သူတော်စင်သားရဲများ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် အမှန်တရား
Vol. 34 Ch. 509
"ဒါက ဝူကျိထီး.. 'အမြင့်မြတ်ဆုံး'ဆိုတဲ့ကျိ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ထီးအမည်ကို ပြောလိုက်သောအခါ ကျိုးရီက ချက်ချင်းပင် ဉာဏ်အလင်းရသွားသည်။
ဤထီးက မည်သို့သောထီး ဖြစ်မှန်း သူ မသိသော်လည်း ၎င်း၏အမည်က အနည်းဆုံး ခေါ်လို့ကောင်းသည်ဟု သူခံစားမိသည်။
နာမည်ပိုတိုပြီး ပိုရိုးရှင်းလေ၊ မှော်ရတနာတွေက ပိုအားကောင်းလေလေဟု နာမည်ကြီး မှော်ရတနာ သုတေသန ပညာရှင် တစ်ဦးမှ အွန်လိုင်းပို့စ် တစ်ခုတွင် ထုတ်ဖော်ဖူးသည်ကို သူသတိရမိသည်။
ဤသီအိုရီက အမှန်တကယ် အငြင်းပွားစရာ ဖြစ်သော်လည်းထိပ်တန်း မှော်ရတနာစာရင်းတွင် အဆင့်သတ်မှတ်ခံထားရသော မှော်လက်နက် အများစုသည် အက္ခရာသုံးလုံးထက် မပိုသော အမည်များကို မှည့်ခေါ်ထားကြောင်း သတိပြုမိသောကြောင့် ထိုအဆိုက အဓိပ္ပါယ်ရှိသည်ဟု သူခံစားခဲ့ရသည်။
ထို့အပြင် အက္ခရာနှစ်လုံး ဆိုလျှင် ပို၍ပင် အံ့သြစရာ ကောင်း၏။
ဥပမာ ကျင့်ခယ် ဖြစ်သည်။
"ဝူကျိထီးလား"
မစ္စတာလုက ဤအမည်ကို ကြားသောအခါတွင် အံ့သြသွားသည်။
လူသားကမ္ဘာရှိ မှော်ရတနာများ၏ အဆင့်သတ်မှတ်ချက် စာရင်းကို သူတွေ့ခဲ့ဖူးသည်။
သို့သော် ထိုစာရင်းသည် ကျယ်ပြန့်ပြီး လေးနက်သည်။
မစ္စတာလုက ထိုစာရင်း၏အကြောင်းအရာများကို မမှတ်မိခဲ့ပေ။
တစ်နည်းအားဖြင့် သူက မှတ်ဉာဏ်မကောင်းဟု ဆိုနိုင်သည်။
သို့သော်လည်း သူက မှော်ရတနာများ၏ အမည်များကိုမူ မမေ့လျော့ခဲ့ပေ။
နတ်ဆိုးကမ္ဘာရှိ မှော်ရတနာ အများအပြားသည် အမှန်တကယ်တွင် လူသားကမ္ဘာမှ ဒီဇိုင်းများကို အတုယူထားခြင်း ဖြစ်သည်။
မှော်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသည် နတ်ဆိုးလောကတွင် အလွန် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်သည်။
လူသားကမ္ဘာထဲသို့ ရောက်ရှိနေသည့် နတ်ဆိုးများသည် မူရင်းမှော်ရတနာများကို ဝယ်ယူရန် သို့မဟုတ် မူရင်းဒီဇိုင်းပုံစံအသေးစိတ် ပုံကြမ်းများကို ရယူရန် တတ်နိုင်သမျှ ကြိုးစားကြသည်။
အကြောင်းရင်းမှာ ဤမူရင်းပုံစံကြမ်းများကို နတ်ဆိုးကမ္ဘာတွင် မြင့်မားသောစျေးနှုန်းများဖြင့် ရောင်းချနိုင်သောကြောင့် ဖြစ်သည်။
မစ္စတာလုက အစောပိုင်းတွင် "ကောင်းကင်လမ်းလျှောက်သူဓား" အတုကို အစစ်အမှန်ဖြစ်သည်ဟု ယူဆထားခဲ့သည်။
