လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(ဂ)
Vol. 59 Ch. 914
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ခြေလှမ်းအနည်းငယ် အမြန်လျှောက်လိုက်ပြီး လှိုင်ဂူ၏ နံရံအရှေ့သို့ ရောက်ရှိသွားသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေရာ နံရံသည် ချက်ချင်း ဝုန်းခနဲ မြည်ဟိန်းလာပြီး ပုံရိပ်ယောင်ကျောက်တုံးတံခါးတစ်ချပ် ထွက်ပေါ်လာသည်။
ကျောက်တုံးတံခါးက အလုပ်ဖြစ်သေးသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လျှာဖြင့် လျက်လိုက်သည်။ သူက သူ၏ လက်ဝါးတစ်ပြင်လုံးကို တံတွေးဖြင့် ပေကျံစေသည်။ ထိုသို့လုပ်ဆောင်နေစဉ် သူက ရွှီချင်းကို ရှင်းပြရန် လုံးဝမမေ့ပေ။
“ ဒီတံခါးကို ဖွင့်ဖို့ဆိုရင် ငါ့ရဲ့တံတွေးနဲ့ လက်ဝါးရာကို လိုအပ်တယ်… ဒါမရှိဘဲ ဘယ်သူမှဖွင့်လို့မရဘူး ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် သူ၏ လက်ကို တံခါးပေါ်သို့ တင်လိုက်ပြီး ဖိချလိုက်သည်။
“ ပွင့်စမ်း ”
တံခါးသည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သို့သော်လည်း တံခါးသည် မရပ်တန့်သွားမီ အကြိမ်ရေအနည်းငယ်မျှသာ လှုပ်ခါသွားခဲ့သည်။
ရွှီချင်းသည် မျက်တောင်ခတ်လိုက်ပြီး လင်းအာနှင့်အတူ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း အရှေ့သို့ ကြည့်လိုက်ကြသည်။
ခေါင်းဆောင်သည် အံ့ဩသွားသည်။ သူက ညာလက်ကို ပြန်ရုပ်လိုက်ပြီး ဘယ်လက်ကို ရိုးရှင်းစွာ ပြောင်းလဲလိုက်သည်။ သူက လက်အပေါ်ကို ယခင်တစ်ခေါက်ထက် ပိုမိုများပြားစွာ တံတွေးစွတ်လိုက်ပြီး တံခါးအပေါ်သို့ နောက်တစ်ကြိမ် ဖိချလိုက်သည်။
ကျောက်တုံးတံခါးသည် အစောနကထက် ပိုပြီးပြင်းထန်စွာ တုန်ယင်လာသော်လည်း အဆုံးမှာ မပွင့်သွားခဲ့ပေ။
ခေါင်းဆောင်၏ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်လာသည်။ လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်နေကြောင်း အာရုံခံမိသွားသောအခါ သူက ချောင်းဟန့်လိုက်သည်။
“ နှစ်တွေအတော်ကြာခဲ့ပြီမဟုတ်လား… အဲ့တော့ ပြဿနာအသေးလေးရှိတာ မထူးဆန်းပါဘူး… ကိစ္စမရှိဘူး… ငါ့မှာ အရံအစီအစဉ်တစ်ခု ရှိသေးတယ် ”
စကားပြောပြီးနောက် ခေါင်းဆောင်သည် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး သူ၏ ခွန်အားအကုန်ကို အသုံးပြု၍ ဖိချလိုက်သည်။ တံခါးသည် ယခင်တစ်ခေါက်ထက် ပိုပြီးပြင်းထန်စွာ တုန်ခါလာသော်လည်း ပွင့်သွားမည့်အရိပ်အယောင် မပြသေးပေ။
ခေါင်းဆောင်သည် တံခါးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူ၏ လျှာထိပ်ဖျားကို တိုက်ရိုက် ကိုက်လိုက်သည်။ သူက ပါးစပ်အပြည့်သွေးကို တံခါးပေါ်သို့ ထွေးချလိုက်သည်။
ခေါင်းဆောင်၏ သွေးသည် တံခါးကို ရူးသွပ်စွာ တုန်ခါသွားစေသော်လည်း နောက်ဆုံးမှာ တံခါးသည် မပွင့်သွားခဲ့ချေ။
ရွှီချင်း၏ မျက်လုံးသည် အရောင်လက်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တံခါးပေါ်သို့ တိုက်ရိုက် ထိုးချလိုက်သည်။ သို့သော် တံခါးပေါ်မှ အားလှိုင်းအတတ်အကျများသည် ပိုပြီးအားကောင်းလာသည်။
