မစ္စတာလုကို အသုံးချပုံ
Vol. 34 Ch. 506
ဝမ်လင်းက ဂိမ်းဆော့လေ့ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဂိမ်းကစားခြင်းက သူ့အတွက် တကယ့်ကို ငြီးငွေ့စရာ ကောင်းလွန်းသောကြောင့်ပင်။
သို့သော် ဤတစ်ခေါက်ကမူ ကွဲပြားသည်။
ဝမ်လင်းက ဂိမ်းကစားခြင်း၏ တန်ဖိုးနှင့် ပျော်ရွှင်မှုရလဒ်ကို ရှာဖွေတွေ့ရှိသွားသလို ခံစားခဲ့ရသည်။
အနည်းဆုံးတော့ ဂိမ်းကစားခြင်းက သူ့မိသားစုဝင် ဖြစ်သည့်ထွင်ထျန်းဟာနှင့် ဆက်သွယ်ရေး ပေါင်းကူး တံတားတစ်ခုပင်။
ထွင်ထျန်းဟာ၏ ထူးခြားသော လက္ခဏာကြောင့် နတ်ဆိုးဘုရင်အဖြစ် ကျင်လည်ခဲ့သည့် ယခင်ဘဝနှင့် ပတ်သက်သော မေးခွန်းများစွာကို မမေးမိစေရန် ဝမ်လင်း အမှန်တကယ် သတိထားလေ့ ရှိသည်။
သူက ထွင်ထျန်းဟာ တုန်လှုပ်ချောက်ခြားပြီး စိတ်ဝိညာဉ် ပြန်လှည့်လို့မရသည့် အကျိုးဆက် ဖြစ်သွားမည်ကို စိုးရိမ်မိသည်။
သေချာ လေ့လာသုံးသပ်ပြီးနောက်တွင် ထွင်ထျန်းဟာ ခွေးမဖြစ်ခင် အတွေ့အကြုံသည် ထွင်ထျန်းဟာ၏ စိတ်ပိုင်းဆိုင်ရာကို အရိပ်တစ်ခုလို လေးလေးနက်နက် ထင်ဟပ်နေသည်ဟု သူထင်ခဲ့သည်။
ပထမအချက်မှာ ထိုအချိန်က နတ်ဆိုးဘုရင်ဘဝတွင် အခြားသော နတ်ဆိုးဘုရင်များက ၎င်းကို ကမ္ဘာခြားဂိတ်ပေါက်မှ တွန်းထုတ်ခဲ့သည်။
လူသားကမ္ဘာသို့ ဆင်းသက်လာပြီးနောက် သူက ဆယ်နှစ်သားအရွယ် ဝမ်လင်း၏ ခြေကန်ချက် တစ်ချက်ထဲဖြင့် သေဆုံးသွားခဲ့ရသည်။
သူ မသေဆုံးမီ သုံးစက္ကန့်မျှပင် အေးခဲသွားခဲ့သည်။
ဒုတိယအချက်မှာ စာသင်နှစ်အစတွင်ကျင်းပသည့် ကျောင်းဝင်ခွင့်စာမေးပွဲ ဖြစ်သည်။
ကျောင်းသားများ၏ အဆင့်ကို အကဲဖြတ်ရန်အတွက် ထွင်ထျန်းဟာ၏ဝိညာဥ်ကို သဲအိတ်ကဲ့သို့ ရိုက်နှက်ရန် ကျောင်း၏ စမ်းသပ်စနစ်တွင် ထည့်သွင်းထားသည်။
အဆုံးသတ်တွင် သူက ဝမ်လင်းကို နောက်တစ်ကြိမ် ထပ်တွေ့ခဲ့ရပြန်သည်။
ထိုအချိန်က ထွင်ထျန်းဟာ အလွန် ကြောက်လန့်သွားသည်ကို ဝမ်လင်း သတိရမိသည်။
ထိုအခါက ထွင်ထျန်းဟာသည် နေရာတွင်ပင် တိုက်ရိုက် လဲကျဟန် ဆောင်ကာ ပက်လက် အနေအထားဖြင့် ကောင်းကင်ကို ခြေလေးချောင်း ပစ်ထားခဲ့သည်။
တတိယနှင့် နောက်ဆုံးအချက်။
ဆရာမဖန်၏ တာအိုအဆောင် သင်ခန်းစာတွင် လူတိုင်းက တစ္ဆေဆင့်ခေါ်ခြင်းကို ပြုလုပ်ခဲ့ကြသည်။
ထိုအချိန်က သူ၏ ဦးနှောက်ကို ဖျစ်ညှစ် စဥ်းစားခဲ့ပြီးနောက်တွင် ထွင်ထျန်းစာသည် မူလဝိညာဉ်ကို အထိခိုက်ခံကာ ကျောင်းမှ ထွက်ပြေးရန် စီစဥ်ခဲ့သည်။
အဆုံးသတ်တွင် ကျောင်း၏ ပင်မဝင်ပေါက်မှ မထွက်ခွာမီ၌ ဝမ်လင်းက သူ့အား စာသင်ခန်းထဲသို့ ဆင့်ခေါ်ခဲ့သည်။
ထို့နောက်တွင် သူက လုံးလုံးလျားလျား ခွေးဖြစ်သွားခဲ့သည်။
ငယ်စဉ်ကလေးဘဝက ဒဏ်ရာဟု ယူဆနိုင်သည့် အတွေ့အကြုံများသည် တစ်ခုပြီးတစ်ခု ပေါင်းဆုံသွားခြင်း ဖြစ်သည်။
