ဒီနေရာမှာ ကျောက်ကျိလုံက ရှိတယ်
Vol. 34 Ch. 499
ဝမ်မင်က နှစ်ထပ်တိုက်ငယ်လေးတွင် ပုန်းနေသည်။
ဘေးကင်းဇုန်၏ တည်နေရာကို သူ့ဉာဏ်စွမ်းဖြင့် တွက်ချက်ပြီးနောက်တွင် ဝမ်မင်၏ ဂိမ်းဇာတ်ကောင် ID "TTXS" သည် အလွန်လုံခြုံသော နေရာ တစ်ခုတွင် ရှိနေသည်။
ဆော့ဖ်ဝဲ၏ တွက်ချက်မှု ရလဒ်များအပေါ် အခြေခံ၍ သူက အတော်လေး ကျယ်ပြန့်သောမြင်ကွင်း ပါရှိသည့် အလုံခြုံဆုံးနှင့် အနီးစပ်ဆုံး တည်နေရာကို ဦးစားပေးမည် မဟုတ်ပါလား။
လှည့်စားမှု တိုက်ဖျက်ရေးပညာရှင် တစ်ဦးအနေဖြင့် ဝမ်မင်သည် သူ၏ လှည့်စားမှု တိုက်ဖျက်ရေးဆော့ဖ်ဝဲလ်ကို အဆက်မပြတ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။
ထို့နောက်တွင် ဂိမ်းအတွင်းရှိ သူ၏ ဂိမ်းဇာတ်ကောင်သည် ကိုယ်ပိုင်ဝိညာဉ်ရှိသလို ဖြစ်လာသည်။
သူက မောက်စ် သို့မဟုတ် ကီးဘုတ်ကိုပင် အသုံးပြုရန် မလိုအပ်ပေ။
ညွှန်ကြားချက်များထုတ်ရန် အသံဖြင့် အမိန့်ပေးရန်သာ လိုအပ်သည်။
လက်ရှိတွင် "TTXS" သည် အိမ်၏ ဒုတိယထပ်ရှိ လသာဆောင်တွင် ဝပ်နေသည်။
သူ့အနားကို မည်သူမှ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။
သို့သော် "TTXS" သည် အဆောက်အဦး၏ အထင်ကရ နေရာကို မသိမ်းပိုက်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဝမ်မင်က ချက်ချင်း အမိန့်ပေးလိုက်သည်။
"TTXS ချက်ချင်းရွှေ့.. WFရဲ့ တည်နေရာကို ရှာဖွေပါ"
ဖေဖေဝမ်ကို တစ်ဖက်လူအတွက် စိတ်မပူရန် ပြောထားပြီးပြီ ဖြစ်သော်လည်း ဝမ်မင်သည် ID "WF"နှင့် ပတ်သက်၍ အနည်းငယ် စိတ်ပူနေသေးသည်။
ယင်းက ကစားသမားတစ်ယောက်၏ ပင်ကိုသိစိတ် ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤကစားသမား "WF" က ဝမ်မင်ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ကစားသမား "TTXS" သည် ကစားသမား WF ၏ သီးခြားတည်နေရာကို ခြေရာခံရန် သူ့ဘာသာသူ ရွေ့လျားနေချိန်တွင် ဝမ်မင်က ကစားသမား"WF နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေနေခဲ့သည်။
သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပျံဝဲသွားခဲ့သည်။
သူက ဂိမ်းကုမ္ပဏီ၏ ဒေတာရှိ သေဆုံးမှုဆိုင်ရာ အချက်အလက်များကို တိုက်ရိုက်မွမ်းမံပြီး သေဆုံးသွားသော ကစားသမားများကို "ကောင်းကင်ဘဝသံသရာ" ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
ဝမ်မင် အလုပ်လုပ်နေစဉ်တွင် ဥက္ကဌချီက လက်ထဲတွင် ဝိညာဥ် ကော်ဖီတစ်ခွက်ကို ကိုင်၍ ဘေးကနေ ကြည့်ရှုနေသည်။
"ချီး.. ဂိမ်းလေး တစ်ခုအတွက် ဒီလောက်ထိ လုပ်ရတာ တန်လို့လား"
"ကျနော့် ဦးလေးက ကျနော့်ကို အကူအညီတောင်းခဲ့တာ ဖြစ်တဲ့အတွက် သေချာပေါက် ကျနော်လုပ်ရမယ်"
ဝမ်မင်က ဆိုလိုက်သည်။
"ငါက မင်းညီလေး အတွက် လုပ်နေတာလို့ ထင်နေတာ"
ဥက္ကဌချီက စနောက်လိုက်သည်။
ဝမ်မင် "..........."
