ဘယ်လိုထီးလဲ
Vol. 34 Ch. 508
မစ္စတာလုက ဥက္ကဌပိုင်အကြောင်းကို ကောင်းစွာသိသည်။
ဥက္ကဌပိုင်က မိမိကိုယ်ကို ကုသနိုင်စွမ်းရှိသူ ဖြစ်သည်။
ရိုးသားစွာ ဝန်ခံရလျှင် ဝမ်လင်းပင် ဤအချက်ကြောင့် အနည်းငယ် အံ့သြသွားမိသည်။
အဆုံးသတ်တွင်ဝမ်လင်းသည် သူကလွဲ၍ လူသား သို့မဟုတ် နတ်ဆိုးလောကတွင် မိမိကိုယ်ကို ကုသနိုင်စွမ်း၌ သစ်ပင်မျိုးနွယ်၏ မိမိကိုယ်ကို ကုသနိုင်စွမ်းအား ယှဥ်နိုင်သည့် အခြားမည်သူမျှ မရှိသင့်ဟု ခံစားခဲ့ရသည်။
အရေးအကြီးဆုံးမှာ ဝမ်လင်းက သူ့ကို နာကျင်အောင် လုပ်နိုင်သည့်လူ မရှိဟု ခံစားမိသောကြောင့် သူ၏ ပြန်လည်ရှင်သန်နိုင်စွမ်းကို အခုအချိန်အထိ အသုံးပြုဖို့ အခွင့်မသာသေးပေ။
သူ၏ ကမ္ဘာဦးချီတွင် အလွန် အစွမ်းထက်သည့် မိမိကိုယ်ကို ကုသနိုင်စွမ်း ရှိသည်။
သူ့အရေပြား၌ အနည်းငယ်ကွဲလျှင်ပင် အလင်း၏ အရှိန်နှုန်းဖြင့် သက်သာသွားလိမ့်မည် ဖြစ်သည်။
ယခုမူ မိမိကိုယ်ကို ကုသနိုင်သော စွမ်းရည် ရှိသည့် သန်မာသော ပုဂ္ဂိုလ်က ရုတ်တရက် ပေါ်လာခဲ့သည်။
ဝမ်လင်းက တစ်နည်းတစ်ဖုံအားဖြင့် ဤလူသည်လည်း ခေသူ တစ်ယောက် မဟုတ်ကြောင်း ခံစားခဲ့ရသည် ။
ယခု ထောင်ထဲတွင် မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်ချန်ယွီ၊ မိစ္ဆာဓားနတ်ဘုရား ချန်နန်ရွှယ်အပြင် အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့လည်း ရှိသေးသည်။
သူမက တခြားသူတွေလောက် မသန်မာသော်လည်း ဘယ်လိုအခြေအနေမျိုးမှာ မဆို သတ်ဖြတ်နိုင်သည့် လုပ်ကြံရေးသမား တစ်ယောက် ဖြစ်သည်။
အကယ်၍ သူတို့သာ ဥက္ကဌပိုင်ကို ဖမ်းပြီး ထောင်ထဲ ထည့်ထားနိုင်ခဲ့လျှင် အဖွဲ့စာရင်းက ပြီးပြည့်စုံ သွားလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
နှစ်ဝက်အတွင်း သူက ထောင်ထဲသို့ လူအတော်လေး ပို့ပြီးပြီဟု တွေးမိခဲ့သည်။
ထို့ပြင် ၎င်းတို့အားလုံးက ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်သည်။
ဤနှုန်းအတိုင်းသာ ဆက်လက် တိုးတက်နေလျှင် သူ အထက်တန်းကျောင်း ပြီးသည့်အချိန်တွင် စုန့်ဟိုင်ထောင်က ပြည့်ကျပ်သွားလိမ့်မည်ဟု ဝမ်လင်း စိတ်ကူးယဉ်ဆန်စွာ တွေးမိခဲ့သည်။
ယခုက အဖွဲ့လိုက် လူစာရင်းသာ ရှိသော်လည်း သူဘွဲ့ရပြီးချိန်တွင် စစ်တပ်တစ်ခုဖွဲ့ရန် လုံလောက်နေလောက်၏။
ဥက္ကဌပိုင်က အလွန်သန်မာသော်လည်း သူ့ဆရာကို အနိုင်ယူနိုင်မည့် နည်းလမ်းမရှိဟု ကျိုးရီ ခံစားမိသည်။