ထိုခံစားချက်ကို ထွင်ထျန်းဟာ ကိုယ်တိုင်သာ နားလည်နိုင်မည်ဟု ဝမ်လင်း ခံစားမိသည်။
သူက ထွင်ထျန်းဟာ၏ ယခင်ဘဝအကြောင်းကို မမေးခဲ့ပေ။
ယင်းက ထွင်ထျန်းဟာကို သူဂရုမစိုက်ဟု မဆိုလိုချေ။
အဆုံးသတ်တွင် ထွင်ထျန်းဟာ(ဝါ)ခွေး2ကို သူ့ မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူတိုင်းက အသိအမှတ်ပြုပြီးသား ဖြစ်သည်။
၎င်း၏ ပိုင်ရှင်အနေဖြင့် ဝမ်လင်းက မည်သည့်အခါမျှ လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
ဝမ်လင်း ထွင်ထျန်းဟာ၏ စိုးရိမ်ပူပန်မှုသည် ကမ္ဘာခြားဂိတ်တစ်ဖက်ရှိ ၎င်း၏မျိုးနွယ်စု နှင့် ပတ်သက်မှုရှိသည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ဆိုရလျှင် ကိစ္စ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပေါ်လာတော့မည့် အဓိပ္ပါယ်ပင်။
ယင်းက သူ့ကို တိုက်ရိုက် မတိုင်ပင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝမ်လင်း၏ ကိုယ်ပိုင် ထင်မြင်ယူဆချက် ဖြစ်သည်။
ဤသည်က ခွေးမဖြစ်လာခင် နတ်ဆိုးဘုရင်ဖြစ်ခဲ့သည့် ထွင်ထျန်းဟာ၏ မာနတရားကြောင့်ပင်။
တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ့ရဲ့ အတိတ်ကို နှုတ်ဆက်ရန် ကောင်းမွန်သည့် စိတ်ပိုင်းဖြတ်မှုလည်း ဖြစ်သည်။
ထို့ကြောင့် ထွင်ထျန်းဟာက အရာအားလုံးကို ကိုယ်တိုင် အဆုံးသတ်ချင်နေပုံရသည်။
ဝမ်လင်းက အံ့အားသင့်သွားသည်။
ခွေး2က ဤကဲ့သို့သော သတ္တိကို ဘယ်ကနေ ရလာပါသနည်း။
ထွင်ထျန်းဟာ၏ လက်ရှိ တိုက်ပွဲဝင်စွမ်းအားဖြင့် ဆိုလျှင် ကမ္ဘာခြားဂိတ်ထဲသို့ ရောက်သည်နှင့် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဟု ဝမ်လင်းခံစားမိသည်။
ဝမ်လင်းက သူ၏ ကောက်ချက်များကို ဗုံးပစ်စီနီယာအင်မော်တယ်ဆီ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"ညီနောင်လင်း အနေနဲ့ ညီနောင်ခွေးရဲ့ မကြာသေးမီက ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက ကမ္ဘာခြားဂိတ် တစ်ဖက်မှာ ရှိတဲ့ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ထင်နေတာလား"
ယင်းက လုံးဝ မျှော်လင့်မထားသော အဖြေ ဖြစ်သော်လည်း လုံးဝ ယုတ္တိရှိသည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် ထင်ခဲ့သည်။
ခဏလောက် ပြန်တွေးကြည့်ပြီးနောက်တွင် ဝမ်လင်း၏ အဖြေ၌ နက်ရှိုင်းသော သံယောဇဉ် ထပ်ဟပ်နေသည်ဟု သူခံစားခဲ့ရသည်။
"ညီနောင်ခွေးက သူ့ရဲ့ ယခင်ဘဝနဲ့ လုံးဝကြီး အဆက်အသွယ် မပြတ်သေးဘူး.. ဒါကြောင့် ဒီကိစ္စက ကမ္ဘာခြားဂိတ်ပေါက် အတွင်းမှာရှိတဲ့ သူ့ရဲ့ မူရင်းမျိုးနွယ်စုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်"