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အမှန်တကယ် စိုးရိမ်ကြောင့်ကြလာသည်။
“ မင်းတို့နှစ်ကောင်က ဘာရပ်ကြည့်နေတာလဲ… မြန်မြန်လာပြီး ငါ့ကို ကူညီလေ… ယီးပဲ တစ်ခုခုတော့မှားယွင်းနေပြီ… တစ်ယောက်ယောက်က တံခါးဖွင့်တဲ့နည်းလမ်းကို ပြောင်းလဲလိုက်တယ် ”
ဝူကျန်းဝူသည် ခေါင်းဆောင်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ၏ သားရိုင်းကောင်များကို ဆင့်ခေါ်လိုက်ဆဲပင်။
ဧရာမဝက်ဝံနှင့် ကြက်တူရွေးသည် အရင်ဦးဆုံး ထွက်ပေါ်လာကြသည်။ ထို့နောက် ပုံသဏ္ဍာန်မတူညီသော သားရိုင်းကောင်အမြောက်အများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြပြီး တံခါးကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးဆောင့်လိုက်ကြသည်။
နင်ယန်သည် ဆိုးဝါးသော အတိတ်နိမိတ်ကို အာရုံရလာသည်။ သူက အနောက်ဆုတ်တော့မည့်အချိန် ခေါင်းဆောင်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ ဝမ်းဗိုက်ပေါ်မှ နွယ်ပင်သည် တဖျပ်ဖျပ်ပျံသန်းသွားသည်။ ခေါင်းဆောင်သည် နွယ်ပင်ကို ဆုပ်ကိုင်လိုက်ပြီး အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်က တံခါးနှင့် ပြင်းထန်စွာ ဆောင့်မိသွားသောအခါ နင်ယန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
မကြာမီ ဝုန်းခနဲမြည်သံ ထွက်ပေါ်လာသည်။
နင်ယန်၏ အရေပြားသည် မာကျောကြမ်းတမ်းပြီး အသွေးအသားသည် ထူထဲသည်။ သို့ဖြစ်၍ သူက မည်သည့်ဒဏ်ရာမှ မရရှိသွားပေ။ သူတို့၏ စုပေါင်းတိုက်ခိုက်မှုအောက်မှာ နောက်ဆုံးတွင် တံခါးပေါ်မှာ အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။
ခေါင်းဆောင်သည် ဆန္ဒစောလာသည်။ အက်ကွဲရာတစ်ခုထွက်ပေါ်လာသည့်အခါ သူက ထိုအက်ကွဲရာထဲသို့ သွေးကို တစ်လုပ်ပြီးတစ်လုပ် ထွေးချလိုက်သည်။ သူ၏ သွေးသည် ယခင်ဘဝတွင် သူပြုလုပ်ခဲ့သော အစီအရင်တိုင်းမှာ မပါမဖြစ်သောအရာ ဖြစ်သည်။
သို့ဖြစ်၍ ခေါင်းဆောင်၏ သွေးက အက်ကွဲရာနှင့် ပေါင်းစပ်သွားသောအခါ အက်ကွဲရာသည် တဖြည်းဖြည်း ကြီးမားလာသည်။ နောက်ဆုံးမှာတော့ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ တံခါးသည် လုံးလုံးလျားလျား ပွင့်သွားသည်။
ထိုအခါ အလွန်ကြီးမားသော လှိုင်ဂူတစ်ခုသည် ရွှီချင်းနှင့် တခြားလူများ၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။
ဒီနေရာက… ရှုပ်ပွနေတာပဲ။
ယင်းက အခိုးခံထားရသည်မှာ သေချာ၏။ အရာအားလုံးက မွှေနှောက်ရှာဖွေခံထားရကြောင်း ပေါ်လွင်ပြီး ပစ္စည်းများသည် သည်တစ်နေရာ ဟိုတစ်နေရာဖြင့် ပရမ်းပတာရှုပ်ပွနေသည်။ မရေမတွက်နိုင်သော ဆေးပုလင်းများသည် အက်ကွဲနေကြပြီး ပစ္စည်းစင်များသည် ပြိုကျပျက်စီးနေကြသည်။ လေထဲမှာ ဆိုးဝါးသော အနံ့အသက်တစ်မျိုးပင် ရှိသည်။
ခေါင်းဆောင်သည် ဆွံ့အသွားသည်။
ရွှီချင်း၏ မျက်လုံးထဲမှာ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူက လှိုင်ဂူထဲမှာ ရွေ့လျားသွားနေရင်း ခြေရာလက်ရာများကို စစ်ဆေးလေ့လာနေသည်။
