သုံးစက္ကန့်မျှအေးစက်သွားသောဝမ်မင်
Vol. 34 Ch. 504
ဝမ်မင်က ဤရလဒ်အတွက် အနည်းငယ်မျှ အံ့အားသင့်ခြင်းမရှိပေ။
သူက ကျင့်ကြံခြင်းတွင် အရည်အချင်းတွေ မရှိသော်လည်း ဒစ်ဂျစ်တယ်ဂိမ်းလို ဂိမ်းမျိုးတွင်မူ ဘယ်သောအခါမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းက ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ဝမ်မင်နှင့်ဖန့်ရှင်းတို့၏ ရူးသွပ်လောက်ဖွယ် စွမ်းဆောင်ရည်များကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ လင့်ခ်ကို အွန်လိုင်းတွင် မျှဝေခဲ့ကြသည်။
ရလဒ်အနေဖြင့် ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်အရေအတွက်သည် စံချိန်တင်အဖြစ် ဆယ်သန်းကို လျင်မြန်စွာ ချိုးဖျက်ခဲ့ပြီး ဆယ့်တစ်သန်းသို့ တိုးလာခဲ့သည်။
ဖေဖေဝမ်နှင့်လဲ့မုန့်မုန့် တို့၏ ပါးစပ်များက ကြက်ဥများ ထိုးထည့်လို့ရသည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ယနေ့ကစားပွဲ ပြီးသွားလျှင်ဝမ်မင်နှင့် ဖန့်ရှင်းတို့၏ တိုက်ပွဲဗီဒီယိုက ပရိသတ်များ၏ ကျေးဇူးကြောင့် ပျံ့နှံ့သွားတော့မည်ဟု ဖေဖေဝမ် ခန့်မှန်းခဲ့သည်။
ဖေဖေဝမ်က တိတ်တဆိတ် အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးကာ ဝမ်မင်ဆီ အသံမက်ဆေ့ခ်ျ ပို့ဖို့ ဆုံးဖြတ်လိုက်သည်။
"မင်လေး အဆင်ပြေရဲ့လား.."
ဖေဖေဝမ်က ဝမ်မင်အတွက် စိတ်ပူနေခဲ့သည်။
ဝမ်လင်းက သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားရသလို ဝမ်မင်သည်လည်း သူ၏ စစ်မှန်သော အထောက်အထားကို ဖုံးကွယ်ထားရပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤညီအစ်ကိုနှစ်ဦးသည် သိုသိုသိပ်သိပ်နေရပုံခြင်း အမှန်တကယ်ပင် ဆင်တူ၏။
ဝမ်မင်က ဇာတ်ကောင် TTXS ကို အသုံးပြုခဲ့သော်လည်း ယခုခေတ်တွင် အင်တာနက်ပေါ်မှ အကောင့်ကို လိုက်လံရှာဖွေရန်မှာ အလွန်လွယ်ကူနေပြီ ဖြစ်သည်။
အကယ်၍သာ ဝမ်မင်၏ အထောက်အထားကို အမှန်တကယ်ဖော်ထုတ်ခဲ့မည် ဆိုလျှင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
"အန်ကယ်ဝမ် စိတ်မပူပါနဲ့ အဆင်ပြေပါတယ်"
ဝမ်မင်က အသံ မက်ဆေ့ချ် ပြန်ပို့လိုက်သည်။
ဖေဖေဝမ် "အင်တာနက်မှာ လိုက်ရှာခံရမှာကို မကြောက်ဘူးလား"
"ကျနော့်ကို လိုက်ရှာဖို့လား.. အန်ကယ်ဝမ် တကယ်ပဲ ကျနော့်ကို အထင်သေးလွန်းသွားပြီ.."