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က နာခံမှုရှိစွာဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော မစ္စတာလုကို ကြည့်လိုက်သည်။
ငွေရောင်လေး၏ သလိပ်အာနိသင် ကုန်ဆုံးသွားပြီးနောက်တွင် မစ္စတာလု၏ ဖန်တီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း မှော်စွမ်းရည်က အသက်ဝင်နေပြီ ဖြစ်သည်။
မစ္စတာလု၏ဒဏ်ရာက လုံးဝ ပျောက်ကင်းသွားခဲ့ပြီး အရေပြားတွင် သွေးအနည်းငယ်သာ စွန်းကျန်နေခဲ့သည်။
မျှော်လင့်ထားသည့် အတိုင်းပင် သစ်ပင်မျိုးနွယ်စု၏ ဖန်တီးခြင်း နှင့် ပြန်လည်မွေးဖွားခြင်း မှော်စွမ်းရည်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ကံကောင်းစွာဖြင့် သူတို့တွင် ငွေရောင်လေး၏ ထူထဲသော သလိပ်များ ရှိခဲ့သည်။
မဟုတ်လျှင် မစ္စတာလု နှင့် ဆက်ဆံရန် အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက လွဲ၍ အခြားသော ပကတိ အင်မော်တယ်များသည် မစ္စတာလုကို သတ်နိုင်မည် မဟုတ်လောက်ပေ။
"ကမ္ဘာခြားဂိတ်တံခါး အကြောင်း မင်းဘယ်လောက်သိထားလဲ မစ္စတာလု"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။
မစ္စတာလုသည် ကမ္ဘာခြားဂိတ်တွင် မွေးဖွားခဲ့သော သစ်ပင်နတ်ဆိုး ဖြစ်သည်။
ယခု သူက လူ့လောကတွင် ပုန်းအောင်းနေပြီး "အလုပ်" လုပ်နေသော်လည်း ကမ္ဘာခြားဂိတ်တစ်ဖက်ရှိ သစ်ပင်မျိုးနွယ်စုနှင့် အဆက်အသွယ်လုပ်ရန် နည်းလမ်းအချို့ ရှိရပေမည်။
မစ္စတာလုက ခဏမျှစဥ်းစားပြီးမှ ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေခဲ့သည်။
"ငါ့ရဲ့မျိုးနွယ်စုနဲ့ ဆက်သွယ်ဖို့အတွက် ငါ့မှာ မှော်အတတ် တစ်ခု ရှိတယ်"
ဤအခြေအနေအထိ ရောက်လာပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားပြီးနောက် သူ ဘာမှ ဖုံးကွယ်မထားတော့ပေ။
သူ့တွင် ကမ္ဘာခြားဂိတ် အတွင်းရှိ သူ့မျိုးနွယ်စုကို ဆက်သွယ်ရန် နည်းလမ်းရှိသော်လည်း သစ်ပင်မျိုးနွယ်စု မှ အကြီးအကဲအချို့နှင့်သာ ဆက်သွယ်နိုင်ခဲ့သည်။
"ဒါဆို မင်းသူတို့ကို ကောင်းကင်ဝါးမျို ဖားပြုပ် မျိုးနွယ်စုရဲ့ အခြေအနေကို မေးပေးလို့ရမလား"
"ရတာပေါ့.. တကယ်တော့ နတ်ဆိုးမျိုးနွယ်စုတွေက လူသားတွေ ထင်သလောက် မညီညွတ်ကြပါဘူး.. မျိုးနွယ်စုတိုင်းက နယ်မြေနဲ့ အရင်းအမြစ်တွေ အတွက်အချင်းချင်း တိုက်ခိုက်ဖို့အချိန်ပြည့် ကြံစည်နေကြတယ်.. စစ်ပွဲတွေ စတင်ဖို့အတွက် အကြောင်းပြချက် မျိုးစုံကို အဆက်မပြတ် အသုံးပြုကြတယ်"
မစ္စတာလုက သက်ပြင်းတစ်ချက်ချလိုက်သည်။
နတ်ဆိုးလောကသာ အမှန်တကယ် ငြိမ်းချမ်းနေလျှင် သူက လူ့လောကသို့ စွန့်စား၍"အလုပ်"လာလုပ်ရန် လိုအပ်မည် မဟုတ်သလို ဝိညာဥ်ဓားအတုဖြင့်လည်း လှည့်စားခံရမည် မဟုတ်ပေ။
