← Chapters

ရိုသေလေးစားသမှုဖြင့် ခေါ်ဝေါ်ခြင်း

Vol. 34 Ch. 507

ရိုသေလေးစားသမှုဖြင့် ခေါ်ဝေါ်ခြင်း

Vol. 34 Ch. 507

ဝမ်လင်းက ထိုနေ့ မွန်းလွဲပိုင်းတွင် ကျိုးရီထံ မက်ဆေ့ချ် တစ်စောင်ကို ပေးပို့ခဲ့ရာ ကျိုးရီက ရုံးခန်းမှနေ၍ ဗုံးပစ်စီနီယာအင်မော်တယ်၏ နေအိမ်သို့ အမြန်မောင်းလာခဲ့သည်။

နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အဖြစ်အပျက်ကို အပြည့်အဝ မဖြေရှင်းရသေးသည့် အတွက် ဤစစ်ဆင်ရေး၏ ခေါင်းဆောင် ဖြစ်သော ကျိုးရီသည် သူ၏ ပိတ်ရက်များကို စတေးပြီး ရုံးတွင်နေ၍ အလုပ်လုပ်နေခဲ့ရသည်။

ယခုအခါတွင် ကိစ္စအားလုံး နီးပါးက ပြီးသွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိသည့် အရာမှာ ဥက္ကဌပိုင်ကို ဖမ်းဆီးရန် ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးတွင် ကွန်ယက်များ ဖြန့်ကျက်၍ ပိတ်ဆို့ထားခဲ့သည်။

ဤသည်မှာ ဝိညာဉ်သားရဲများ တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများကို အင်အားပြရန်သာမက နိုင်ငံတော်၏ ဥပဒေများကို လိုက်နာရန်အတွက်လည်း ဖြစ်သည်။

သူတော်စင်သားရဲများ မျိုးသုန်းသွားပြီး နောက်တွင် ဝိညာဉ်သားရဲများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းကို ဆန့်ကျင်သော ဥပဒေများ ရှိခဲ့သည်။

သို့သော်လည်း ယင်းအတွက် ချမှတ်ထားသော ပြစ်ဒဏ်များမှာမူ မပြင်းထန်ခဲ့ပေ။

ထို့ပြင် မကြာသေးမီနှစ်များ အတွင်း ဝိညာဉ်သားရဲများစွာသည် မျိုးသုန်းသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုအခါမှပင် လူသားများသည် ဤပြဿနာကို အာရုံစိုက်လာကြသည်။

ကျိုးရီက ဝမ်လင်းထံမှ နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ ဥက္ကဌပိုင် သတင်းကို ရလျှင်ရချင်း ထခုန်မိမတတ် ဖြစ်သွားသည်။

ကျောင်းပေါင်း100 အထွေထွေ အုပ်ချုပ်ရေးရုံး အတွက်မူ ကျိုးရီရုံးတွင် မရှိသောအခါတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ် ကျုံးလန် ရှိနေ၍ စိုးရိမ်စရာတော့ မရှိပေ။

လမ်းခရီးတွင် ကျိုးရီသည် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။

စင်စစ် သူက ဥက္ကဌပိုင် ကိစ္စထက် သူ၏ဆရာကို ပြန်တွေ့ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

သူက ဝမ်လင်းနှင့် အတူ ရှိစဉ်တွင် ထူးထူးခြားခြား ဘာမှ သင်ယူခဲ့ရခြင်း မရှိသော်လည်း အမှန်တကယ် ပျော်ရွှင်နေခဲ့၏။

သူ့အနေဖြင့် ဆရာသခင် လုပ်သမျှ အချောင်ကြားဝင်ခံရသူ တစ်ယောက် ဖြစ်လာခြင်းကပင် ဂုဏ်ယူစရာ တစ်ခုပင်။

ထို့ပြင် သူ့ဆရာက သူ့ကို စမ်းသပ်မှုတစ်ခု လုပ်နေသည်ဟု လေးနက်စွာ ခံစားခဲ့ရသည်။

ဝမ်လင်းက သူ့ကို အမှန်တကယ် အသိအမှတ်ပြုပြီးပြီဟု ယခုအချိန်ထိ သူမထင်ထားခဲ့ပေ။

ယင်းက ဒဏ္ဍာရီပုံပြင်ထဲကလို ကျားက ကြောင်ကို ဆရာအဖြစ် လက်ခံသောအခါ ကြောင်က သစ်ပင်တက်ရန် သင်ပေးသကဲ့သို့ မဟုတ်ကြောင်း သင်သိထားရမည်။