သူက ၎င်းကို နတ်ဆိုးကမ္ဘာသို့ ယူဆောင်၍ တိုက်ရိုက် ရောင်းချရန် ရည်ရွယ်ခဲ့သည်။
အကယ်၍ ထိုဓားသာ ဓားအစစ်ဖြစ်ခဲ့လျှင် ၎င်းကို တန်ဖိုးအနည်းဆုံး နှစ်ဆ သို့မဟုတ် သုံးဆဖြင့် နတ်ဆိုးကမ္ဘာရှိ မှော်ရတနာ အေဂျင်စီတွငိ ရောင်းချနိုင်မည် ဖြစ်သည်။
မစ္စတာလုက ခေါင်းခါယမ်းလိုက်သည်။
"ဒီမှော်ရတနာ နာမည်ကို လူသားကမ္ဘာမှာ တစ်ခါမှ မကြားဖူးဘူး"
ငွေရောင်လေးက သူ့ဖုန်းတွင် ရှာဖွေနေပြီ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ကျော်ကြားသော မှော်ရတနာများအားလုံးကို မှတ်တမ်းတင်ထားသည့် "မှော်ရတနာ စာကြည့်တိုက်" ဟုခေါ်သော အက်ပ်တစ်ခု ရှိသည်။
ထိုအက်ပ်ထဲတွင် မှော်ရတနာများကို အမျိုးအစား အလိုက် အဆင့်သတ်မှတ်ထားပြီး အချိန်တိုင်းအတွက် အဆင့်သတ်မှတ် ဇယားလည်း ရှိသည်။
စာကြည့်တိုက်တွင် မှော်ရတနာတစ်ခုစီ၏ မူလအစ၊ အဆင့်နှင့် ထုတ်လုပ်သူအား ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် တိကျသောအချက်အလက်များ မရှိခဲ့ပေ။
ဤအက်ပ်သည် မှော်ရတနာများ၏ မှတ်တမ်းများနှင့် အဆင့်များကို စာရင်းပြုစုရန်အတွက်သာ ဖြစ်သည်။
ငွေရောင်လေးက 'ဝူကျိထီး'ဟု ရိုက်ရှာလိုက်သော်လည်း အဆုံးသတ်တွင် မှော်ရတနာ စာကြည့်တိုက်၌ သက်ဆိုင်ရာ မှတ်တမ်း ရှိမနေသည်ကို တွေ့ရှိခဲ့သည်။
"ဘာမှရှာမတွေ့ဘူး"
ငွေရောင်လေးက ပြောလိုက်သည်။
"ကြည့်ရတာ ပို့စ်တင်ပြီး သတင်းပေးသူက စနောက်ပြီး တင်လိုက်တာဖြစ်မယ်"
ယခုအခါတွင် သူတို့က ဗုံးပစ်စီနီယာ အင်မော်တယ် ပြောခဲ့ဖူးသည့် ကျင့်ကြံခြင်း ဖိုရမ်မှ လျှို့ဝှက်ဆန်းကြယ်သော သတင်းပေးသူ ထံသို့ ပြန်လှည့်လာသည်။
ထိုပို့စ်တွင် သတင်းပေးသူသည် နတ်ဆိုးကမ္ဘာ မငြိမ်းချမ်းကြောင်းနှင့် စစ်ပွဲ ဖြစ်လာတော့မည်ဟု အလေးအနက်ထားပြီး သတိပေးခဲ့သည်။
တကယ်တမ်းတွင် ဤသတင်းပေးသူသည် တခြားအရာအချို့ကိုပါ ထုတ်ဖော်ခဲ့သည်။
ဥပမာအားဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ထိုလူ၏ပို့စ်တွင် ဝူကျိထီး နှင့် ပတ်သက်သည့် တစ်ခုခုကို မြင်ဖူးခဲ့သည်။
သို့သော် ဤလျှို့ဝှက်ဆန်းကြယ် သတင်းပေးသူသည် ပို့စ်တင်ပြီး သိပ်မကြာခင်မှာပဲ လူအများ၏ မေးခွန်းထုတ်ခြင်းကိုခံရသဖြင့် ပို့စ်ကို ဖျက်ပစ်ခဲ့သည်။
သို့သော် ဖိုရမ်၏ အမြင့်ဆုံး စီမံခန့်ခွဲသူ အနေဖြင့် စီနီယာအင်မော်တယ်၏ လုပ်ပိုင်ခွင့်သည် အလွန်များသည်။
ဆိုရလျှင် သူက ဖျက်ပစ်လိုက်သော ပို့စ်များကို ပြန်လည်ကြည့်ရှုနိုင်၏။