ယင်းက တကယ့်ကို အရှက်ရစရာကြီး ဖြစ်သည်။
မစ္စတာလု ပြောသမျှက သူကြားသိခဲ့ဖူးသော အကြောင်းများဖြစ်၍ အတည်ပြု၍ မရသေးပေ။
နတ်ဆိုးကမ္ဘာကြီး၏ မငြိမ်းချမ်းသော ပြဿနာကို ကျင့်ကြံခြင်းဖိုရမ်တွင် ယခင်က အမည်မသိ သတင်းပေးသူ တစ်ယောက် ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
ဤအချက်အလက်နှင့် ပတ်သက်၍ စီနီယာ အင်မော်တယ်က အမြဲ သံသယ ဖြစ်ခဲ့သည်။
သို့သော် မစ္စတာလု၏ စကားကို နားထောင်ရင်း သတင်းပေးသူ ထုတ်ဖော်ခဲ့သည့် အချက်အလက်များကို ရုတ်တရက် ပြန်အမှတ်ရသွားမိသည်။
ထိုသူက နတ်ဆိုးကမ္ဘာရှိ ထိပ်တန်း မျိုးနွယ်စုနှစ်ခုကြားတွင် ပေါက်ကွဲလုနီးပါး ပြဿနာ ဖြစ်နေပြီဟု ထင်ရှားစွာ ဖော်ပြခဲ့သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းပေးဖို့ မစ္စတာလုကိုပဲ အပူကပ်ရတော့မယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း မစ္စတာလုကို ပြောလိုက်သည်။
"စိတ်ချပါ"
မစ္စတာလုက ခေါင်းညိတ်လိုက်သည်။
"ညီနောင်လင်းနဲ့ ဆွေးနွေးပြီးပြီ.. အခုကစပြီး မစ္စတာလု မင်း ငါနဲ့ လိုက်ခဲ့ရမယ်.. လောလောဆယ်တော့ မင်းကို ရဲစခန်း မပို့ဘူး.. အဲဒီမတိုင်ခင်မှာ မင်းရဲ့ ပြစ်မှုတွေ အတွက် ပေးဆပ်ရဦးမယ်.. ကန့်ကွက်စရာရှိလား"
"မရှိပါဘူး.."
မစ္စတာလု ခေါင်းညိမ့်လိုက်သည်။
သူက မျက်လုံးထောင့်ကနေ ဝမ်လင်းကို လျှို့ဝှက်စွာ ကြည့်ခဲ့သည်။
ဝမ်လင်း၏ မောက်စ် ပစ်ချက်ကို သူပြန်တွေးမိကာ တုန်လှုပ်သွားသည်။
ထိုပစ်ချက်ကြောင့် အစောပိုင်းတွင် ပွဲချင်းပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
"အရင်က စုန့်ချင်းရှုဆိုတဲ့ နာမည်နဲ့ အိမ်ထိန်း တစ်ယောက်ကို ငါ ခေါ်ယူခဲ့တယ်.. သူက ငါ့ရဲ့ ကိစ္စတချို့ကို စီမံခန့်ခွဲဖို့ ကူညီပေးနေတယ်.. မင်းသူ့နောက်ကို လိုက်သွားဖို့ပဲ လိုတယ်.."
"မင်းအနေနဲ့ ဘာမှ ခက်ခက်ခဲခဲ လုပ်ရမှာ မဟုတ်ဘူး.. ဒီအလုပ်က မင်းနဲ့ အရမ်း သင့်တော်တယ်"
"ဘယ်လိုအလုပ်မျိုးလဲ"
မစ္စတာလုက အနည်းငယ် စိုးရိမ်နေသေး၍ မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်
“မကြာသေးမီက ပြည်နယ် အစိုးရကနေ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ကယ်ဆယ်ရေး စခန်းတွေနဲ့ မိဘမဲ့ဂေဟာတွေ အများအပြား ထူထောင်ဖို့အတွက် ပရဟိတ အလှူငွေတွေ အမြောက်အမြား ရင်းနှီးမြှပ်နှံခဲ့တယ်.. ဒါပေမယ့် အဆောက်အဦး အားလုံးက အသစ်ဆောက်ထားတာကြောင့် အနံ့အသက်က ပြင်းထန်လွန်းနေတယ်"
"ဒါကြောင့် မစ္စတာလု အနေနဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားဖို့အတွက် ကူညီပေးနိုင်ပါတယ်"
မစ္စတာလု "............"