ဘေးမှာ ရပ်နေသော ဝူကျန်းဝူသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထိုသို့မြင်ကွင်းကို မြင်လိုက်ရသောအခါ သူက ကဗျာမရွတ်ဘဲမနေနိုင်ပေ။
“ နွားက ပျော်ရွှင်စွာ အိမ်ပြန်လာတယ်… ဒါပေမဲ့ အိမ်ကတော့ ဟာလာဟင်းလင်းဖြစ်နေတယ်… ”
“ ကဗျာက အဓိပ္ပာယ်ရှိတယ်… စီနီယာအကိုအားညို… မင်းရဲ့အိမ်မှာ သူခိုးတစ်ကောင်ရှိနေတယ် ”
နင်ယန်သည် နူးညံ့စွာ ပြောသည်။
ခေါင်းဆောင်သည် ခေါင်းလှည့်လိုက်ပြီး သူတို့နှစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက သူတို့ကို တိုက်ရိုက် ဝါးစားချင်နေသည့်အလားပင်။
ယင်းက နင်ယန်နှင့် ဝူကျန်းဝူကို ကြောက်လန့်သွားစေပြီး သူတို့ကို ချက်ချင်း ပါးစပ်ပိတ်သွားစေသည်။
သို့သော်လည်း ယခုအချိန်တွင် ခေါင်းဆောင်သည် ထိုငတုံးနှစ်ကောင်ကို အာရုံစိုက်ရန် စိတ်မဝင်စားပေ။ သူက ဤနေရာမှ ရှုပ်ပွနေသော ပစ္စည်းများကို ကြည့်လိုက်လေရာ အလွန်ဒေါသထွက်သွားသည်။ ယခင်ဘဝတွင် သူက ဤနေရာမှာ တန်ဖိုးကြီးရတနာများကို သိမ်းဆည်းခဲ့သလားဟု မြန်ဆန်စွာ ပြန်စဉ်းစားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက စိတ်အေးလက်အေးရှိသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး ခေါင်းမော့လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောသည်။
“ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါက ကြိုမျှော်လင့်ထားပြီးသားပါ… ဘာပဲဖြစ်ဖြစ် နှစ်တွေအရမ်းကြာသွားခဲ့ပြီမဟုတ်လား… ဒီတော့ တစ်စုံတစ်ခုဖြစ်ပျက်သွားတာက မထူးဆန်းပါဘူး… ဒါကြောင့် အတိတ်တုန်းက ငါက တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေအားလုံးကို နောက်ဆုံးအလွှာမှာရှိတဲ့ ခေါင်းတလားရဲ့ ဘေးမှာ သိမ်းဆည်းထားခဲ့တယ် ”
“ တကယ်လို့ ဒုတိယအလွှာကို ဆုံးရှုံးသွားမယ်ဆိုရင်တောင် ငါ့ခေါင်းတလားတည်ရှိနေတဲ့ တတိယအလွှာကတော့ သေချာပေါက် ဘာပြဿနာမှရှိမှာ မဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါကို ငါကလွဲလို့ ဘယ်သူမှ မဖွင့်နိုင်ဘူး… နတ်ဘုရားတွေဆိုရင်တောင်မှ မဖွင့်နိုင်ဘူး ”
ခေါင်းဆောင်သည် လှိုင်ဂူ၏ အလယ်ဗဟိုဆီသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်သွားသည်။ သူက ချိပ်တံဆိပ်လက်သင်္ကေတများစွာကို တရစပ် ဖွဲ့စည်းလိုက်သည်နှင့် လှိုင်ဂူ၏ မြေပြင်သည် ပြင်းထန်စွာ တုန်ယင်လာသည်။
မကြာမီ အဝိုင်းသဏ္ဍာန်ရှိသော တံခါးတစ်ချပ်သည် လှိုင်ဂူ၏ အလယ်ဗဟိုမှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် ခေါင်းဆောင်ပြောခဲ့သော စကား၏ ပထမအပိုင်းကို ယုံကြည်သည်။ သို့သော် နတ်ဘုရားများပင် တံခါးကို မဖွင့်နိုင်ဘူးဟူသော စကားကိုတော့ ရွှီချင်း မယုံကြည်ပေ။
သို့သော်လည်း သူက မည်သည့်စကားမှ မပြောခဲ့ပေ။ သူ၏ အကြည့်က မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် သူက ခေါင်းပြန်မော့လိုက်ပြီး လှိုင်ဂူ၏ အလယ်ဗဟိုရှိ တံခါးကို ကြည့်လိုက်သည်။ သူက နက်နဲစွာ တွေးတောလိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ခေါင်းဆောင်သည် တံခါးကို ဆွဲဖွင့်လိုက်ပြီးပြီ ဖြစ်သည်။ ဂျိန်းဟူသော ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည့်အခါ ခေါင်းဆောင်သည် သွေးတစ်လုပ်အန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အနောက်သို့ တရွတ်တိုက် ဆုတ်သွားသည်။
