ကိုးဆယ့်ရှစ် HNY ဖြင့် သင့်အား ဂိမ်းကို ရောင်းချခြင်းသည် အမှန်တကယ် ဆုံးရှုံးမှုတစ်ခုဖြစ်သည်
Vol. 34 Ch. 503
"ဘာတွေဖြစ်နေတာလဲ"
ဝမ်မင်နှင့်ဖန့်ရှင်းတို့၏ လှုပ်ရှားမှုများက အလွန်လျင်မြန်သောကြောင့် ပရိသတ်များအနေဖြင့် ဒယ်အိုးကို ဝှေ့ယမ်းနေသည့် လူနှစ်ယောက်ကိုသာ မြင်ခဲ့ရသည်။
လူတိုင်းက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့်တွင် ရှိမနေကြ၍ ဖြစ်ပျက်နေသည့် အရာများကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ယခုခေတ်က အမျိုးသား ကျင့်ကြံခြင်းခေတ် ဖြစ်သော်လည်း စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အရေအတွက်မှာ အလွန်တရာ နည်းပါး၏။
ထို့ကြောင့် ကြည့်ရှုသူ ဆယ်သန်းနီးပါးရှိသည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ဦးကို ရှာတွေ့နိုင်လျှင်ပင် အတော်လေး ကံကောင်းနေပြီ ဖြစ်သည်။
ကျည်ဆန် အလျင်ကို ခြေရာခံရန် အနည်းဆုံး စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်၏ စူးရှသောအမြင်မျိုး ရှိရန်လိုသည်။
"တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ရုပ်ပုံတွေကို ချိန်ညှိနိုင်တယ်.. ရုပ်ပုံတွေကို အနှေးဆုံးဖြစ်အောင် လုပ်လိုက်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ"
"တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ရှိတဲ့ မိတ်ဆွေတွေ စမ်းကြည့်ကြပါ"
"အင်း.. တကယ်ကို မြင်ရတယ်ဟ"
"နည်းနည်းတော့ မြန်နေသေးသလားလို့"
"သူတို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်ဆန်တာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ချိန်ညှိဖို့ မတက်နိုင်တာ ဖြစ်မယ်"
ဝမ်မင်က ကွန်ပြူတာစခရင်ရှေ့တွင် လက်ပိုက်၍ သူ့ဇာတ်ကောင်ကို ဆန်းပြားသော တန်ပြန်တိုက်ခိုက်မှုများအား အကောင်အထည်ဖော်ရန် အသံဖြင့် အမိန့်ပေးနေသည်။
"အကွက်ထုတ်"
ဝမ်လင်း ".............."
ထို့နောက် ဝမ်မင်၏ ဇာတ်ကောင်က ကိုယ်ကို တစ်ပတ်လှည့်၍ ဒယ်အိုးကို ဝှေ့ယမ်းလိုက်သည်။
ဤအရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
ကျည်ဆန်လမ်းကြောင်း၏ အမြန်နှုန်းက ပိုမြန်လာပြီး ဖန့်ရှင်း ဇာတ်ကောင်၏ မျက်နှာဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
ဤကိုယ်တစ်ပတ်လှည့်၍ လှုပ်ရှားမှုကို မြင်လျှင် တိုက်ရိုက် ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များတင် မကဘဲ ဖန်းကွမ်းကပါ တုန်လှုပ်သွားသည်။
ဖေဖေဝမ် "ဒါက ဘယ်လို နည်းစနစ်မျိုးလဲ"
ဗုံးပစ်စီနီယာအင်မော်တယ် "ဝက်ဝံတုံးခနဲလဲသေ နည်းစနစ်"
".............."
