← Chapters

လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(ခ)

Vol. 59 Ch. 913

လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(ခ)

Vol. 59 Ch. 913

သူတို့၏ အရှေ့တွင် အလွန်ကြီးမားသော ရာဇပလ္လင်တစ်ခု ရှိသည်။ ပလ္လင်ပေါ်တွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော သရဖူတစ်ခုမှလွဲ၍ တခြားမရှိပေ။

ယင်းက ရိုးရှင်းသော်လည်း လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

နင်ယန်သည် အရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူက ရာဇပလ္လင်ကို သေချာမြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ အုပ်ချုပ်သူဆယ့်နှစ်ယောက်က ပေပေါင်း(၉၉၀) ရှည်လျားကြတယ်… သူတို့အလေးပြုတဲ့ ပလ္လင်က ပေ(၁၀၀၀) ရှည်လျားတယ်… ဒါက မဟာဧကရာဇ်တစ်ပါးရဲ့ အသွင်လက္ခဏာပဲ ”

ဝူကျန်းဝူသည် ထိုအကြောင်းများကို နားမလည်ပေ။ သို့သော်လည်း ယင်းက အလွန်ခမ်းနားထည်ဝါသည်ဟု သူခံစားမိသည်။ သူက ခေါင်းဆောင်ကို စူးစမ်းလိုစွာ လှည့်ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း နှလုံးခုန်မြန်လာသည်။

လှိုင်ဂူ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်၏ ယခင်ဘဝသည် မည်သို့မှ သာမန်မဖြစ်နိုင်ပေ။ လင်းအာ၏ မျက်လုံးသည်ပင် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာသည်။

လူတိုင်း၏ အကြည့်ကို အာရုံခံမိသောအခါ ခေါင်းဆောင်သည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

ထိုအသံထဲမှာ အတိတ်ကို လွမ်းဆွေးသတိရခြင်းဖြင့် ပြည့်နှက်နေပြီး လှိုင်ဂူအတွင်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ အသံက လေထဲမှာ ရစ်ဝဲနေစဉ် သူက ခြေထောက်ကို ကြွလိုက်ပြီး အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။

အားလုံး၏ အကြည့်အောက်မှာ ခေါင်းဆောင်သည် အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုအခိုက်အတန့်မှာ ကြီးထွားလာသည်။ သူက ပေတစ်ထောင်အရွယ်အစားသို့ ရောက်ရှိသွားသောအခါ ရာဇပလ္လင်ပေါ်မှာ ထိုင်ချလိုက်ပြီး မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်သည်။

ထိုသို့အမြင့်၊ ထိုသို့အကြည့်နှင့် အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် ခေါင်းဆောင်သည် ရာဇပလ္လင်ပေါ်သို့ ပြန်ရောက်လာသော ဧကရာဇ်တစ်ပါးနှယ် တူညီသည်။

ဝူကျန်းဝူသည် အလိုအလျောက် တုန်ယင်လာပြီး ဦးညွတ်ရန် ခေါင်းငုံ့လိုက်သည်။ နင်ယန်သည်လည်း သူ၏ ခြေထောက်နှစ်ချောင်းက ပျော့ခွေလာနေသည်ဟု ခံစားမိသွားသည်။

ရွှီချင်းတစ်ယောက်တည်းသာ သူ၏ နှလုံးသားထဲမှ လှိုင်းဂယက်များကို ဖိနှိပ်လိုက်ပြီး ဇဝေဇဝါဖြစ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်နှင့် ဧရာမလူသားပုံစံသို့ ပြောင်းလဲထားသော ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ စီနီယာအကိုကြီး… ဒီနေရာက အတုယောင်မဟုတ်လား ”

ရွှီချင်းက စကားပြောလိုက်သည့်အခါ နင်ယန်နှင့် ဝူကျန်းဝူသည် မျက်လုံးပြူးကျယ်သွားကြသည်။ ခေါင်းဆောင်သည်တော့ ဂုဏ်သိက္ခာကြီးမြတ်သော ဟန်ပန်အမူအရာဖြင့် ရွှီချင်းကို ဆက်ပြီး စိုက်ကြည့်နေသည်။

ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ၏ ညာဘက်မှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သူက အမူအရာကင်းမဲ့စွာဖြင့် ပြောသည်။

“ စီနီယာအကိုကြီး… နောက်ပြောင်တာ တော်ပါတော့ ”

ရွှီချင်း၏ စကားသံဆုံးသွားသောအခါ သူကြည့်နေသော နေရာထံမှ ရယ်မောသံ ပျံ့လွင့်လာသည်။ ထို့နောက် ခေါင်းဆောင်၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

နင်ယန်နှင့် ဝူကျန်းဝူသည် ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ပလ္လင်ပေါ်မှာ ထိုင်နေသည့် ဧရာမပုံရိပ်ကို ကြည့်လိုက်ကြသည်။ ထိုအခါ ပလ္လင်ပေါ်မှာ ထိုင်နေသော တစ်ယောက်သည် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ကြောင်း သူတို့နားလည်သွားကြသည်။ ခေါင်းဆောင်သည် ဤနေရာသို့ ရောက်လာပြီးနောက် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ခေါင်းဆောင်သည် နင်ယန်နှင့် ဝူကျန်းဝူ၏ အမူအရာကို လျစ်လျူရှုထားသည်။ သူက ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ဟား ဟား ဂျူနီယာညီလေး… မင်းက ငါ့အပေါ် အနားလည်ဆုံးသူပဲ… ဟုတ်တယ် ဒီနေရာက ဂူသင်္ချိုင်းဖောက်သူတွေကို တားဆီးမယ့်နေရာပဲ… ဂူသင်္ချိုင်းကို ဖွင့်လှစ်ဖို့ နည်းလမ်းက အရမ်းရှုပ်ထွေးပြီး အဲ့ဒါကို ငါတစ်ယောက်တည်းပဲ သိတယ်ဆိုပေမယ့် မတော်တဆဖြစ်ရပ်တွေကို တားဆီးဖို့အတွက် ငါက ဒီနေရာကို အထူးတည်ဆောက်ထားခဲ့တာ ”

“ ဒါမှပဲ တကယ်လို့ ဂူသင်္ချိုင်းဖောက်သူတွေ အထဲရောက်လာမယ်ဆိုရင် ဒီနေရာမှာ လှည့်စားခံရပြီး သေဆုံးသွားကြလိမ့်မယ် ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ငါတစ်ဘဝလုံးမှာ ဂူသင်္ချိုင်းဖောက်တာနဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို လုပ်ခဲ့ဖူးတယ်… ဒါကြောင့် ဒင်းတို့အကြောင်းကို ငါကောင်းကောင်းသိတယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ခေါင်းဆောင်၏ လုပ်ပုံကိုင်ပုံနှင့် ကိုက်ညီသည်။

“ သွားကြရအောင်… လှိုင်ဂူထဲမှာ ဒီလိုနေရာမျိုး ရှစ်ခုထက်မနည်း ရှိသေးတယ်… အဲ့ဒါတွေက ဂူသင်္ချိုင်းဖောက်သူတွေကို တားဆီးဖို့ ငါပြင်ဆင်ထားတဲ့အရာတွေပဲ ”

ခေါင်းဆောင်သည် ဉာဏ်များသော မျက်နှာဖြင့် အရှေ့သို့ လျှောက်သွားသည်။ သူက ရွှီချင်းနှင့် တခြားလူများကို ပလ္လင်ဆီသို့ ခေါ်ဆောင်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ်ကို ထွီးခနဲ ထွေးချလိုက်သည်။ ထိုအခါ ပလ္လင်သည် ပျောက်ကွယ်သွားပြီး ထိုနေရာမှာ ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ သူက ထိုဝဲကတော့ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။