ကျိုးရီက သူ့ကိုယ်သူ ကျားတစ်ကောင်ဟု မထင်ထားခဲ့ပေ။

ဤတစ်သက်တွင် သူ့အနေဖြင့် သူ့ဆရာ၏အဆင့်ကို ဘယ်သောအခါမှ မရောက်ရှိနိုင်ဟု ခံစားမိသော်လည်း အနည်းဆုံး တစ်ခုခုတော့ သင်ယူနိုင်မည်ဟု တွေးထားခဲ့သည်။

အနည်းဆုံးတော့ သူက ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ပို၍ လိမ္မာပါးနပ်လာသည်ဟု ခံစားခဲ့ရသည်။

ဆိုရလျှင် ထိုအရာအားလုံးသည် သူ့ဆရာ၏ ထက်သန်သော လမ်းညွှန်မှုကြောင့်ပင် ဖြစ်သည်။

သင်ယူခြင်း ဆိုသည်မှာ တဖြည်းဖြည်းချင်း စတင်ရသော လုပ်ငန်းစဉ် ဖြစ်သည်။

အနာဂတ်ကို ကြိုမြင်စပြုလာပြီ ဖြစ်သောကြောင့် ကျိုးရီအနေဖြင့် သူ့ကိုယ်သူ လုံးဝ စိတ်မပူမိပေ။

သူက နာရီဝက်ခန့် အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နေအိမ်သို့ ရောက်လာခဲ့သည်။

လမ်းခရီးတွင် ကျိုးရီက အခြေအနေ အကြမ်းဖျင်းကို ဗုံးပစ်စီနီယာ အင်မော်တယ်အား မေးမြန်းခဲ့သည်။

ထို့ကြောင့် သူက သစ်ပင်မျိုးနွယ်စုမှ မစ္စတာလု၏ အကြောင်းကိုပါ သိရှိသွားခဲ့၏။

အိမ်တံခါးကို ငွေရောင်လေးက လာဖွင့်ပေးခဲ့သည်။

ကျိုးရီက သူ့ဆရာထံမှ ငွေရောင်လေး၏ အကြောင်းကို အသေးစိတ် သိရှိခဲ့ရသည်။

တစ်ချိန်က ဆောင်းဥတုမြို့မှ စုန့်ဟိုင်မြို့သို့ ငွေရောင်လေးကို လျှို့ဝှက်ပို့ဆောင်ရန် ဦးဆောင်ခဲ့သူမှာ ကျိုးရီ ဖြစ်သည်။

သူက ငွေရောင်လေး၏ သားရဲပုံစံကိုသာ မြင်ဖူးပြီး ၎င်း၏ လူသားပုံစံကို ယခုအချိန်မှ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးဆုံသည့်အခါတွင် ကျိုးရီက အနည်းငယ် ရှိန်နေခဲ့သည်။

ဤသည်မှာ ယနေ့ကမ္ဘာပေါ်တွင် နောက်ဆုံး သက်ရှိထင်ရှားရှိသည့် သူတော်စင်သားရဲ ဖြစ်နိုင်သည် မဟုတ်ပါလား။

ငွေရောင်လေးက သူထင်ထားသည်ထက် ပို၍ တက်ကြွရွှင်လန်းနေသည်ဟု သူထင်ခဲ့သည်။

၎င်း၏ လူသားအသွင်က ချောမောလှပလွန်းပြီး ငွေရောင်ဆံပင်နှင့် အလွန်ပင် လိုက်ဖက်နေသည်။

ကျိုးရီ၏ အမြင်တွင် ငွေရောင်လေး၏ အမျိုးသမီးနှင့် တူသော အသွင်အပြင်က တစ်စုံတစ်ရာ ဖြစ်လာရန် အတွက် အလားအလာများစွာ ရှိနေ၏။

“ဆရာကျိုး.. ဆရာလေးလင်းက ဆရာကျိုးကို အထဲမှာ စောင့်နေတယ်”

“ငွေရောင်လေးက ကျိုးရီကို နှုတ်ဆက်ပြီး အထဲသို့ ခေါ်သွားခဲ့သည်။

ထိုအချိန်က သူ့ကို ဆောင်းဥတုမြို့မှ စုန့်ဟိုင်မြို့သို့ ပို့ဆောင်ပေးခဲ့၍ ငွေရောင်လေးက ကျိုးရီကို လေးစားမှုအပြည့် ရှိခဲ့သည်။