ဝမ်မင်က ရယ်၍ ပြောလိုက်သည်။
{သူ့ကိုလိုက်ရှာဖို့လား.. ဒါက ဘယ်လိုလုပ်လွယ်နိုင်မှာလဲ}
သူက သုတေသနဌာန၏ ကွန်ပျူတာကို အသုံးပြု၍ ဂိမ်းကုမ္ပဏီ၏ ဆာဗာကို နှစ်ကြိမ်တိုင်တိုင် ဟက်ခ်ခဲ့သည်။
သူက ယနေ့ခေတ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ ဝမ်မင်က သဲလွန်စ မကျန်ရစ်ခဲ့ဟု ယုံကြည်နေသည်။
ဂိမ်းကုမ္ပဏီ၏ နည်းပညာအဖွဲ့ပင် လုံးဝ မရိပ်မိလျှင် အွန်လိုင်းအသုံးပြုသူများက သူ့ကို ထောက်လှမ်းမိစရာ ဘာအကြောင်းမှမရှိပေ။
သူ့အတွက် အထောက်အထား အတုများကို စာရင်းသွင်းရန် ကူညီခဲ့သူမှာ ဥက္ကဌချီ ဖြစ်သည်။
"ဝမ်ရှောင်အာ"ဟူသည့် အထောက်အထားကလည်း ဥက္ကဌချီ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"ဗီဒီယို ထွက်လာတာနဲ့ ဂိမ်းကုမ္ပဏီက သေချာပေါက် အာရုံစိုက်လာကြလိမ့်မယ်”
ဖေဖေဝမ်က သတိပေးလိုက်သည်။
"ဂိမ်းကုမ္ပဏီက ထောက်လှမ်းလို့ ရသွားလည်း ကိစ္စမရှိပါဘူး.. သူတို့ကို ဥက္ကဌချီက ချစ်စရာ့အရွယ် ဖြစ်အောင် လုပ်ပေးလိမ့်မယ်"
ဖေဖေဝမ် "..........."
"အဟွတ်ဟွတ်"
ဥက္ကဌချီက ဝမ်မင်၏ ဖန်သားပြင်ကို ကြည့်ရင်း ကော်ဖီတစ်လုတ်ကို အန်ထွက်လုနီးပါး ဖြစ်သွားသည်။
သူက နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
သူက ဗိုလ်ချုပ်ရီ၊ ဗိုလ်ချုပ်ကျန်းလဲ့၊ စွန်းတာခန်း တို့နှင့် တန်းတူအဆင့်တွင် ရှိသည်။
သူကဲ့သို့ အဆင့်အတန်းက တခြားသူများကို ချစ်စရာ့အရွယ် ဖြစ်အောင် လုပ်ရမည်လော။
"မင်လေး.. ဥက္ကဌချီကို အမြဲတမ်း အပူပေးတာ မကောင်းဘူးနော်"
ဝမ်မင်ရည်ညွှန်းသည့် ဥက္ကဌချီက မည်သို့သောလူမှန်း ဖေဖေဝမ် ကောင်းကောင်း သိသည်။
ဥက္ကဌချီ၏ အထက်လူကြီးက ဖေဖေဝမ်၏ ပရိသတ်ဖြစ်၍ ဖေဖေဝမ်က ဤကိစ္စနှင့် ပတ်သက်ပြီး ဘာမှမသိသည့် အစိမ်းသက်သက် မဟုတ်ပေ။
"ဥက္ကဌချီက အပူပေးလို့ အရမ်းကောင်းတယ် အန်ကယ်ဝမ်.. ကျနော်က အင်မော်တယ် ဝံပုလွေဆိုရင် ဥက္ကဌချီက ဖောက်ပြန်တဲ့မြေခွေးပဲ.. ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ကျနော်တို့ ဆက်ဆံရေးက မြေးအဖိုးလိုပါပဲ.. ကျနော့်အတွက်ဆို သူက အပြည့်အဝ ကာကွယ်ပေးမှာပါ"
ဝမ်မင်က ရယ်၍ ပြန်ဖြေလိုက်သည်။
ဖေဖေဝမ်"..............."
ဥက္ကဌချီ ".............."
