ထိုင်ခုံမှာထိုင်နေတဲ့သူက မင်းရှာနေတဲ့ဆရာကြီးပဲ
Vol. 33 Ch. 495
မောက်စ်က မစ္စတာလု၏ မျက်နှာကို ထိလိုက်သည်နှင့် ပွဲချင်းပြီး သေလုနီးပါးပင်။
တော်သေးသည်က ဝမ်လင်း အသာအယာ ပစ်လိုက်၍ ဖြစ်သည်။
သူက ခွန်အား အပြည့်အ၀ကို မထုတ်ဖော်ထားခဲ့ပေ။
ဝမ်လင်းကို မတွေ့ခင်က ငွေရောင်ဆံပင်နှင့် လူငယ်လေး၏ သခင် မည်မျှ အားကောင်းသည်ကို မစ္စတာလု လုံးဝ မသိခဲ့ပေ။
သို့သော်လည်း ဝမ်လင်း ပစ်လွှတ်လိုက်သည့် ခွန်အားကြောင့်
ဂိမ်းကစားနေသည့် ဆယ်ကျော်သက်က လုံးဝကို စီနီယာ အင်မော်တယ်ကြီးမှန်း သဘောပေါက်သွားခဲ့သည်။
မောက်စ်က သူ့ကို ငရဲသို့ တိုက်ရိုက် ပို့လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။
ဤစီနီယာကြီး အမှန်တကယ် စိတ်ဆိုးသွားလျှင် ဘာဆက်ဖြစ်နိုင်သည်ကို မည်သူမှ မသိနိုင်ပေ။
ငွေရောင်လေးက မြေပြင်ပေါ်တွင် လဲနေသော မစ္စတာလုကို ကြည့်လိုက်သည်။
မစ္စတာလု၏ ဖန်တီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းဆိုင်ရာ မှော်စွမ်းရည်သည် ငွေရောင်လေး၏ ထူထဲသော သလိပ်များဖြင့် တားဆီးခံနေရဆဲ ဖြစ်သည်။
ထို့ကြောင့် သူ့ဒဏ်ရာကို ယခင်လို ချက်ချင်း ကုသ၍ မရသေးပေ။
ခရုကဲ့သို့ နှေးကွေးသောအရှိန်ဖြင့်သာ ကုသနိုင်ခဲ့သည်။
သူ့မျက်နှာ တစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ့မျက်နှာက အရင်ကထက် ပိုရောင်ရမ်းလာပြီး
အတွင်းဒဏ်ရာကလည်း ပြင်းထန်ပုံရ၏။
အကယ်၍ ငွေရောင်လေး၏ သလိပ်ကြောင့်သာ မဟုတ်လျှင် မစ္စတာလုက လွယ်ကူစွာ ပြန်လည် ကုသနိုင်မည် ဖြစ်သည်။
ငွေရောင်လေးက သူ့လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။
သူ့သလိပ်၏ အာနိသင်က နောက်ထပ် မိနစ်နှစ်ဆယ် အကြာတွင် ပျောက်ကွယ်သွားပေမည်။
ငွေရောင်လေးက မစ္စတာလု၏ အခြေအနေအတွက် စိတ်ပူစပြုလာသည်။
"မင်းတကယ် အဆင်ပြေရဲ့လား"
"ငါ.. နံရိုးကျိုးသွားပြီ.. ဒါပေမယ့် ငါခံနိုင်ရည်ရှိပါတယ်.."
ငွေရောင်လေးက ကြမ်းပြင်ပေါ်တွင် မှောက်လျက်လှဲနေရင်း စကားကို အားတင်း၍ ပြောလိုက်သည်။
ဤဒဏ်ရာအဆင့်က သူ့ကန့်သတ်ချက် ရောက်နေပြီ ဖြစ်၏။
အကယ်၍ သူ အပြည့်အဝ ပြန်လည်ကောင်းမွန်မလာမီ ထပ်မံ ပစ်ပေါက်ခံရလျှင် သေသွားမည်မှာ သေချာသည်။
ငွေရောင်လေးက တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။
"ဆရာ့ရဲ့ ထိုးနှက်ချက်က မင်းကို အသက်ရှင်ဖို့ ခက်ခဲစေမှာပဲ.. မင်းရဲ့ လက်ရှိအခြေအနေအရ မလှုပ်ဘဲ ငြိမ်ငြိမ်လေးနေတာ ပိုကောင်းတယ်...ငါ့သလိပ်ရဲ့ အာနိသင် ကုန်တာနဲ့... အင်း.. ငါက တံတွေးကို ဆိုလိုတာ.."