သူ့အား ပို့ဆောင်ရန် ကျိုးရီ မည်မျှအလုပ်များခဲ့ရပုံကို သူကိုယ်တိုင် မြင်ဖူးခဲ့သည် မဟုတ်လော။

ထိုထက် ပိုအရေးပါသော အချက်မှာ ကျိုးရီသည် ဆရာလေးလင်း၏ တရားဝင် တပည့်တစ်ဦး ဖြစ်နေခြင်းပင်။

ထို့ကြောင့် ကျိုးရီကို ဆရာကျိုးဟု ခေါ်ခြင်းက လုံးဝပြီးပြည့်စုံသည့် အဓိပ္ပါယ်ဟု ငွေရောင်လေး ထင်ခဲ့သည်။

ငွေရောင်လေးက အစောပိုင်းက သူထိုးဖောက်ခဲ့သော အပေါက်မှတဆင့် ကျိုးရီကို ခေါ်ဆောင်သွားခဲ့သည်။

ထိုအပေါက်ကို မြင်သောအခါတွင် ကျိုးရိက အသက်ရှူကြပ်သွားသလို ခံစားလိုက်ရသည်။

“ဒါကဘာကြီးလဲ”

ငွေရောင်လေးက လက်ကိုယမ်းပြ၍ ဖြေလိုက်သည်။

“ဆရာကျိုး.. ကျေးဇူးပြုပြီးဝင်ပါ.. ဒါက အစိမ်းရောင်လှိုဏ်ခေါင်းပါ”

ကျိုးရီ "……......"

“အစိမ်းရောင်လှိုဏ်ခေါင်းဆိုတာဘာလဲ”

ကျိုးရီ ရောက်ရှိလာပြီးနောက်တွင် မစ္စတာလုသည် သူသိခဲ့သည့် ဥက္ကဌပိုင် အကြောင်းနှင့် သူကိုယ်တိုင် သိရှိခဲ့သည့်လျှို့ဝှက်ချက်များကို စတင်ဝန်ခံခဲ့သည်။

“ပထမဆုံးအနေနဲ့ မစ္စတာလု.. နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ ဥက္ကဌပိုင်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောပြလို့ရမလား”

ဗုံးပစ်စီနီယာအင်မော်တယ်က မှတ်စုစာအုပ်ဖြင့် ရေးမှတ်နေစဉ် ကျိုးရီက မေးခွန်းများမေးရန် တာဝန်ယူထားသည်။

အဘယ်ကြောင့်ဆိုသော် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ရဲစခန်းရှိ ၎င်း၏ သူငယ်ချင်းများထံမှ မှုခင်းစုံစမ်းရေးနှင့်ပတ်သက်ပြီး အတော်အတန် အတွေ့အကြုံ ရှိခဲ့သောကြောင့် ဖြစ်သည်။

ထို့ပြင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေး၏ ကျေးဇူးကြောင့် ၎င်းတို့နှင့် ဆက်ဆံရေးတွင် အတော်လေး ကောင်းမွန်လာခဲ့သည်။

ထို့ပြင် ငွေရောင်လေးတွင် အဆိပ်အတောက် ဖြစ်စေသော လက္ခဏာတစ်ခု ရှိကြောင်း သူတွေ့ရှိခဲ့သည်။

ယင်းမှာ အပြင်ထွက်တိုင်း ရဲစခန်းသို့ သေချာပေါက် ရောက်ရှိခြင်း ဖြစ်၏။

“ငါသူ့ကို ဖော်ထုတ်ချင်တယ်.. ဥက္ကဌပိုင် ကျူးလွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ငါသိသမျှကို ပြောပြပါ့မယ်”

မစ္စတာလုက ကြမ်းပြင်ပေါ်တွင် နာခံစွာထိုင်ရင်း ပြောလိုက်သည်။

“ဥက္ကဌပိုင်ရဲ့ နာမည်အပြည့်အစုံက ပိုင်ကျယ်ပါ.. ဒီလူကအရမ်းအစွမ်းထက်တယ်.. ငါသိသလောက်တော့ ဥက္ကဌပိုင်ရဲ့ အလုံးစုံ တိုက်ခိုက်ရေးအင်အားက ပကတိအင်မော်တယ် အဆင့်လောက်ကို ရှိတယ်.. ဒီထက်ပိုပြီး အရေးပါတာက သူကိုယ်တိုင် ဖန်တီးထားတဲ့ သူ့ကိုယ်သူ ပြန်ကုစားတဲ့ နည်းစနစ်ပဲ.. သူ့ရဲ့ခန္ဓာကိုယ်ကျင့်စဉ်က အနည်းငယ် ထူးခြားတယ်လို့ငါမြင်မိတယ်”