ဥက္ကဌချီ ရယ်မောလိုက်သည်။
"မင်းကို သတိပေးရဦးမယ်.. မိနစ်သုံးဆယ်အတွင်း ကျိုက်ယန် ပြန်လာလိမ့်မယ်"
ကျိုက်ယန်အကြောင်းကို ကြားသည်နှင့် ဝမ်မင်၏ နဖူးတွင် ချွေးများ စို့လာပြီ ဖြစ်သည်။
"အချိန်ရှိပါသေးတယ်.. အချိန်ရှိပါသေးတယ်..."
ဝမ်မင်က ရူးသွပ်စွာ ပြောလိုက်သည်။
ကစားသမားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် ဂိမ်းကုမ္ပဏီအတွက် အရေးကြီးသော ဒေတာများ ဖြစ်ပြီး ၎င်းတို့ကို ကာကွယ်ရန် အတားအဆီး များစွာ ရှိသည်။
သီအိုရီအရ သေဆုံးမှုဆိုင်ရာ ဒေတာကို မွမ်းမံရန်ထက် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူရန်မှာ ပိုမို ခက်ခဲသည်။
၎င်းတွင် ဂိမ်းကုမ္ပဏီ၏ လုံခြုံရေး အစီအမံများလည်း ပါ၀င်နေ၏။
ဝမ်မင် ယခုကြိုးစားနေသည်မှာ ဂိမ်းကုမ္ပဏီ၏ ကာကွယ်ရေးစနစ်က ရှာမတွေ့စေဘဲ ကစားသမား"WF"၏ အချက်အလက်ကို ခိုးယူရန် ဖြစ်သည်။
ထိုလုပ်ဆောင်ချက်က ဝမ်မင်၏ အမူအရာအရ လွယ်ကူလွန်းနေပုံရ၏။
တစ်မိနစ်အကြာတွင် ဝမ်မင်သည် ဂိမ်းကုမ္ပဏီ၏ ကွန်ပြူတာများ အတွင်းသို့ ဟက်နိုင်ခဲ့သည်။
"လခွမ်း.. မြန်လှချည်လားဟ"
ဥက္ကဌချီက သက်ပြင်းပင် မချနိုင်ခဲ့ပေ။
အားလုံးကို ခြုံငုံ၍ပြောရလျှင် ဝမ်မင်တွင် အသန်မာဆုံးဦးနှောက် ရှိသည်။
ဥက္ကဌချီ ငယ်ငယ်က အလားတူ စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း ဝမ်မင် လောက်တော့ မမြန်ခဲ့ပေ။
သူသာဆိုလျှင် ကစားသမား၏ အချက်အလက်ကို ခိုးယူရန် အနည်းဆုံး ငါးမိနစ်လောက် အချိန်ယူရမည်ဟု ခန့်မှန်းခဲ့သည်။
သို့တိုင် ဥက္ကဌချီက မေးခွန်းထုတ်လိုက်သေးသည်။
"မင်း ဒီလောက် မြန်မြန်ဆန်ဆန် ထိုးဖောက်ပြီး ဟက်ရင် ဂိမ်းကုမ္ပဏီဘက်က မင်းကို ထောက်လှမ်းဖို့ အခွင့်အရေး ရမသွားနိုင်ဘူးလား"
ဝမ်မင် ခေါင်းခါယမ်းလိုက်သည်။
"ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.. သူတို့သာ ထောက်လှမ်းနိုင်ရင် ကျနော့်ဦးနှောက်ကို အစိတ်စိတ်ပိုင်းပစ်လိုက်မယ်"
ဥက္ကဌချီ "တကယ်တော့ ငါမင်းရဲ့ဦးနှောက်ကို အဲလိုလုပ်ချင်နေခဲ့တာ.. သုတေသန လုပ်ဖို့အတွက်လေ"
ဝမ်မင် "............."