ထိုသို့ဖြင့် သူတို့သည် ဆက်လက်ခရီးဆက်ကြပြီး ခေါင်းဆောင်ပြောခဲ့သော နေရာခြောက်နေရာကို ဖြတ်ကျော်ခဲ့ကြသည်။ နေရာတစ်နေရာစီသည် တကယ့်အစစ်အမှန်အလား ယုတ္တိဆန်ပြီး ပြီးခဲ့သော နေရာထက် နောက်တစ်နေရာက ပိုပြီးထူးခြားဆန်းကြယ်သည်။ အထူးသဖြင့် ဆဌမမြောက်နေရာတွင် တိမ်တိုက်များက သူတို့၏ ဘေးပတ်ပတ်လည်၌ အမှန်တကယ် လွင့်မျောနေသည်ဟု ခံစားရစေသည်။ နင်ယန်သည် ထိုတိမ်တိုက်များထဲမှ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ဤနေရာက အတုအယောင်ဖြစ်ကြောင်း သူသိထားသည့်တိုင် နောက်တစ်ကြိမ် အံ့ဩမှင်သက်သွားရသည်။

ဤသည်မှာ ရှေးဘုရင်တစ်ပါး၏ အသွင်လက္ခဏာဖြစ်သည်။

ဆဌမမြောက် အတုအယောင်ကုန်းမြေထဲတွင် ခေါင်းဆောင်သည် တိမ်မီးခိုးတစ်ခုကို ဆွဲယူလိုက်ပြီး ယင်းအပေါ်သို့ သွေးအန်ချလိုက်သည်။ နောက်ဆုံးမှာတော့ တိမ်မီးခိုးသည် အလွန်ကြီးမားသော မြူခိုးဂိတ်တံခါးတစ်ခုသို့ ပြောင်းလဲသွားသည်။

“ ပုံမှန်ဆိုရင် ဂူသင်္ချိုင်းဖောက်သူတွေက ဒီနေရာထိ ရောက်လာကြပြီး ပုံရိပ်ယောင်စည်းချအစီအရင်ကို ချိုးဖောက်ပြီးတဲ့အခါ နောက်ထပ်ဒီလိုနေရာတွေ အများကြီး ဆက်ရှိနေလိမ့်မယ်လို့ သူတို့က ထင်ကြလိမ့်မယ်… ဒါကြောင့် ငါက သူတို့အထင်နဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် ဒီနေရာမှာ အစစ်အမှန်လမ်းကြောင်းကို ဝှက်ထားခဲ့တယ် ”

“ ဒီဂိတ်တံခါးကို ဖွင့်လိုက်မယ်ဆိုရင် ငါ့အရင်ဘဝက နန်းဆောင်ရဲ့ ပထမအလွှာကို ရောက်သွားလိမ့်မယ် ”

ခေါင်းဆောင်သည် ဂိတ်တံခါး၏ အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ပြောသည်။ သူ၏ ယခုပုံစံသည် မောက်မာထောင်လွှားသော ဒေါင်းငှက်တစ်ကောင်နှင့် ဆင်တူသည်။

ဝူကျန်းဝူသည် လမ်းတစ်လျှောက်တွင် လုံးလုံးဆွံ့အနေသည်။ ခေါင်းဆောင်သည် ဂူသင်္ချိုင်းဖောက်သူများကို တားဆီးရန် ပုံရိပ်ယောင်ဂူသင်္ချိုင်းအစီအရင်များစွာကို ခင်းကျင်းထားသည်။ သို့ဖြစ်၍ အစစ်အမှန်ဂူသင်္ချိုင်းသည် ပိုပြီးကြီးကျယ်ခမ်းနားလိမ့်မည်ဟု သူခံစားမိသည်။

သို့သော်လည်း နင်ယန်သည်တော့ ထိုကိစ္စကို အာရုံမထားချေ။ သူက ခေါင်းဆောင်ကို စူးစမ်းချင်သော အမူအရာဖြင့် မေးလိုက်သည်။

“ ပုံရိပ်ယောင်ဂူသင်္ချိုင်းက နောက်ထပ်နှစ်ခု ကျန်သေးတယ်မဟုတ်လား… အဲ့ဒီနေရာတွေမှာရော ဘယ်လိုအသွင်ပုံစံမျိုးရှိလဲ ”

ခေါင်းဆောင်သည် မည်သည့်စကားမှ ပြန်မပြောဘဲ ပြုံးလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ အထီးကျန်နေမင်းမျိုးနွယ်၏ နေလုံးသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး မြူခိုးဂိတ်တံခါးပေါ်သို့ အလင်းရောင်ထွန်းလင်းပေးလိုက်သည်။