ဝမ်မင်၏ စကားက မမှားဟု ဥက္ကဌချီ ခံစားခဲ့ရသည်။
သူက သူ့ကိုယ်သူ ဝမ်မင်၏ အထက်လူကြီးဟု တစ်ခါမှမယူဆဖူးပေ။
အကြောင်းရင်းမှာ ဝမ်မင်က သူအချစ်ဆုံး တပည့် တစ်ယောက် ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဝမ်မင်က ငယ်စဥ်ကတည်းက ဤနေရာကိုရောက်လာခဲ့ခြင်း ဖြစ်သည်။
ဥက္ကဌချီက ဝမ်မင် လေးနှစ်သားအရွယ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး သုတေသနဌာနသို့ တိုက်ရိုက် မခေါ်မီ သုံးနှစ်ကြာ လျှို့ဝှက်ပြင်ဆင်ခဲ့သည်။
ဤနောက်ပိုင်းတွင် ဥက္ကဌချီက ဝမ်မင်ကို သူ့မြေးအဖြစ် ကာလအတန်ကြာ မှတ်ယူလာခဲ့သည်။
သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝမ်မင် ၏ အရှုပ်အထွေးများကို ရှင်းပစ်ရသည့် အကြိမ်အရေအတွက်က အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး တိုးတက်လာသည်ကို ဥက္ကဌချီ သတိပြုမိခဲ့သည်။
"မင်လေး.. ကျိုက်ယန် မကြာခင် ပြန်ရောက်တော့မယ်နော်.. သတိထားဦး.. မိသွားရင် ဗျင်းခံထိလိမ့်မယ်"
"အေးဆေးပါ.. ကျွန်တော် အခုပဲ ဂိမ်းကနေ ထွက်လိုက်ပါပြီ"
"ဒါပေမယ့် သူ့ကိုကြောက်လို့တော့ မဟုတ်ဘူးနော်.. သူက မိန်းမတစ်ယောက်ပဲလေ.. ကျနော်တို့ ယောက်ျားတွေ အနေနဲ့ ပြတ်သားပြီး သတ္တိရှိဖို့ပဲ လိုအပ်ပါတယ်"
ဝမ်မင်က ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
ထိုစကားဆုံးသည်နှင့် အေးစက်သောလေထု နှင့်အတူ သူ့ပခုံးပေါ်သို့ သွယ်လျသည့် လက်တစ်စုံက ရုတ်တရက် ဖိချလိုက်သလို ခံစားလိုက်ရသည်။
ဝမ်မင် ".............."
သူ့ပုခုံးပေါ်က ခံစားချက်ကနေ သူသိလိုက်သည်။
သေချာသည်မှာ ဥက္ကဌချီ၏လက် မဟုတ်ပေ။
"ဂိမ်းကစားနေတာလား"
ကျိုက်ယန်က ဝမ်မင်၏ နောက်ကျောကို စိုက်ကြည့်နေသည်။
သူမ၏ အမူအရာကို မမြင်ရသောကြောင့်ဝမ်မင် တုန်လှုပ်သွားသည်။
ဥက္ကဌချီက ကော်ဖီခွက်ကို ကိုင်ထားရင်း ပြုံးကာ နောက်ဆုတ်လိုက်သည်။
"ငါက ဖောက်ပြန်တဲ့ ဝံပုလွေသာမကဘူး.. ငါက နိမိတ်ဟော ဆရာတစ်ယောက်ပဲ"
ဝမ်မင် "............."
................
တစ်ဖက်မှာလည်း ဂိမ်းက ဆက်လက် ရှိနေပါသေးသည်။
ဝမ်မင်၏ ဇာတ်ကောင် TTXX က ဖန့်ရှင်းကို ဖယ်ရှားပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ပရိသတ်များသည် ဝမ်မင်၏ ဇာတ်ကောင် တုန်ခါသွားသည်ကို သတိပြုမိခဲ့သည်။
"သူလိုင်းက ဆင်းသွားတာလား"
ဖန်းကွမ်းက မေးလိုက်သည်။
ဖေဖေဝမ်က သူ့နဖူးကို သူ့လက်ဖြင့် ပြန်ရိုက်လိုက်သည်။
"မဟုတ်ဘူး.. သူအပြစ်ပေးခံနေရတာပါ.."