“မိမိကိုယ်ကို ကုစားလို့ရတဲ့ နည်းစနစ်လား”

ဗုံးပစ်စီနီယာ အင်မော်တယ်က တအံ့တဩ ရေရွတ်လိုက်သည်။

“ဟုတ်တယ်.. ငါ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့ဖူးတယ်”

မစ္စတာလုက ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။

"သစ်ပင်မျိုးနွယ်စုရဲ့ ကုသနိုင်စွမ်းက ကောင်းကင်ဘုံကို အံတုနိုင်တယ်လို့ ကျော်ကြားပေမဲ့လည်း ပိုင်ကျယ်ရဲ့ စွမ်းရည်က ဒီထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းတယ်.. ဒဏ်ရာဘယ်လောက်ပဲ ကြီးကြီး မျက်စိတစ်မှိတ် အတွင်းမှာ လုံးဝပျောက်ကင်းအောင် ကုလို့ရတယ်.. ပြောရရင် ငါတို့သစ်ပင်မျိုးနွယ်စုထက် ကုသနိုင်စွမ်းမှာ သာလွန်တဲ့ လူသားတစ်ယောက်အကြောင်းကို ငါအရင်က တစ်ခါမှ မကြားခဲ့ဖူးဘူး.. ဒီထက်ပိုပြီးပြောရရင် ညီနောင် ငွေရောင်လေးက ဒဏ်ရာတွေအပေါ် ကုသနိုင်စွမ်းကို တားမြစ်နိုင်တဲ့ သလိပ်ကို အသုံးချရင်တောင် အဲဒီလူရဲ့ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းကို ခြားနားသွားစေမှာမဟုတ်ဘူး”

မစ္စတာလုက သက်ပြင်းချခဲ့သည်။

“ပိုင်ကျယ်က သူ့ကိုယ်သူ ပြန်လည် ကုသနိုင်စွမ်း ရှိတဲ့အတွက် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ကြောက်စရာဘာမှမရှိခဲ့ဘူး.. ဒါ့အပြင် သူနဲ့အတူ ဆောင်ထားတဲ့ အနက်ရောင်မှော်ထီးကလည်း အတားအဆီးတွေကနေ ချက်ချင်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်တယ်.. ဒါ့အပြင် တစ္ဆေတစ်ကောင်လို သွားလာနိုင်တယ်.. သူ့ကို ဖမ်းမိဖို့ဆိုတာ မလွယ်ဘူး”

“သစ်ပင်မျိုးနွယ်စုထက်တောင် မိမိကိုယ်ကို ကုသနိုင်စွမ်းသာလွန်တဲ့ လူသားကျင့်ကြံသူ တစ်ယောက်လား”

မစ္စတာလု၏ စကားများကို နားထောင်ရင်း ဝမ်လင်းကအနည်းငယ် စိတ်ဝင်စားသွားသည်။

သို့သော်လည်း စိုးရိမ်မှုတော့ မရှိပေ။

ရိုးရှင်းစွာပြောရလျှင် ဥက္ကဌပိုင်သည် သူ့အတွက် လုံလောက်သော ချိန်းခြောက်မှု မဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ကျိုးရီတို့သည်လည်း တူညီသော အတွေးအမြင်များ ရှိကြသည်မှာ သိသာထင်ရှားနေသည်။

၎င်းတို့၏ အမူအရာများက တည်ငြိမ်လွန်းနေ၏။

ထိုအခိုက်တွင် ငွေရောင်လေးသည် ရုတ်တရက် မစ္စတာလု ဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ကျေးဇူးပြု၍ မစ္စတာလုရေ.. ငါမေးချင်တာ တစ်ခုရှိတယ်”

မစ္စတာလု ”ပြောပါ ညီနောင် ငွေရောင်လေး”

ငွေရောင်လေး “ငါတို့ မောက်စ်ကို အတိုင်းအတာယူနစ် အဖြစ်အသုံးပြုမယ်ဆိုရင် ဒီဥက္ကဌပိုင်.. အဲ.. ပိုင်ကျယ်ကို သတ်ဖို့ဆရာလေးလင်း အနေနဲ့ မောက်စ် အရေအတွက် ဘယ်လောက် လိုအပ်မလဲ ဆိုတာ လေးစားစွာမေးပါရစေ”

မစ္စတာလု “…...…..”

All Chapters