ဝမ်လင်းကအရာရာကိုနားလည်သွားခဲ့သည်
Vol. 34 Ch. 505
ခေါင်မိုးပေါ်၌ တိတ်တဆိတ် ရှိနေသော ဝမ်လင်းက ဝေ့ကျစ်နှင့် ထွင်ထျန်းဟာတို့၏ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေခဲ့သည်။
လူနှင့်ခွေးက ဤအဆောက်အဦး၏ အခန်းတိုင်းကို ဂရုတစိုက်ရှာဖွေခဲ့သည်။
ဤအဆောက်အဦးသည် စက်ယန္တယား များစွာ ပါရှိသော အသေးစား စစ်ဘက်ဆိုင်ရာ စက်ရုံတစ်ရုံ ဖြစ်သည်။
ချောင်းမြောင်းလုပ်ကြံသူ အများအပြားသည် ဤကဲ့သို့သောနေရာတွင် စောင့်ဆိုင်းတတ်လေ့ ရှိကြသည်။
အဆုံးသတ်တွင် ဤသည်မှာ သေနတ်ပစ်ခြင်း ဂိမ်းတစ်ခုသာ ဖြစ်သည်။
မည်သူ့ကိုမှ မသတ်ဘဲ အဆုံးထိ ရှင်သန်နိုင်ပြီး အနိုင်ရခဲ့လျှင်ပင် ရှက်စရာလုံးဝမရှိပေ။
ထို့ကြောင့် ဤဂိမ်းကိုကစားသည့် ထိပ်တန်း ကစားသမားများနှင့် သာမန် ကစားသမားများတွင် ၎င်းတို့၏ ကိုယ်ပိုင်ကစားဟန်များ ကိုယ်စီ ရှိကြသည်။
ထိပ်တန်းကစားသမားများသည် ၎င်းတို့၏ ကျွမ်းကျင်မှုဖြင့် အရာအားလုံးကို လောင်းကြေးထပ်ထားလေ့ ရှိသော်လည်း သာမန် ကစားသမားများသည် ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးကိုသာ အားကိုးလေ့ ရှိကြသည်။
ဂိမ်းတွင် အနိုင်ရရန်အတွက် "မသတ်မနေရ" စည်းမျဉ်းမျိုး ဤဂိမ်းတွင် မရှိပေ။
ဝမ်လင်း လက်ရှိ အသုံးပြုနေသည့် အဆောက်အဦးသည် ဘေးကင်းသောဇုံ၏ အလယ်ဗဟိုတွင် ရှိနေသည်။
ထို့ကြောင့် ဝေ့ကျစ်နှင့် ထွင်ထျန်းဟာတို့သည် ဤအဆောက်အဦးအား ရှာဖွေစဉ် အထူး သတိထားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအိမ်က အခြားသူများ မျက်စိကျစရာ ဖြစ်နေသောကြောင့်ပင်။
အကယ်၍သာ ဤနေရာတွင် အခြားသူများ ပုန်းအောင်းခြင်း မရှိခဲ့လျှင် ဤနေရာသည် လက်ရှိ ဘေးကင်းဇုံတွင် အသာစီးအရဆုံးနေရာ ဖြစ်မည်မှာ သေချာသည်။
ဤအဆောက်အဦးကို ချိန်ပစ်နိုင်သည့် တစ်ခုတည်းသော နေရာမှာ ဝန်ချီစက် နေရာ ဖြစ်သည်။
သို့သော်လည်း ဝန်ချီစက် နေရာသည် စက်ဝိုင်း၏ အကွာအဝေး အပြင်ဘက်၌သာ ရှိသောကြောင့် ဤအချက်ကို အခြေခံအားဖြင့် ဖယ်ရှားပစ်နိုင်၏။
ယခုအခါတွင် ဝေ့ကျစ်နှင့် ထွင်ထျန်းဟာတို့၏ ဇာတ်ကောင်များသည် ပထမထပ် နှင့် ဒုတိယထပ်ကို ရှာဖွေခဲ့ကြပြီးပြီဖြစ်သည်။
သူတို့က တတိယထပ်နှင့် အမိုးပေါ်ကိုသာ ရှာဖွေရန်ကျန်ရှိတော့၏။