ဥက္ကဌချီ "မင်းနာမည် မပြောင်းသေးဘူးလား.. မင်းရဲ့ ID ကတ်အတုက ဝမ်ရှောင်အာ နာမည်က မသုံးသင့်တော့ဘူး... အရမ်းခေတ်နောက်ကျနေပြီ"
ဝမ်မင် "ဘာကိုဆိုလိုတာလဲ ဥက္ကဌကြီး"
ဥက္ကဌချီ "မင်းနာမည်ကို ဝမ်ကျိလုံ လို့ ပြောင်းလိုက်ရင်ကောင်းမလားလို့လေ "
ဝမ်မင်"..???.."
{ကျိလုံသည် ချန်ပင်း တိုက်ပွဲတွင် စစ်ဘုရင် လျှိုပေ့၏ သားနှင့် ဇနီးကို ကယ်တင်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်)
ဥက္ကဌချီ ရယ်လိုက်သည်။
"စစ်ပွဲမှာ ကျိလုံ မွှေနှောက်နိုင်သလိုမျိုး မင်းလည်း ဂိမ်းကုမ္ပဏီရဲ့ ဖောက်သည် အချက်အလက်တွေကို မွှေနှောက်နိုင်တယ်လေ.. လုံခြုံရေး အတိုင်ပင်ခံတွေကို မျက်နှာသာ ပေးသင့်တယ်လို့ မထင်ဘူးလား"
ဝမ်မင် "..........."
ဝမ်မင်၏ ဟက်ကင်း လုပ်ခြင်းက အောင်မြင်သော်လည်း ဒေတာကို ရယူရန် အချိန်အနည်းငယ် ကြာခဲ့သည်။
ပုံမှန်ကွန်ပျူတာများသည် ဤမျှ များပြားလှသော ဒေတာပမာဏကို ခွဲခြမ်းစိတ်ဖြာနိုင်မည် မဟုတ်ပေ။
များပြားလှသော ကစားသမား ဒေတာများထဲမှ လူတစ်ဦးကို အတိအကျ ခွဲထုတ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
သုတေသနဌာန၏ ကွန်ပြူတာ မရှိလျှင် အမှန်တကယ် မဖြစ်နိုင်ပေ။
ဒေတာရှာဖွေနေရင်း ဝမ်လင်းနှင့် မကြာမီတွေ့ဆုံဖို့ လိုသည်ဟု ဝမ်မင် ရုတ်တရက် တွေးမိခဲ့သည်။
ဖန်းကွမ်း၏ စုတ်ပြတ်နေသော တာအို၀တ်စုံပေါ်၌ ကျန်ရစ်ခဲ့သော ဓားချီ သဲလွန်စသည် အချက်အလက်များကို ထုတ်ပေးနေပြီ ဖြစ်သည်။
ဒေတာ ကိုသြဒိနိတ်များက ကမ္ဘာခြား ဂိတ်ပေါက်အတွင်း၌ တည်ရှိနေပုံရသော်လည်း အလွန်ထူးဆန်းနေ၏။
ဤကိစ္စကို ဝမ်လင်းအား သေချာ ရှင်းပြရန် အချိန်လိုအပ်သည်ဟု ဝမ်မင် ခံစားမိသည်။
ဒေတာခွဲခြမ်းစိတ်ဖြာမှု၏ ရလဒ်အရ တည်နေရာပြ လျှို့ဝှက်ကုဒ်များက အတွဲလိုက် ကျလာခဲ့သည်။
၎င်းကို အွန်လိုင်းတွင် ချက်တင်ထိုင်ရင်း ရှင်းလင်းစွာ ရှင်းပြနိုင်မည်မဟုတ်ပေ။
ဝမ်မင် ထိုအကြောင်း တွေးနေစဥ်မှာပင် ရှာဖွေမှု ရလဒ်က ထွက်ပေါ်လာသည်။
ယခုအခါတွင် အွန်လိုင်းဂိမ်းများသည် အသုံးပြုသူ အတည်ပြုချက် လိုအပ်သည်။
ဤ ID"WF" သည်လည်း ချွင်းချက်မရှိပေ။
ဝမ်မင်က ဤ ID အတွက် မှတ်ပုံတင်ထားသော အမည်ရင်းတွင် ဖန့်ရှင်း ဟူသော အမည်ကို တွေ့ခဲ့သည်။
"ဖန့်ရှင်းလား"
ဝမ်မင်က မေးစေ့ကို ပွတ်သပ်လိုက်သည်။
{ဒီကောင်က လင်းလင်းကို မကြာသေးခင်က နှောင့်ယှက်ခဲ့တဲ့ ငတိလေး မဟုတ်လား}
ဤနာမည်ကိုမြင်သည်နှင့် ဝမ်မင်က စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒီကောင့်ကို ရှင်းပစ်ရမယ်"
................