ဤတစ်ကြိမ်တွင် ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထိုနည်းစနစ်က ဂိမ်းလမ်းညွှန် အသစ်တွင် ထည့်သွင်းထားသည့် အဆင့်မြင့်စွမ်းရည်တစ်ခု ဖြစ်သည်။
၎င်းကို ဒဏ္ဍာရီလာ မဟာနတ်ဘုရားယဲ့က လက်ရှိရေပန်းစားနေသော ဂိမ်းများကို အခြေခံ၍ ရေးသားထားသည်။
ထို့အပြင် ဤနည်းစနစ် အားလုံးသည် ဒယ်အိုး နည်းစနစ်များကို ထုံမွှမ်းထားသည့်'ဒယ်အိုးအထူးစုစည်းမှု'မှ ဖြစ်သည်။
သို့သော် ဤနည်းစနစ်များကို အမှန်တကယ် ကျွမ်းကျင်အောင် ကျင့်နိုင်သူမှာ အလွန်နည်းပါသည်။
သို့သော် ဖန့်ရှင်းက အလွန်လျင်မြန်စွာပင် တုံ့ပြန်နိုင်ခဲ့သည်။
သူက သူ့မျက်နှာသို့ ဦးတည်လာသည့် ကျည်ဆန်ကို ဒယ်အိုးဖြင့် အလျင်အမြန် ကာကွယ်လိုက်ပြီး ဝမ်မင်ထံ ပြန်ပို့ပေးလိုက်သည်။
...................
၎င်းတို့နှစ်ဦးက မျက်နှာချင်းဆိုင် အနေအထားဖြင့် ဒယ်အိုးများကို အသုံးပြုကာ ကျည်ဆန်များကြားတွင် ပျော်မြူးနေခဲ့ကြသည်။
ဝမ်မင်က သူ့ဆော့ဖ်ဝဲလ်တွင် သီးသန့်အသံကြားခံ စနစ်ကို ထည့်သွင်းကာ ရေးသားခဲ့သည်။
ထို့ကြောင့် ဝမ်မင်ပြောသမျှကို ဖန့်ရှင်း သာလျှင် ကြားနိုင်မည် ဖြစ်သည်။
ဖန်သားပြင်ရှေ့မှာ ထိုင်နေရင်း ဝမ်မင်က မပွင့်တပွင့် ပြုံး၍ ပြောလိုက်သည်။
"လက်လျော့လိုက်ပါ ကျောင်းသားဖန့်.. မင်းငါ့ကို ဂိမ်းကမ္ဘာမှာ အနိုင်ရမှာ မဟုတ်ဘူး"
"အိုး.. လက်စသတ်တော့ အကိုမင် ဖြစ်နေတာကိုး"
ဖန်းရှင်းက ရုတ်တရက် ဉာဏ်အလင်းရသွားသလို ပြောလိုက်သည်။
"ငါမှန်း မင်းသိပြီးသား မဟုတ်လား"
ဝမ်မင် ပြုံးလိုက်သည်။
သူက ဖန့်ရှင်း၏ အကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့ဖူး၍ တစ်ဖက်လူ၏ အထောက်အထားကို သိရှိခဲ့သည်။
ဖန့်ရှင်းက ကလေးဘဝထဲကပင် အင်မော်တယ်ရှဲဖီ၏ ကြီးမားလှသော စွမ်းအားကို အမွေဆက်ခံခဲ့ရသည်။
ထို့ကြောင့် သူ မွေးဖွားပြီးနောက်တွင် အမျိုးသား လျှို့ဝှက်မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခံခဲ့ရသည်။
ထို မိဘမဲ့ဂေဟာကို ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့မှ တည်ထောင်ထားပြီး နိုင်ငံတစ်ဝှမ်းမှ ပါရမီရှင်ကလေးများ အားလုံးကို စုစည်းထားရှိသည်။
များသောအားဖြင့် ကြီးမားသော စွမ်းအားကို အမွေဆက်ခံခဲ့သော ကလေးများသည် မှန်ကန်သောလမ်းညွှန်မှု မရရှိခဲ့လျှင် ကြီးပြင်းလာသည်နှင့်အမျှ မှန်ကန်သောလမ်းကြောင်းမှ သွေဖယ်သွားတတ်သည်။
ဝမ်လင်းကမူ ခြွင်းချက်တစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မောင်နှံက ဝမ်လင်းကို ကောင်းမွန်စွာ သွန်သင်ပေးနိုင်သည်ဟု သူတို့ကိုယ်သူတို့ အခိုင်အမာ ယုံကြည်ထားကြပြီး လက်တွေ့တွင်လည်း သက်သေပြနိုင်ခဲ့သည်။