“ညီနောင်ခွေး.. မင်းဒီတစ်ပွဲပြီးရင် သွားတော့မှာလား.. မင်းရဲ့သခင်နဲ့ ဆက်သွယ်ပြီး စကားပြောကြည့်ရင်ရော”
ဝေ့ကျစ်က ထွင်ထျန်းဟာ စိတ်ရှင်းသွားစေရန် အကြံပြုခဲ့သည်။
ပရော်ဖက်ရှင်နယ် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာ တစ်ဦးအနေဖြင့် ဝိညာဉ်သားရဲနှင့် ပိုင်ရှင်ကြားမှ ဆက်ဆံရေးကို သူက ကောင်းစွာ နားလည်သည်။
ဝေ့ကျစ်အတွက်မူ ဤကဲ့သို့ အစွမ်းထက် ဝိညာဉ်သားရဲကို စာချုပ်ချုပ်ဆိုထားသူသည် ထူးချွန်သော အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ပေးသူ တစ်ယောက်ပင် ဖြစ်သည်။
ထို့ကြောင့် အခွင့်သင့်လျှင် ဤလူကို သူငယ်ချင်းအဖြစ် မိတ်ဖွဲ့ထားရန် ဆုံးဖြတ်ခဲ့သည်။
၎င်းက ရေရှည်တွင် အကျိုးရှိနိုင်မည် ဖြစ်ပြီး ဆက်ဆံရေးကိုမြှင့်တင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အထူးသဖြင့် ဝိညာဉ်သားရဲ၏ စရိုက်တွင် ၎င်း၏ သခင်စရိုက်က သွယ်ဝိုက်၍ ထင်ဟပ်နေတတ်သည်။
ဝေ့ကျစ်က ထွင်ထျန်းဟာ၏ စရိုက်ကို ကြည့်၍ ၎င်း၏သခင်သည် စိတ်သဘောထား ပွင့်လင်းပြီး သဘောထားကြီးသူ တစ်ယောက် ဖြစ်မည်ဟု ခံစားမိသည်။
တကယ်တမ်းတွင် ဝေ့ကျစ် ခံစားမိသည်က အမှားအယွင်း မရှိခဲ့ပေ။
“ဟင့်အင်း.. ငါမဆက်သွယ်ရဲဘူး.. ဂိမ်းဆော့ပြီးတာနဲ့ အိမ်မြန်မြန် ပြန်တာက ပိုကောင်းမယ်လို့ ငါထင်တယ်”
ထွင်ထျန်းဟာက အနည်းငယ် ကြောက်ရွံ့နေ၏။
အကြောင်းတစ်ခုခုကြောင့် သူ၏ ဇာတ်ကောင်က တတိယထပ်သို့ ရောက်လာသောအခါတွင် ဆရာလေးလင်း စိုက်ကြည့်နေသည် ဟူသောခံစားချက်က ပိုမို၍ ပြင်းထန်လာသည်။
မသိလျှင် သူပြောသမျှကို ဆရာလေးလင်းက ဘေးမှနားထောင်နေသလိုပင်။
“ဒါဆိုလည်း ပြီးရောလေ”
ဝေ့ကျစ်က အတင်းအကျပ် မတိုက်တွန်းတော့ပေ။
မူလက ဂိမ်းကစားရန် မရည်ရွယ်ထားခဲ့သော်လည်း ထွင်ထျန်းဟာ၏ လွှမ်းမိုးခံခဲ့ရပြီး နောက်တွင် သူ၏ ဂိမ်းအပေါ် စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။
ယခု ထွင်ထျန်းဟာက ဂိမ်းမှ မကြာခင် ထွက်တော့မည်ဟု ရုတ်တရက် ပြောလာသောအခါ သူစိတ်ပျက်သွားခဲ့သည်။
ထိုခဏဝယ် သူ နှင့် ထွင်ထျန်းဟာက အမှန်တကယ် တူညီနေကြောင်း ဝေ့ကျစ် သဘောပေါက်လိုက်သည်။
ယခုအခါတွင် သူက ဝိညာဉ်သားရဲ၏ ရိက္ခာ မလုံလောက်သောကြောင့် ကြီးမားသော ဖိအားကို ခံစားနေရသည်။