မစ္စတာလု၏ စကားကိုနားထောင်ပြီးနောက် ကျိုးရီ နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့သည် အတွေးချင်း တူညီခဲ့ကြသည်။
ကျိုးရီက မေးခွန်းများမေးပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က အရာအားလုံးကို မှတ်တမ်းတင်ခဲ့သည်။
ဤသည်က သတင်းပေးသူ အဖြစ် မစ္စတာလု၏ ပထမဆုံး ထွက်ဆိုချက် ဖြစ်ပြီး အနာဂတ်တွင် ၎င်း၏ ပြစ်ဒဏ်ကို လျှော့ချရန် အတွက် အရေးကြီးသော ကိုးကားချက် ဖြစ်သည်။
ဤနှစ်များအတွင်း မစ္စတာလုသည် ဥက္ကဌပိုင်၏ အမိန့်အရ အမှားများစွာ ကျူးလွန်ခဲ့သည်။
ဝိညာဥ်သားရဲများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွင် ဥက္ကဌပိုင်ကို ကူညီပေးခဲ့သောကြောင့် မစ္စတာလုက သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က စုန့်ချင်းရှုနောက်သို့ လိုက်စေ၍ မသန့်စင်သောလေထုကို ဖယ်ရှားပေးရန် တာဝန်ပေးခဲ့သည်။
ပြစ်ဒဏ်မှ လွတ်မြောက်ရန် လမ်းမရှိပေ။
ဖြစ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ပေါ့ပါးသော ပြစ်ဒဏ်ပေးခြင်းသာ ဖြစ်သည်။
နောက်ဆုံးထွက်ရှိထားသော "တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဝိညာဉ်သားရဲများကို သတ်ဖြတ်ခြင်းဆိုင်ရာ ဥပဒေများ" အရဆိုလျှင် အနည်းဆုံး ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်ခံရနိုင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်က မဖြစ်နိုင်သလောက်ပင်။
အကယ်၍ မစ္စတာလုက ဥက္ကဌပိုင်၏ ကြံရာပါတစ်ဦး အဖြစ် ထောင်ဒဏ် ချမှတ်ခံရလျှင် အနှစ်နှစ်ရာတိုင် ထောင်ထဲနေရမည်ဖြစ်သည်။
ငါးနှစ်သည် တိုတောင်းသော ကာလ မဟုတ်သလို ရှည်သည်လည်း မဟုတ်ပေ။
သို့သော်လည်း မစ္စတာလု ကဲ့သို့သော သက်တမ်းရှည်သည့် သစ်ပင်မျိုးနွယ်ဝင် တစ်ဦးအတွက်မူ ခဏတာအတွင်း ကုန်ဆုံးသွားနိုင်ပေသည်။
မစ္စတာလုသာ ထောင်ကျလျှင် ထောင်လေထုကို သန့်စင်အောင် လုပ်ပေးသည်နှင့် ပြစ်ဒဏ်က ထပ်မံ လျှော့ချခံရလိမ့်မည်သာ။
ကျိုးရီက ဗုံးပစ်စီနီယာ အင်မော်တယ် ရေးထားသည့် မှတ်တမ်းကို စိုက်ကြည့်နေသည်။
စီနီယာ အင်မော်တယ်က မစ္စတာလု ပြောသမျှစကားများကို တစ်လုံးတစ်လေပင် ချန်မထားဘဲ မှတ်တမ်းတင်ထားသည်။
ဤသည်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ရေးကို ကျိုးရီ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။