"ငါ့တံတွေးရဲ့ အကျိုးသက်ရောက်မှု ပြေသွားတာနဲ့ မင်းရဲ့ ဖန်တီးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း မှော်စွမ်းရည်ကို အသုံးပြုလို့ရပြီ"
"................"
မစ္စတာလုက ကြမ်းပြင်တွင် လဲနေရင်း အသည်းကွဲနေပုံရသည်။
သလိပ်ပဲဖြစ်ဖြစ် တံတွေးပဲဖြစ်ဖြစ် တကယ်တမ်း သူ့အတွက် အရေးမကြီးတော့ပေ။
ငွေရောင်လေးက မစ္စတာလု အနားသို့ကပ်ကာ ပြောလိုက်သည်။
"အမွေးစိမ်းခွေးကို သတ်ဖို့ လာတာလို့ မင်း ပြောခဲ့တယ်မဟုတ်လား"
မစ္စတာလု ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဒီနေ့ စုစုပေါင်း တာဝန်နှစ်ခု ရှိတယ်.. အမွေးစိမ်းခွေးကို သတ်တာက အဲဒီထဲက တစ်ခုပဲ.. ဒါပေမယ့် ငါမှားသွားခဲ့ပုံ ရတယ်"
"မင်းမမှားပါဘူး"
ငွေရောင်လေးက ဝမ်လင်းကို ညွှန်ပြလိုက်သည်။
"အမွေးစိမ်းခွေးရဲ့ ပိုင်ရှင်ကလည်း ငါ့သခင်ပဲ"
မစ္စတာလု ".............."
"ဒါနဲ့ မင်းရဲ့ ဒုတိယတာဝန်က ဘာများလဲ"
ဤအချိန်တွင် မစ္စတာလုက ဘက်ပြောင်းရန် ဆုံးဖြတ်ထားပြီဖြစ်၍ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် အစီအစဉ် မရှိပေ။
သူ့အနေဖြင့် လူလိမ်ဥက္ကဌပိုင်ကို ထောင်ထဲသို့ ပို့ရမည် မဟုတ်လော။
"ပထမတာဝန်က ငါ့ကို ဥက္ကဌပိုင် ပေးခဲ့တာပဲ"
"ဒုတိယတာဝန်ကတော့ ဥက္ကဌပိုင်နဲ့ အလုပ်တွဲလုပ်နေတဲ့ မော့အင်မော်တယ် ရဲတိုက်လို့ ခေါ်တဲ့ ထောက်လှမ်းရေးအဖွဲ့က ပေးခဲ့တာပဲ"
"မော့အင်မော်တယ်ရဲတိုက်လား"
ဤအမည်က ငွေရောင်လေးကို အံ့အားသင့်စေခဲ့သည်။
ဤအဖွဲ့အစည်း အကြောင်း ဗုံးပစ်စီနီယာအင်မော်တယ် ပြောပြချက်ကို သူခပ်ရေးရေး မှတ်မိနေခဲ့သည်။
"သူတို့က မင်းကို ဘာလုပ်စေချင်တာလဲ"
"ဆယ်ကျော်သက်အရွယ်နဲ့ တူတဲ့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က သူတို့ကို တစ်ချိန်လုံး နှောင့်ယှက်နေတယ်လို့ ပြောခဲ့တယ်.. ဒါကြောင့် သူတို့က ဒီကျင့်ကြံသူရဲ့ အရည်အချင်းကို စမ်းသပ်ပေးဖို့ ဥက္ကဌပိုင်နဲ့ ညှိနှိုင်းပြီး ငါ့ကို တာဝန်ပေးခဲ့တယ်"
မစ္စတာလုက အသေးစိတ် ရှင်းပြခဲ့သည်။
"မော့အင်မော်တယ် ရဲတိုက်က ပေးတဲ့ အချက်အလက်တွေအရဆို အဲဒီကျင့်ကြံသူက အရှေ့ဟွမ်လမ်းက အိမ်ငယ်လေးမှာ နေထိုင်တယ်လို့ သိရတယ်"
အရှေ့ဟွမ်လမ်းက အိမ်ငယ်လေး..