ထွင်ထျန်းဟာသည်လည်း သူ့သခင်၏ ဖိအားကို ရင်ဆိုင်နေရပုံရသည်။
သို့သော်လည်း ထွင်ထျန်းဟာနှင့် တွေ့ဆုံပြီးနောက်တွင် ဝေ့ကျစ်၏ နှလုံးသားထဲ၌ ခွေးတစ်ကောင်ကို မွေးမြူချင်စိတ် ပေါ်လာခဲ့၏။
ထိုအချိန်တွင် ဝေ့ကျစ်၏ တင်းကျပ်သော အမူအရာကို မြင်လျှင် ထွင်ထျန်းဟာက ရုတ်တရက် ပြောလိုက်သည်။
“ငါထွက်လိုက်လို့ ဘာမှမဖြစ်ပါဘူး.. အွန်လိုင်းမှာ ချိတ်ဆက်ဖို့အခွင့်အရေးကို အချိန်မရွေး ရှာလို့ရတာပဲ.. ငါကွန်ပျူတာတစ်လုံး ဝယ်ထားပြီးပြီလေ ”
ဝေ့ကျစ်အံ့ဩသွားသည်။
“မင်းပိုက်ဆံဘယ်လိုရလာတာလဲ”
ထွင်ထျန်းဟာ”ငါဝိညာဉ်သားရဲတစ်ကောင်နဲ့ အပေးအယူ လုပ်ခဲ့တယ်”
ဝေ့ကျစ် ".....…….."
ဤစကားကြောင့် ဝမ်လင်း ထိတ်လန့်သွားသည်။
သို့သော် ဖြစ်နိုင်ချေတစ်ခုကို သူအမြန်အဆန် တွေးမိခဲ့သည်။
နဂိုကတည်းကပင် ထွင်ထျန်းဟာ၏ ဝင်ငွေအရင်းအမြစ်က ငွေရောင်လေးထံမှ ဖြစ်နိုင်သည်ဟု သူခံစားမိခဲ့သည်။
သူက ငွေရောင်လေးနှင့် ပတ်သက်၍ ဗုံးပစ်စီနီယာ အင်မော်တယ် ပြောဆိုခဲ့ဖူးသည်ကို သတိရမိသည်။
ငွေရောင်လေး စိတ်ကြိုက် စားသောက်ရန် အတွက် ဗုံးပစ်စီနီယာအင်မော်တယ်က ကတ်ထဲသို့ HNYတစ်သန်း တိုက်ရိုက်လွှဲထားပေးခဲ့သည်။
ဝမ်လင်းက အမှန်တကယ် ဖြစ်နိုင်ချေများစွာကို တွေးမိခဲ့သည်။
ငွေရောင်လေး နှင့် ထွင်ထျန်းဟာတို့က သူငယ်ချင်း အဖြစ် အပေါင်းအသင်း မလုပ်မီ ထွင်ထျန်းဟာသည် ငွေရောင်လေးကို စနောက်၍ အသည်းခွဲခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် ၎င်းတို့သည် သူငယ်ချင်းများ ဖြစ်လာကြသည်။
ဟွာရှို့နိုင်ငံ၏ မိုဘိုင်း ငွေပေးချေမှုစနစ်သည် လက်ရှိ ကမ္ဘာပေါ်တွင် အသုံးအများဆုံး ဖြစ်ပြီး အွန်လိုင်း ငွေလွှဲရာတွင် အလွန်အဆင်ပြေ၏။
ဝမ်လင်းက ဤမျှများပြားသော ပိုက်ဆံကို ထွင်ထျန်းဟာမည်သည့်နေရာမှ ရလာကြောင်း တွက်ချက်မိခဲ့သည်။
ဝေ့ကျစ်က စူးစမ်းစွာ မေးလိုက်သည်။
“ဒါဆို မင်းအဲဒီပိုက်ဆံတွေနဲ့ ကျင့်စဉ်တွေ ဝယ်နေတာလား”
“ဟားဟား. ငါကျင့်ကြံတဲ့ ကျင့်စဉ်တွေက အဆင့်မြင့်လွန်းလို့ ရောင်းချဖို့တောင် တားမြစ်ထားရတဲ့ ကျင့်စဉ်တွေပဲ.. အဲလို ကျင့်စဉ်မျိုး ငါ့သူငယ်ချင်း တစ်ယောက်က ငါ့ကိုပေးတယ်လေ”