ဗုံးပစ်စီနီယာအင်မော်တယ်က သတင်းပေးသူ ဖျက်ပစ်လိုက်သော ပို့စ်ကို အလျင်အမြန် ရှာဖွေခဲ့သည်။
သူက ဝူကျိထီး၏ ပုံကို တွေ့သည်အထိ လှန်လှော ရှာလိုက်သည်။
"မစ္စတာလု ဒီမှာတစ်ချက်ကြည့်.. ဒါက ဝူကျိထီး မဟုတ်လား"
မစ္စတာလု အလွန် စိတ်လှုပ်ရှားနေသည်။
"ဟုတ်တယ်.. ဒီထီးပဲ"
"သတင်းပေးသူက ဘယ်သူလဲ"
ဝမ်လင်းကမျက်ခုံးပင့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
“ပို့စ်တင်တဲ့သူက အမည်ကို လုံးဝ မဖော်ပြထားဘူး.. IP လိပ်စာ အတုတွေလည်း သုံးထားပုံရတယ်"
"သူတော်စင်သားရဲတွေ မျိုးသုန်းသွားတာက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းနဲ့ ပတ်သက်နေတယ်လို့ ဒီလူ ပြောခဲ့ဖူးတယ်.. အဲဒီအချိန်က ဒီလူပေါက်ကရတွေ ပြောနေတယ်လို့ထင်ခဲ့တာ.. အခုမှဒီလူက သိုသိုသိပ်သိပ်နေတဲ့ ဆရာသခင် တစ်ယောက်မှန်း သိရတော့တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
"သူ့ကို စစ်ဆေးကြည့်ဖို့ ဘလက်လေးကို ငါတောင်းဆိုခဲ့ဖူးတယ်.. ဒါပေမယ့် သူဘယ်သူလဲဆိုတာ လုံးဝ ထောက်လှမ်းလို့ မရခဲ့ဘူး"
ငွေရောင်လေး "ဒီထီးရဲ့ မူလဇစ်မြစ်က ဘာလဲ"
"ကောင်းကင် လက်နက်နဲ့ ကောင်းကင်လက်နက် တစ်ပိုင်း အဆင့်တွေက သဘာဝကနေပဲ ပေါက်ဖွားလာတယ်.. ထုတ်လုပ်လို့မရနိုင်ဘူး.. သတင်းပေးချက် အရတော့ ဝူကျိထီးက လူသားတွေ လုပ်ထားတဲ့ ကမ္ဘာ့ဖီဆန် မှော်လက်နက်လို့ သိရတယ်"
ထိုစကားကို ပြောပြီးနောက် သူ့မျက်နှာက သိသိသာသာ မည်းမှောင်သွားသည်။
"ဒါ့အပြင် ဒီထီးကို သူတော်စင်သားရဲရဲ့ အရေခွံ အမျိုးအစား လေးဆယ့်ကိုးမျိုးနဲ့ ပြုလုပ်ထားတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး စိတ်မကောင်းဖြစ်မည် စိုး၍ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့ခြင်း ဖြစ်သည်။
သတင်းပေးသူ မူလပြောခဲ့သည့်အတိုင်းဆိုလျှင် ဤထီးကို ပြုလုပ်ရန် သူတော်စင်သားရဲများအား ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပုံများပင် ပါဝင်သည်။
ဤစကားကို ကြားသောအခါ ငွေရောင်လေးက အေးခဲသွားသည်။
သူတော်စင် သားရဲများ မျိုးသုဉ်းသွားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက်က ကမ္ဘာ့ဖီဆန် မှော်လက်နက် တစ်ခု ပြုလုပ်ရန် သူတော်စင်သားရဲ လေးဆယ့်ကိုးကောင်၏ အရေခွံများကို အသုံးချကာ ပြုလုပ်ခဲ့သည်။
အမျိုးအစား မတူညီသော သူတော်စင် သားရဲ လေးဆယ့်ကိုးကောင်၏ အရေခွံများ..