ဖန်းကွမ်း "..........."
ဝမ်လင်းက ဝမ်မင် ဖြစ်ပျက်နေသည်ကို အတိအကျ မသိသော်လည်း ယင်းက ကျိုက်ယန်နှင့် ပတ်သက်နေမှန်းတော့ ရိပ်စားမိသည်။
ဖန်းကွမ်းက ဂျစ်ကားပေါ်သို့ ပြန်တက်ပြီး ကစားပွဲကို ပြန်လည်စတင်ခဲ့သည်။
ဝမ်မင် အဆက်ပြတ်သွားပြီး ဖန့်ရှင်း သေဆုံးခဲ့သောကြောင့် ကစားသမားက 28 ယောက်သာ ကျန်တော့သည်။
ဝမ်လင်းကမူ အဆောက်အဦးငယ်၏ ခေါင်မိုးပေါ်တွင် ရှိနေဆဲပင်။
စက်ဝိုင်းသည် ယခုအခါတွင် အလွန်သေးငယ်သွားပြီ ဖြစ်သည်။
သို့သော် အစမှအဆုံးတိုင် ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်ကို ဝမ်လင်း မတွေ့ရသေးပေ။
ထွင်ထျန်းဟာက မြေပုံပေါ်ရှိ တစ်နေရာရာတွင် ပုန်းခိုနေနိုင်သည်ဟု သူခံစားမိသည်။
မြေပုံပေါ်ရှိ စက်ဝိုင်းက အလွန်သေးငယ်လာပြီး လူအရေအတွက်က ဆက်လက်ကျဆင်းနေသည်။
ဘေးကင်းသောဇုန်၏ နောက်ဆုံးအချီတွင် ကစားသမား အများအပြားသည် ယခင်က ကဲ့သို့ ပေါ့ပေါ့ဆဆ ပြုမူခြင်းမျိုး မရှိတော့ဘဲ အထူး သတိထားလာကြသည်။
ထိုအချိန်တွင် ဝမ်လင်းက တံခါးဖွင့်သံကို ရုတ်တရက်ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က တံခါးဖွင့်သူ၏ နောက်ကနေ လိုက်ပါလာသည်။
ဝမ်လင်းက ချက်ချင်းပင် အသင့်အနေအထားသို့ ပြောင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အိမ်ခေါင်မိုးပေါ်၌ပင် ဤအဖွဲ့၏ ပြောဆိုသံကို သူကြားလိုက်ရသည်။
"ညီနောင်ခွေး.. ဒီအိမ်က လုယက်ပြီးသွားတဲ့ပုံပဲ.. အထဲမှာ လူတွေ ရှိကောင်းရှိနေနိုင်တယ်"
"ငါသတိထားပါ့မယ်"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
"စကားမစပ် ညီနောင်ခွေး.. မင်းဒီနေ့ အိမ်မပြန်ခင် ဘယ်လောက်ကြာကြာ ကစားဦးမှာလဲ"
"ဒီတစ်ပွဲပြီးရင် ဂိမ်းထဲက ထွက်မယ်.. ငါအကြာကြီး ပျောက်နေရင် ငါ့သခင် စိတ်ဆိုးလိမ့်မယ်"
စခရင်ရှေ့တွင် ထွင်ထျန်းဟာသည် သူ၏ အစိမ်းရောင်အမွေးများကို ခါယမ်းလိုက်သည်။
"ဘာလို့လဲမသိဘူး.. ဒီအိမ်ထဲကို ဝင်လိုက်တာနဲ့ ဆရာလေးလင်းက ကျွန်တော့်ကို စိုက်ကြည့်နေသလို ခံစားနေရတယ်"
ဝမ်လင်း "............."