သူ၏ မျက်လုံးထဲမှာ အကြင်နာမဲ့မှုနှင့် ရူးသွပ်မှုတို့ ထွက်ပေါ်လာသည်။
“ စိတ်ဝင်စားစရာပဲ… မင်းက ငါခင်းကျင်းထားတဲ့ အစီအရင်ကိုတောင် ပြောင်းလဲထားသေးတယ်ပေါ့ ”
ရွှီချင်းက အရှေ့သို့ ခြေလှမ်းတော့မည့်အချိန် ခေါင်းဆောင်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
“ ဒီတစ်ကြိမ်တော့ မင်းတို့အကူအညီကို ငါမလိုတော့ဘူး ”
ဤသို့လာရာလမ်းတစ်လျှောက်တွင် သူပြောခဲ့သမျှ စကားများကို ပြန်အမှတ်ရသွားသောအခါ ခေါင်းဆောင်သည် သူ့ပါးသူပြန်ရိုက်လိုက်သကဲ့သို့ ခံစားမိသွားသည်။ သူ၏ မျက်လုံးသည် နီရဲလာပြီး ထူးဆန်းသော မျက်နှာက သူ၏ သူငယ်အိမ်ထဲမှာ ထွက်ပေါ်လာသည်။
သူငယ်အိမ်ထဲမှ မျက်နှာက မျက်လုံးဖွင့်လိုက်သည့်အခါ ထိုမျက်နှာ၏ သူငယ်အိမ်ထဲတွင် နောက်ထပ်မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှ ထိုမျက်နှာများသည် အဆုံးမရှိသည့်အလားပင်။ အပြာရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ ထွန်းလင်းလာပြီး အေးစက်စက်အရှိန်အဝါသည် သူ၏ ဘေးပတ်ပတ်လည်တွင် သိပ်သည်းလာသည်။
သူက တံခါးဆီသို့ ချဉ်းကပ်သွားနေသည်နှင့်အမျှ အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး တံခါးပေါ်သို့ ကြမ်းတမ်းစွာ ဖိချလိုက်သည်။
သူ၏ ရင်ဘက်သည် ဆုတ်ပြဲသွားပြီး အရိုးဆူးချွန်များဖြင့် ပြည့်နှက်နေသော အပြာရောင်လက်တစ်ဖက်သည် နှစ်ခြမ်းကွဲထွက်သွားသော သူ၏ ရင်ဘက်ထဲမှ ဆန့်တန်းထွက်လာသည်။
ထိုလက်တစ်ဖက်တည်းမဟုတ်ပေ။ လက်သည် ခုနစ်ဖက်ရှစ်ဖက်ခန့် ဆန့်တန်းထွက်လာကြသည်။ ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်အတတ်အကျများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ဝူကျန်းဝူ၏ သားရိုင်းကောင်များသည် တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။ နင်ယန်သည် ပိုပြီးပင် ထိတ်လန့်လာသည်။
အပြာရောင်လက်ခုနစ်ဖက် ရှစ်ဖက်ခန့်က တံခါးပေါ်သို့ တစ်ပြိုင်နက် ဖိချလိုက်သည့်အခါ မြေပြင်သည် တုန်ယင်သွားသည်။
ဤနေရာမှ အစီအရင်များကို ခေါင်းဆောင်က ဦးစွာစည်းချထားခဲ့ခြင်း ဖြစ်သည်။ အစီအရင်က ပြောင်းလဲသွားသော်လည်း ခေါင်းဆောင်၏ အစီအရင်ချိုးဖောက်ပုံသည် တခြားလူများနှင့် ကွာခြားနေဆဲပင်။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ တံခါးသည် တုန်ခါလာပြီး တံခါးမျက်နှာပြင်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ မကြာမီ မှော်သင်္ကေတတစ်ခုသည် တံခါးပေါ်မှာ ထွက်ပေါ်လာသည်။
ထိုမှော်သင်္ကေတက အကြိမ်ရေအနည်းငယ် တဖျပ်ဖျပ်လင်းလက်သွားသောအခါ နောက်ဆုံးမှာတော့ အက်ကွဲသံသည် အောက်ဘက်သို့ ပျံ့လွင့်သွားသည်။ တံခါးသည် တိုက်ရိုက် ပြိုကွဲပျက်စီးသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။
ထိုအခါ အထဲတွင် ပေတစ်ရာရှည်လျားသော တွင်းပေါက်တစ်ခု ထွက်ပေါ်လာသည်။