သူတော်စင် သားရဲများ ထွန်းကားသော ကာလမှာပင် မျိုးနွယ်စု ငါးဆယ်မျှသာ ရှိသည်။
သို့သော် ဤလူက အရေခွံ လေးဆယ့်ကိုးမျိုးကို အမှန်တကယ် စုဆောင်းထားခဲ့သည်။
"............"
ပတ်ဝန်းကျင်မှ လူများက အံ့သြသွားသည်။
စောစောက မစ္စတာလု၏ လက်တွင် ပူစပ်စပ် အနံ့ကို ရသည်မှာ အံ့သြစရာ မရှိပေ။
ဤသည်မှာ မစ္စတာလုက အနက်ရောင်ထီးကို ကိုင်မိသောကြောင့် ဖြစ်သည်။
ဤထီးတွင် ထိုအချိန်က ပူစပ်စပ် ဟော့ပေါ့ စွပ်ပြုတ်အဖြစ် ပြောင်းလဲသွားသော ခွေးသူတော်စင်၏ အရေပြားလည်း ပါ၀င်နေသည်မှာ ထင်ရှားသည်။
ငွေရောင်လေး၏ အမူအရာကို သတိပြုမိပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က ထိန်ချန် မထားရန် ဆုံးဖြတ်လိုက်သည်။
ဤအချိန်တွင် အချက်အလက် မျှဝေရန်မှာ အရေးကြီးသည် မဟုတ်ပါလား။
"သတင်းပေးချက်အရ ဝူကျိထီးက တကယ်တော့ မပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုပဲ.. ထီးက လုံးလုံးလျားလျား ပြီးဖို့အတွက် သူတော်စင် သားရဲတစ်ကောင်ရဲ့ အရေပြား လိုအပ်နေတယ်.."
ထိုစကားကိုကြားလျှင် ကျိုးရီက အံကြိတ်လိုက်ပြီး စားပွဲကိုလက်ဖြင့် ဒေါသတကြီး ဆောင့်ချလိုက်သည်။
"ဘယ်လို အရူးထတဲ့ ဖန်တီးမှုလဲ"
မှော်ရတနာများ၏ အဆင့် သတ်မှတ်ချက် စာရင်းတွင် ဤမှော်ရတနာ၏ မှတ်တမ်းမရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။
၎င်းက တရားမဝင် မှော်ရတနာတစ်ခု သာမက ယုတ်မာမှုများနှင့် ပြည့်နှက်နေသည်။
"လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် ဒီဝူကျိထီးကို ဖန်တီးခဲ့သူက ဥက္ကဌပိုင် ဖြစ်နိုင်တယ်.. သူကိုယ်တိုင် မဖန်တီးဘဲ တခြားသူဆီက ငှားထားတယ် ဆိုရင်တောင် ဒါက တော်တော်ကို ကြောက်ဖို့ကောင်းတဲ့ လုပ်ရပ်ဖြစ်နေပြီ"
ဗုံးပစ်စီနီယာအင်မော်တယ် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် ငါ့ကို စိတ်ရှုပ်စေတဲ့ အရာတစ်ခုတော့ ရှိတယ်.. သူတော်စင် သားရဲတွေ မျိုးသုဉ်းသွားတာ အချိန်အတော်ကြာခဲ့ပြီ.. ဒီ အရေခွံ အများအပြားကို သူဘယ်လို စုဆောင်းနိုင်ခဲ့တာလဲ"
"အဲဒီအတွက် အဖြေက အရမ်းရိုးရှင်းပါတယ်"
ထိုအချိန်တွင် မစ္စတာလုက ရုတ်တရက် ဝင်ပြောလိုက်သည်။
"တကယ်တော့ နောက်ထပ် အရေးကြီးတဲ့ အချက်အလက် တစ်ခုရှိသေးတယ်... သူ့အတွက် ငါအလုပ်လုပ်တုန်းက သူတော်စင် သားရဲတွေ မျိုးသုဉ်းသွားတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုကို အမှတ်တမဲ့ သိခဲ့ရတယ်"
"တကယ်တော့ အဲဒီအချိန်က သူတော်စင် သားရဲတွေကို သတ်ဖြတ်ဖို့ ကောလဟလ ဖန်တီးခဲ့သူက သူကိုယ်တိုင်ပဲ"