ငွေရောင်လေးက နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်သည်။
အရှေ့ဟွမ်လမ်းရှိ အိမ်ငယ်လေး အကြောင်း ကြားလျှင် သူ ချက်ချင်းနီးပါး သဘောပေါက်ခဲ့သည်။
ယင်းမှာ ဝမ်မိသားစု အိမ်ငယ်လေးမှလွဲ၍ မည်သည့်အိမ် ဖြစ်နိုင်ပါမည်နည်း။
ယင်းအချိန်တွင် မစ္စတာလုက ကြမ်းပြင်ပေါ်တွင် လဲနေရင်း ရယ်မောလိုက်သည်။
"လက်ရှိ အနေအထားအရတော့ ငါ့အနေနဲ့ လမ်းတောင် မလျှောက်နိုင်ဘူး.. ဆယ်ကျော်သက် ကျင့်ကြံသူနဲ့ တိုက်ခိုက်ဖို့ဆို ပိုလို့တောင် မဖြစ်နိုင်တော့ဘူး"
ငွေရောင်လေး၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။
မစ္စတာလုကို ကြည့်ရင်း သူ့နဖူးကို သူ့ဘာသာသူ ရိုက်လိုက်သည်။
"တကယ်တော့... မင်းပြောနေတဲ့ ဆယ်ကျော်သက် အသွင်နဲ့ စီနီယာကြီးကို ငါသိတယ်.."
"မင်းသူ့ကိုသိတယ်လား"
"သူကဘယ်သူလဲ"
မစ္စတာလုက အလောတကြီး မေးလိုက်သည်။
ငွေရောင်လေးက ဝမ်လင်းကို နောက်တစ်ကြိမ် ညွှန်ပြလိုက်သည်။
"အခုပဲ မင်းကို မောက်စ်နဲ့ ပစ်တဲ့သူက မင်းတိုက်ခိုက်ရမဲ့လူပဲ.."
".............."
"လခွမ်း.. ကံသီပေလို့"
မစ္စတာလုက စိတ်ထဲကနေ ရေရွတ်လိုက်သည်။
............
ထိုအချိန်တွင် ဖန်းကွမ်း စီစဉ်သော ဂိမ်းက တရားဝင် စတင်နေပြီဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် လူအများအပြား စုဝေးခဲ့ကြသည်။
ဤတစ်ခေါက် ထုတ်လွှင့်မှုက ဖန်းကွမ်းကို လူကြိုက်များမှု ထပ်မံ တိုးလာစေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေသည် ငါးသန်းအထိ ရှိနေပြီ ဖြစ်သည်။
ဖန်းကွမ်းက လွန်ခဲ့သော နှစ်ရက်ခန့်က တိုက်ရိုက် ထုတ်လွှင့်ပြီးနောက် ဤအရေအတွက်ကို ရရှိခဲ့သည်။
ယနေ့ ဖန်းကွမ်း ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူ အရေအတွက်သည် ဆယ်သန်းကိုပင် တိုက်ရိုက် ချိုးဖျက်သွားနိုင်ကြောင်း မက်ဆေ့ချ်များတွင် လူတချို့က ခန့်မှန်းခဲ့ကြသည်။
ဆယ်သန်း၏ အဓိပ္ပါယ်က အဘယ်နည်း။
အကယ်၍ ဖန်းကွမ်းသာ ဤအရေအတွက်ကို အမှန်တကယ် ရရှိခဲ့လျှင် သူက ကျင့်ကြံခြင်း တိုက်ရိုက် ထုတ်လွှင့်မှု ပလပ်ဖောင်းတွင် ကြည့်ရှုသူ ဆယ်သန်း အလျင်မြန်ဆုံး ရသည့် တိုက်ရိုက် ထုတ်လွှင့်သူအဖြစ် သမိုင်းတစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။
"ညီနောင်ဖန်းကွမ်းက တော်တော်စန်းရှိတာပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန်းကွမ်း၏ ပရိသတ် အရေအတွက်ကို ကြည့်ကာ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
သူက ကျင့်ကြံခြင်း ဖိုရမ် စလုပ်တုန်းက အချိန်ကို ပြန်သတိရမိသည်။
ကျင့်ကြံခြင်း ဖိုရမ်တွင် နေ့စဉ်တက်ကြွစွာ အသုံးပြုသူဦးရေ ဆယ်သန်း ပြည့်လာရန် သူက နှစ်အတော်ကြာ လုပ်ဆောင်ခဲ့ရသည်။