ဝမ်မင်ကမူ သဘာဝအတိုင်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ငယ်စဉ်ကတည်းကပင် မကျင့်ကြံနိုင်ခဲ့ပေ။
ထို့ကြောင့် သူ့မိဘများက ပုံမှန်ကလေးဟု ယူဆကာ သာမန်အတိုင်းသာ ကြီးပြင်းလာခဲ့ရသည်။
အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် စကားပြောသည်ကလွဲ၍ ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။
သို့ဆိုလျှင် ဟွာရှို့၏ သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီက သူ့အပေါ် မည်ကဲ့သို့ အာရုံစိုက်လာရသနည်း။
အကြောင်းရင်းမှာ ပါရမီရှင်ဖြစ်ကြောင်း သူကိုယ်တိုင် သက်သေပြခဲ့သောကြောင့် ဖြစ်သည်။
သူ့မိဘတွေ ကွန်ပြူတာသုံးပြီး အိပ်ပျော်နေချိန်တွင် လေးနှစ်သာရှိသေးသည့် ဝမ်မင်က အမျိုးသား အချက်အလက် ဒေတာဘေ့စ်ကို ဟက်ပြီး အကယ်ဒမီဥက္ကဌ၏ အီးမေးလ်ကို တွေ့ရှိပြီးနောက်တွင် မှော်ရတနာများ အကြောင်း ရေးသားထားသည့် စာတမ်းတစ်စောင်ကို ပေးပို့ခဲ့သည်။
ထိုအချိန်က ဥက္ကဌချီသည် ဝမ်မင်၏ စာတမ်းကို ဖတ်ပြီးသောအခါတွင် စိတ်လှုပ်ရှားကာ မျက်ရည်များပင် ကျခဲ့ရသည်။
ထို့ကြောင့် တိတိကျကျပြောရလျှင် ဖန့်ရှင်းသည် ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့ နှင့် ပတ်သက်နေသည်။
သူ ခုနစ်နှစ်သားအရွယ်တွင် ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့သည် မွေးစားရန် ရှာဖွေနေသော စုံတွဲတစ်တွဲကို ဖန့်ရှင်းအား မွေးစားစေခဲ့သည်။
မမွေးစားမီ ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးများကို အကဲဖြတ်စစ်ဆေးခဲ့သည်။
ထိုအချိန်ကစပြီး ဖန့်မောင်နှံက ထိုကလေးကို ဖန့်ရှင်းဟု အမည်ပေးခဲ့သည်။
မိဘမဲ့ဂေဟာတွင် နာမည်မရှိဘဲ နံပါတ်ဖြင့်သာ ကလေးများကို မှည့်ခေါ်ကြသည်။
36...
ဤအချက်အလက်အချို့ကို ဝမ်မင်ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်အရာများကို ကျိုက်ယန်က ဖြည့်ဆည်းပေးခဲ့သည်။
ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ကျိုက်ယန် ထံမှ ရရှိသော အချက်အလက်အများစုသည် ကောလဟလမှ တစ်ဆင့် စုဆောင်းရရှိသည်ထက် များစွာ ပို၍ ယုံကြည်စိတ်ချ ရပေသည်။
"နံပါတ် 36 နေကောင်းတယ် မဟုတ်လား"
"အကိုမင်က ငါ့အကြောင်း တော်တော်လေး သိထားပုံပဲ"
ဖန့်ရှင်းက ဒယ်အိုးကို ဝှေ့ယမ်းရင်း ပြန်ဖြေလိုက်သည်။
