်သော အမူအရာဖြင့် ဂိမ်းမြေပုံကို ကြည့်နေသည်။
သူက ဂိမ်းကို လုံးလုံးလျားလျား အာရုံစိုက်နေပြီး အခြားမည်သည့်အရာကိုမှ ဂရုမစိုက်အားပေ။
သူ့အတွက် ဆင်းသက်ဖို့ အကောင်းဆုံးနေရာက ဘယ်နေရာလဲ ဆိုသည်ကိုသာ တွေးတောနေသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က နားကြပ်ကို ပြန်တပ်ထားသည်။
ဝမ်လင်းက အာရုံစူးစိုက်နေသည့် အချိန်တွင် တခြားဘာကိုမှ အာရုံစိုက်မှာ မဟုတ်မှန်း သူသိသည်။
သူ့အတွက် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဂိမ်းသာ ဖြစ်သည်။
ထို့ကြောင့် အစောပိုင်းက ပြောခဲ့သည့် မစ္စတာလု၏ စကားက အသုံးမဝင်ပေ။
ပြောချင်လျှင် ပွဲပြီးတဲ့အထိ စောင့်ရပေမည်။
မစ္စတာလုက ဝမ်လင်း နှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့ သူ့ကို လျစ်လျူရှုထားသောကြောင့် ရုတ်တရက် ထိတ်လန့်သွားသည်။
"စီနီယာကြီးတို့.. ငါပြောသမျှ စကားတိုင်းက အမှန်တွေပါ.. ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ"
"စီနီယာကြီးတို့.. ငါမှားခဲ့ပါတယ်.. ငါတကယ် အမှားတွေ လုပ်မိခဲ့ပါတယ်"
"စီနီယာကြီးတို့.. ငါ.."
ယင်းအချိန်မှာပင် ဝမ်လင်းသည် မောက်စ်ကို ကောက်ကိုင်၍ မစ္စတာလု၏ မျက်နှာသို့ ပစ်ပေါက်လိုက်သည်။
သူ၏ပစ်ချက်က အလွန်ပင် မြန်ဆန်လွန်း၏။
မစ္စတာလုက ဘာမှ မတုံ့ပြန်နိုင်ခဲ့ပေ။
ဝမ်လင်းက မောက်စ်ကို အမှတ်တမဲ့သာ ပစ်လိုက်သော်လည်း မစ္စတာလုက လွင့်ထွက်သွားပြီး မြေအောက်ခန်းနံရံထဲသို့ နစ်ဝင်သွားခဲ့သည်။
ထို့နောက်တွင် နံရံက ဝုန်းကနေ ပြိုကျသွားခဲ့သည်။
"..............."
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့အနောက်မှ ဆူညံသံကို ကြားလိုက်ရသည်။
သူက လှည့်မကြည့်ဘဲ သူ့အနောက်မှ ဖြစ်ရပ်ကို စိတ်ကူးကြည့်နိုင်ခဲ့သည်။
ပြန်လည် ပြုပြင်ရန် အတွက် သူ့အနေဖြင့် အခကြေးငွေ ကုန်ကျရပေဦးမည်။
ငွေရောင်လေးက ချွေးစေးများ ထွက်လာသည်။
သူ့သခင် ဂိမ်းကစားသည့် အချိန်တွင် အနှောင့်အယှက် မပေးရန် မစ္စတာလုကို မှာဖို့ မေ့သွားခဲ့သည်။
သူက မစ္စတာလုကို ကြည့်ရင်း ခပ်တိုးတိုးလေး မေးလိုက်သည်။
"မစ္စတာလု.. မင်း အသက်ရှင်နေသေးလား"
ရောင်ရမ်းနေသော မျက်နှာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျနေသော မစ္စတာလုက ငွေရောင်လေးကို လက်မထောင်ပြလိုက်သည်။
သူက သစ်ပင် နတ်ဆိုး မျိုးနွယ်စုဝင် ပီသစွာပင် အသက်ဆက်ရှင်ရန် စိတ်အားထက်သန်နေခဲ့သည်။