ဖန်းကွမ်းကမူ ရက်သတ္တပတ် အနည်းငယ်အတွင်း ငါးသန်းသို့ ရောက်လာခဲ့ပြီး ယနေ့တွင် ဆယ်သန်း အထိ ရောက်သွားနိုင်ပေသည်။
ထို့အပြင် ကျင့်ကြံခြင်း တိုက်ရိုက် ထုတ်လွှင့်သည့် ပလပ်ဖောင်းရှိ လက်ရှိ တိုးတက်မှုနှုန်းနှင့် အသုံးပြုသူ လုပ်ဆောင်မှု အဆင့်အပေါ် အခြေခံ၍ ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူသည် အနာဂတ်တွင် သန်းတစ်ရာကျော် အထိ ရောက်ရှိသွားနိုင်ဖွယ် ရှိသည်။
ဖန်းကွမ်းက ရုပ်တုငယ် လုပ်နည်းကို လေ့လာချင်သည်ဟု အမြဲပြောခဲ့သည်။
သူ့ပရိသတ်ကို ယုံကြည်သူများ အဖြစ်သို့ ပြောင်းလဲပြီးနောက်တွင် သူ၏ ရုပ်တုငယ်များကို ၎င်းတို့၏ အိမ်များတွင် ထားရှိကာ အမွှေးနံ့သာများနှင့် ပူဇော်ခိုင်းမည် ဖြစ်သည်။
တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ မက်ဆေ့ချ်များသည် ထူးထူးခြားခြား အသက်ဝင်လာသည်။
ဖန်းကွမ်းက ဆင်းသက်လာပြီးနောက် လက်ထဲတွင် ရိုင်ဖယ်တစ်လက်ကို ကိုင်ထားပြီ ဖြစ်သည်။
သူက လမ်းလျှောက်ရင်း ဆာမူရိုင်း ဓားရှည်ကို လိုက်ရှာနေသည်။
"ညီနောင်တို့.. ဆာမူရိုင်းဓားရှည်ကို ရှာတွေ့ရင် ငါဒီရိုင်ဖယ်သေနတ်ကို ချက်ချင်း ပစ်ထုတ်လိုက်မယ်"
"အခု မင်းတို့တွေ အလောင်းအစား စလုပ်နိုင်ပြီ.. ဒီနေ့ ငါဘယ်နှစ်ယောက် သတ်နိုင်မလဲ ကြည့်ထားလိုက်"
လောင်းကြေးကို ဖွင့်ထားပြီ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်က ဗုံးပစ်စီနီယာ အင်မော်တယ်တို့အတွက် လောင်းကြေး တင်ရမည့်အချိန် မဟုတ်သေးပေ။
သူနှင့် ဝမ်လင်း တို့က လေထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။
တစ်ဖက်တွင် ဖန်းကွမ်းကမူ အခြေခံပစ္စည်းများကို ကောက်ယူထားပြီ ဖြစ်သည်။
ဝမ်လင်းက အလွန်ထူးဆန်းသော ထောင့်တစ်ခုကို ရွေးချယ်ခဲ့၏။
ထို့နောက်တွင် ၎င်းတို့က မြေပုံပေါ်ရှိ အလှမ်းဝေးသော စစ်အခြေစိုက် စခန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ကစားသမားများက ဤနေရာကို "လေယာဉ်ကွင်း"ဟု ခေါ်ကြသည်။
တကယ်တမ်းတွင် သူတို့ ဆင်းသက်လာသည်မှာ အနည်းငယ် နောက်ကျနေပြီ ဖြစ်၏၏
ယင်းအချိန်တွင် အများသူဌာ စခရင်၏ ညာဘက်အပေါ်ထောင့်တွင် သတိပေးချက်တစ်ခု ရှိနေသည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။
ကစားသမား "TTXS" သည် ကစားသမား "CHENsongBAI" ကိုသတ်ရန်အတွက် "UZI" ကို အသုံးပြုခဲ့သည်။
TTXS...
ID က ဝမ်လင်း၏ နှုတ်ခမ်းများကို တလှုပ်လှုပ် ဖြစ်စေခဲ့သည်။
"IDနာမည်က 'နေ့စဥ်တိုးတက်အောင်လုပ်' တဲ့လား"
"ဒီကောင်ကဘယ်သူလဲ"
TTXS သည် 'ထျန်းထျန်းရှန်းရှန့်"၏ ပင်ယင် အတိုကောက်ဖြစ်ပြီး စာသားအဓိပ္ပါယ်မှာ "နေ့စဥ်တိုးတက်အောင်လုပ်" ဖြစ်သည်။