တစ်ဖက်လူ၏ လက်ရေးက အသက်ဝင်လွန်းပြီး အံ့သြသည့် ခံစားချက်ကို ပေးစွမ်းသောကြောင့် ဤလက်ရေးသည် အနည်းငယ် လှပလွန်းသည်ဟု ဆိုရပေမည်။
လူတစ်ဦး၏ လက်ရေးသည် ၎င်းတို့၏ စရိုက်ကို ထင်ဟပ်စေသည်ဟူသော ဆိုရိုးစကား တစ်ခုရှိသည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ရေးက လူအများကို ဗလောင်ဆူစေသည့် ခံစားချက်မျိုး လုံးဝမပေးပေ။
စာလုံးတစ်လုံးစီက လှပသေသပ်ပြီး ခမ်းနားစွာ ပုံနှိပ်ထားသကဲ့သို့ပင်။
ကျိုးရီက ခဏမျှ မှင်တက်နေခဲ့သည်။
သူက မှတ်စုကို ကြည့်ရင်း အဓိက အချက်ကို ရုတ်တရက် သတိပြုမိကာ မစ္စတာလုကို ချက်ချင်း မော့ကြည့်လိုက်သည်။
"မစ္စတာလု.. ဒီအနက်ရောင်မှော်ထီးရဲ့ ရာဇဝင်ကို ပြောပြလို့ ရမလား"
ဤမေးခွန်းကို ကြားလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့၏ အမူအရာက အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နိုင်ငံတိုင်းက ထိပ်တန်း မှော်ရတနာများကို အမြဲလိုလို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
လက်ရှိ မှော်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တွင် ရောင်းချသည့် နေရာလွတ် မှော်ရတနာ အများစုသည် သိုလှောင်အသုံးပြုရန်သာ အသုံးဝင်ပြီး အတားအဆီး နှင့်တွေ့လျှင် တည်နေရာ ချက်ချင်း ရွှေ့ပြောင်းပေးနိုင်လောက်သည် အထိ အစွမ်းမထက်ပေ။
သို့သော် မစ္စတာလု၏ ပြောစကားအရမူ ဤအနက်ရောင် မှော်ထီးတွင် ပုံမှန်မဟုတ်သည့် ဇစ်မြစ်ရှိမှန်း ထင်ရှားနေသည်။
၎င်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်နှင့် အတားအဆီး စွမ်းရည်ကြောင့် ထိုအချိန်က အင်မော်တယ်ကျန်းရွမ် တီထွင်ခဲ့သော ခရမ်းရောင် ရွှေဘူးသီးခြောက်ထက်ပင် ကျော်လွန်သွားပြီဟု ဆိုရမည်။
"ငါ ပိုင်ကျယ် အတွက် ထီးကို ကိုင်ထားပေးတဲ့ အချိန်မှာ အဲဒီထီး ဆီက ထွက်လာတဲ့ စွမ်းအားကို ခံစားဖူးတယ်.. အနည်းဆုံးတော့ အဲဒီထီးက ပထမတန်းစား သူတော်စင် လက်နက် တစ်ခုပဲ"
"ဒီထီးက ကောင်းကင်လက်နက် တစ်ပိုင်းတောင် ဖြစ်နိုင်ချေရှိတယ်"
"ကောင်းကင်လက်နက်တစ်ပိုင်းလား"
အားလုံးက အနည်းငယ် မှင်တက်သွားကြသည်။
ထိုအဆင့်လက်နက်က နိုင်ငံတော်ဘဏ္ဍာနှင့် တန်းတူ ဖြစ်သောကြောင့် ဖြန့်ဝေခြင်းကို လုံးဝ တားမြစ်ထားသည်။