"ငါ့ညီလေးကို မင်း နေ့တိုင်း စိတ်ဒုက္ခပေးနေမှတော့ ငါ သတိမထားမိဘဲ နေမလား.. မင်းမရှိရင် ငါ့ညီလေး ပိုစိတ်ချမ်းသာလိမ့်မယ်.. ကျောင်းသားဖန့်ရှင်း အနေနဲ့ သူ့နောက်ကနေ ဒီလိုမျိုး လျောက်လိုက်နေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား"
"အကိုမင်.. မင်းလည်း အတူတူပါပဲ.. မင်းလည်း သူ့နောက်ကို လိုက်နေတာ မဟုတ်လို့လား"
ဝမ်မင် အံကြိတ်လိုက်သည်။
"ဒါက တိုက်ဆိုင်မှုပါ"
ထိုအချိန်တွင် ၎င်းတို့သည် အချီပေါင်းများစွာ တိုက်ခိုက်ပြီးပြီဖြစ်သည်။
ထိုစကားကို ပြောပြီးနောက် ဝမ်မင်က ဒယ်အိုးကို ရမ်းလိုက်သောအခါ ကျည်ဆန်က မြေပြင်၏ ထောင့်တစ်နေရာကို ထိပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ခုန်ထွက်သွားသည်။
ဝမ်မင်၏ တန်ပြန်တိုက်ခိုက်မှုတွင် ကျည်ဆန်၏ တိုက်ခိုက်ရေး လမ်းကြောင်း အနည်းငယ် ပြောင်းလဲသွားသည်ကို ဖန့်ရှင်း ရုတ်တရက် သတိပြုမိခဲ့သည်။
ဤအခိုက်အတန့်တွင် ဖန့်ရှင်းက အခြေအနေ မလှတော့သည်ကို ကောင်းစွာခံစားမိနေပြီ ဖြစ်သည်။
"အကိုမင်က တကယ့်ကို မယုံနိုင်စရာပါပဲ.. အတွေ့အကြုံအတွက် ကျေးဇူးတင်ပါတယ်"
ယခုတစ်ကြိမ်တွင် ဝမ်မင်၏ ကျည်ဆန်သည် ဖန့်ရှင်း၏ ဦးခေါင်းကို အောင်မြင်စွာ ထိမှန်သွားခဲ့သည်။
ဖန့်ရှင်း ချက်ချင်း အသတ်ခံလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်အားလုံး အံ့အားသင့်သွားပြီး မေးရိုးများအားလုံး အောက်သို့ ပြုတ်ကျသွားသည်။
ဝမ်မင်၏ ရုတ်ခြည်းပြောင်းလဲသွားသော နည်းဗျူဟာကို အနည်းငယ် ရင်းနှီးပုံပေါက်သည်ဟု ခံစားမိကြသည်။
ဤမြင်ကွင်းကိုမြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာက ပြောင်းလဲသွားသည်။
"လခွမ်း.. ဒါက..."
ဖန့်ရှင်း သေသွားသည်ကို မြင်လိုက်ရလျှင် ဝမ်မင်က ပြည့်စုံသွားသလို ခံစားလိုက်ရသည်။
တစ်ခါတရံတွင် ဉာဏ်ရည်ထက်မြက်သည်က အလွန်ကောင်းသောအရာ ဖြစ်သည်။
သူက ဆော့ဖ်ဝဲလ်တွင် အမျိုးသား ပင်ပေါင်ကစားနည်းမှ ဒေတာကိုပါ တည်းဖြတ်၍ ထည့်သွင်းထားခဲ့သည်။
တစ်ဖက်မှ ဖန်းကွမ်းက ဝမ်မင်ကို လှမ်းကြည့်လိုက်သည်။
"ညီငယ်လေး.. ဒါက ပင်ပေါင်နည်းစနစ်လား"
ဝမ်မင် ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်.. အတိအကျ ပြောရမယ်ဆိုရင် ဒါက အမျိုးသား ပင်ပေါင်ကစားနည်းပါ"
ဤမြင်ကွင်းက လူတိုင်းကို မှင်တက်စေခဲ့သည်။
"..............."
ဝမ်လင်း၏ နှုတ်ခမ်းများပင် တလှုပ်လှုပ်ဖြစ်သွားသည်။
{ဂိမ်းကို 98 HNY ဖြင့် သင့်အား ကစားခွင့်ပေးခြင်းသည် ဂိမ်းကုမ္ပဏီအတွက် အမှန်တကယ် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်}