နေလုံးသည် စုစုပေါင်း ကိုးကြိမ်တိုင်အောင် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

နေလုံးက ကိုးကြိမ်လင်းလက်ပြီးသွားသောအခါ မြူခိုးဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။

“ အိမ်ကိုပြန်ရောက်ပြီ… ဟူး… ငါ့အိမ်ကို မရောက်ဖြစ်တာ အတော်ကြာသွားခဲ့ပြီ… ငါ့အိမ်ကို အရမ်းလွမ်းတာပဲ ”

ခေါင်းဆောင်သည် ရွှီချင်းနှင့် တခြားလူများက သူ၏ ကြွယ်ဝပိုင်ဆိုင်မှုကို မြင်ပြီးနောက် ထိတ်လန့်ဆွံ့အသွားကြမည့်ပုံစံကို ကြိုတင်စိတ်ကူးယဉ်ပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ သူက တည်ငြိမ်ချင်ဟန် ဆောင်လိုက်ပြီး လက်ကိုမြှောက်လိုက်ကာ ဖိတ်ခေါ်သည့် ဟန်အမူအရာကို ထုတ်ဖော်လိုက်သည်။

ရွှီချင်းသည် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးသွားပြီး နင်ယန်နှင့် ဝူကျန်းဝူက သူ့အနောက်မှ အမြန်လိုက်လာကြသည်။ သူတို့အားလုံး အထဲသို့ ဝင်ရောက်သွားပြီးနောက် ခေါင်းဆောင်သည် လိုက်ဝင်သွားသည်။

သူတို့အားလုံး အထဲသို့ရောက်ရှိသွားကြသည့်အခါ အလွန်ကြီးမားသော လှိုင်ဂူဗိမာန်တစ်ခုသည် သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ဒါက… ဟမ် ”

ခေါင်းဆောင်သည် ရပ်တန့်သွားပြီး ဘေးဘီသို့ ကြည့်လိုက်သည်။ သူက တစ်ခဏကြာ ဆွံ့အသွားသည်။

လှိုင်ဂူဗိမာန်တစ်ခုလုံးက ဟာလာဟင်းလင်းဖြစ်နေသည်။

ထိုနေရာတွင် ရာဇပလ္လင်ပင် မရှိပေ။ နေရာသည် သန့်ရှင်းသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဂူအတွင်းနှင့်အပြင်ကို သန့်ရှင်းရေးလုပ်ထားသည့်အလားပင်။ ထောင့်နေရာများတွင်ပင် ဘာမှမရှိပေ။

ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာရှိသည်။ နင်ယန်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဝူကျန်းဝူသည် မျက်ခုံးပင့်တင်လိုက်သည်။

လင်းအာသည် ရွှီချင်းကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ ဒီနေရာက အရမ်းသန့်ရှင်းတာပဲ ”

ခေါင်းဆောင်သည် အမြန်ခေါင်းလှည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ပိုပြီးစစ်ဆေးကြည့်လေ ပိုပြီးထိတ်လန့်လာလေ ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူခံစားမိသွားသည်။ သို့သော်လည်း အပြင်ပန်းမှာတော့ သူက တည်ငြိမ်နေဆဲပင်။

“ တကယ်တော့ ပထမအလွှာမှာ ရတနာအများကြီး မရှိပါဘူး… နှစ်တွေကလည်း အတော်ကြာခဲ့ပြီမဟုတ်လား… အဲ့တော့ လေဒဏ်မိုးဒဏ်ကြောင့် ပျောက်ဆုံးသွားတာက ပုံမှန်ပါပဲ ”

“ ငါ့ရဲ့ ပစ္စည်းကောင်းတွေအားလုံးကို ဒုတိယအလွှာမှာ သိမ်းဆည်းထားတယ်… အတိတ်တုန်းက ငါက အဲ့ဒီပစ္စည်းတွေကို အထူးစီစဉ်ထားခဲ့တာ ”

All Chapters