နိုင်ငံတစ်နိုင်ငံ၏ လက်ဝယ်တွင် ကောင်းကင် လက်နက်တစ်ခု သို့မဟုတ် နှစ်ခုရှိလျှင် အာဏာတန်ခိုးထွားလာနိုင်ပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် ခိုင်မာသော အသိအမှတ်ပြုမှုကို ရရှိမည် ဖြစ်သည်။
သို့သော် ကောင်းကင်လက်နက်များသည် ထုတ်လုပ်၍ရသော အရာမျိုးမဟုတ်ပေ။
၎င်းက သဘာဝက ပေါက်ဖွားလာသည့် ထူးခြားသော ထုတ်ကုန်များ ဖြစ်သည်။
လက်ရှိတွင် လူသားများ တီထွင်ဖန်တီးနိုင်သည့် အဆင့်အမြင့်ဆုံး မှော်လက်နက်များသည် ကောင်းကင် လက်နက်များ နှင့် အဆင့်တူ စွမ်းအားရှိသည့် ကမ္ဘာ့ဖီဆန် မှော်လက်နက်များသာ ဖြစ်သည်။
ကောင်းကင်လက်နက်တစ်ပိုင်းသည် ကောင်းကင်လက်နက်လောက် အစွမ်းမထက်သော်လည်း ပထမတန်းစား သူတော်စင်လက်နက်များထက် များစွာပို၍ အားကောင်း၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို ပွတ်သပ်၍ စဥ်းစားခန်းဝင်နေခဲ့သည်။
သူက စာရင်းတွင်ပါရှိသော လက်နက်အားလုံးကို သိသူဖြစ်သည်။
အကယ်၍ ဤအနက်ရောင်ထီးသာ ပထမတန်းစား သူတော်စင် လက်နက် သို့မဟုတ် ကောင်ကင် လက်နက်တစ်ပိုင်း ဖြစ်ရန် နီးစပ်လျှင် ၎င်းက နိုင်ငံတကာစာရင်း၏ တစ်နေရာရာ၌ မှတ်တမ်း မတင်ထားစရာ အကြောင်းမရှိပေ။
"ဒီလူက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ မှော်လက်နက်အမျိုးအစားကို လူမြင်ကွင်းမှာ သုံးရဲတယ်ဆိုတော့ အတော်အတင့်ရဲတာပဲ"
ကျိုးရီက ပြောလိုက်သည်။
"ဆရာ၊ စီနီယာအင်မော်တယ်နဲ့ ငွေရောင်လေးတို့မှာ ဒီထီးနဲ့ပတ်သက်ပြီး ထင်မိတာများရှိလား"
ကျိုးရီက ဘွဲ့ရပြီးကတည်းက အလုပ်ဝင်ခဲ့ရ၍ အတွေ့အကြုံပိုင်းတွင် အကန့်အသတ်ရှိခဲ့သည်။
သူ၏ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်ကလည်း သူ့ဆရာကြောင့်သာ ထင်ရှားလာခြင်း ဖြစ်၏။
သူ့တွင် စီနီယာအင်မော်တယ်လိုမျိုး အတွေ့အကြုံ မရှိသည်မှာ သေချာသလောက်ပင်။
အဆုံးသတ်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ကြီးမားသော ဖိုရမ်တစ်ခုကို တည်ထောင်ထားပြီး နေ့စဉ် နာရီတိုင်း မိနစ်တိုင်းတွင် နောက်ဆုံးထွက် အတင်းအဖျင်းနှင့် သတင်းမျိုးစုံကို လက်ခံရရှိနေသူဖြစ်သည်။
ထို့ကြောင့် သူ့တွင် အတွေ့အကြုံ အများအပြား ရှိမည်မှာ တွေးနေစရာပင် မလိုပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးခဲ့ပြီး နောက်တွင် ရုတ်တရက် အဖြေတစ်ခုကို စဥ်းစားမိခဲ့သည်။
"ဒါက ဝူကျိထီးပဲ"
"ဘယ်လို"
ကျိုးရီက အံ့အားသင့်သွားသည်။
"ဘာကျိလဲ.. 'ရယ်စရာ'လို့အဓိပ္ပါယ်ရတဲ့ ကျိလား"