တခြားတစ်ဖက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ဘရိုကိုလီသုပ်ကို စားပြီးသွားပြီ ဖြစ်သည်။
သူနှင့် ဝမ်လင်း၏ ဇာတ်ကောင်များက အိမ်ခေါင်မိုးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေဆဲ ရှိနေသည်ကို သူမြင်လိုက်ရသည်။
ထိုအချိန်တွင် စတုတ္ထအချီမြောက် စက်ဝိုင်းက ကျုံ့သွားပြီး လူအရေအတွက်က ငါးဆယ်အောက်သို့ ကျဆင်းသွားခဲ့သည်။
သို့သော် သူနှင့်ဝမ်လင်းက ဘေးကင်းသောဇုန်၏ အလယ်ဗဟို၌ ရှိနေတုန်းပင်။
မည်သို့ပင်ဖြစ်စေ စက်ဝိုင်းကျဥ်းလာသည်နှင့် အမျှ ပို၍စိတ်လှုပ်ရှားဖွယ် ကောင်းလာမည်ဟု သူထင်ခဲ့သည်။
အနည်းဆုံးတော့ သူက မြေပုံပေါ်မှ ကစားသမားများကို ပစ်နိုင်တော့မည် ဖြစ်သည်။
ဂိမ်းစတင်ချိန်မှစ၍ သူ၏ 5.56mm ကျည်ဆန်များကို M416တွင် အပြည့်ထည့်ထားသော်လည်း ယခုအထိ မသုံးရသေးပေ။
"105 အပြာရောင်အိမ်ရဲ့ ဒုတိယထပ်မှာ တစ်ယောက်ယောက်ရှိနေတယ်"
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ စိတ်ချင်း ဆက်သွယ်၍ ပြောဆိုမှုကို ရုတ်တရက် ကြားလိုက်ရသည်။
"ဟက်.. နောက်ဆုံးတော့ လက်စွမ်းပြခွင့်ရပြီပေါ့"
ဗုံးပစ်စီနီယာအင်မော်တယ်က 4x မှန်ဘီလူး သို့ ပြောင်း၍ ကြည့်လိုက်သည်။
သူ့လုပ်နိုင်စွမ်းကို ပြသဖို့ အချိန်တန်ပြီဟု သူတွေးလိုက်သည်။
မှန်ဘီလူးဖြင့် ကြည့်လိုက်ရာ အပြာရောင်အိမ်၏ ပြတင်းပေါက်တွင် ရွေ့လျားနေသည့် ပုံသဏ္ဍာန်တစ်ခုကို သူမြင်လိုက်ရသည်။
"ညီနောင်လင်း.. ငါ့လက်စွမ်းကိုကြည့်လိုက်"
"ဒိုင်း"
ပစ်ချက်တစ်ချက်
"ဒိုင်း"
ပစ်ချက်နှစ်ချက်။
ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ လက်ဖြောင့်မှုအပေါ် အလွန်ယုံကြည်မှု ရှိခဲ့သည်။
ပထမ ပစ်ခတ်မှုတွင် ထိုလူ၏ ဦးထုပ်ကို ချွတ်ပစ်နိုင်ခဲ့ပြီး ဒုတိယ တစ်ချက်မှာ ကျည်ကာအင်္ကျီကို ထိမှန်ခဲ့သည်။
သူ၏ တတိယမြောက် ပစ်ခတ်မှုက တစ်ဖက်လူရဲ့ ဦးခေါင်းကို ထိသရွေ့ ထိုလူက သေချာပေါက် သေရမည် ဖြစ်သည်။
သို့သော် တတိယအကြိမ် ပစ်ခါနီးတွင် ထိုလူ လဲကျသွားပြီမှန်း ဗုံးပစ်စီနီယာ အင်မော်တယ် သိလိုက်ရသည်။
သူက အများသူငှာ မြင်ရသော ဖန်သားပြင်၏ ညာဘက်အပေါ်ထောင့်ကို ကြည့်လိုက်သည်။
ကစားသမား WF..
"လခွမ်း.. မေဘေးလေး"
ကစားသမားWFက တစ်ဖက်လူ၏ အသက်ကို သူ့ဆီမှ ခိုးယူသွားခဲ့သည်။