စင်စစ် ငွေရောင်လေး ပေးခဲ့သည့် ဝိညာဉ်နည်းစနစ်နှင့် မှော်စွမ်းရည် နည်းစနစ်များသည် မည်သည့်နေရာတွင်မှ ဝယ်ယူ၍ မရနိုင်တော့ပေ။
၎င်းနည်းစနစ်များသည် သူတော်စင် ခွေးမျိုးနွယ်စု၏ ကျော်ကြားသော ဝိညာဉ်ရေး နည်းစနစ်များ ဖြစ်သည်။
ယင်းက သူတော်စင်ခွေး ကိုယ်တိုင် သုတေသန ပြုထားပြီး ခွေးများ လေ့ကျင့်ရန်အတွက် အလွန်သင့်လျော်သော ကျင့်စဥ်များဖြစ်သည်။
တတိယထပ်က အလွန်ကျယ်သဖြင့် နှစ်ဦးသား လွတ်လွတ်လပ်လပ် စကားပြောနေကြသည်။
သို့သော် အိမ်ခေါင်မိုးပေါ်တွင် ဝမ်လင်းက ခိုးနားထောင်နေသည်ကို ၎င်းတို့ လုံးဝမသိခဲ့ပေ။
“ဒါဆိုမင်းက အကုန်လုံး ကျင့်ပြီးသွားပြီလား”
ဝေ့ကျစ်က ထပ်မေးလိုက်သည်။
“မကျင့်ရသေးပါဘူး.. ငါအခုထိ လေ့လာနေဆဲပါပဲ”
ထွင်ထျန်းဟာ သက်ပြင်းချ၍ ဖြေလိုက်သည်။
“အင်းပေါ့.. ဒီလို အဆင့်မြင့်ကျင့်စဥ်ကို ကျင့်ဖို့က ဘယ်လွယ်ပါ့မလဲ.. ဒီကျင့်စဉ်ကို နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကနေ ပြန်လာပြီးကတည်းက မင်းစတင် ကျင့်ကြံခဲ့တာလား.. ဒါနဲ့ မင်းအဲဒီနည်းစနစ်တွေ ကျင့်ကြံနေတယ် ဆိုတော့ အရင်က မင်းကျင့်ကြံခဲ့တဲ့ နည်းစနစ်တွေကို မမှတ်မိတော့လို့လား”
ထွင်ထျန်းဟာ "……........"
ထိုစကားကိုကြားရလျှင် ထွင်ထျန်းဟာ ရုတ်တရက် ဝမ်းနည်းသလို ခံစားခဲ့ရသည်။
သူက ဝိညာဉ်ရေး နည်းစနစ်များကို မသိ၍ မဟုတ်ဘဲ ထိုနည်းစနစ်များကို အသုံးမပြုနိုင်၍ ဖြစ်သည်။
ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ ကျင့်စဉ်များနှင့် ဝိညာဉ်ရေး နည်းစနစ် အားလုံးကို သူ၏ ဦးနှောက်ထဲတွင် သိမ်းဆည်းထား၏။
သို့သော်လည်း ထိုနည်းစနစ်များ အနက်မှ ဝါးမျိုခြင်း မှော်စွမ်းရည်နှင့် လျှာနည်းစနစ်မှ လွဲ၍ ကျန်သည့် ကျင့်စဥ်များသည် ထွင်ထျန်းဟာအတွက် ကျင့်ကြံရန် မသင့်လျော်တော့ပေ။
ထွင်ထျန်းဟာက ထိုနည်းစနစ်အားလုံးကို အသုံးမပြုနိုင်တော့၍ ဂိမ်းတစ်ခုတွင် မှော်ဆရာနေရာမှ စစ်သူရဲနေရာသို့ ကူးပြောင်း ကစားရသလို ခံစားခဲ့ရသည်။
ဝိညာဉ်သားရဲတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ ရှိကြသည်။
မျိုးနွယ်စု မတူသော သားရဲများ၏ ဝိညာဉ်နည်းစနစ်များကို ကျင့်ကြံလျှင် ဘယ်သောအခါမှ အထွတ်အထိပ်သို့ မရောက်နိုင်ပေ။
“ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ အတွက် အပြည့်အဝ အာရုံစိုက်ထားတယ်.. အမှန်တော့ ဒါတွေကို ငါ့မျိုးနွယ်စု အတွက် သင်ယူနေတာပါ”
ထိုစကားက ဝေ့ကျစ်ကို သိပ်မစဉ်းစားစေခဲ့သော်လည်း ဝမ်လင်းကိုမူ တစ်စုံတစ်ခုအား တွေးတောစေခဲ့သည်။
[ထွင်ထျန်းဟာ ဒီလိုတွေကျင့်နေတာ သူ့မျိုးနွယ်စု အတွက်များလား]
ဝမ်လင်းက ထွင်ထျန်းဟာ အပေါ် ရုတ်တရက် နားလည်သွားပြီဟု သူ့ကိုယ်သူ ထင်ခဲ့သည်။
ထွင်ထျန်းဟာ၏ ပုံမှန်မဟုတ်သော အပြုအမူကို ကြည့်ပြီး ဤကိစ္စသည် ကမ္ဘာခြားဂိတ်တံခါးနှင့် ပတ်သက်နိုင်သည် သို့မဟုတ် ဂိတ်အတွင်းရှိ ဖားပြုပ် မျိုးနွယ်စုနှင့် တစ်ခုခုပတ်သက်နိုင်သည်ဟု တွေးမိခဲ့သည်။
ထိုယူဆချက်က ယခုအချိန်တွင် သေချာသွားပြီ ဖြစ်သည်။
ဤအတွေးဖြင့်ပင် ဝမ်လင်းက ဂိမ်းမှ တိုက်ရိုက် ထွက်သွားခဲ့သည်။
“ညီနောင်လင်း.. မင်းမကစားတော့ဘူးလား”
ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့ဩသွားသည်။
“အင်း”
ဝမ်လင်းက ခေါင်းငြိမ့်လိုက်သည်။
သူ၏ ကနဦး ရည်ရွယ်ချက်အရ ဆက်လက် ကစားရန်လည်း မလိုအပ်တော့ပေ။
သူက ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူသိထားသမျှကိုခွဲခြမ်းစိတ်ဖြာရန် မေ့စေ့ကို ပွတ်သပ်၍ တွေးတောလိုက်သည်။
ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ထူးဆန်းသောအရာတစ်ခုကို ရုတ်တရက် သတိပြုမိခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်း.. မင်းရဲ့ဇာတ်ကောင်က ရှိနေသေးသလိုပဲ”
ဝမ်လင်း "...???..."
ဗုံးပစ်စီနီယာ အင်မော်တယ်က ချောင်ထဲတွင် ဝပ်နေသည့် ဝမ်လင်း၏ ဇာတ်ကောင်ကို မြင်လိုက်ရသည်။
ကနဦးတွင် ဝမ်လင်း၏ ဂိမ်းမှ တိုက်ရိုက် ထွက်သွားခြင်းကြောင့် ဂိမ်း၏ ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်ဟု သူက ထင်ခဲ့မိသည်။
ဤအတိုင်းသာဆိုလျှင် ဂိမ်းပြီးဆုံးသည်အထိ ဝမ်လင်းကို မည်သူမှ ရှာတွေနိုင်တော့မည် မဟုတ်ပေ။
“အရမ်းကောင်းတယ် ညီနောင်လင်း.. ငါတို့တွေ ကြက်သားစားရတော့မယ်(အနိုင်ရတော့မယ်)”
ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
ယင်းက လက်ဖျားခါလောက်သော ကံကောင်းမှုမျိုး ဖြစ်သည်။
ဆိုရလျှင် ၎င်းမှာ မဟာကံကြမ္မာတာအို မှော်အစွမ်း၏ သက်ရောက်မှုပင် ဖြစ်သည်။